ပလတ်စတစ်က ကင်ဆာဖြစ်တယ်

နန်းလွင်နှင်းပွင့်
စားသုံးသူကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် / ချမ်းစွန်း / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တွင်းမှာ ပလတ်စတစ်နဲ့ အစားအသောက် အန္တရာယ်၊ ငါးပိငါးခြောက် တွေမှာ ပိုးသတ်ဆေး သုံးတာ များလို့ ရနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေအကြောင်း ၂၀၁၂ ခုနှစ်ကနေစပြီး အသိပညာလိုက်ပေးပြီး ကျောင်းတွေမှာ ဆိုးဆေးပါတဲ့ မုန့်တွေ အစားအသောက်တွေ မရောင်းချဖို့အတွက် တားမြစ်တာတွေကို ပြုလုပ်နေတဲ့ အရပ်သားတွေ ပူးပေါင်း ဖွ့ဲစည်းထားတဲ့ စားသုံးသူကာကွယ်ရေး အသင်းကလည်း မြန်မာ တနိုင်ငံလုံးအနှံ့ ကျယ်ကျယ်ပြန့်ပြန့် တားမြစ် နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ပလတ်စတစ်နဲ့ထုတ်ပိုးထားတဲ့ အစားအသောက်တွေရဲ့ အန္တရာယ်၊ လူတိုင်း နေ့စဉ်သုံးစွဲနေတဲ့ ပလတ်စတစ်တွေ ကနေ ရလာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေအပြင် ရန်ကုန်မြို့က ဈေးတွေထဲမှာ ရောင်းချနေတဲ့ ပိုးသတ်ဆေးပါ အစား အသောက် တွေရဲ့ အကြောင်းကို စားသုံးသူကာကွယ်ရေး အသင်း ဥက္ကဋ္ဌ  ဦးဗအုပ်ခိုင်ကို ဧရာဝတီသတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။      ။  ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အစားအသောက်တွေက ကျန်းမာရေးအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိပါသလဲ ။

ဖြေ ။       ။ ပလတ်စတစ်က ကင်ဆာဖြစ်စေတယ်။ ပလတ်စတစ်က အဆိပ်အတောက်တွေက ထုတ်ပိုးတဲ့ အစားအသောက်တွေထဲကို ဓာတ်ပြုပြီးတော့ ပျော်ဝင်စေတယ်ဆိုတာကို စတွေ့တာကတော့ ၁၉၇၀ ခုနှစ် လောက်ကပါ။ ထိုင်ဝမ်စားသုံးသူအသင်းက တွေ့တာ။ တပြိုင်တည်းလောက်မှာပဲ အင်္ဂလန်၊ သြစတေးလျ၊ နယူးဇီလန်၊ ထိုင်ဝမ်တို့ ကနေ ဒိန်ခဲတွေထဲမှာ ပလတ်စတစ် Styrene ဓာတ်တွေကို သွားတွေ့ တယ်။ ပလတ်စတစ်နဲ့ ထုပ်ပိုးတဲ့ အစား အသောက်တွေကို ကြည့်တဲ့အခါ ဒိန်ခဲ၊ ကိတ်မုန့်၊ ဟမ်ဘာဂါ၊ အသင့်စား ခေါက်ဆွဲခြောက်တွေ၊ ဘီစကစ်တွေ ပလတ်စတစ်နဲ့ ထုတ်ပိုးတဲ့ အစားအစာ တော်တော်များများမှာ တွေ့တယ်။ သုတေသန လုပ်ကြည့်ကြတော့ အင်္ဂလန်ဓာတ်ခွဲခန်းမှာ စမ်းတယ်။ ကြွက်ကလေးတွေကို ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အစားအသောက် တွေ ကျွေးကြည့်တော့ အဲဒီကြွက်တွေက ကင်ဆာ ဖြစ်တာကို တွေ့ရတယ်။ အဲဒါကြောင့် သူတို့က ကြေငြာလိုက်တယ်။ ဘယ်လို အစားအသောက်တွေမှာ တွေ့ရလဲ ဆိုရင် ပူတဲ့ အစားအသောက်ကို ပလတ်စတစ်နဲ့ ထုပ်ပိုးရင်လည်း ဓာတ်ပြုစေတယ်။ နောက်ပြီး ဆီများတဲ့ ဆီရွှဲတဲ့ အစားအသောက်တွေပေါ့ ။ ဒီမှာဆိုရင် ထိုးမုန့်၊ ဟာလဝါ၊ ကိတ်မုန့်၊ ဘီစကစ်မှာလည်း တခါတလေ ဆီနည်းနည်း ကပ်ပါတတ်တယ်။ ခေါက်ဆွဲခြောက်တွေမှာလည်း ပလတ်စတစ် က ဓာတ်ပြု သွားတယ်။

