မွန်ပြည်သစ်ပါတီ (New Mon State Party) သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် အဖွဲ့များထဲက အဖွဲ့ တခု ဖြစ်သည်။ တပ်မတော်ဘက်က NCA လက်မှတ်ထိုးရန် အကြပ်ကိုင်သည့် အနေဖြင့် ပြီးခဲ့သည့် ဧပြီလတွင် မွန်ပြည်သစ် တပ်စခန်းအနည်းဆုံး ၄ ခုကို သိမ်းယူခဲ့သည်။
NCA လက်မှတ်ထိုးခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် လဝီဝမ်က မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌလည်း ဖြစ်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ လက်ရှိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် နိုင်ဟံသာကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ် ညှိနှိုင်းမှု နောက်ဆုံးအခြေအနေကို ပြောပြပေးပါလာ။ ပြီးတော့ ဘယ်တော့လောက် မွန်ပြည်သစ်က NCA လက်မှတ်ထိုးမှာလဲ။
ဖြေ ။ ။ သဘောတူညီမှု အချက်အလက်တွေ အများကြီးရထားပါတယ်။ အချက်အလက် တချို့ကိုတော့ JMC (ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ) နဲ့ ထပ်ပြီး ဆွေးနွေဖို့ ရှိတယ်။ အခုက ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့ တွေ လွတ်ထားတာ ရှိတယ်။ အစည်းအဝေးကနေ တဆင့် ရလဒ်တွေ သိလာနိုင်ပါတယ်။ ကျနော်တို့ UNFC အဖွဲ့က ယုံကြည်ပါ တယ်။ လက်နက်ကိုင် ပဋိက္ခတွေ စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းရမယ် ဆိုတာ လက်ခံပါတယ်။
NCA လက်မှတ်ထိုးဖို့ ကိစ္စကလည်း ကျနော်တို့ မရှောင်ပါဘူး။ လက်မှတ်ထိုးမှာပါ။ ကျနော်တို့ကပဲ ဒီ NCA လက်မှတ်ကို ကိုယ်တိုင် ရေးပြီး ကိုယ်တိုင်ပါဝင် ညှိနှိုင်း ခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲ။ လိုအပ်လာရင်တော့ ကျနော်တို့ လက်မှတ်ထိုးမှာပါ။ ဒါပေမယ့် တချို့နေရာတွေမှာတော့ အချက်အလက်တွေ ခိုင်လုံအောင် စေ့စပ်သေချာအောင်တော့ ကျနော်တို့ဘက်က ဖြစ်ချင်တော့ အဲဒီအတွက်ပဲ အခုဆက်ပြီး အစည်းအဝေးတွေ သူတို့နဲ့ လုပ်နေရတာပါ။
ကျနော်တို့ဘက်က အချက် ၈ ချက်နဲ့ တင်ပြထားပါတယ်။ အစိုးရဘက်ကလည်း ဒီအချက် ၈ ချက်ကို သဘောတူဖို့လည်း အလားလာ ရှိတယ်။ အားလုံးက ခိုင်လုံတဲ့ သဘောတူညီမှုတွေ ရရင်တော့ ကျနော်တို့ဘက်က လက်မှတ်ထိုးဖို့တော့ ရှိပါတယ်။ ဒါပေမယ့် ဘယ်တော့လောက်တော့ မသိသေးပါဘူး။
မေး ။ ။ ဒါဆိုရင် အချိန်အတိအကျ ကိုတော့ မပြောနိုင်သေဘူးပေါ့၊ အဲဒီလိုလား။
ဖြေ ။ ။ ဟုတ်ပါတယ်။ ဘယ်တော့ လက်မှတ်ထိုးမယ် ဆိုတာတော့ အချိန်အတိအကျ မပြောနိုင်သေးဘူး။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့တုန်းကရော ဆရာ့အနေနဲ့ သူ့ကို ဘာတွေတင်ပြ ပြောပြတာရှိလဲ၊ ပြန်ပြောပြ ပေးပါလား။
