“လူမျိုးစု သန့်စင် ရှင်းလင်းမှု” အပေါ် သူတို့အမြင်များ

ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

“ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အခြေအနေများသည် ရိုဟင်ဂျာများကို လူမျိုးစု သန့်စင် ရှင်းလင်းမှု ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တေလာဆန်က ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် ကြေညာ ချက်တွင် ဖော်ပြခဲ့သည့်အပေါ် နိုင်ငံရေး၊ စီးပွားရေး၊ တိုင်းရင်းသားအရေးစသည့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ အမြင်သဘောထားများကို ဧရာဝတီမှ စုစည်းမေးမြန်းဖော်ပြလိုက်ပါသည်။

ဦးကိုကိုကြီး (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)

အဓိကကတော့ ရခိုင်ပြသနာဟာ ကျနော်တို့အတွက် တကယ့်ကို အမျိုးသားလုံခြုံရေးပြသနာ။ ဒီအပေါ်မှာ နိုင်ငံတကာရဲ့ ရှုမြင်ပုံကို ကျနော်တို့လည်း အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေဆိုရင် ကျနော်တို့ တန်ဖိုးထားပါတယ်။ ဒီ (Ethnic cleansing) အသုံးအနှုန်းတွေကတော့ အပြုသဘောမဆောင်တဲ့ အသုံးအနှုန်းတွေ၊ မှတ်ချက်တွေဖြစ်တယ်လို့ ကျနော်မြင်တယ်။

အဓိကက နိုင်ငံတနိုင်ငံကို ချဉ်းကပ်တော့မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုကို နားလည်ဖို့လိုတာပေါ့။ ကျနော်တို့ ဘိုးစဉ် ဘောင်ဆက်က ကျနော်တို့ဟာ နိုင်ငံငယ်လေးဖြစ်တယ်။ နေတာက နိုင်ငံကြီးတွေကြားထဲ နေရတာဖြစ်တဲ့ အတွက် ကြောင့် ကျနော်တို့ ရပ်တည်ဖို့အတွက် ပြင်ပကနေ ဖိအားပေးတာတွေ၊ ခြိမ်းခြောက်တာတွေကို ခုခံရမယ်ဆိုတဲ့ဟာက နိုင်ငံရေး ယဉ်ကျေးမှုတခုအဖြစ်ကို ကျနော်တို့ ဘိုးစဉ်ဘောင်ဆက်ကတည်းက ရှိလာခဲ့တယ် ဆိုတော့ အဲဒီယဉ်ကျေးမှုကို နားမလည်ဘဲနဲ့ ကိုယ်ရသလောက် သတင်းအချက်အလက်တွေကို ကိုယ့်ရှုထောင့်ကနေ ပြောနေရင် အမျိုးသားရေးကို ပိုပြီးတော့ မီးထိုးပေးသလို ဖြစ်လာမယ်။ နောက်တခုက ဒီမိုကရေစီအပြောင်းအလဲ၊ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကို အင်မတန် ဂရုစိုက်ပြီး လုပ်နေရတဲ့အချိန်မှာ ဆိုးကျိုးတွေကိုသာ ဖြစ်စေလိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုဘဲ မြင်ပါတယ်။

ကျနော်တို့က ဥပဒေချိုးဖောက်မှုတွေရှိတယ်၊ အကြမ်းဖက်မှုတွေရှိတယ်ဆိုရင် ကျနော်တို့ စနစ်တကျ စုံစမ်း စစ်ဆေးပြီးတော့ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်သင့်တာတွေ လုပ်ရမယ်ဆိုတာကို ကျနော်က သဘောတူတယ်။ သို့သော် ဒီလိုမျိုး စစ်တပ် တခုတည်းကိုဘဲ ဦးတည်ချက်ထားပြီးတော့ အရေးယူပိတ်ဆို့မယ်၊ ဒဏ်ခတ်မယ်ဆိုတာမျိုးလုပ်ရင် ဘယ်လိုဖြစ်လာနိုင်သလဲ ဆိုရင် ကျနော်တို့ ပြီးခဲ့တဲ့ ကာလတလျှောက်လုံးမှာ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီ အင်အားစုတွေဟာ အနောက်နိုင်ငံလိုလားတဲ့၊ အနောက်နိုင်ငံကနေပြီးတော့ အသုံးချတဲ့သူတွေဆိုပြီးတော့ အရင်က အုပ်ချုပ်ရေးခေတ် အစိုးရ တလျှောက်လုံး ဝါဒဖြန့်ထားခဲ့တယ်။ အခုဒီလိုအခြေအနေမျိုးမှာ လုပ်ရင် သူတို့က စစ်တပ်က အမျိုးသားရေးအတွက် ခုခံကာကွယ်တယ်။ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ခံပြီးတော့တောင်မှ သူတို့က အမျိုးသားရေးကို ကာကွယ် စောင့်ရှောက်တယ်။ ကျနော်တို့က အရေးယူမခံရတာက အနောက်အုပ်စု လိုလားတဲ့သူတွေ ဖြစ်လို့ အရေးယူခံရတာမဟုတ်ဘူး။ အဲဒီတော့ ဒီကိစ္စမှာ စစ်တပ်က အမျိုးသားရေးအလံကို ရသွားပြီးတော့ ကျန်တဲ့သူ တွေက အနောက်လိုလားသူ ပုံစံမျိုးလို အဲဒီ အစွန်းနှစ်ဖက်ကိုဘဲ ပြန်ပြီးတော့ တွန်းပို့သွားစေတယ်လို့ ကျနော်တော့ မြင်တယ်။