မေး ။      ။ ဓာတ်ပြုတာက အပူကြောင့် ဓာတ်ပြုတာလား။ ဘယ်လိုကြောင့်လဲ ။

ဖြေ ။       ။ အစားအသောက်မှာ  ပူနေတဲ့ အခါ ပလတ်စတစ်ထဲ ထည့်လိုက်တဲ့ ဓာတ်ပြုသလို ဆီနဲ့ ဓာတ်ပြုတာတွေ လည်း တွေ့ရတယ်။ ပြောမယ်ဆိုရင် ရေခဲသေတ္တာထဲမှာတောင် အပေါ်ဆင့်လိုမျိုးမှာ ထားရင် ဓာတ်ပြုတယ်။ သိပ်အေးလွန်းတဲ့ အခြေအနေ ပူလွန်းတဲ့ အခြေအနေတွေမှာ ပလတ်စတစ်နဲ့ ထုတ်ပိုးထားတဲ့ အစား အသောက် တွေက ဓာတ်ပြုတာကို တွေ့ရတယ်။ ကျနော်တို့ နိုင်ငံမှာ ကျွပ်ကျွပ်အိတ်တွေ သုံးကြတယ်။ ဒီနိုင်ငံမှာ တွေ့ရတာက မုန့်ဟင်းခါးတို့ လက်ဖက်ရည်၊ ကော်ဖီ၊ ခေါက်ဆွဲကြော်၊ အစိမ်းကြော်၊ ကြေးအိုးတို့ အဲ့တာမျိုးတွေ ထုတ်ပိုးတာကတော့ ကောင်းကောင်းဓါတ်ပြု နိုင်တယ်။

ရေသန့်ဘူးထဲမှာ ရေတောင်မှ ပလတ်စတစ်အနောက်ဘူးတွေက သိပ်ထည့် မသောက်သင့်ဘူး။ နေပူထဲမှာ ထားလို့ ရှိရင် အပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက်လောက်ဆိုရင် စပြီး ဓာတ်ပြုပြီ။ ၆၀ ဒီဂရီနဲ့ အထက်ပေါ့ ။ ရေသန့်ဘူး တွေကို နေပူထဲမှာ ထားတာ နွေရာသီဆိုရင် ရေဘူးတွေကို သယ်တဲ့အခါ ကားတွေ အမိုးမပါ တာ ရေသန့် စက်ရုံတွေမှာ ပလတ်စတစ်ဘူးတွေနဲ့ ရေသန့်တွေ ထည့်တာမှာ ဒီအဆင့်တွေမှာ ပလတ်စတစ် ဓာတ်တွေ ရေထဲကို ဓာတ်ပြု ပျော်ဝင်နိုင်တဲ့ အနေအထား ရှိတယ်။ ပူလေ ပိုဓာတ်ပြုလေ၊ ရေသန့်ဘူး ဟောင်းလာလေ ပိုဓာတ်ပြုလေပဲ။

မေး ။      ။ နိုဝင်ဘာလ ၂၀ ရက်က ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြတုန်းကဆိုရင် အိမ်တွေမှာ သုံးကြတဲ့ PVC ပိုက်တွေ ကလည်း ကင်ဆာကို ဖြစ်စေတယ်ဆိုပြီး အမတ်တွေက ဆွေးနွေးတာ တွေ့ရတယ်။ ဒီလို အိမ်သုံး ပစ္စည်း ပလတ်စတစ်တွေကရော ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှု ဘာတွေ ရှိနိုင်လဲ ။

ဖြေ ။       ။ ကျနော့်အမြင်ကို ပြောရရင်တော့ ကျနော်တို့ နိုင်ငံက နိုင်ငံတကာနဲ့ ယှဉ်ရင် ဘာသုတေသနမှ ဒီနိုင်ငံမှာ မလုပ်နိုင်ဘူး။ သုတေသန မလုပ်နိုင်တော့ မျက်ကန်းတစ္ဆေ မကြောက်ပေါ့ ။ အန္တရာယ် ရှိနေတာ တောင် ရှိတယ် လို့ မသိကြဘူး။ အဲဒီတော့ ဘယ်လို လုပ်မလဲ။ ပြောမယ်ဆို PVC ပိုက်တွေက ရေထည့်တဲ့ ပလတ်စတစ် ကန်တွေက နွေရာသီဆို ပူလာပြီဆိုရင် ပလတ်စတစ်ဓာတ်ပြုတယ်။ နေရိပ်ထဲမှာ ရှိတဲ့ ပိုက် တွေ က ကိစ္စ မရှိပေမယ့် နေပူထဲကို ဖြတ်ပြီး စီးဆင်းရတယ်ဆိုရင် ဓာတ်ပြုပျော်ဝင်နိုင်တဲ့ အန္တရာယ် ရှိတယ်။