ဖြေ ။ ။ ကျနော်တို့ အဓိက သွားတွေ့တဲ့ အကြောင်းအရင်းကတော့ တပ်မတော်ဘက်က ကျနေတော်တို့ တပ်ရင်းတွေကို အကြပ်ကိုင်လာတဲ့ ဟာကို တင်ပြဖို့ သွားတာပါ။ ကျနော်တို့ ဘက်က ပြောတာကလက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ NCA လက်မှတ်ထိုးနိုင်ဖို့က ယုံကြည်မှုတည်ဆောက်နိုင်တဲ့ နေရာမှာ အရေးကြီးပါတယ်။ အခုလိုကျနော်တို့ တပ်မတော်တွေကို အကြပ်လာကိုင်တော့ ကျနော်တို့ဘက် ယုံကြည်မှုတော့ ကျဆင်းနေပါပြီ။ အဲဒါ ပြောသွားတယ်။
အခြား ဘာပြောသေးလဲ ဆိုတော့ အခုလက်ရှိ ရရှိထားတဲ့ ယုံကြည်မှုက ပျက်စီးသွားနိုင်တယ်။ ယုံကြည်မှုဆိုတာ အကြပ်ကိုင်ပြီး ယုံကြည်ခိုင်းလို့ မရဘူး။ အဲဒါလည်း ပြောသွားတယ်။ ကျနော်တို့တတွေ အတူသွားရမှာက ရိုးရိုးသားသား၊ ပြီးတော့ မှန်မှန်ကန်ကန်၊ စေတနာရှိရှိနဲ့ အတူ လုပ်ကိုင်သွားဖို့ လိုတယ်လို့ ပြောတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် က လက်ခံတယ်၊ ကျနော် တင်ပြသွားတဲ့ဟာတွေကို လေ။ ဒါပေမယ့် သူ့ဘက်က ပြောသွားတာက တပ်မတော်နဲ့ ပတ်သက်လာရင် တော့ သူ့မှာ ပြောပိုင်ခွင့် မရှိဘူး ၂၀၀၈ ဖွဲ့စည်းပုံက အဲဒီလိုကန့်သတ်ထားတော့။
သူ နောက်တခု ထပ်ပြောသွားတာက သူ့အစိုးရခေတ် လက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး သူ ကြိုးပမ်း လုပ်ကိုင်ပေမယ့်လည်း တိုးတက်မှု သိပ်မရှိဘူးတဲ့။ ကျနော်တို့ဘက်က ဘာတွေ အကြံပေးထားလဲ ဆိုတော့ အချက် ၅ ချက်နဲ့ ကျနော် အကြံပေးထားပါတယ်။ နံပါတ် (၁) အချက်ကတော့ ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ အဖွဲ့အစည်း အားလုံး ပါဝင်သင့် တယ်။ အကြောင်းပြချက်တွေ ပြပြီး ဟိုအဖွဲ့ကိုတော့ ပါဝင်ခွင့်ပေးတယ်၊ ဒါပေမယ့် ဒီအဖွဲ့ကိုတော့ ပါဝင်ခွင့်မပေးဘူး။ အဲဒီလို အကြောင်းပြချက်မျိုး အကြောင်းမပြသင့်ဘူး။ တောင်အာဖရိက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တည်ဆောက်တုန်းက အဖွဲ့အစည်းတွေ အားလုံး ပါဝင်ခွင့်ပေးတယ်။ သူတို့ ဘာ အကြောင်းပြချက်မှ ထုတ်ခဲ့တာ မရှိဘူး။
နံပါတ် (၂) အချက်ကတော့ ပြဿနာကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲ။ တဖက်ကိုတော့ ငြိမ်းချမ်းရေး လုပ်ထားတယ်။ ပြီးတော့ နိုင်ငံရေး ဆွေးနွေပွဲတွေ တဆင့်ပြီး တဆင့်လုပ်နေတယ်။ ဒါပေမယ့် အခြားတဖက်က လက်နက်နဲ့ တိုက်ခိုက်နေတယ်။ ဖြစ်သင့်တာက အားလုံး ပါဝင်နိုင်ဖို့က အရေးကြီးတယ်။ လုပ်ငန်းစဉ် လုပ်ကိုင်တဲ့ နေရာမှာ ခိုင်ခိုင်မာမာ လုပ်ကိုင် သွားဖို့ လိုတယ်။ နောက်တချက်ကတော့ နိုင်ငံရေး မူဘောင်လုပ်ကိုင်တဲ့ နေရာမှာ အတူတူ လုပ်ကိုင်သွားဖို့လိုတယ်။ တဆင့်ပြီး တဆင့် လုပ်ကိုင်သွားဖို့ လိုတယ်။ ပြည့်ပြည့်စုံစုံနဲ့ လုပ်သွားဖို့ လိုတယ်။ ဟိုဘက်ခုန်လိုက်၊ ဒီဘက်ခုန်လိုက် လုပ်လိုက်တော့ လုပ်ငန်း ပြီးစီးမှု မရှိဘူး။ အဲဒီလိုပဲကျနော်တို့ မြင်တယ်။