သေချာတာပေါ့။ ဒီကိစ္စဟာ တကယ်က ကျနော်တို့ ဖြေရှင်းရမှာက လူဝင်မှု ပြသနာပေါ့။ လူဝင်မှု ကြီးကြပ်ရေး၊ နိုင်ငံသား ဖြစ်မှုဆိုင်ရာ စီစဉ်ရေးကိစ္စ ဒါတွေနဲ့ ဖြေရှင်းရမယ့်ကိစ္စကို ဒါတကယ့်ကို နိုင်ငံတကာ ပြသနာကြီးအဖြစ်နဲ့ ပုံဖော် ဖန်တီး ထားတာဟာ သမရိုးကျ ဖြစ်ရိုးဖြစ်စဉ်မှ မဟုတ်ဘဲနဲ့။ ဒါက နိုင်ငံကြီးတွေရဲ့ ကစားကွက်ထဲမှာ။ ပြောရရင် အဲဒီဒေသမှာ နေတဲ့ ဘင်္ဂါလီတွေကိုယ်တိုင်က ဘုမသိ၊ ဘမသိနဲ့ အသုံးချခံနေရတာလို့ ကျနော်ကတော့ မြင်တယ်။ အမှန်က ကျနော် တို့မှာ နဂိုကတည်းက သဘောထားရှိထားပြီးသား။ နိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်တဲ့သူတွေကို နိုင်ငံသားပေးဖို့ လက်ခံဖို့ ဆိုတဲ့ကိစ္စ။ ကျနော်တို့ဒီမှာ ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ဖြစ်စဉ်တွေကိုပါ အနှောင့်အယှက်ဖြစ်တယ်။ ထိခိုက်စေတယ်လို့ ကျနော်တို့ကတော့ မြင်တယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း နှစ်ပေါင်းများစွာက စုပုံလာတဲ့ ပြဿနာတွေကို အချိန်တိုအတွင်းမှာ သူတတ်နိုင်သလောက် သူဖြေရှင်းနေတာတွေ့ရပါတယ်။ အဲဒီတော့ အဲဒီလို အခြေအနေမျိုးမှာ သူကိုယ်တိုင်တောင်မှ တော်တော်လေး အံ့အားသင့်သွားလိမ့်မယ်လို့ ထင်တယ်။ တချိန်လုံး သူ့ကို ထောက်ခံပံ့ပိုးခဲ့တဲ့ အနောက်အုပ်စုက ဒီလို ပြင်းပြင်းထန်ထန် ချက်ချင်းကြီး ဝေဖန်တိုက်ခိုက်မှုတွေ ဖြစ်လာတာဟာ ကျနော်တို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ်မှာ ဘယ်လိုသဘောထားသလဲဆိုတဲ့ မေးခွန်းတွေပါ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်စေပါတယ်။

အဲဒီတော့ ကျနော်တို့ကလည်း ကျနော်တို့ နိုင်ငံမှာ ဒီကိစ္စဟာ သာမန် တိုင်းရင်းသား အချင်းချင်း ဖြစ်တဲ့ကိစ္စ ကချင်၊ ရှမ်း၊ ကရင်၊ မွန် စသဖြင့် ဖြစ်တဲ့ကိစ္စမျိုးနဲ့ မတူဘူး။ ကျနော်တို့ ဒီမှာ နှစ်ပေါင်းများစွာ ဒုက္ခ၊ သုခ ခံနေတာတောင်မှ နိုင်ငံတကာက ဒီကိစ္စလောက် ဂရုမစိုက်ဘူး။ အခု ချက်ချင်းကြီးကို မြန်မာနိုင်ငံ ဆိုတာနဲ့ ဒီကိစ္စကို ရှေ့တန်းတင်ပြီး နိုင်ငံတကာ ကိစ္စဖြစ်အောင် စနစ်တကျ ဖန်တီးလာတာ။ နောက်ဆုံး လူတွေကို အစုလိုက် အပြုံလိုက် ထွက်ပြေးအောင် နည်းမျိုးစုံနဲ့ ခြောက်လှန့်ပြီးတော့ မောင်းထုတ်တဲ့ပုံစံ ဖြစ်နေတာတွေကအစ မထွက်ဖို့ ဒီဘက်က လိုက်ခေါ်တာတောင်မှ မလာဘူးဆိုတာမျိုး ဖြစ်နေတာတွေကအစ ဒါတွေက ဖြစ်ရိုး ဖြစ်စဉ်မှ မဟုတ်ဘဲ။ ဒီအခြေအနေတွေအပေါ်မှာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက မှန်မှန်ကန်ကန် မသုံးသပ်ဘဲနဲ့ ကိုယ့်အယူအဆ ကိုယ့်ရဲ့ ရှုထောင့်တွေက နေပြီးတော့ ကိုယ့်ရဲ့ အကျိုးစီးပွားတွေနဲ့ပါ ဝင်ပြီးပတ်သက်လာတယ် ဆိုရင်တော့ သန်း ၅၀ သော မြန်မာပြည်သူတွေရဲ့ ခံစားချက် သဘောထားတွေနဲ့ ထိပ်တိုက်ဖြစ်လိမ့်မယ်။ ဆန့်ကျင်ဘက် ဖြစ်လိမ့်မယ်လို့ ကျနော်ကတော့ အဲဒါပဲ ပြောချင်ပါတယ်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ (ဦးဆောင် နာယက-ပအု့ိဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) )