ပလတ်စတစ်မှာက Styrene ရယ် Dioxin ရယ်ကတော့ ကင်ဆာ ဖြစ်စေတယ်။ နောက်တချက်က ကလေး ကစားစရာ ပလတ်စတစ်တွေမှာ အန္တရာယ်ရှိတာက ပလတ်စတစ် ဓာတ်တင် မဟုတ်ဘူး။ ခဲဓာတ်တွေပါ တော်တော်များနေတာ တွေ့ရတယ်။ အထူးသဖြင့်ကတော့ တရုတ်ပြည်က ဝင်လာတဲ့ ကစားစရာ ပစ္စည်း တွေပဲ ။ ကော်တွေပဲ ။ တရုတ်နိုင်ငံမှာ ဆိုရင် ငွေကြေးချမ်းသာတဲ့ မိဘတွေက သူတို့ကလေးတွေ ကို ပေးမဆော့ဘူး။ ခဲဓာတ်များလို့ ။ ကျနော်တို့ နိုင်ငံမှာတော့ ကလေးတွေ ခဲဆိပ် သင့်တာတွေ တွေ့နေ ရတယ်။ ခဲဆိပ်သင့်တော့ ဉာဏ်ရည်ကျတယ်။ မှတ်ဉာဏ် ချို့ယွင်းတယ်။ ကျောင်းမှာ စာမလိုက် နိုင်တာ ၊ မှတ်ဉာဏ် မရတာတွေ ဖြစ်တယ်။ သတိမေ့တာတွေ ဖြစ်တယ်။ အာရုံကြောနဲ့ ပတ်သက်တဲ့ လေငန်း လေဖြတ်တာတို့ ဖြစ်တယ်။ ကလေးလေးတွေကို ပလတ်စတစ် နို့ဘူးတွေနဲ့ တိုက်ကြတယ်။ အဲဒီမှာလည်း ဓာတ်ပြုနိုင်တယ်။ နို့မှုန့်ဖျော်တာကို ပူပူထည့်ပြီး ကလေးလေးတွေကို တိုက်တာကိုး။

နိုင်ငံတကာက သုတေသနပြုချက်တွေအရ ပလတ်စတစ်နဲ့ ထည့်ပြီး စားတဲ့ အစားအစာတွေက လူကြီးတွေ အမျိုးသား တွေမှာဆိုရင် သုတ်ပိုးကျဆင်းတယ်။ ပန်းသေပန်းညှိုးဖြစ်နိုင်တယ်။ ကလေးတွေမှာဆိုရင် မှတ်ဉာဏ် ချို့ယွင်းတယ်။ အသည်း နဲ့ ကျောက်ကပ်ကိုလည်း ထိခိုက်တယ်။ ပျက်စီးတယ်။ အခု ဒီနိုင်ငံမှာ လူတွေက မသိသလို နေလို့သာ မသိတာ။ ကလေးတွေ တော်တော်များများ ကျောက်ကပ်ဆေးနေရတယ်။ ဒါတွေက နေ့စဉ်စားသောက် နေတဲ့ အစားအစာတွေနဲ့ အများကြီး ပတ်သက်နေတယ်။

မေး ။       ။ စားသုံးသူ ကာကွယ်ရေး အသင်းအနေနဲ့ ပလတ်စတစ်နဲ့ အစားအသောက်အန္တရာယ်ကို သုတေသန လုပ်တာမျိုးတွေ ရှိပါသလား။

ဖြေ ။       ။ သုတေသနကတော့ ကျနော်တု့ိက နိုင်ငံတကာက လုပ်ထားတဲ့  အင်္ဂလန်၊ ထိုင်ဝမ်၊ နယူးဇီလန် ၊ သြစတေးလျတို့က လုပ်ထားတာတွေကိုပဲ ပြန်ကိုးကား ရတာပါ။ ကျနော်တို့ အသင်းအနေနဲ့ ကတော့ မလုပ်နိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ ကျနော်တို့မှာ ဓာတ်ခွဲခန်း မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဓာတ်ခွဲခန်း ရှိတဲ့ FDA တောင် မလုပ်နိုင်ပါဘူး။ ကျနော်တို့ နိုင်ငံက အဲဒီလောက်ထိ ဓာတ်ခွဲစမ်းသပ်နိုင်တဲ့ အဆင့်အတန်း မမှီသေးဘူးလို့ ဆိုရမလား။ ကျနော် တို့လို NGOs တွေ မပြောနဲ့ အစိုးရတောင် မလုပ်နိုင်ဘူး။ ဒီလို သုတေသနတွေက တကယ့်ကို ချမ်းသာတဲ့ တိုင်းပြည် တွေမှာမှ လုပ်နိုင်တာပါ ။ ကျနော်တို့ နိုင်ငံက အစား အသောက်တောင်မှ မနည်းစစ်နေရတာ။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတောင် FDA မှာ Method မရှိဘူး။ ကျနော်တို့ စိုက်ပျိုးရေးဦးစီးဌာနက ပိုးမွှားနဲ့ သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းမှာ စစ် ရပါတယ်။

