အားနည်းချက်များစွာရှိနေသည်ဟု ဝေဖန်ခံနေရဆဲဖြစ်သည့် အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်ရန်အတွက် ကြိုးပမ်းလျက်ရှိရာ အလုပ်ရှင်များအတွက်ရော၊ အလုပ်သမားများ အတွက်ပါ တင်းကျပ်သော ပြစ်မှု၊ ပြစ်ဒဏ်များ ပါဝင်လာမည်ဖြစ်သည်။ အဆိုပါ ပြင်ဆင်ပြဋ္ဌာန်းမည့် ဥပဒေသစ်နှင့် ပတ်သက်၍ အလုပ်သမားရေးရာ ကျွမ်းကျင်သူတဦးဖြစ်၍ ခုံသမာဓိကောင်စီဝင်ဟောင်း ဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးဌေး ကို ဧရာဝတီသတင်းဌာန သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်ရာမှာ အရေးကြီးတဲ့ အပြောင်းအလဲတွေက ဘာတွေဖြစ်မလဲရှင်။
ဖြေ ။ ။ အားသာချက်က ပုဒ်မ ၄၈ (က) မှာ ခုံသမာဓိ အဖွဲ့၊ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်ရင် ထောင်ဒဏ် ၆ လ ဒါမှမဟုတ် ငွေအနည်းဆုံး သိန်းတရာ ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ဆိုပြီး ပြင်ပေးလိုက်တာက ကြိုဆိုရမှာဖြစ်ပါတယ်။ အဓိက အားဖြင့် အလုပ်သမားထုကို ထိခိုက်တာကတော့ ၃၉-က ပေါ့။ အဲဒီမှာ မည်သည့် အလုပ်သမားမျှ အငြင်းပွားမှု ဖြေရှင်းနေစဉ် ကုန်ထုတ်လုပ်မှု ကျဆင်းစေရန် ဆောင်ရွက်ခြင်း မပြုရ ဆိုပြီး ဥပဒေအရ အရေးယူရမယ့် နေရာမှာ ထောင်ဒဏ်တွေ၊ ငွေဒဏ်တွေပါ ပါလာတဲ့ အတွက် အလုပ်သမားတွေရဲ့ စုပေါင်းတောင်းဆိုတဲ့ ကိစ္စနဲ့ တိုက်ရိုက်ပတ်သက် နေတာပေါ့နော်။ စုပေါင်း တောင်းဆိုတဲ့ အချိန်မှာ စက်ရုံရှေ့ကို ထွက်တာရှိတဲ့ အခါကျတော့ အဲဒါက ကုန်ထုတ်လုပ်မှု ကျဆင်းစေတယ် ဆိုတဲ့သဘောနဲ့ အရေးယူမယ့် ပုံစံဖြစ်လာတာပေါ့။
ဒါက အလုပ်ရှင်တွေ ဘက်ကတင်ပြလို့ ပါတယ်လို့ ယူဆရတာပေါ့။ အဲဒါကို မဖြစ်မနေ ပြဋ္ဌာန်းမယ်ဆိုရင် ကျနော်တို့ကတော့ ပြင်ဆင်ပေးဖို့ကို စာတမ်းတွေ ပြုစုထားပါတယ်။ အငြင်းပွားမှု ဖြေရှင်းနေစဉ် ကုန်ထုတ်လုပ်မှု ကျဆင်းစေရန် ရည်ရွယ်၍ တမင်ဆောင်ရွက်ခြင်း မပြုရလို့ ထည့်လိုက်တာပေါ့ ဒါကိုထည့်ခြင်းအားဖြင့် အလုပ်သမားအတွက် အရေးယူခံရမယ့်ဟာက ထိုက်သင့်သလောက် သက်သာသွားမယ်ပေါ့ ကျနော်တို့က ဖြည့်ဖို့ ကြိုးစားပါတယ်။