ကျနော်အမြင်ကတော့ နိုင်ငံတကာ ဥပဒေအရ Ethnic cleansing အဆင့်တော့ မဟုတ်ဘူးလို့ ကျနော်ယူဆတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့စံချိန်စံညွှန်းရှိတယ်။ Ethnic cleansing ဆိုတာက အနုနည်းရော၊ အကြမ်းနည်းရော လူမှုရေးရော၊ တခြား ပညာရေး၊ ကျန်းမာရေး အားလုံးကို တခါတည်း ရှင်းထုတ်ပစ်လိုက်တဲ့ ပုံစံပေါ့။ အခုလုပ်တဲ့ Ethnic cleansing အဆင့် ကတော့ သတ်မှတ်တာ များတယ်ထင်တယ်။ လူ့အခွင့်အရေးချိုးဖောက်တာ ဘာညာဆိုတာက နည်းနည်း နီးစပ်သေးတယ်။ Ethnic cleansing ကတော့ ဘော့စနီးယားတို့ တခြားတိုင်းပြည်တွေက အခြေအနေတွေနဲ့ ကြည့်လိုက်ရင် မတည့်သေးဘူးလို့ ထင်ပါတယ်။

Ethnic cleansing ဆိုတာ ကျနော်ပြောသလို ဘော့စနီးယားမှာ ဆာဘ်တပ်တွေက မွတ်စလင်အမျိုးသမီးတွေကို အတင်းအကြပ် ကိုယ်ဝန်ဆောင်ခိုင်းတာတို့ ဘယ်မှာပေးမသွားတာတို့ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေး ချက်ချင်း ကလေး လက်ထဲက လုယူသွားပြီးတော့ ဆာဘ်မျိုးနွယ်စုတွေအတွက် အလုပ်လုပ်ပေးရတယ်ပေါ့ဗျာ။ Ethnic cleansing ရဲ့ လက္ခဏာတွေက အများကြီးပေါ့နော်။ Genocide လို အစုလိုက် အပြုံလိုက် သတ်ဖြတ်တာ အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကုန်လုံးကို ဖျက်ဆီးတာပြောတာ။ အခုက ကျနော်ကြည့်တာ အဲဒီအဆင့်ကို မရောက်သေးဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ပြဿနာ လုပ်တဲ့ အစွန်းရောက်တွေကိုပဲ နည်းနည်း ခပ်ကြမ်းကြမ်းကိုင်တာ တွေ့ရပြီးတော့ ရိုဟင်ဂျာလို့ ခေါ်တဲ့ ဘင်္ဂါလီ Migrant တွေနေတဲ့ ကျေးရွာတွေ မူလ၊ ဘူတ ရပ်တည်နေတဲ့ နေရာတွေမှာကြ အဲဒီလို လုပ်ရပ်မျိုး ကျနော်တို့မတွေ့ရဘူးဗျ။ ဒါကြောင့်ပါ။

ဒီမိုကရေစီစနစ်ကျင့်သုံးမှုကို ဖိအားပေးချင်တဲ့သဘောမျိုးနဲ့ တူပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီမိုကရေစီ အကူးအပြောင်း အရေးမှာ တပ်က အရပ်ဘက်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ကွပ်ကဲမှုအောက်မှာ ရှိရမယ်လေ။ အဲဒီလို ကျင့်သုံးမှ မှန်တာကိုး။ ဒါကြောင့် ဒီမိုကရက်တစ်အစိုးရကို အားပေးတဲ့ အနေနဲ့ တပ်ကို နည်းနည်းလေး ဖိပြပြီးတော့ ဒီမိုကရေစီကူးပြောင်းရေးကို လမ်းတည်ပေးတဲ့ သဘောမျိုးလည်း ဖြစ်နိုင်တာပေါ့။

ဦးကျော်မင်းလိူင် (မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး)

