လတ်တလောတွင် ရှမ်းပါတီကြီး ၂ ပါတီဖြစ်သော SNLD နှင့် SNDP တို့ ပူးပေါင်းရေး၊ မပူးပေါင်းရေး အပြင် ငြိမ်းချမ်းရေး တည်ဆောက်မှု အပေါ်မှာလည်း ဝေဖန်သုံးသပ်မှုများရှိနေရာ အဆိုပါ အခြေအနေများအပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက သွားရောက် တွေ့ဆုံ မေးမြန်းထားပါသည်။
မေး ။ ။ ရှမ်းပါတီ ၂ ပါတီ ပူးပေါင်းရေးအတွက် ဘယ်လိုမျိုး အစီအစဉ်တွေ ချမှတ်နေလဲ။ တကယ်လို့ မပူးပေါင်း နိုင်သေးဘူးဆိုရင်လည်း ဘယ်လိုမျိုး ကိစ္စတွေက အခက်အခဲ ဖြစ်နေတာလဲ။
ဖြေ ။ ။ အမှန်တော့ ပူးပေါင်းရေးဆိုတာ ၂၀၁၃ လောက်ကတည်းက စနေတာ ၂၀၁၅ လောက်ရောက်တော့ ရွေးကောက်ပွဲအပြီးမှာပဲ ဆွေးနွေးကြမယ်ဆိုပြီးတော့ အဲဒီ ကျားဖြူ(ရှမ်းတိုင်းရင်းသားများ ဒီမိုုကရက်တစ်ပါတီ-SNDP) ဘက်ကနေပြီး ရပ်သွားတာ။ ရပ်သွားပြီးတော့ အခုမှ စာထွက်တာနဲ့ ပတ်သက်ပြီး ပြန်ပေါ်တာပေါ့။
ဆိုတော့ ဘယ်လို အခက်အခဲတွေ ရှိတယ် မရှိဘူးဆိုတာကတော့ တွေ့ပြီးမှပဲ သိမှာ။ အခုက ၂ ဖက်ဆွေးနွေးရ တဲ့ အနေအထား မရှိဘူး ။မရှိသေးဘူးပေါ့နော်။ မရှိသေးတဲ့အတွက် ဘာတွေ အခက်အခဲ ဖြစ်နေတယ်ဆိုတာ ပြောလို့တော့ မရသေးဘူး။
မေး ။ ။ ကျားဖြူဘက်က ပူးပေါင်းရေးအတွက် သဘောတူညီတယ်ဆိုပြီး ထုတ်ပြန်ချက်လေး ထွက်လာ တယ် ဆိုတော့ SNLD ဘက်က ဘယ်လို အခြေအနေမျိုး ဖြစ်မှ ပူးပေါင်းဖို့ မျှော်လင့်ထားပါသလဲ။
ဖြေ ။ ။ လောလောဆယ်တော့ ကျနော်တို့ ဒီကိစ္စ(ကျားဖြူရဲ့ ပူးပေါင်းရေး သဘောတူညီကြောင်း ထုတ်ပြန် ချက်)ကို Online မှာပဲတွေ့တယ်လေ။ CSSU (ရှမ်းပြည်ညီညွတ်ရေးကော်မတီ)ကို ပေးတဲ့စာပေါ့လေ Online မှာပဲ တွေ့တယ်။ ကျနော်တို့ဆီ ဘာမှ တရားဝင် ပို့တာ မရှိသေးဘူး။ CSSU ကလည်း ကျနော်တို့ကို ဘာမှ အကြောင်းမကြားသေးဘူး။ ကျနော်တို့ ပါတီအနေနဲ့တော့ လောလောဆယ် ဘာမှ စဉ်းစားထားတာ မရှိသေး ဘူး။
မေး ။ ။ တချို့ပြောကြတာ ရဟန်း သံဃာတွေနဲ့ ပြည်သူက ပေါင်းစည်းဖို့ မေတ္တာရပ်ခံကြတယ်လို့ ဆိုကြ တယ်။ တချို့က ဝေဖန်နေကြတာ SNLD ဘက်က မပေါင်းစည်းချင်တဲ့ ဝေဖန်မှုတွေရှိတယ်။ အဲဒီအပေါ် SNLD ဘက်က ဘယ်လို သဘောထားရှိပါသလဲ။