မေး ။       ။ ရန်ကုန်မှာက မနက်မိုးလင်းတာနဲ့ အစားအသောက်တွေကို ပလတ်စတစ် အိတ်နဲ့ ထုတ်တာဝယ်ပြီး နေ့စဉ်လို စားကြတယ်။ မနက်မိုးလင်းတာနဲ့ စားလိုက်တဲ့ အစား အသောက်တွေက အန္တရာယ် ရှိနေတယ်လို့ ဆိုလို့ရမလား။

ဖြေ ။       ။ ခက်တာက တခြားနိုင်ငံတွေမှာ ဆေးစစ်တာတွေက နှစ်စဉ် လုပ်ကြတယ်။ ကျနော်တို့ နိုင်ငံမှာက ရောဂါ ဖြစ်တာတောင်မှ ဖြစ်မှန်းမသိကြဘူး။ တော်တော်ကျွမ်းသွားမှ ကင်ဆာလို့ သိလိုက်ရတဲ့အချိန်က အဆင့်က နောက်ဆုံး နီးပါးရောက်နေကြပြီ။ ဒီလို နိုင်ငံမျိုး ဖြစ်နေတယ်။ အသိဉာဏ်ဆင်းရဲတာ အပြင် ငွေကြေးဆင်းရဲတော့ လူတွေက နေထိုင်မကောင်းရင်တောင် ဆေးဆိုင်က စပ်ပေးတဲ့ ဆေးကို သောက်နေကြတော့ အန္တရာယ်တွေက အများကြီးပဲ ။ ပလတ်စတစ်အပူနဲ့ အစားအသောက် ထုတ်ပိုးတာတွေကို စားတဲ့ နောက်ဆက်တွဲက အသည်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ အများကြီး တွေ့ရတယ်။ ကင်ဆာ ရောဂါသည်တွေ တနေ့ထက်တနေ့ တိုးလာတယ် ဆိုတာ လည်း ကင်ဆာ အထူးကုဆရာဝန်ကြီး တွေ လည်း ဝန်ခံထားတယ်။ လူကြီး မပြောနဲ့ ရန်ကင်းကလေးဆေးရုံမှာ ဆိုရင် ကလေးကင်ဆာလူနာတွေ တိုးလာတယ်။

အဲဒီလိုတွေ ဖြစ်နေတာက အစားအသောက်ကြောင့် ၉၀ ရာခိုင်နှုန်းပဲ ။ ဒါမျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ကင်ဆာက တော်တော် နည်းနေပါပြီ။ ၁၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိတော့မယ်။ ရင်သားကင်ဆာလိုမျိုးက မျိုးရိုး ကြောင့်လည်း ဖြစ်သလို အစားအသောက် ကြောင့်လည်း ဖြစ်ပါတယ်။

မေး ။       ။ ပလတ်စတစ်ကို လျှော့သုံးဖို့ စားသုံးသူကာကွယ်ရေးအသင်းအနေနဲ့ ဘာတွေ လုပ်တာရှိလဲ။

ဖြေ ။       ။ ကျနော်တို့ ပညာပေးတဲ့နေရာမှာ လက်ကမ်းစာစောင်တွေ ဝေပါတယ်။ ပလတ်စတစ် နဲ့ ပတ်သက်တာတွေပါတယ်။ အွန်လိုင်းကနေ ပညာပေးဖို့လည်း အစီအစဉ် ရှိပါတယ်။ ရုပ်သံတွေမှာလည်း ပညာပေး အစီအစဉ် တွေ ရိုက်တဲ့ အခါမှာ အစားအသောက်တွေနဲ့ ပတ်သက်တဲ့ အခါမှာ ပလတ်စတစ် နဲ့ ပတ်သတ်တာတွေလည်း ထည့် ပြောတယ်။ လူဦးရေ သန်း ၅၀ ကျော်ထဲကို ပျံ့နှံ့ဖို့ဆိုရင် ပညာပေးတွေ လုပ်ဖို့ အများကြီးလိုသေးတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့လည်း တာဝန်ရှိတယ်။ ကျနော်တို့လို အသင်းတွေက ပညာပေးတာတွေကို သတင်းစာတွေကနေ ဖော်ပြပေးသင့်တယ်။ ကျနော်တို့ သတင်းစာ ထဲမှာ ပညာပေးတခုထည့်မယ်ဆိုရင် သူတို့က ကြေငြာခဈေးနှုန်းယူတယ်။ ကျနော်တို့ အသင်းတွေမှာ ရံပုံငွေက မတောင့်ဘူး။ အလှူရှင်လည်း မရှိတော့ မကြေငြာနိုင်ဘူး။ သတင်းစာတွေ ဂျာနယ်တွေမှာတော့ ကြုံရင် ပြောပြပြီး အသိပညာပေးတာတွေ လုပ်ရပါတယ်။