“အဲဒီလိုဆိုရင် သူတို့အမေရိကန်ရဲ့ လွတ်လပ်ရေး ဆိုတာရှိတယ်။ သူတို့ရဲ့ ဒေသဆိုင်ရာ နီဂရိုးတွေကို တုံ့ပြန်တာရှိတယ်ဗျာ ။သူတို့က ပြည်သူတွေက အာဏာသိမ်းတယ်။ အဲဒါမျိုးဆိုရင်ရော ဒါမျိုး လူမျိုးတုံး သတ်ဖြတ်တာလို့ ပြောလို့ရလား ဒါက နံပါတ် ၁ အချက်ပေါ့နော်။ အဲဒီလို လုပ်ရပ်ကို သူတို့ အမေရိကန် အစိုးရအဆက်ဆက် အားလုံးကို ဒါမျိုးနဲ့ ကျနော်တို့ အရေးယူလို့ရလား။ ယူခဲ့လား သူတို့ကိုယ်တိုင်ကရော အဲဒီလိုမျိုး ပြောခဲ့သလား။ ကိုယ့်တိုင်းပြည်မှာ ရှိတဲ့ဟာကို လူဦးရေ ထောင်နဲ့ သောင်းနဲ့ ချီပြီးတော့ ကျနော်တို့ လူဦးရေ ၁၀ သန်းလောက်ရှိတဲ့ လုံခြုံရေးအဖွဲ့တွေ လုပ်တာကို မနှိမ်နှင်းရဘူးဆိုရင် ဘယ်လိုနည်းနဲ့ လုပ်ရမှာလည်း အဲဒါ နံပတ် တစ် အချက်ပေါ့ အဲဒါတွေကို သိချင်တယ်။ သူတို့ကိုယ်တိုင် အာဖဂန်နစ္စတန်မှာ လုပ်ခဲ့တယ်။ အီရတ်မှာ လုပ်ခဲ့တယ်။ အဲဒါမျိုးကျတော့ တိုင်းပြည် ဖျက်ဆီးတဲ့ အထဲမှာ မပါဘူးလားပေါ့။ ဘယ်လိုမျိုး အဓိပ္ပါယ်ဖွင့်လဲ သိချင်တာ။ စကားလုံးကို သိချင်တာ။ Ethnic Cleansing စကားလုံး အဲဒါနဲ့ ပတ်သက်ရင် ဖြစ်နိုင်ရင် သပိတ်တောင် လုပ်ချင်တယ်။ သူတို့ပြောတဲ့စကားလုံးကို သူတို့ဘာသာ အဓိပ္ပါယ် ပြန်ဖွဲ့ရလိမ့်မယ်။

စိုင်းညွန့်လွင် (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်-SNLD-အထွေထွေအတွင်းရေးမှူး)

ကျနော် ဖတ်ကြည့်မိသလောက်တော့ သူဟာ မျှမျှတတ ပြောထားတာပဲ။ အစိုးရဘက်ကနေပြီးတော့ ထွက်ပြေးတဲ့လူတွေကို ပြန်လည် လက်ခံတယ်ဆိုတာကို သူထောက်ခံတယ်။ တချို့ဟာတွေလည်း သူအပြစ် တင်တာတွေ ရှိမှာပေါ့။ တချို့ဟာ ထောက်ခံတာ သူတို့က အမေရိကန် နိုင်ငံကြီးဆိုတော့လည်း အဲဒီလိုတော့ ရှိမှာပဲလေ။

တခုလုံးကို ခြုံကြည့်ရင်တော့ တရားမျှတတယ်လို့ ကျနော်ထင်တယ်။ တခုလုံး ခြုံကြည့်ပေါ့နော်။ တခုတည်း ကွက်ပြီးမပြောနဲ့ပေါ့။ အားလုံးခြုံကြည့်ပေါ့နော်။ နေရာ ၃၀ (ရဲကင်း ၃၀)ကို တိုက်တာလည်း သူရှုံ့ချတာပဲ။ စခန်း ၃၀ ကို တိုက်တာ သူတို့ထောက်မှ မထောက်ခံတာ။ ချုပ်ပြီးပြောရရင်တော့ တခုလုံးခြုံပြီး ကြည့်ရင်တော့ မျှပြီး ပြောတယ်လို့ ထင်ပါတယ်။

ဒေါ်တင်တင်ညို (မြန်မာ့ အမျိုးသမီး သမဂ္ဂ -BWU – ဥက္ကဋ္ဌ)

ကျမအနေနဲ့ကတော့ အမေရိကန်အစိုးရက ရခိုင်ပြည်နယ်အရေးမှာ တပ်မတော်ရဲ့ လုပ်ဆောင်ချက်က လူသား မျိုးနွယ်စုတစုကို ရှင်းလင်းရေးလုပ်တယ်လို့ “ethnic cleansing” လုပ်တယ်လို့ပြောတာက အကြောင်းရင်း အများကြီးအပေါ်မှာ အခြေခံတယ်လို့ မြင်တယ်။