တဖက်ကလည်း ၃၉- က ကို သက်ဆိုင်ရာဝန်ကြီးဌာနကနေ ဖြည့်တာပေါ့နော်။ အဲဒီမှာကျနော်တို့က ၃၉-ခ ဖြည့်ဖို့လည်း ပြန်ပြီးတင်ပြဖို့ စာတမ်းတွေ လုပ်ပြီးပါပြီ။ ဒါကဘာလဲဆိုတော့ မည်သည့် အလုပ်ရှင်မျှ အငြင်းပွားမှု ဖြေရှင်းနေစဉ်အတွင်း အလုပ်သမားများအား အလုပ်မှထုတ်ပယ်ခြင်း၊ အလုပ်ရပ်စဲခြင်း၊ ရာထူး လျှော့ချခြင်း၊ အလုပ်ဌာန ပြောင်းရွှေ့ခြင်း၊ အခကြေးငွေ လျှော့ချခြင်း မပြုလုပ်ရ ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ထည့်ပေးဖို့ ကျနော်တို့က တောင်းဆိုမှာ ဖြစ်ပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ အငြင်းပွားမှု ဖြေရှင်းနေစဉ် အတွင်းမှာ ဥပဒေအရ သပိတ်မမှောက်ရ ၊ အလုပ်မပိတ်ရ ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ တဖက်က ကျတော့ အလုပ်သမားတွေကို အလုပ်ထုတ်တာတွေ ၊ အလုပ်ကရပ်စဲတာတွေ ၊ အလုပ်ဌာန ရွှေ့ပြောင်းတာတွေ၊ လုပ်ခလစာ လျှော့ချတာတွေ နစ်နာတာတွေ အကာအကွယ်မပေးနိုင်တာတွေ ဒါကြောင့်မို့လို့ ၃၉-ခ မှာ ထည့်ပေးဖို့ ကြိုးစားတာဖြစ်ပါတယ်။
မေး ။ ။ အဲဒီအချက်အလက်တွေကို အမျိုးသားလွှတ်တော်ကို ဘယ်တော့လောက်ပို့ဖြစ်မလဲရှင့်
။
ဖြေ ။ ။ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ နောက်တကြိမ် အစည်းအဝေး ခေါ်ပြီးတော့ အဖွဲ့အစည်း အသီးသီး ညှိနှိုင်းပြီးတော့မှ အမျိုးသားလွှတ်တော်၊ သမ္မတရုံးတို့ကို ပြန်ပြီး ပို့ပေးရမယ်။
မေး ။ ။ ဒီဥပဒေကို ဘာကြောင့်ပြင်ဆင်ဖို့ လိုအပ်တာပါလဲ။
ဖြေ ။ ။ ဒီဥပဒေဟာ အလုပ်သမားတွေအတွက် အရေးကြီးပါတယ်။ ဒီဥပဒေရဲ့ အားနည်းချက်ကြောင့် အလုပ်သမားတွေ အလုပ်ထုတ်ခံရတာတွေ အများကြီးပါပဲ။ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းတာပဲ ဖြစ်စေ၊ စုပေါင်းတောင်းဆိုတာပဲ ဖြစ်စေ အဲဒီအခြေအနေတွေမှာ အလုပ်ဖြုတ်တာတွေ၊ အလုပ်ရပ်စဲတာတွေ၊ အလုပ်ဌာနရွှေ့ပြောင်းတာတွေ ခံရတဲ့ အတွက် အဲဒါတွေကို အကာအကွယ်ပေးဖို့ ဥပဒေမှာ ဖြည့်စွက်ဖို့ လုပ်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကာလမှာလည်း လွှတ်တော်မှာ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း လက်ထက်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်တဲ့ အတွက်ကြောင့် အလုပ်ရှင်ဘက်ကို ပေးထားသလို ဖြစ်နေတယ်။ အဲဒါကြောင့် ဒီဘက်လက်ထက်မှာ ပြင်ဖို့ ကြိုးစားကြတာပါ။ မျှော်လင့်ချက်နဲ့ပေါ့။ လက်တွေ့ ဖြစ်၊ မဖြစ်ကတော့ လွှတ်တော်မှာ တင်ပြီးမှ သိမှာပေါ့နော်။