အခုလာမည့်တတိယ ပင်လုံဆိုရင် ရခိုင်နဲ့ ရှမ်းတိုင်းရင်းသားဘက်က သူတို့ လူမျိုးအဆင့် တွေ့ဆုံခွင့် မရသေးဘူး။ နောက်တခု ကျတော့ အခုက ၈ ဖွဲ့နဲ့ပဲ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ချမှတ်နေတယ်။ အဲဒါတောင် အမြင်အားလုံး မကောက်ယူ နိုင်သေးဘူး။ တကယ်လို့ ကျနော်တို့ အဖွဲ့တွေ ပါဝင်လာရင် လက်ရှိ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တုန်းက ကျနော်တို့ ပါဝင်ခွင့် မရတော့ အခု ကျနော်လက်ခံဖို့ ခက်ခဲမယ်။ ချမှတ်ပြီးသား ဆုံးဖြတ်ချက်ဆိုတော့ ပြင်ပေးပါလို့ ကျနော်တို့ဘက်က ပြန်ပြောဖို့ ခက်တယ်။ ဒါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အခက်အခဲတွေပဲ လို့ ပြောလိုက်တယ်။
မေး ။ ။ တပ်မတော်က ဆရာတို့ တပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းကို သိမ်းလိုက်တော့ …၊ အဲဒီ အပေါ် ဆရာအနေနဲ့ ဘယ်လို မြင်လဲ။
ဖြေ ။ ။ အဓိကက NCA လက်မှတ်ထိုးဖို့ အကြပ်ကိုင်တာပါ။ မေး ။ ။ ပြီးတော့ တပ်မတော်က ဆရာတို့ တပ်စခန်းမှာ စစ်သင်တန်း လုပ်နေတာတွေ မလုပ်ဖို့ တားမြစ်တယ်။ မွန် အမျိုးသားနေ့လုပ်တဲ့ နေရာရော ပြီးတော့ မွန်တော်လှန်ရေးနေ့ လုပ်တဲ့နေရာမှာ စစ်ရေးအင်အား မပြကြဖို့ တားမြစ်တဲ့ အပိုင်းရော ဆရာအနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကျနော်တို့ စစ်ရေးဘက်က လူတွေ သူတို့ တပ်မတော်နဲ့ ဒီကိစ္စ ဆွေးနွေး ဖြစ်တယ်။ သူတို့ဘက်ပြောတာက ငြိမ်းချမ်းရေး လုပ်နေစဉ်ကာလ ဖြစ်တော့ စစ်အင်အားပြတာတို့ မလုပ်သင့်ဘူး လို့ အဲဒီလို ပြောတယ်။ ကျနော်တို့ဘက်က ပြန်ပြောတာက မွန်အမျိုးသားနေ့ အခမ်းအနားတွေမှာ စစ်ရေးပြ အခမ်းအနားက ကျနော်တို့ လုပ်နေကျ ကိစ္စရပ်တွေပါ။ ဟိုအရင် ကတည်းက လုပ်နေတာ။ စစ်အင်အားပြတယ် ဆိုတာက အခြားလူတွေကို ကျနော်တို့ ပြဿနာ မရှာပါဘူး။
မေး ။ ။ ဆရာက ခေတ်အဆက်ဆက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပါလာတော့ ဦးသိန်းစိန် အစိုးရခေတ်နဲ့ ယခု ဒေါ်အောင်ဆန်းစုကြည် အစိုးရခေတ် ငြိမ်းချမ်းရေး လုပ်ငန်းလုပ်တဲ့ နေရာမှာ ဘယ်ဘက်က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလဲ။ ဘယ်ဘက်က စိတ်အား ထက်သန်လဲ။
ဖြေ ။ ။ ကျနော်တို့ဘက် အမြင်က တပ်မတော်နဲ့ ဦးသိန်းစိန်တို့ကတပုံစံထဲဖြစ်တယ်။ ငြိမ်းချမ်းရေး လုပ်ငန်းညှိနှိုင်းတဲ့ နေရာမှာ လွယ်ကူတယ်။ ဒါပေမယ့် တပ်မတော်နဲ့ NLD ကျတော့ တပုံစံတည်း မဟုတ်ဘူး။ အဲဒီတော့ အခု ငြိမ်းချမ်းရေး ညှိနှိုင်းတဲ့ နေရာမှာ ခက်ခဲလာတယ် လို့ မြင်တယ်။
မေး ။ ။ အခု ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့ နိုင်ငံရေး လမ်းကြောင်းကိုရော ဆရာဘယ်လို မြင်လဲ။