ဘာလို့လည်းဆိုတော့ အချိန်တိုအတွင်းမှာ လူသိန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာထွက်ပြေးရတာရယ်၊ သူတို့နေအိမ်တွေကို ပြန်လာလို့မရအောင် မီးရှို့ဖျက်ဆီးလိုက်တာ၊ ရှေးယခင်ကတည်းက အတူတကွ နေလာခဲ့ကြတဲ့သူတွေ အချင်းချင်းကြား အပြန်အလှန် ယုံကြည်မှုကင်းမဲ့အောင်၊ အကြောက်တရားတွေရှိလာအောင်၊ အမုန်းတရားတွေရှိအောင် ပြုလုပ်နေတဲ့ အမျိုးသားရေး အစွန်းရောက်တွေကို သေချာနှိမ်နှင်းမှုမပြုလုပ်တာရယ်ကို အဓိကထားပြီး ခြုံငုံသုံးသပ် ကြည့်လိုက် မယ်ဆိုရင် ဒီလူမျိုးတွေ ဒီနယ်မြေမှာ လုံး၀ နေလို့မရအောင် လုပ်ဆောင်သွားမယ်ဆိုတဲ့သဘောပဲ။

ဒီအတိုင်းသာဆိုရင် ဒါကလည်း ဒီမျိုးနွယ်အုပ်စုတစုကို ရှင်းလင်းလိုက်တယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ ပြသနာက ကြောက်စရာကောင်းလောက်တဲ့အထိ ကြီးမားလာပြီးတော့ မြန်မာပြည်သူလူထု တရပ်လုံးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်အေးချမ်းဖို့ အတွက်လည်း ခြိမ်းခြောက်မှုကြီးဖြစ်နေတယ်။

ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီ-ANP ဥက္ကဋ္ဌ)

သူတို့က ကမ္ဘာကြီးတခုလုံးကို နိုင်ငံကြီးတခု အနေနဲ့ အပ်ကျတာက အစ သူတို့ဆိုင်တယ်။ သက်ဆိုင်တယ်။ သူတို့မှာ တာဝန်ရှိတယ်ဆိုတဲ့ ယူဆချက်တွေကြောင့် ပြောနေ၊ ဆိုနေကြတာ ထင်တယ်။ အဲဒီလို ပြောဖို့ ဆိုဖို့ ဆိုရင် အပ်ကျတာကအစ သူတို့ သိအောင် လုပ်ထားရမှာပေါ့။

တေလာဆန် ရက်ပိုင်းလာတယ်။ ဟိုဘက်ကို သွားတယ်။ တွေ့တယ်။ အဲဒါနဲ့ ဆုံးဖြတ်ချက် တခုကို သူ ချက်ချင်း ပြောဖို့ သူဘက်က ခက်လိမ့်မယ်။ သူ့ကို ပံ့ပိုးပေးနိုင်တာက သူ့ရဲ့ သံရုံးတွေပေါ့။ ထောက်လှမ်းရေးဆိုင်ရာ တွေ ရှိမှာပေါ့။ နောက်ပြီး သူ့ကို ပြောပြတဲ့ သတင်းမေးတဲ့ ပုဂ္ဂိုလ်တွေ ရှိမှာပေါ့။ သူက ဒါမျိုး စကားလုံး တလုံးကို သုံးမယ်ဆိုရင် သူ့ဘက်က ဒီလိုမျိုး သုံးဖို့အတွက် ဘယ်လောက်ခိုင်မာအထောက်အထား ရပြီးပြီလဲဆိုတာက အရေးကြီးနိုင်တယ်။

လက်လွတ်စပယ် သူပြောတာလား ဆိုပါတော့၊ သူ့သံရုံးက ရတဲ့အချက်က ဒါမျိုးနဲ့ပတ်သက်လို့ သူ့ဘက်က လက်ခံနိုင်လား။ ဥပမာ ရာခိုင်နှုန်း ဘယ်လောက်လဲ၊ သူ့ရဲ့ သံရုံးရယ်၊ အထောက်အထားရယ်ပေါ့။ တဖက်က ဒုက္ခသည် စခန်းကို သွားပြီးမှ တဖက်က အင်တာဗျူးလာတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောလာတဲ့ စကားလောက်နဲ့ အဲဒီက ၇၅ ရာခိုင်နှုန်း လွှမ်းမိုးပြီးမှ ဆုံးဖြတ်ချက်ကို ချတာလား။ အဲဒါမျိုးက ကျနော်ထင်တယ် လွှမ်းမိုးလိမ့်မယ်။

တကယ်လို့ သူ့ရဲ့ သံရုံးတို့၊ ထောက်လှမ်းရေး အဖွဲ့အစည်းတို့ ဘာတို့က သူ့ရဲ့ ခဏတာ ဆုံးဖြတ်ချက်ကို ဆုံးဖြတ်ဖို့အတွက် ၇၅ ရာခိုင်နှုန်းလောက် အချက်အလက်တွေ ပေးတယ်ဆိုရင် မှန်နိုင်တယ်။ သို့မဟုတ် ၂၅ ရာခိုင်နှုန်းလောက်ပဲ သူ့ဘက်က ပေးတယ်။ ၇၅ ရာခိုင်နှုန်းလောက်က အကြားလောက်နဲ့ပေါ့။ တဖက်က ငိုပြ တာလောက်နဲ့ တဖက်က လိမ်ပြောပြတာလောက်နဲ့ သူ့ရဲ့ ဇာတ်ညွန်းအတိုင်း တဖက်က ဆင်ထားတဲ့ အပြော အဆို အသုံးအနှုန်းလေးတွေလောက်နဲ့ ကောက်ချက်ကို ချတယ်ဆိုရင် ဒါမှားတယ်။