ဖြေ ။ ။ ရဟန်း သံဃာတွေရဲ့ ဆန္ဒတို့၊ ပြည်သူလူထုရဲ့ ဆန္ဒတို့ကို ကျနော်တို့က ပိုသိရမှာပေါ့။ ပိုပြီးတော့ နီးစပ်တာပေါ့။ ပြောမယ်ဆိုရင် ကျနော်တို့မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေ ၄၆ ယောက်တောင် ရှိတာပဲ။ ဒါလူထုနဲ့ နီးစပ်တာပဲ။ သူတို့ဆီက ဘာမှ တက်လာတာ မရှိပါဘူး။ ဘယ်က လူထု ပြောသလဲတော့ ကျနော်လည်း မသိပါဘူး။
မေး ။ ။ အစိုးရနဲ့ တပ်မတော်အကြား ဆက်ဆံရေးကို ဆရာတို့ လက်ရှိ ဘယ်လို သုံးသပ်မိလဲ။
ဖြေ ။ ။ ကျနော်တို့ သုံးသပ်ထားတာတော့ အစိုးရနဲ့တပ်မတော် သေချာ ကျေကျေလည်လည် ဆွေးနွေးဖို့ လိုမယ်လို့ ထင်တယ်။ ဒီနေ့ ဆက်ဆံရေး အတိုင်းအတာ တခုတော့ ရှိမှာပေါ့လေ။ ဒီထက် ပိုကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသင့်တယ်လို့ ကျနော်ထင်တယ်။ ဒါမှပဲ ကျနော်တို့ နှောင့်နှေးနေတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ကိစ္စတွေ၊ နောက် ရခိုင်ကိစ္စတွေ၊ အခြေခံဥပဒေ ပြင်ဆင်ရေးက အစပေါ့လေနော်။ အဲဒါတွေ အားလုံး ကျော်လွှားနိုင်မှာလေ။
မေး ။ ။ တချို့ ပြောကြတာက ၂၁ ရာစု ပင်လုံ ညီလာခံက အခြေခံဥပဒေကို ပြင်ဆင်နိုင်မယ့် အခွင့်အရေးလို့ သုံးသပ်တယ်။ ဆရာတို့ အနေနဲ့ရော ဘယ်လိုမျိုး သုံးသပ်မိလဲ။
ဖြေ ။ ။ ပထမတော့ ကျနော်တို့လည်း အဲဒီလိုမျိုး ယူဆတာပေါ့။ တကယ်လည်းပဲ ဒါက အခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းတခု၊ ငြိမ်းချမ်းတဲ့ နည်းလမ်းတခုအနေနဲ့ဆိုတာ လုပ်ကြတာပေါ့။ အခုက လုပ်ရင်းနဲ့ ဘယ်လို ဖြစ်သွားလဲမသိဘူး။ လုပ်ရင်း လုပ်ဟန်တွေမှာ လည်နေတယ်။ ရှေ့တိုးဖို့ နည်းနည်း အခက်အခဲတွေ တွေ့နေရတယ်။ အဲဒီတော့ နည်းလမ်းတွေ ပြန်ရှာဖွေရမယ်။ Review ပြန်လုပ်ဖို့ လိုမယ်လို့တော့ ထင်ပါတယ်။
မေး ။ ။ ပြောသွားတဲ့အထဲမှာ နည်းလမ်းရှာဖွေဖို့လိုတယ်လို့ ပါတယ်။ အခက်အခဲတွေ တွေ့နေရ တယ်ဆိုတော့ ဘယ်လို အခက်အခဲတွေ ဖြစ်နေတာလဲ။ ပြီးတော့ ဘယ်လို နည်းလမ်း ရှာဖွေဖို့ လိုသလဲ။
ဖြေ ။ ။ ဥပမာ တပ်မတော်ဘက်က သဘောထားနဲ့ အစိုးရဘက်က သဘောထား မတိုက်ဆိုင်ဘူး။ အဲဒါမျိုး တွေ ရှိတယ်။ အခုက သုံးပွင့်ဆိုင်ဖြစ်သွားတာပေါ့နော်။ အမှန်တော့ အစိုးရနဲ့ တပ်မတော်က တဖက်တည်း ဖြစ်ဖို့ လိုတယ်။ အခုက ကျနော်တို့ နိုင်ငံရေးပါတီတွေရယ် နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးက ၂ ဖွဲ့ကို ဆွေးနွေးနေရသလို ဖြစ်နေတယ်။