ဖြေ ။ ။ တဖက်ကတော့ တပ်မတော်နဲ့ အမျိုးသားရင်ကြားစေရေးဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်က ဦးစားပေးပြီး လက်လှမ်း လုပ်နေတယ်။ ဒါပေမယ့် အခြားတဖက်ကျတော့ တိုင်းရင်းသားခေါင်ဆောင်အများစုက သူမအပေါ်မှာ အမြင်စောင်း နေတယ်။
မေး ။ ။ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်စုနဲ့ ဆရာတို့ UNFC အဖွဲ့နဲ့ ဆက်သွယ်မှု ဘယ်လိုရှိလဲ။
ဖြေ ။ ။ ကျနော်တို့ ဆယ်သွယ်မှုကတော့ ပုံမှန်ရှိနေပါတယ်။ ကချင် အဖွဲ့နဲ့ အတူတူ အလုပ် လုပ်ခဲ့ဖူးတယ်။ ဆက်ဆံရေးတော့ ကောင်းပါတယ်။ ပြီးတော့ ပလောင်၊ ကိုးကန့်၊ အေအေတို့နဲ့လည်း အတူတူ အလုပ် လုပ်ဖူးတယ်။ ကျနော်တို့ တတွေ NCA နဲ့ ပတ်သက်ပြီး အတူတကွ ညှိနှိုင်းခဲ့ဖူးပါတယ်။ ဒါပေမယ့် ရပ်တည်ချက်ချင်းတော့ မတူဘူးပေါ့။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့တုန်းက မြောက်ပိုင်း မဟာမိတ်နဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေခဲ့တာ ရှိလား။
ဖြေ ။ ။ မပြောဖြစ်ပါဘူး။
မေး ။ ။ တကယ်လို့ တပ်မတော်က တပ်အင်အားသုံးပြီး မွန်ပြည်သစ်ပါတီကို ဖိအားပေး NCA လက်မှတ် အကြပ်ကိုင် ထိုးခိုင်ရင်ရော ဘယ်လိုလုပ်မလဲ။
ဖြေ ။ ။ ဖိအားပေး အကြပ်ကိုင် လုပ်လာရင်တော့ မကောင်းပါဘူး။ ကျနော်တို့မှာ သဘောတူညီချက်တွေ အများကြီး ရထားပါပြီ။ ဒါပေမယ့် အခြေအနေကိုတော့ ဆက်စောင့်ကြည့်ရမှာပေါ့။ စစ်ဖြစ်လာရင်တော့ ယုံကြည်မှု တည်ဆောက်ထားတဲ့ ဟာတွေ အကုန် ပျက်ပြယ်သွားမယ်။ ဒီလိုယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့က အချိန် တော်တော်ပေးပြီး လုပ်ယူရတာ။ စစ်ဖြစ်လာရင် ပြည်သူတွေ အထိနာမယ်။ စစ်ရေးသုံးပြီး ပြဿနာ ဖြေရှင်းတာ မရနိုင်ပါဘူး။ ဒါက ကျနော်တို့ဘက်က မြင်တာပါ။ သူတို့ စစ်ရေးအင်အား သုံးပြီး နိုင်ငံရေး ပြဿနာ ဖြေရှင်းလာတာ အနှစ် ၅၀- ၆၀ ရှိခဲ့ပြီ။ ဒါပေမယ့် မဖြေရှင်းနိုင်ခဲ့ပါဘူး။
မေး ။ ။ ဆရာတို့ဘက်က ကျတော့ ရောစစ်ရေးနဲ့ ပတ်သက်ပြီး ပြန်ခုခံဖို့ ဘယ်လောက် အဆင်သင့် ဖြစ်နေပြီလဲ။
ဖြေ ။ ။ ဒါက စစ်ရေးဖြစ်တော့ မပြောကောင်းပါဘူး။ တဖက်ကနေ ပြောရင် ကျနော်တို့ မွန်ပြည်သူတွေ အယုံအကြည်မရှိ လက်မခံနိုင် လုပ်ရပ်မျိုး လုပ်လာရင်တော့ စစ်ပွဲက ပြန်ဖြစ်လာမှာပဲ။
မေး ။ ။ ရခိုင်အရေးနဲ့ ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းသွားတာကို ဆရာ့ အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကျနော် အများကြီး လေ့လာထားတော့ မရှိဘူး..၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး။ ဒီကိစ္စက အရေးကြီးတဲ့ ကိစ္စရပ် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီ ကိစ္စကိုင်တွယ် ဖြေရှင်းတဲ့ နေရာမှာ အမှန်တရား ရှိဖို့ လိုတယ်။ သို့မဟုတ်ရင် ပြဿနာကြီး ဖြစ်လာနိုင် တယ်။