မေး ။ ။ ခုံသမာဓိ သတ်မှတ်ချက်ကို ချိုးဖောက်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ငွေဒဏ်နဲ့ ထောင်ဒဏ်တိုးမြှင့် သတ်မှတ်လိုက်တဲ့ အခြေအနေကို လုပ်ငန်းရှင်တွေဘက်က လက်ခံနိုင်ပါ့မလား။
ဖြေ ။ ။ လက်ခံနိုင်ပါလိမ့်မယ်။ ဘာကြောင့်လည်း ဆိုတော့ အစောပိုင်းကလည်း ကျနော်တို့ ၂၀၁၂ နောက်ပိုင်း က အငြင်းပွားတာပေါ့နော်။ အလုပ်ရှင်တွေဘက်က မလိုက်နာရင် ဘယ်လိုပဲဖြစ်ဖြစ် တရားစီရင်ရေး မှာ အဂတိ လိုက်စားမှုတွေ ဖြစ်လာနိုင်တယ်။ တကယ်က မဟုတ်ပါဘူး။ ဥပဒေမှာ အများကြီး ပါပါတယ်။ ငွေဒဏ်တွေ လည်း ပါပါတယ်။ ထောင်ဒဏ်တွေလည်း ပါပါတယ်။ အလုပ်သမားတွေ အတွက် အရေးကြီးတဲ့ ခုံသမာဓိ ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပျက်ကွက်မှသာ ထောင်ဒဏ်ပါလာတာပါ။
အရင်ဥပဒေမှာ ထောင်ဒဏ်မပါတဲ့ အတွက် အလုပ်ရှင်က မလိုက်နာတော့ဘူး။ တရားရုံးမှာ ဒဏ်ငွေပဲ အရိုက်ခံတယ်။ ဒဏ်ငွေကလည်း လက်ရှိဥပဒေမှာ ၄၈(က) ပထမအကြိမ်ပြင်ဆင်ချက်အရ ၁၀ သိန်းထက် မနည်း ဆိုပေမယ့် ၁၀ သိန်းပဲ ဒဏ်ငွေရိုက်တဲ့အတွက် အလုပ်သမားတွေမှာ အတော်နစ်နာပါတယ်။ အလုပ်ပြုတ်တဲ့အပြင် ဘာမှ နစ်နာကြေးကလည်း မရပါဘူး။ အဲဒီလိုဥပဒေရဲ့ အားနည်းချက်ကြောင့် မတည်မငြိမ်တွေ ဖြစ်တယ်။ အဲဒီလို ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မနာခံရင် တရားဥပဒေစိုးမိုးမှု ပျက်ပြားတာဖြစ်ပါတယ်။ ဒါကြောင့်ပြစ်မှု ပြစ်ဒဏ်တွေ တိုးမြှင့်လိုက်တာလည်း ဖြစ်ပါတယ်။
မေး ။ ။ အလုပ်သမားတွေအနေနဲ့ ချိုးဖောက်ရင်လည်း ပြစ်ဒဏ်ကိစ္စက အလုပ်သမားတွေပေါ်မှာရော ဘယ်လိုအကျိုးဆက်တွေကြုံလာနိုင်သလဲ။
ဖြေ ။ ။ ဥပဒေ ၃၉(က)ကတော့ အလုပ်သမားတွေ ဒုက္ခရောက်မယ့်ဟာပေါ့နော်။ စုပေါင်းတောင်းဆိုတာနဲ့ ပတ်သက်လို့ အလုပ်သမားအဖွဲ့အစည်းတွေ ဒီဥပဒေ ပုဒ်မ ၂၂ မှာ ပါပါတယ်။ အလုပ်သမားအဖွဲ့အစည်းတွေ စုပေါင်းတောင်းဆိုခြင်း၊ သပိတ်မှောက်ခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်ကို သက်ဆိုင်ရာ အဖွဲ့အစည်းက သတ်မှတ်ချက်နှင့် အညီ ဆောင်ရွက်ရမယ်လို့ ဥပဒေမှာ ပြဌာန်းထားတယ်။ ဒါပေမယ့် ဒီနေ့အထိ တိတိကျကျ သတ်မှတ်ထားတာတွေ မရှိပါဘူး။ အလုပ်သမားအဖွဲ့ချုပ်တွေက မသတ်မှတ်ရသေးပါဘူး။ အခုက စက်ရုံ အလုပ်ရုံမှာ အလုပ်သမားတွေ စုပေါင်းတောင်းဆိုတာကလည်း ဥပဒေအရ ပေးထားတဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ဖြစ်ပါတယ်။
အဲဒါကို လိုက်နာရမယ့် နည်းလမ်းတွေ သတ်မှတ်ထားတာ မရှိဘဲနဲ့ သာဓကလို့ ခေါ်တဲ့ အလုပ်သမားတွေ ယနေ့တိုင်လုပ်လာတဲ့ နည်းလမ်းကတော့ စုပေါင်းတောင်းဆိုမယ်ဆိုရင် အလုပ်သမားတွေက စက်ရုံရှေ့ထွက် တယ်။ နားနေဆောင်မှာ လူစုတယ်။ လက်မှတ်တွေထိုးတယ်။ သက်ဆိုင်ရာ ကော်မတီကို တင်ပါတယ်။ လက်ရှိမှာတော့ အဲဒါကို စည်းမျဉ်းစည်းကမ်း ချိုးဖောက်တယ်ဆိုပြီး အလုပ်ထုတ်တာတွေ လုပ်ပါတယ်။ ခုံသမာဓိအဖွဲ့ကလည်း အကာအကွယ်မပေးနိုင်ပါဘူး။ အခုပိုဆိုးပါတယ်။ အဲဒါတွေကို ဥပဒေအရ ထောင်ချမယ့် သဘောဖြစ်လာပါတယ်။ ပုဒ်မ ၃၉(က) က အလုပ်သမားတွေ ဘဝအတွက် အရေးကြီးလာပါတယ်။ အဲဒီပုဒ်မက အလုပ်သမားတွေကို စိန်ခေါ်နေတဲ့ ပုဒ်မ ဖြစ်နေပါတယ်။ အလုပ်သမားတွေ လိုက်နာနိုင်မယ့် နည်းလမ်းမျိုး ရှာဖွေဖို့ ကြိုးစားရပါမယ်။ အလုပ်သမားတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ဖြည့်စွက်ချက်အပိုဒ်တွေ ထည့်သွင်းဖို့ ဆောင်ရွက်နေရပါတယ်။
မေး ။ ။ ဒီဒုတိယအကြိမ်ပြင်ဆင်ရေးဆွဲနေတဲ့ဥပဒေဟာ အလုပ်ရှင်ရော အလုပ်သမားတွေဘက်က ကြည့်ရင် မျှတတဲ့ ဥပဒေ ဖြစ်နိုင်ပါ့မလား။
ဖြေ ။ ။ မျှတတဲ့ ဥပဒေဖြစ်၊ မဖြစ်ကတော့ ပြည်ထောင်စုလွှတ်တော်အပေါ် မူတည်ပါတယ်။ ဥပဒေတွေ တရားမျှတမှု ရှိ၊ မရှိက အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်ပေါ့။ အဲဒီမှာ ကိုယ်စားလှယ်တွေက ဥပဒေပါ ရည်မှန်းချက်တွေကို ဆောင်ရွက်ပြဋ္ဌာန်းလာပေးမယ်ဆိုရင် တရားမျှတတဲ့ ဥပဒေတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့်လည်း တရားဥပဒေစိုးမိုးရေးကို ပြောတိုင်း တရားမျှတတဲ့ ဥပဒေတွေ ပေါ်ထွက်ဖို့က တရားမျှတတဲ့ လွှတ်တော် ရှိရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေက အားနည်းချက် ကြောင့် လွှတ်တော်ရဲ့ ဖွဲ့စည်းပုံမှာ အားနည်းချက်ရှိနေပါတယ်။ ဒါကြောင့် တရားမျှတတဲ့ ဥပဒေတွေ ထွက်ပေါ်ဖို့ကတော့ အကန့်အသတ်နဲ့ ရှိနေပါသေးတယ်။ ဒါကြောင့်လည်း အလုပ်သမားဥပဒေ၊ လယ်သမားဥပဒေတွေမှာ အားနည်းချက်တွေ အများကြီး ရှိနေခဲ့ပါတယ်။