အမေရိကန်သံရုံးနဲ့ သူ့ရဲ့ လုံခြုံရေးအဖွဲ့အစည်း ကျနော်ထင်တယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ထဲထဲဝင်ဝင် သွားပုံတော့ မပေါက်ဘူး။ သွားတာလောက်ပဲ ရှိမယ်။ သွားရင်း လာရင်း တွေ့မယ်ပေါ့။ စုံစမ်းမှုဆိုတာမျိုးက ကျနော်တို့ သုံးသပ်တာကလေ။ ဥပမာဆိုပါတော့ ဖြစ်စဉ်အစ အဲဒီဒေသကို ထဲထဲဝင်ဝင် ဘယ်လောက် အထိ INGO၊ အဲဒီမှာ ရှိတဲ့ ဝန်ထမ်းအဖွဲ့အစည်းပေါ့။ သူတို့မှာ စစ်သား ဘယ်လောက်အထိ ရောက်နေပြီလည်း တကယ် ဖြစ်ပျက်မှုတွေ အမှန်ပေါ့။ ကောင်းကင် ဓာတ်ပုံလောက်နဲ့တော့ မရဘူး။ မီးလောင်တာကတော့ လောင်တယ်လို့ပဲ အပေါ်က မြင်မှာပေါ့။ သို့သော်လည်း ဘာကြောင့် မီးလောင်တာလဲ၊ ဘယ်သူတွေ ရှို့တာလဲ ဒါလေးတွေပေါ့။ သူတို့ဘက်က သိအောင် လုပ်ဖို့လိုတာပေါ့။

ဒီဘက်ကလည်း အစိုးရနဲ့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေ ဘက်ကလည်း တင်ပြတာတွေက မပေါက်ဘူးလေ။ တဖက်က ပြောတာဆိုတာ လော်ဘီလုပ်တာက ရှေ့ကို ရောက်တဲ့အခါကျတော့ အဖြစ်မှန်တွေက ပြောင်းပြန် တွေ ဖြစ်သွားကြတယ်။ နှစ် ၅၀ အမုန်းတရားကလည်း ရှိတာကိုး တပ်မတော်နဲ့လေ။ ဒီမိုကရေစီမှာ လက်ရှိ မြန်မာနိုင်ငံအစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုမှာ တပ်မတော်က ပိတ်ထားတယ်ဆိုတဲ့ အမြင်လည်း ရှိမှာ ပေါ့။

၂၀၀၈ ဖွဲ့စည်းပုံတို့၊ ကိုဖီအာနန် ကော်မရှင်မှာလည်း အစိုးရ ၂ ရပ် ရှိနေတယ်။ ဒီမိုကရေစီ အစိုးရ တရပ် သူလုပ်ချင်တဲ့ အလုပ်ကို လုပ်လို့ မရလောက်အောင်ကို ဖွဲ့စည်းပုံအရ တပ်မတော်ရဲ့ ဝန်ကြီးဌာနတွေက ပိတ်ထားတယ် ဆိုတာမျိုး ဖြစ်တော့ တေလာဆင်ပြောတဲ့ အသုံးအနှုန်းသည် ဖြစ်ရပ် အမှန်က လာတာ မဟုတ်ပဲ နဲ့ သူတို့ သွားချင်တဲ့ ဦးတည်ချက် တခုအတွက် အထောက်အထား ခိုင်ခိုင်လုံလုံ မရှိပဲနဲ့ စွပ်စွဲတဲ့ စွပ်စွဲချက်ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်လို့ ကျနော်တို့ပြောချင်တယ်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး

ဒါကတော့ တော်တော်လေး sensitive ဖြစ်တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ လူမျိုးအစုလိုက် ရှင်းလင်းတယ်ဆိုတာက စကားလုံးက တော်တော်လေး အရေးကြီးပါတယ်။ တချို့က ပြောတာပေါ့နော်။ ကျနော် ပြောတာမဟုတ်ဘူး ပေါ့နော် fake news လို့ပြောတယ်။ ဒါစာစောင်တွေရေးကြတာပေါ့နော် သူတို့က ကောက်နုတ်ပြီးတော့ လုပ်သွားကြတော့ မှန်၏၊ မှား၏ဆိုတာ ဦးတို့ကလည်း ရန်ကုန်မှာ နေပြီး ပြောလို့မရပါဘူး။