မေး ။ ။ ဦးသိန်းစိန် လက်ထက်တုန်းက ဆရာရယ်၊ ဦးခွန်ထွန်းဦးရယ်၊ ဗိုလ်ချုပ် ဆေးထင်ရယ်ကို ငြိမ်းချမ်းရေး လုပ်ဖို့ ကမ်းလှမ်းတာတွေ ရှိခဲ့တယ်ပေါ့။ အခု အစိုးရကရော ဆရာတို့ကို ငြိမ်းချမ်းရေးအပေါ် ပူးပေါင်း ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းတာတွေ ရှိလား။
ဖြေ ။ ။ အခု အစိုးရကတော့ မရှိပါဘူး။ အရင်ကတော့ ရှိခဲ့ပါတယ်။ ကျနော်တို့ ထောင်က ပြန်လွတ်တာ တို့ ဘာတို့ဆိုတာ ဒီငြိမ်းချမ်းရေးကိစ္စတွေ လုပ်ဖို့ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်အရပေါ့။ ဦးသိန်းစိန်ဘက်က လွှတ်ပေးတာ။ ဒါပေမယ့် ဒီဘက် အစိုးရမှာတော့ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုတာတွေ မရှိပါ ဘူး။
ကျနော်တို့ကတော့ ကျနော်တို့ ပါဝင်နိုင်တဲ့ အခွင့်အလမ်းတွေရှိမယ်။ ပါဝင်နိုင်တဲ့ အတိုင်းအတာမှာ ပါဝင်ပါတယ်။ အခု UPDJC (ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးမှုပူးတွဲကော်မတီ) မှာဆို နိုင်ငံရေးပါတီ အစုအဖွဲ့မှာ ဆို အဓိကနေရာမှာ ကျနော်တို့ဆီက တွဲဖက်အတွင်းရေးမှူး(စိုင်းကျော်ညွန့်) ပါပါတယ်။ ဒါက ကျနော်တို့ ပါဝင်မှု က သိပ်တော့ မသေးငယ်ဘူးဆိုတဲ့ သဘောကို ပြောတာပါ။
မေး ။ ။ လက်ရှိ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဆရာတို့ ဘယ်လို မှတ်ချက်ပြုနိုင် ပါသလဲ။ အကောင်အထည်ဖော်မှုတွေအပေါ်ပေါ့လေ။
ဖြေ ။ ။ ကျနော့် တယောက်တည်း အယူအဆပေါ့လေ။ ပါတီကတော့ အဲဒီအပေါ် သိပ်သဘောထားမရှိပါ ဘူး။ ကျနော်ထင်တာ သုံးသပ်တာမျိုး (Review) ပြန်လုပ်သင့်တယ်လို့ မြင်တယ်။ အခု Review ပြန်လုပ်နေတယ်လို့တော့ ပြောနေတယ်။ သို့သော်လည်း သိသာ ထင်ရှားတဲ့ Review ပြန်လုပ်တာ မတွေ့ဘူး။ အဲဒါကို သေချာ စနစ်တကျ ပြန်လုပ်သင့်တယ်လို့ ထင်တယ်။
အစိုးရပိုင်းကလည်း လုပ်တာတွေရှိပါတယ်။ ဖိုရမ်တွေ ဘာတွေ လုပ်တာတွေရှိတယ်။ ဒါပေမယ့် သိသိသာသာ ပြုပြင် ပြောင်းလဲတာ မတွေ့ဘူးလေ။
မေး ။ ။ Review ပြန်လုပ်ခိုင်းတယ်ဆိုတော့ NCA (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာ ချုပ်)ကို Review ပြန်လုပ်ခိုင်းတာလား၊ NCA အကောင်အထည်ဖော်မှုအပေါ် Review ပြန်လုပ်ခိုင်းတာလား ဘယ်ဟာကိုလဲ။