အရင်က ကျနော်တို့ စားသောက်ဆိုင်တွေ လိုက်စစ်တဲ့ အခါမှာ “မိတ်ဆွေ ပလတ်စတစ်က ကင်ဆာ ဖြစ်တတ်တဲ့ အတွက် အစားအသောက်တွေ ဝယ်ရင် လက်ဖက်ရည်တွေ မုန့်ဟင်းခါးတွေ ဝယ်မယ်ဆိုရင် မိမိအိမ်က ချိုင့်ယူလာပါ” ဆိုပြီး စာတွေ ကပ်ပစ်ခဲ့တယ်။ အဲဒါ ၂၀၁၃ လောက်က လုပ်တာပါ။

ကျနော်တို့မှာလည်း ကျောင်းမုန့်ဈေးတန်းကိုပဲ အဓိက ထား လုပ်နိုင်တော့ စားသောက်ဆိုင်တွေ စစ်တာက အဲဒီမှာ စစ်ပြီး ရပ်သွားတယ်။ ကျနော်တို့မှာလည်း စတေကာတွေ ရိုက်ဖို့ ကျတော့ အစိုးရကလည်း မကူညီတော့ လုပ်ငန်းရှင် တွေ ဆီကလည်း ကျနော်တို့က အလှူမခံဘူး။ ရံပုံငွေလည်း ကျနော်တို့မှာ အခက်အခဲရှိတာတွေ ရှိပါတယ်။

မေး ။       ။ အန္တရာယ်ရှိတဲ့ အစားအသောက်တွေ ပလတ်စတစ်အန္တရာယ်နဲ့ ပတ်သက်ပြီး အစိုးရ ဘက်က လည်း အစီအစဉ်တွေ ရှိသလို ပညာပေးတာတွေ လုပ်နေတယ်လို့လည်း ပြောတယ်။ အစိုးရ ဆောင်ရွက်နေတဲ့ အပေါ်မှာ အားရသလား။ ဘယ်လို သုံးသပ်ချက်ရှိပါသလဲ ။

ဖြေ ။       ။ ကျနော်တို့ကတော့ အားမရဘူး။ အစိုးရကသာ သေချာလုပ်နိုင်ရင် ကျနော်တို့လို အသင်းတွေ ပေါ်လာ စရာ မရှိပါဘူး။ ကျနော်တို့နိုင်ငံက တသက်လုံး ဟန်ပြလုပ်ခဲ့တာ များတယ်။ စာရွက်ပေါ်မှာ လုပ်တာ ဟန်ပြလုပ်တာ အစည်းအဝေးခန်းထဲမှာ လုပ်တာတွေကပဲ များနေတယ်။ လက်တွေ့မှာ မအောင်မြင်ဘူး။ အခုဆို ပြည်သူ့ အစိုးရ ဖြစ်တယ်။ ပြည်သူကို မျက်နှာပူတတ်ဖို့တော့ လိုအပ်တယ်။ ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင် အားမရဘူး။ ဒီအစားအသောက်ကိစ္စမှာ အောင်မြင်တာ မတွေ့ရဘူး။

မေး ။       ။ အစိုးရအနေနဲ့ ဒီကိစ္စတွေမှာ ဘာတွေ လုပ်ဖို့ လိုမယ် ထင်လဲ ။

ဖြေ ။       ။ သူတို့ တကယ်လုပ်မယ်ဆိုရင် အောင်မြင်အောင် လုပ်နိုင်တယ်။ ဘာမှ မအောင်မြင်အောင် လုပ်နိုင်စရာ အကြောင်းမရှိဘူး။ အခုငါးရံ့ခြောက်တွေကို ကောက်စစ်လိုက်ပါ။ Trichlorophenol (ပိုးသတ်ဆေး) ပါနေတာ များနေတာ အန္တရာယ်ရှိတဲ့အထိ ဓာတ်ကြွင်းကျန် ရှိနေတာကို အများစုမှာ တွေ့ရလိမ့်မယ်။ အများစုလို့ပဲ ပြောချင်ပါတယ်။

ငါးခြောက်တွေကို နေလှန်းရင် ယင်မနား လောက်မတတ်အောင် ပိုးသတ်ဆေး ဖြန်းလိုက်တယ်။ အဲဒီလိုမျိုး ထိုင်းနိုင်ငံ မှာ လည်း ဖြစ်ခဲ့ဖူးတယ်။ ထိုင်းအစိုးရက ပညာပေးတယ် မရတော့ ငါးခြောက်လုပ်တဲ့ သူတွေကို အကုန် ထောင်ချ တယ်။ အခု ထိုင်းနိုင်ငံမှာ ပိုးသတ်ဆေးဓာတ်ကြွင်း မတွေ့ရတော့ဘူး။ ထိရောက်တဲ့ ပြစ်ဒဏ်တွေနဲ့  ခိုင်ခိုင်မာမာ ဥပဒေတွေ ကျနော်တို့ နိုင်ငံမှာ ရှိဖို့လိုတယ်။ ပိုးသတ်ဆေးဥပဒေနဲ့ အရေးယူမလား။