အလှမယ် ရွှေအိမ်စည်

ညီမ ဘယ်လိုမြင်လဲဆိုတော့ အဲဒါ သူတို့ဘက်ကနေပြီးတော့ Media Pressure နဲ့ မဟုတ်မမှန် သတင်းတွေကို လှုံ့ဆော်နေတယ်လို့ အိမ်စည်က မြင်ပါတယ်။ ဘာမှတ်ချက်ပေးချင်လဲ ဆိုတော့ ဒါက ဒီကိစ္စတခုအပေါ်မှာ Controversial ကိစ္စတခု ဆိုရင် နှစ်ဦးနှစ်ဖက်ကတော့ အခြေအနေ မတူတဲ့ ကြားမှာ ညီမတို့ ရခိုင်တွေ ဘက်ကဆိုရင် မြန်မာနိုင်ငံ အတွင်းမှာ သူတို့တွေက အဆင်ပြေတဲ့ အတွက်ကြောင့် မြန်မာပြည်မီဒီယာကပဲ ဒါကို အသိဆုံး။ သူတို့တွေက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အသိဆုံး။

သူတို့ ဒုက္ခသည်တွေက နှစ်ဦးနှစ်ဖက်က ပြဿနာတခု ဖြစ်လာလို့ရှိရင် အနည်းနဲ့အများကတော့ တယောက်နဲ့ တယောက်က ထိခိုက်ကြမှာပဲ။ နှစ်ဖက်စလုံးက ထိခိုက်နစ်နာမှာပဲလေ။ ဒါပေမဲ့ နစ်နာတဲ့ အခြေအနေမှာ ညီမ တို့ ရခိုင်ဘက်က မြန်မာတိုင်းရင်းသားစုဖြစ်တဲ့ ရခိုင်တွေကကျတော့ မြန်မာပြည် ရခိုင်ဘက်မှာပဲ တည်ရှိ နေတယ်။ ထွက်ပြေးလို့ ရှိရင်လည်း တခြားနိုင်ငံကို ထွက်ပြေးမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံတည်းမှာပဲ သူတို့ ပြေးနေမှာ။ တခြားဘက်ကျတော့ တခြားနိုင်ငံကို ထိုးဖောက် ထွက်ပြေးတယ်။ ထွက်ပြေးတော့ သူတို့ ဘက်ကနေပြီး မဟုတ်မမှန်၊ သူတို့ဘက်က ပြောချင်တာ ပြောလို့ရတယ်။ ကမ္ဘာ့မီဒီယာကနေ သူတို့ ကြားချင်တဲ့ ဘက်ကကြားတယ်။ သူတို့ ပြောချင်တဲ့ ဘက်ကပဲ ပြောတဲ့ အတွက် မြန်မာဘက်ကနေ Information ကို အတိအကျ မသိသေးလို့လို့ ညီမက မြင်ပါတယ်”

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်း (ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ)

အခုမှ စွပ်စွဲတာမဟုတ်ဘူး၊ စွပ်စွဲခဲ့တာလည်း ကြာပြီ၊ အခုမှ ပုံကြီးချဲ့လာတာ။ ဒါတွေက သတိထားရမယ်။ တနည်း အားဖြင့် နိုင်ငံရေးထောင်ချောက်လုပ်လာတယ်။
သဘောကတော့ ဒီမီးပွားလေးကို မီးတောက်ကြီး ဖြစ်အောင်လုပ်လာတယ်။ ဒါကြောင့် ဒါကို မျက်ခြေ မပျက်အောင် စောင့် ကြည့်ရမယ်။ ဖိအားက ရှိသင့်သလောက်ရှိတယ်။ ဒီကိစ္စသည် မမှန်ပဲနဲ့ ပြောနေတယ်ဆိုတာ ပြောတဲ့သူတွေ သိပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးလည်း သိတယ်။ ဒါကြောင့် အမျိုးသားရေး သတိနဲ့ စောင့်ကြည့်ဖို့လိုတယ်။ တမျိုးသား လုံး ညီညီညွတ်ညွတ်နဲ့ ရှိဖို့ လိုပြီ။ တမျိုးသားလုံး ဆိုတဲ့ နေရာမှာ နိုင်ငံတော် အစိုးရ၊ နိုင်ငံရေး အင်အားစုတွေ၊ နိုင်ငံရေး ပါတီတွေ၊ တပ်မတော်၊ ပြည်သူလူထု အကုန်လုံးက ပေါင်းပြီး ဒီ ကိစ္စကို ရင်ဆိုင်ရလိမ့်မယ်။ အချူပ်အခြာ အာဏာကိုပါ ခြိမ်းခြောက်လာပြီ။

အစိုးရနဲ့ တပ်မတော်နဲ့ ကွဲအောင်လုပ်တယ်။ ပိုပြီး သတိထားရတော့မယ်။ တပ်မတော်က ဒီနယ်မြေ မှာ သွားပြီး ကျူးလွန်တယ်လို့ ပြောချင်တာ။ အရေးယူမယ်ဆိုရင်လည်း တပ်မတော်ကို အရေးယူဖို့ လုပ်မှာပေါ့။ မဟုတ်တဲ့ကိစ္စ တခုကို အခြေခံပြီးတော့ မမှန်မကန် စွပ်စွဲနေသည့်အတွက် စည်းလုံးမှု မရှိဘူးဆိုရင် ဒုက္ခရောက် သွားလိမ့်မယ်။