ဖြေ ။ ။ NCA ကို လုပ်လို့ မရဘူးလေ။ NCA ကတော့ ပြင်လို့ မရဘူး။ NCA ကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေပေါ့နော်။ Framework တို့လိုမျိုး၊ နောက်ပြီးတော့ ဆွေးနွေးပွဲ လုပ်တဲ့ ပုံစံရော။ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ဆိုပြီးတော့ ခွင့်ပြုတယ်။ ရှမ်းကျတော့ RCSS (ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ)ကို တာဝန်ပေးတာပေါ့။ RCSS ကို တာဝန်ပေးပေမယ့်လည်း RCSS က သူ့တယောက် တည်းမလုပ်ဘူး။ ကျနေ်ာတို့တွေနဲ့ တိုင်ပင်ပြီး။ အဖွဲ့ ၁၅ ဖွဲ့လောက် ဖွဲ့ပြီးတော့ မြို့နယ်အဆင့် ဆင်းတာတွေ ဘာတွေ လုပ်ခဲ့ပြီးပြီ။
ဒါပေမယ့် တကယ်တမ်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လုပ်မယ်ဆိုတော့ သူက (အစိုးရ၊တပ်မတော်) မိုင်းပန်မှာပဲ သွားလုပ်ခိုင်းတယ်။ တပ်ကလည်း အဲဒီသဘောထားကို မလျှော့ဘူး။ ကျနော်တို့ အပိုင်းမှာကျတော့ လည်း အမျိုးသားဂုဏ်သိက္ခာဆိုတာ ရှိတယ်လေ။ အဲဒီမှာ (မိုင်းပန်)မှာ သွားလုပ်ဖို့ မသင့်တော်ဘူးပေါ့။ ဒါ သမိုင်းနဲ့ ဆိုင်တယ်။ သမိုင်းမှာ မှတ်တမ်း တင်သွားမယ့် ကိစ္စဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ကလည်း မလုပ်နိုင်ဘူး။ အဲဒီလို အခက်အခဲတွေ ဖြစ်နေတာပေါ့နော်။ ဒါကြောင့် အားလုံးကို Review ပြန်လုပ်သင့်တယ်။
မေး ။ ။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ရှမ်းလူမျိုးအလိုက်)က ဆရာတို့ ကျင်းပခွင့်မရသေးဘူး။ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံက ကျင်းပဖို့နီးပြီ ဆိုတော့ အဲဒီကို သွားမယ်ဆိုရင် ရှမ်းလူမျိုးတွေရဲ့ အသံမပါဘဲနဲ့ ဘယ်လို ပုံစံနဲ့သွားမလဲ။
ဖြေ ။ ။ သူက ပါတီတခုချင်းရဲ့ သဘောထားပဲ ဖြစ်သွားမှာပေါ့။ အဖွဲ့အစည်း တခုချင်းရဲ့ သဘော ထားပဲ ဖြစ်သွားမှာပေါ့။ ရှမ်းလူမျိုးတွေရဲ့ သဘောထားမဟုတ်ဘူး။ အဲဒီလိုပဲ ဖြစ်မှာပါ။ သို့သော်လည်းပဲ အခု အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ တခါတလေကျတော့လည်း စိတ်ကူးယဉ်သလို ဖြစ်နေတယ်။ အခု ပြီးသွားတာက ပအိုဝ့်ရယ်၊ ကရင်ရယ်၊ ချင်းရယ်ပဲ ပြီးသေးတယ်။ ဆိုတော့ ဗမာတိုင်းရင်းသားဆိုရင် လှုပ်ရှားမှုတောင် မတွေ့ဘူး။ ဘယ်သူ ခေါင်းဆောင်မလဲဆိုတာတောင် မသိဘူး။