မေး ။ ။ အလုပ်သမားရေးရာ အငြင်းပွားမှုတွေက လက်ရှိမှာ ဘယ်အကြောင်းအရာတွေပေါ်မှာ အခြေခံ ဖြစ်ပွားလေ့ရှိပါသလဲ။
ဖြေ ။ ။ အများစုက အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက ဥပဒေပါ အခွင့်အရေး၊ ဥပဒေ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ အဲဒီဥပဒေတွေကို လုပ်ငန်းရှင်တွေဘက်က မလိုက်နာတာ အများစု ဖြစ်နေပါတယ်။ မလိုက်နာတဲ့အပြင် ဝန်ကြီးဌာနလက်အောက်က ဌာနတွေကလည်း ကြီးကြပ်မှု အားနည်းပါတယ်။ အဲဒီအတွက် ဥပဒေချိုးဖောက်မှုတွေက ဖြစ်နေတယ်။ ဘယ်လိုမှ မတတ်နိုင်ဘူး။ အဲဒီအတွက် ပြင်ရမှာက တရားဥပဒေ စိုးမိုးရေး ပြဿနာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး ပြဿနာနဲ့အတူ အဂတိလိုက်စားမှုတွေ ဖြစ်နေတယ်။ အဲဒါပြောတာနဲ့အတူ ဖွဲ့စည်းပုံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ပြောနေကြရပါတယ်။ မြန်မာပြည်က အခြေခံဖြစ်တဲ့ ဖွဲ့စည်းပုံဥပဒေ မပြင်ဘဲနဲ့ ဘာမှ ပြုပြင်ပြောင်းလဲရေး လုပ်လို့ရမှာ မဟုတ်ပါဘူး။
မေး ။ ။ အသစ်ပြင်ဆင်မယ့် ဒီဥပဒေဟာ အလုပ်သမားရေးရာ အငြင်းပွားမှုတွေကို အဆုံးသတ်နိုင်ပါ့မလား။
ဖြေ။ ။ အကြမ်းဖျင်း ပြင်ဆင်ဖို့ လုပ်ထားတာ ၉ ချက်ရှိပါတယ်။ အဲဒီ ၉ ချက်ကတော့ မျှတတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်မယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အလုပ်သမားတွေနဲ့ ညှိနှိုင်းပြီးတော့ ဥပဒေနဲ့ ပတ်သက်တဲ့ အကြံပြု စာတမ်းမူကြမ်းကို တင်ပြထားပါတယ်။ ပြီးတဲ့အခါမှ ဖြည့်စွက်ချက်တွေနဲ့ လွှတ်တော်ကို ပို့မှာ ဖြစ်ပါတယ်။ လက်ရှိပြင်ဆင်တဲ့ ဥပဒေအရတော့ အလုပ်သမားတွေဟာ အလုပ်ပြုတ်တဲ့ အပြင် ထောင်ပါကျ မှာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း စနစ်တကျ ပူးပေါင်းဆောင်ရွက်ပြီး ပြင်ဆင်ဖို့ လုပ်နေပါတယ်။