ဦးထွန်းဇော် (အထွေထွေအတွင်းရေးမှူး ရခိုင်အမျိုးသားကောင်စီ-(ANC) )

ကျနော်မြင်တာကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး က ABIS (ဖိလစ်ပိုင်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပခဲ့သည် အာဆီယံ နိုင်ငံခေါင်း ဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု – အေပက်) အစည်းအဝေးသွား တက်တယ်။ အဲဒီအစည်းအဝေးပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံကိုလာတယ်။ လာပြီးတော့မှ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့တယ်ပေါ့ဗျာ။ နိုင်ငံတော် အတိုင်ပင်ခံနဲ့တွေ့ပြီးတော့ သူတို့ပူးတွဲသတင်းစာ ရှင်းလင်းပွဲလည်းလုပ်တယ်။ အဲဒီမှာ ပြောကြားတဲ့ အခါမှာ သူသုံးနှုန်းသွားတဲ့ အသုံးအနှုန်းတွေကတော့ ဒီလောက် ပြင်းပြင်းထန်ထန် မရှိလှဘူးပေါ့နော်။

ဟိုဘက် ဝါရှင်တန်ကို ပြန်ရောက်တဲ့ အချိန်မှာ ဝါရှင်တန် နိုင်ငံရေးနဲ့ အာရှ ဒေသတွင်းဘက်ကိုလာတဲ့ သူတို့ရပ်တည်ခဲ့တဲ့ ရပ်တည်ချက်ဟာ ကွဲပြားမှု ရှိနေတဲ့ အတွက် ဝါရှင်တန် နိုင်ငံရေးရဲ့ ရိုက်ခတ်မှုလို့ ကျနော်တို့ မြင်တာပေါ့နော်။ ဝါရှင်တန် အသိုင်းအဝိုင်းက ဘာလဲဆိုတော့ သမ္မတ ထရမ့်ကိုတောင် သူတို့က ဝေဖန်သေးတာပဲ၊ အထူးသဖြင့် လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ကျနော်တို့ ရခိုင်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေကို သူတို့ကနေပြီးတော့မှ ပြောသင့်တာတွေကို မပြောပေးဘူးပေါ့ဗျာ။ အဲဒါကို မကျေမချမ်းဖြစ်တာပေါ့။ ဒီလိုမျိုး အခြေခံအောက်မှာ ပေါ်ထွက်လာတဲ့ တုံ့ပြန်မှုမျိုးဘဲ ကျနော် မြင်တာပေါ့။ အစိုးရတရပ်ရဲ့ ရပ်တည်ချက် အနေနဲ့ သူတို့ ပြောမယ်ဆိုလို့ရှိရင် သူတို့ Policy Making Level မှာပေါ့လေ။ အခုဖြစ်နေတာက နိုင်ငံတကာ နိုင်ငံရေးရဲ့ ရိုက်ခတ်မှုကို ဝါရှင်တန် နိုင်ငံရေး အသိုင်းအဝိုင်းက မလွန်ဆန်နိုင်တဲ့ အပေါ်မှာ ဒီလိုမျိုးတုန့်ပြန်လာရတယ်လို့ ကျနော်တော့ အကဲဖြတ်မိပါတယ်။

Ethnic cleansing ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဝါရှင်တန် နိုင်ငံရေးအသိုင်းအဝိုင်းက ကောက်ချက်စွဲတာတို့၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေက ကောက်ချက်စွဲနေတဲ့ ကိစ္စတွေကို ပြန်ပြီးတော့ ကြည့်မယ်ဆိုလို့ရှိရင် သူတို့က တဖက်တည်း Search Finding က ဘင်္ဂလားဒေ့ရှ် ဘက်မှာဘဲ သွားပြီးတော့ လုပ်နိုင်တယ်။ အဲဒီဘက်ကိုရောက်သွားတဲ့လူတွေရဲ့ ပြောကြားချက်နဲ့ အဲဒီဘက် အနေအထားကို ကြည့်ပြီးတော့မှ သူတို့က အကဲဖြတ်တာ၊ သုံးသပ်တာတွေလုပ်တာဖြစ်တယ်။ အဲဒီအပေါ်မှာ အခြေခံပြီးမှ သူတို့ ပြောနေတာဖြစ်တဲ့ အတွက် သူတို့ရဲ့ အကဲဖြတ်ချက်ဟာ သူတို့ရဲ့ သဘောထားဟာ မျှတမှု မရှိဘူးလို့တော့ ကျနော်မြင်တယ်။ မြေပြင်လက်တွေ့ အနေအထားနဲ့ သူတို့ပြောတဲ့ အနေအထားကတော့ ကင်းကွာနေတယ်လို့ မြင်ပါတယ်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading