ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်း တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြား တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ၁၀ ရက်ခန့် ရှိပြီဖြစ်သည်။
တိုက်ပွဲကာလအတွင်း တပ်မတော်ဘက်မှ အရာရှိများ အပါအဝင် ၁၁ ဦး ကျဆုံးပြီး ၁၄ဦး ဒဏ်ရာ ရရှိကာ အရပ်သားများဘက်မှ တက္ကသိုလ်ကျောင်းသား ၁ဦး သေဆုံး၍ အမျိုးသမီးကြီး ၃ ဦး ဒဏ်ရာများ ရရှိထားသည်။
တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀ ကျော် နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်ရပြီး စစ်ဘေးရှောင် ဒုက္ခသည်များ အဖြစ် အခြားရွာများတွင် ခိုလှုံနေရသည်။
ကုလားတန်မြစ်အတွင်း သွားလာနေသည့် စက်လှေများကို AA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက် ခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက နိုဝင်ဘာလ ၁၀ရက်က သတင်းထုတ်ပြန် ထားသည်။
AA စစ်ရုံးချုပ်က နိုဝင်ဘာလ ၅ ရက်တွင် “အသိပေးနှိုးဆော်ခြင်း”ဟူသည့် စာတစောင် ထုတ်ပြန်ထားပြီး ထိုစာတွင် တပ်မတော် ထိုးစစ် အရှိန်မြင့်တက်လာသဖြင့် တိုက်ပွဲကြီးများ ဖြစ်လာနိုင်ကြောင်း၊ နီးစပ်ရာဒေသခံများ အနေဖြင့် ကုလားတန်မြစ်၊ ကလက်ချောင်း၊ ပီချောင်းတဝိုက် ခရီးသွားလာခြင်း မပြုကြရန်၊ မဖြစ်မနေသွားရမည် ဆိုပါကလည်း သတိကြီးစွာ ဆင်ခြင်သွားလာရန် လေးစားစွာ အသိပေးအပ်သည်ဟု ရေးသားထားသည်။
ထို့အပြင် တပ်မတော်က လူ့အခွင့်အရေး ချိူးဖောက်မှုများ ပြုလုပ်လာလျှင် ငြင်းဆန်ကာ လူထုအခြေပြု အဖွဲ့အစည်း များကို အသိပေးကြပါဟုလည်း AA က ထုတ်ပြန်ထားသည်။
AA သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တောင်းဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး တပ်မတော်ကမူ ကိုးကန့်တိုက်ပွဲများကြောင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို တိုက်ခိုက်သည့် အကြမ်းဖက် သောင်းကျန်းသူ အဖြစ် သတ်မှတ်ထားသည်။
ပလက်ဝ ဒေသခံများကလည်း AA ကို အလိုမရှိသဖြင့် AA ၏ လုပ်ရပ်များကို ကန့်ကွက် ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်မှု များ ရှိနေကြောင်း သိရသည်။