စားသုံးသူကာကွယ်ပေးရေး ဥပဒေ ၊ အမျိုးသားအစားသောက်ဥပဒေနဲ့ အရေးယူမယ်ဆိုလည်း ရတယ်။ ဒါပေမယ့် ဈေးကွက်ထဲမှာ ငါးပိတွေမှာ ဆိုရင်လည်း ဆိုးဆေးတွေ တွေ့နေတုန်းပဲ ။ မျှင်ငါးပိတွေ ငါးခြောက်တွေမှာ Trichlorophenol ကို တွေ့နေတုန်းပဲ ။ ငပိရည်မှာလည်း ဓာတ်မြေသြဇာတွေအပြင် လောက်မတတ်အောင် Trichlorophenol ကို သုံးသေးတာပဲ ။ ဒါတွေက မျက်မြင်သက်သေတွေ ကျနော်တို့မှာ ရှိတယ်။ ယင်မနားဘူး ဈေးတွေထဲမှာ ။ ငါးပိငါးခြောက်ဆိုတာ ယင်တလောင်း လောင်း ရှိရမယ် မရှိတာ ပြဿနာပဲ ။

မေး ။      ။ ဒီလိုပိုးသတ်ဆေးတွေက ချက်ပြုတ်လိုက်ရင်ဖြစ်ဖြစ် ရေဆေးလိုက်ရင်ဖြစ်ဖြစ် ပျက်ပြယ်သွားလား။

ဖြေ ။       ။ ရေဆေးလို့ လုံးဝ မပြောင်နိုင်ပါဘူး ။ ငါးခြောက်တွေမှာတော့ သေချာ မသိပါဘူး။ ဟင်းသီးဟင်းရွက်မှာ တော့ ကျက်အောင် ချက်လိုက်ရင်တော့ ၅၀ ရာခိုင်နှုန်းလောက် လျော့နိုင်တယ်။ ဆားရည် ရှာလကာရည်စိမ်မယ် ဆိုရင် ၅ ရာခိုင်နှုန်းလောက် လျော့နိုင်တယ်။

မေး ။      ။ ဈေးထဲ ကနေ ဝယ်စားနေကြတဲ့ သူတွေက ပိုးသတ်ဆေးရော ပလတ်စတစ်နဲ့ ထုတ်ပိုးတဲ့ အစားအစာရော စားသုံးနေသူတွေက အများကြီးပဲ ။ သူတို့ကို ဘာပြောချင်သလဲ ။

ဖြေ ။       ။ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့ လိုတယ်။ နိုင်ငံပိုင် သတင်းစာတွေ ရုပ်မြင်သံကြားတွေကနေ ပုံမှန် ထုတ်လွှင့် ပေးတာမျိုးတွေ လုပ်သင့်တယ်။ နောက်တခုက ပညာပေးရုံနဲ့ မရဘူး။ အရေးယူမှုပိုင်း ရှိရမယ်။ ပြည်သူ လူထုက ရွေးစရာ မရှိဘူး စားနေရတာ။ ဥပမာ ငါးပိရည်ကျိုမှာ ဓာတ်မြေသြဇာတွေ ပိုးသတ်ဆေးတွေ ဖြန်းနေတာ သိပေမယ့် ဆင်းရဲသားက ငါးပိရည်ကျိုမှ မစားရင် ဘာစားမလဲ ။ ပါမှန်း သိလည်း သူတို့ဘဝက စားရမှာပဲ ဆိုတာတွေ ရှိတယ်။ ပညာပေးရုံနဲ့ မရဘူး။ အရေးယူဖို့ လိုတယ်။ အရေးယူမယ့် နေရာမှာ ဥပဒေရော ခိုင်မာပြီလား ဆိုတာ ကြည့်ဖို့ လိုတယ်။ ဥပဒေမှာလည်း ပြစ်ဒဏ်ပိုင်းမှာ အားနည်းနေတာတွေ အများကြီး တွေ့ရတယ်။ ပိုးသတ်ဆေးဥပဒေ၊ အမျိုးသား အစားအသောက်ဥပဒေ တို့မှာ ဆိုရင်လည်း ပြစ်ဒဏ်က ငွေဒဏ်ဖြစ်စေ ထောင်ဒဏ်ဖြစ်စေဆိုတော့ ဒီလို ပုဒ်မမျိုး တွေက အဂတိလိုက်စားမှုကိုလည်း အားပေးရာ ရောက်ပါတယ်။ လာဘ်ထိုးပြီး ငွေဒဏ်ဖြစ်အောင် လုပ်ရင် လည်း လွယ်လွယ်လေးပဲ ။