မေးတဲ့ မေးခွန်းအတိုင်း ပြန်ဖြေမယ်ဆိုရင် ၂၁ ရာစု ပင်လုံ ညီလာခံမှာ ဗမာအမျိုးသားတွေရဲ့ သဘောထားက ဘာဖြစ်မလဲ၊ ဘာလဲ၊ မပါဘူးဆိုတဲ့ သဘောလား၊ ပါတယ်လို့ပဲ ပြောရမလား ဘယ်သူက ကိုယ်စားပြုမယ်ဆို တာကို ရှင်းရှင်းလင်းလင်း မရှိဘူး။ ကချင်ဆိုလည်း မရှိသေးဘူးလေ။ ရခိုင်လည်း မရှိသေးဘူး။ ဗမာကတော့ လမ်းစကို မရှိသေးဘူး။ မတွေ့ရဘူးပေါ့နော်။
မေး ။ ။ ဆရာပြောသလို ဗမာလူမျိုးများရဲ့ သဘောထားက ဘာလဲမသိရသေးဘူး။ နောက်တခုက ပြီးခဲ့တဲ့ ညီလာခံမှာတုန်းက လက်မှတ်ထိုးခဲ့တဲ့ ၃၇ ချက်က အားလုံးကို မလွှမ်းခြုံဘူး လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေလည်း မပါဝင်ခဲ့တော့ ညီလာခံက ထွက်ပေါ်လာမယ့် သဘောတူညီချက် တွေက ပြည်ထောင်စု စစ်စစ်မူ ဖြစ်နိုင်ပါ့မလား။
ဖြေ ။ ။ မဖြစ်နိုင်ပါဘူး။ တကယ့် တကယ် ဒုတိယအကြိမ် ပြီးခဲ့တဲ့ ညီလာခံမှာ ဆွေးနွေးခဲ့ တုန်းက နိုင်ငံရေးပါတီက ဘာမှ မကျသေးဘူး။ ဘာမှ သဘောတူညီမှု မရသေးဘူး။ EAO (တိုင်းရင်းသားအဖွဲ့ အစည်း)ဘက်ဆိုလည်း RCSS ဘက်က မလာခင်ကတည်းက လူထုဆန္ဒမပါတဲ့အတွက် သူတို့ ဘာမှ ပြောမှာ မဟုတ်ဘူး။ လက်မှတ်လည်း မထိုးဘူးဆိုပြီး ကြိုပြီး ကြေညာထားပြီးသားပဲ။
ဒါကိုပဲ အဲဒီ ၃၇ ချက်(ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း-၁)က ဒီညီလာခံမှာပဲ သဘောထူညီချက် ရသလိုလိုနဲ့ ဆက်သွားနေမယ်ဆိုရင် မမှန်ဘူူးပေါ့။
မေး ။ ။ SSPP (ရှမ်းပြည်တိုးတက်ရေးပါတီ)က အရင်တုန်းက UNFC ကနေသွားပြီး လက်မှတ်ထိုးရေး(N CA ထိုးရေး)ကို သွားဖို့ လုပ်ခဲ့တယ်။နောက်ပိုင်းကျတော့ FPNCC ဘက်ကို သွားပြီးတော့ လက်မှတ်မထိုးဖို့ ကြေညာတဲ့ အထဲမှာ ပူးပေါင်းမိသွားတယ်။ ဒါက ဘယ်လို အခြေအနေကြောင့် ဖြစ်သွားရတာလဲ။
ဖြေ ။ ။ အဲဒါက သူက မူဝါဒနဲ့စာရင် နယ်မြေ ထိစပ်မှုနဲ့ စကားပြောတာ UNFC နဲ့ SSPP က အဝေးကြီး ပဲ တခြားစီဖြစ်နေတယ်။ ဒါကတော့ စစ်ရေးအမြင်တွေ ဖြစ်မယ်ထင်တယ်။ သူတို့အခြေအနေအရ နောက် နီးစပ် မှုတွေအရ တိုက်တွန်းလိုက်တဲ့ သဘောမျိုးဖြစ်မယ်။
အခု FPNCC ကို ကြည့်လိုက်ရင် နယ်မြေချင်း ထိစပ်နေတဲ့အဖွဲ့တွေပဲ။ အဲဒါကို ကြည့်လိုက်ရင်တော့ အဖြေရမယ် ထင်ပါတယ်။