ပလက်ဝ ဒေသအတွင်း ပဋိပက္ခများနှင့် ပတ်သက်ပြီး ဧရာဝတီ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့် က AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ပလက်ဝ ဒေသထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ တိုက်ပွဲဖြစ်တာကတော့ နိုဝင်ဘာ ၁ရက်နေ့ကနေ ၁၀ ရက်နေ့အထိပါ။ တိုက်ပွဲကတော့ ကုလားတန် အထက် ပိုင်း က နေရာတော်တော်များများမှာ ဖြစ်နေတယ်။ ၈ ရက်နေ့ကတော့ ပလက်ဝရဲ့ အပေါ်နားလေး နှုန်းဘူးဆိုတဲ့ နေရာမှာ ဖြစ်ပါတယ်။ အထက်မှာတော့ မောင်ဘုတောင်တန်းရယ် နောက် ဆမန်းတလန်း တောင်ဘက်မှာ ဖြစ်နေ ပါတယ်။
၇ ရက်နေ့နဲ့ ၈ ရက်နေ့ တိုက်ပွဲတွေကတော့ တော်တော်ပြင်းတယ်။ မြန်မာစစ်တပ်က ကျနော်တို့ ရက္ခိုင့် တပ်မတော် ထိန်းချုပ်ထားတဲ့ နယ်မြေထဲကို သူတို့က အင်အား တော်တော်များများနဲ့ ထိုးစစ် ဆင်နေတာ။ ကျနော်တို့ အခြေပြု ထား တဲ့ နေရာတွေကို ထိုးဖောက်ဝင်ရောက်လာတော့ အဲ့ဒီမှာထိတွေ့မှု တိုက်ပွဲတွေ တော်တော် ပြင်းထန်နေတာပါ။
မေး။ ။ ဒီနေ့ထိဆို တိုက်ပွဲဖြစ်တာ နေရာ ဘယ်နှနေရာလောက် ရှိပါသလဲ ။
ဖြေ။ ။ တိုက်ပွဲဖြစ်နေတာ ၃၊ ၄ နေရာလောက် ရှိပါတယ်။ မောင်ဘုတောင်တန်းမှာ ဖြစ်တာက စစ်တပ်ကနေ လက်နက် ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာ ရှိတယ်။ ဆမန်တလန်း တောင်တန်းမှာလည်း သူတို့ဘက်က လက်နက်ကြီးတွေနဲ့ နေ့ရော ညပါ ပစ်နေတာ ရှိတယ်။ နောက် ကလက်ချောင်းရဲ့ အဝပိုင်း ဘက်မှာလည်း မြန်မာ့ တပ်မတော်ကနေ အင်အားဖြည့်ပြီး ထိုးဖောက်ဝင်ရောက်လာတဲ့ အတွက် ထိတွေ့ပြီး တိုက်ပွဲတွေ ဖြစ်နေတာရှိတယ်။ နောက်တော့ ပလက်ဝရဲ့ အထက်ဘက် နှုန်းဘူးရွာနားမှာလည်း တိုက်ပွဲက ဖြစ်တယ်။ နှုန်းဘူးနားမှာ ဖြစ်တဲ့ တိုက်ပွဲ မှာ တော့ ၈ ရက်နေ့က မြန်မာ့တပ်မတော်က စက်လှေ ၃စီးနဲ့ အင်အား ရာကျော် ချီတက်လာတယ်။ အဲ့ဒီမှာ အင်အား ဖြည့် တဲ့ တပ်ဖွဲ့တွေကို ကျနော်တို့ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်တာ ရှိတယ်။ ကြားဖြတ် တိုက် ခိုက်တဲ့ အခါ မြန်မာ့ တပ်မတော် ဘက်ကနေ အကျအဆုံး တော်တော်များတယ်။ ထိခိုက်ဒဏ်ရာလည်း အများကြီး ရသွားတာ ရှိတယ်။
မေး။ ။ ပလက်ဝတိုက်ပွဲဖြစ်တဲ့ နေရာမှာ AA ဘက်က တပ်ရင်းအမှတ် ဘယ်လောက်နဲ့ ဖြစ်တာလဲ။
ဖြေ။ ။ အခုလက်ရှိ တိုက်ပွဲဖြစ်နေတာက ကျနော်တို့ရဲ့ တပ်မဟာ ၃ နယ်မြေထဲကို သူတို့က ထိုးဖောက် ဝင်ရောက် လာတာရှိတယ်။ အဲ့ဒီမှာ ကျနော်တို့ရဲ့ တပ်မဟာ ၃နဲ့ တိုက်ပွဲဖြစ်နေတာပါ။