ပိုဆိုးတာက စားသုံးသူကာကွယ်ပေးရေး ဥပဒေဆိုပြီး ဟိုရက်က အသစ်ပြဌာန်းတယ်။ အဲဒါက ၂၀၁၄ ခုနှစ်ကပြဌာန်း ပြီးသား။ စားသုံးသူ ကာကွယ်ပေးရေး ဥပဒေဆိုပြီး ။ အဲဒီတုန်းက ၃လ ကြာရင် နည်းဥပဒေထွက်ရမှာကို လုံးဝ နည်း ဥပဒေ ထွက်မလာဘူး။ ကျနော်တို့ အသင်းတွေက နည်းဥပဒေမရှိတော့ ဒီဥပဒေကို သုံးမရဘူး ဖြစ်တယ်။ တရားစွဲဖို့ အတွက် ကျနော်တို့မှာ ခက်တယ်။ ဒိုင်ကြီးတွေကို သိမ်းဖို့ ကြိုးစားတယ်။ ဥပဒေက မခိုင်မာတော့ ဘာမှ လုပ်လို့ မရဘူး။ အဲဒါလည်း တချက်ပါ။ အခုထွက်လာတဲ့ ဥပဒေက အရင်ကထက်တော့ ချဲ့ကားပြီး ထွက်လာပေမယ့် လုပ်ငန်းရှင် တွေကို အကာကွယ်ပေးထားတဲ့ ပုဒ်မတွေ ပိုများနေတယ်။ နောက်တခုက ပြစ်ဒဏ်ပိုင်းမှာ ဦးသိန်းစိန် လက်ထက်မှာ ပြဌာန်းခဲ့တာကမှ ထောင်ဒဏ် ၃ နှစ်ထိ ပါသေးတယ်။

အခု ၆ လ ကနေ ၁ နှစ်တွေ ၂ နှစ်တွေနဲ့ ဒါတောင် ဖြစ်စေ ဆိုတာတွေပါပြီး ဒဏ်ငွေတွေကို တိုးလိုက်တယ်။ ဘာလည်းဆိုတော့ ဒဏ်ငွေတွေ သိန်း ၅၀ ကနေ သိန်း ၅၀၀ တော့ ဖြစ်လာပေမယ့် ထောင်ဒဏ်တော့ လျော့လိုက် တယ်။ ဘာလို့လည်း ဆိုတော့ ဒီဥပဒေရေးဆွဲတဲ့ အချိန်မှာ ကျနော်တို့လို စားသုံးသူ ကာကွယ် ပေးရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေကို သူတို့ ဖိတ်ရမယ်။ စားသုံးသူ ရေးရာ ဦးစီးဌာနက ရေးဆွဲတာကို ကျနော်တို့ မသိလိုက်ဘူး။ အသစ်ပြန်ဆွဲတော့ လုပ်ငန်းရှင်တွေကို ဖိတ်တယ်။ လုပ်ငန်းရှင်တွေကို ဖိတ်လိုက်တော့ လုပ်ငန်းရှင်တွေကို ကာကွယ်တဲ့ ပုဒ်မတွေပဲ ထွက်လာတယ်။

တချို့ပါဖို့ လိုနေတဲ့ အချက်တွေကို ကျနော် ပြင်ဆင်ချက်ဆိုပြီး ပြည်ထောင်စုလွှတ်တော်ကို ပို့ထားတယ်။ အခုက သမ္မတ လက်မှတ်မထိုးရသေးဘူးဆိုတော့ အတည်မဖြစ်သေးဘူးလေ။ ဒါကို သတင်းစာရှင်းလင်းပွဲ တောင် ကျနော် လုပ်ဖို့ စဉ်းစားနေတာ။

မေး ။       ။ အစားအသောက် အန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် လုပ်နိုင်သေးတာတွေ မရှိသေးဘူးဆိုရင် များများရွေးချယ်စရာမရှိတဲ့ အခြေခံလူတန်းစားတွေ အတွက်က မသန့်ရှင်းတဲ့ အစားအသောက် တွေ အန္တရာယ်ရှိတဲ့ ပလတ်စတစ်နဲ့ ထုတ်ပိုးတဲ့ အစားအသောက်တွေကိုပဲ ဆက်ပြီး စားသောက်နေရမယ့် အခြေအနေမျိုးလား ။