မေး။ ။ တပ်မတော်နဲ့ အစိုးရဘက်က ပြောဆိုချက်တွေမှာ AA က တပ်မတော် စစ်ကြောင်းတွေကို ခြုံခို တိုက်ခိုက်တာ လို့ ဆိုတယ်။ AA ရဲ့ ထုတ်ပြန်ချက်တွေမှာတော့ တပ်မတော်ဘက်က ဝင်လာလို့ဆိုပြီး အပြန်အလှန် ပြောနေတဲ့ အခြေ အနေ ပေါ်မှာ ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ဒါကတော့ အဖြေက ရှင်းရှင်းလေးပါ။ ကျနော်တို့က မြန်မာ့တပ်မတော်ရဲ့ စစ်စခန်းတွေကို သွားရောက် တိုက် ခိုက် တာ မရှိဘူး။ သူတု့ိကပဲ ကျနော်တို့ အခြေပြုထားတဲ့ ဒေသတွေကို ဝင်ရောက်လာတဲ့ အတွက်ကြောင့် တိုက်ပွဲက ဖြစ်တာ။ အခုလည်း သူတို့က အင်အားအဆမတန် ထိုးစစ်ဆင်လာလို့ ကျနော်တို့က ခုခံပြီး တိုက်ခိုက်ရတဲ့ သဘောပဲ။ တကယ်ဆိုလို့ ရှိရင် ဒီတိုက်ပွဲတွေက ကျနော်တို့ မြင်တာက မလိုအပ်ဘဲ သက်သက်ညစ်တာ၊ သက်သက်မဲ့ တိုက်နေ တဲ့ သဘောရှိတယ်။ တကယ်ဆိုလို့ ရှိရင် ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကာလမျိုးမှာ မြန်မာ့တပ်မတော် အနေနဲ့က တိုင်းရင်းသား တပ်ဖွဲ့တွေကို အခုလိုမျိုး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တာမျိုးက မလုပ်သင့်တဲ့ အချိန်ဗျ။ အစိုးရဘက် ကနေ သဘောထား ကြီးကြီးနဲ့ ဘယ်လို စေ့စပ်ညှိနှိုင်းရမယ် ဆိုတာပဲ နည်းလမ်းရှာရမှာ။ အခုက အဲ့ဒီလိုမျိုး မဟုတ်ဘဲ စစ်ရေးအရ အပြတ် ချေမှုန်းမယ် ဆိုပြီး လုပ်လာတာက မလုပ်သင့်တဲ့ ကိစ္စလို့ ကျနော်တို့က မြင်တယ်။
မေး။ ။ ပလက်ဝတိုက်ပွဲမှာ AA ဘက်က ထိခိုက်ကျဆုံးတဲ့ စာရင်း ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ဘက်ကတော့ နည်းနည်းပါးပါး ထိခိုက်ဒဏ်ရာ ရတာတွေတော့ ရှိပါတယ်။ ဘယ်နှယောက် ဆိုတာ ကတော့ ပြောဖို့ ခက်ပါတယ်။ အသေးစား ဒဏ်ရာ ရတာတွေပဲ ရှိပါတယ်။ ကျနော်တို့ ဘက်မှာ ကြီးကြီးမားမား ထိခိုက် ကျဆုံးတာတွေတော့ အခုချိန်ထိ မရှိသေးပါဘူး။
မေး။ ။ AA ဘက်က နိုဝင်ဘာလ ၅ ရက် ထုတ်ပြန်ချက်မှာ ပြည်သူတွေ သတိထားဖို့ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ငြင်းဆိုဖို့ ထုတ်ပြန်ထားတာ တွေ့ပါတယ်။ ဒါပေမယ့် ကျမတို့ ဒေသခံတွေနဲ့ ဆက်သွယ် စကား ပြောကြည့်တဲ့အခါမှာ AA က ပလက်ဝမှာ ဝင်ရောက်လာကတည်းက မြေမြှုပ်မိုင်း ထောင်တာတွေ ဒေသခံတွေရဲ့ နွားနောက် တွေကို ယူစားတာတွေ လူတွေကို ပေါ်တာဆွဲတာတွေ လုပ်လို့ AA နဲ့ မပြေလည်ဘူး။ မကြိုက်ဘူးဆိုတာမျိုးတွေ ပြောကြတယ်။ ဒေသခံတွေ ပြောဆိုချက်က AA ရဲ့ ထုတ်ပြန်ချက်နဲ့ ကွာခြားနေတယ်။ ဒီအပေါ် ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ဒါကတော့ ကျနော်တို့မှာ ရှင်းရှင်းလေးပါ။ ကျနော်တို့က ဒေသခံတွေကိုလည်း ပြောပြီးသားပါ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက တခုခု ရွာသားတွေဆီက ပိုက်ဆံမပေးဘဲ ယူစားတာတို့ ဘာတို့ ရှိရင် ကျနော်တို့က နှစ်ဆ ပြန် လျော်ပေးမယ်လို့ ပြောထားတာ ရှိတယ်။ တကယ်လည်းပဲ အရင်တုန်းက ရမ်းချောင်း တိုက်ပွဲ တိုက်ခိုက် တုန်းက လည်း တချို့ရွာတွေမှာ ကျနော်တို့ တပ်ဖွဲ့တွေ နွားတွေ ရိက္ခာအခက်အခဲကြောင့် ယူစားခဲ့ရတာ ရှိတယ်။ အဲ့ဒီရွာတွေကိုလည်း ကျနော်တို့က ပြန်ပြီး လျော်ပေးလိုက်ပြီးသားဗျ။ အဲ့ဒီနွားရဲ့ တန်ဖိုးရဲ့ နှစ်ဆတောင် ကျနော်တို့ ပေးပြီးသား။ နောက်တခုရှိတာက ကျနော်တို့ အယောင်ဆောင်ပြီး မြန်မာ့ တပ်မတော် ဘက်က ရွာသားတွေဆီက အတင်းအဓမ္မ ယူငင် စားသောက်တာတွေ အများကြီးရှိတယ်။ ဒါမျိုးတွေက မြန်မာ့တပ်မတော်ဘက်ကပဲ လုပ်တာ။
ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်မယ့် ကိစ္စမျိုး ကျနော်တို့ဘက်က ဘယ်တော့မှ မလုပ်ဘူး။ တကယ်လုပ်နေတာက မြန်မာ့တပ်မတော်ဗျ။ မနေ့ကဆိုရင်လည်း နှုန်းဘူးရွာမှာ သူတို့ ပေါ်တာ ဆွဲတယ်။ နှုန်းဘူး ရွာသားတွေကို ညကြီးဝင် ပြီးတော့ ပေါ်တာဖမ်းတယ်။ တခြားရွာတွေမှာလည်း ရွာသားတွေကို အတင်းအဓမ္မ ရိက္ခာသယ်ခိုင်းတာတို့ ပေါ်တာ ဆွဲတာတို့ အခုလုပ်နေပြီ။ တော်တော်များများ မြန်မာ့တပ်မတော်ဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေပြီ။ နှုန်းဘူးရွာ တဝိုက်မှာလည်း အတင်းအဓမ္မ ခိုင်းစေတာတွေ လုပ်နေတယ်။
မေး။ ။ အစိုးရနဲ့ AA ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုက မပြေလည်သေးသလို တပ်မတော်ဘက်က အကြမ်းဖက်သောင်း ကျန်းသူလို့လည်း ပြောဆိုထားတော့ အခုတိုက်ပွဲတွေက ဆွေးနွေးမှု ကမ်းလှမ်းတာတွေအတွက် အခက်အခဲ ဖြစ်နိုင် မလား။
ဖြေ။ ။ ကျနော်တို့ဘက်ကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အမြဲတမ်း တံခါးဖွင့်ထားပြီးသား။ တကယ်ပြောမယ် ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မဖြစ်တာက မြန်မာ့တပ်မတော်အပေါ်မှာပဲ မူတည်တာ။ သူတို့က အပြတ် ချေမှုန်း ရေး ဆိုတာကို ကြွေးကြော်ပြီးတော့ ကိုယ့်တိုင်းရင်းသားတွေ အချင်းချင်း အင်အားသုံးပြီးတော့ တိုက်ခိုက်နေတာ။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာဖို့အတွက်က ကျနော်တို့ အမြဲတမ်း ပြောနေတဲ့ ကိစ္စဗျ။
နောက်တခုရှိသေးတယ်။ အခု အင်တာနက်တွေမှာ တက်နေတဲ့ တိုက်ပွဲအတွင်းမှာ AA က အရပ်သားတွေကို တိုက် ခိုက်တယ်ဆိုတာကို မြန်မာ့တပ်မတော်ဘက်က ဝါဒဖြန့်နေတာ ရှိတယ်။ နှုန်းဘူးနားမှာ ဖြစ်တဲ့ မြန်မာ့တပ်မတော် ခမရ ၅၆၃ စစ်ကြောင်းကို တိုက်ခိုက်တုန်းက ၈ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ၊ အဲ့ဒီမှာ ရွာသားတချို့ ထိခိုက်တာတွေ ရှိတယ်။ ဒါပေမယ့် အဲ့ဒီလူတွေက မြန်မာ့တပ်မတော်က ရိက္ခာတင်လာတဲ့ စက်လှေမှာ လှေကြုံစီးလာတာ။ အဲ့ဒီအမျိုးသမီး ၃ဦးရယ်၊ ကျောင်းသားလေး ၁ယောက်ရယ်။
သူတို့က မြန်မာ့တပ်မတော် ရိက္ခာတင်လာတဲ့ စက်လှေမှာ လှေကြုံစီးလာတာပါ။ အဲ့ဒီ စက်လှေပိုင်ရှင်ကလည်း အမျိုးသမီး အေးရွှေ ဆိုတာကလည်း သူ့ယောကျ်ားက မြန်မာ့တပ်မတော်က ဗိုလ်အဆင့်ရှိတဲ့ သူဗျ။ အဲ့ဒီ စက်လှေ ကိုလည်း သူတို့ လင်မယားပဲ ပိုင်တာ။ စက်လှေကိုယ်တိုင်ကလည်း မြန်မာ့တပ်မတော်ရဲ့ စက်လှေဖြစ်နေတယ်။ အဲ့ဒါကို တချို့လူတွေက ဒါအရပ်သား စက်လှေ ထိခိုက်တယ်တို့ ဘာတို့ ပြောနေတယ်။ ကျနော်တို့ကလည်း ပြောချင်တယ်။
နိုဝင်ဘာလ ၅ ရက်နေ့ကတည်းက အရပ်သားတွေ သိအောင် ကြေညာချက် ထုတ်ထားပြီးသား။ တိုက်ပွဲဖြစ်နေတဲ့ ကာလမှာ အရပ်သားတွေ အနေနဲ့ ကုလားတန်ချောင်း၊ ကလက်ချောင်း၊ ပီချောင်းတွေမှာ ခရီးသွားလာတာမျိုး မလုပ်ဖို့ ထုတ်ပြန်ချက် ထုတ်ပြီး ပြောထားတာရှိတယ်။
အဲ့ဒီကြားထဲမှာ အမျိုးသမီး ၃ဦးနဲ့ ကျောင်းသားလေး ၁ဦးက မြန်မာ့ တပ်မတော်ရဲ့ ရိက္ခာတင်တဲ့ ဆီမှာ လှေကြုံစီးပြီး လိုက်လာတာ။ အဲ့ဒီတုန်းက ကျနော်တို့ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့တွေက မြန်မာ့တပ်မတော် စစ်ကြောင်းကို တိုက် ခိုက်တော့ ကျောင်းသားလေး ၁ယောက် သေပြီး အမျိုးသမီးတွေ ဒဏ်ရာ ရသွားတယ်။ ဒါကို တချို့တွေက ပုံကြီးချဲ့ ပြီးတော့ AA က အရပ်သားတွေကို ထိခိုက်အောင် လုပ်တယ်လို့ ပြောနေတယ်။ အဲ့ဒါ တကယ်တော့ မမှန်ဘူး။ ထိခိုက် တယ် ဆိုတဲ့ အမျိုးသမီးတွေကလည်း သူတို့က မြန်မာ့တပ်မတော်က စက်လှေမှာ လှေကြုံစီးပြီး လိုက်လာတာ။ သူတို့ မသွားသင့်တဲ့ နေရာမှာ သွားလို့ အဲ့ဒီလို ဖြစ်ရတာဗျ။ အဲ့ဒီစက်လှေက အရပ်သားစက်လှေမဟုတ်ဘူး။ မြန်မာ့တပ်မတော် ရဲ့ ရိက္ခာတွေကို တင်ပြီး တက်လာတဲ့ စက်လှေတွေပဲ ဖြစ်တယ်။ ။