ဖြေ ။       ။ လောလောဆယ်မှာတော့ ရွေးစရာလမ်း မရှိပါဘူး။ Organic အစားအစာ ကောင်းမှန်းသိတယ်။ မုန်ညှင်းရွက် တစီးကို အပြင်မှာ ၂၀၀ ကျပ်၊ အော်ဂဲနစ်က ၅၀၀ ကျပ်ဆို ဆင်းရဲသားက ဘယ်လို ဝယ်စားနိုင်မလဲ ။ ကော်ဖီမစ်တထုပ်နဲ့ အီကြာကွေးနဲ့ စားပြီး အလုပ်ထဲသွားကြရတာတွေလည်း အများစုရှိနေတယ်လေ။ လမ်းဘေးမှာ တာရှည်ခံဆေးပါတဲ့ ဖော်မလင်ပါတဲ့ မုန့်ဟင်းခါးတွေ အသုတ်တွေ စားပြီးပဲ နေ့စဉ် လည်ပတ်နေကြရတာ။

ကင်ဆာ ဆိုတာကလည်း ခုချက်ချင်း ဖြစ်တာ မဟုတ်ဘူး။ အနည်းဆုံး လေး၊ ငါး၊ ဆယ်နှစ် အချိန်ယူတာ ။ ဖြစ်နေရင်တောင် ဖြစ်လို့ ဖြစ်မှန်း မသိပဲ စားနေကြတာပဲ ဆိုတော့ နည်းလမ်းက ပညာပေးတာ တခုနဲ့ မရဘူး။ အခုရှိနေတဲ့ ဥပဒေတွေကို ပြင်ရမယ်။ ဥပဒေရဲ့ ပြစ်ဒဏ်ပိုင်းတွေကို ပြင်ဖို့ လိုတယ်။ ဥပမာ ထောင်ဒဏ်အနည်းဆုံး ၁ နှစ်မှ ၃ နှစ်အထိ ထောင်ဒဏ်တမျိုး မျိုးချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်ဆိုရင် အနည်းဆုံး ၁နှစ်ချရတော့မယ်။ ငွေဒဏ်က ချချင်ချ မချချင်နေပေါ့ ။ အဲဒီလိုမျိုး ပြစ်ဒဏ်တွေ ပြဌာန်းဖို့ လိုတယ်။

ပိုးသတ်ဆေး ဥပဒေမှာပဲ ဖြစ်ဖြစ် အမျိုးသား အစားအသောက် ဥပဒေမှာပဲ ဖြစ်ဖြစ် စားသုံးသူကာကွယ်ရေး ဥပဒေမှာပဲ ဖြစ်ဖြစ် ပြစ်ဒဏ်ပိုင်းမှာ အားနည်းနေတာတွေ တွေ့ရတယ်။ တရုတ်ပြည်မှာဆို မသမာတဲ့ လုပ်ငန်းဆို ထောင်ဒဏ် နှစ် ၂၀ တို့ တသက် တကျွန်း တို့ ချပစ်တာ ။ ကျနော်တို့ဆီမှာက လုပ်ငန်းရှင် တွေကို  ညှာလွန်းအားကြီးတယ်။ အစိုးရအဆက်ဆက် ကလည်း လုပ်ငန်းရှင်တွေနဲ့ ပေါင်းနေတာက များလွန်းတော့ လုပ်ငန်းရှင်ကို ထိမယ့် ဥပဒေမျိုးဆို မဆွဲချင်ကြဘူး။ ဒီအချိန်ကတော့ ဒီဥပဒေတွေကတော့ မပြင်မချင်း ကျနော်တို့ကတော့ တိုက်ပွဲဝင်နေမယ် ။

မေး ။       ။ အခြေခံလူတန်းစားတွေက ငွေကြေးအခက်အခဲကြောင့် ဈေးထဲမှာ ပိုးသတ်ဆေးတွေ ပလတ်စတစ် အန္တရာယ် ရှိတဲ့ အစားအသောက်တွေပဲ ဝယ်စားနေရမယ်ဆို ဒီထဲကနေမှ သူတို့အတွက် အန္တရာယ်အကင်းဆုံး နေထိုင်စားသောက်မှုက ဘာတွေများ လုပ်လို့ ရနိုင်မလဲ ။

ဖြေ ။       ။ အတတ်နိုင်ဆုံံးကတော့ အပြင်က အစားအစာကို ရှောင်ပြီး ကိုယ့်အိမ်က ချက်ပြုတ်စား သောက်တာ ကို စားဖို့ လိုတယ်။ ဒါတောင်မှ အန္တရာယ်ကင်းမယ်လို့ အာမခံလို့ မရပါဘူး။ နေ့စဉ် ဝယ်စားနေတဲ့ ဆန်တု့ိ ပဲတို့ကနေ အသီးအရွက်က အစ ပိုးသတ်ဆေးတွေ ဓာတ်မြေသြဇာတွေ ပါနေပါတယ် ။ အဲဒါကြောင့် အတတ်နိုင်ဆုံး အပြင်စာတွေရှောင်ပြီး အိမ်မှာပဲ ချက်ပြုတ်စားတာ အန္တရာယ်ပိုကင်းပါလိမ့်မယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading