ပုပ်ရဟန်းမင်းကြီးနဲ့ သီးသန့်တွေ့ခွင့်ရတဲ့ ဒေါက်တာတူးဂျာ

နန်းလွင်နှင်းပွင့်
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ / မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ယနေ့ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကာဒီနယ်နန်းတော်၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ဘာသာကြီး ၄ ခု၏ ထိပ်ပိုင်းခေါင်းဆောင်များ သီးသန့်တွေ့ဆုံခဲ့ရာ ကချင်တိုင်းရင်းသားကိုယ်စားလှယ် တဦးအဖြစ် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာလည်း ပါဝင်တွေ့ဆုံခွင့် ရရခဲ့သည်။ ၎င်းက ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ်အခြေအနေ၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအကြောင်း၊ ကချင်စစ်ဘေးရှောင်များ ကြုံတွေ့ နေရသည့် အခြေအနေများကို ရှင်းလင်းတင်ပြခွင့် ရပြီး စာတစောင်လည်း ပုပ်ရဟန်းမင်းကြီး ကို ပေးခွင့် ရခဲ့သည်။ ပုပ်ရဟန်းမင်းကြီးနှင့် သီးသန့်တွေ့ဆုံစဉ် အပြန်အလှန် ပြောဆိုဖြစ်ခွင့် ရရှိခဲ့သည့် ဒေါက်တာ တူးဂျာကို ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ ဒီမနက် ပုပ်ရဟန်းမင်းကြီးနဲ့ သီးသန့်တွေ့ဆုံ ဖြစ်တဲ့ အစီအစဉ်ကို ပြောပြပါဦး ။

ဖြေ ။ ။ ဟုတ်ပါတယ်။ တွေ့ပါတယ်။ ကျနော်တို့ အချိန်က ၉ နာရီ ၄၅ ကနေ ၁၀နာရီ ၃၀ ကြားမှာ တွေ့ပါတယ်။ ဘာသာရေးဂိုဏ်းပေါင်းစုံက ထိပ်ပိုင်းခေါင်းဆောင်တွေ ပါပါတယ်။ နောက်ပြီး တိုင်းရင်းသားကိုယ်စားလှယ် ပါပါတယ်။ ကချင်ကိုယ်စားလှယ်ကတော့ ကျနော် တယောက်တည်းပါ။ ကျနော်တို့ အားလုံး ၁၅ ယောက် လောက် တွေ့ပါတယ်။ အဲဒီမှာ တက်ရောက်တဲ့ ကိုယ်စားလှယ်ထဲက ၅ယောက် ကတော့ တင်ပြခွင့် ပြုထားပါတယ်။ ကျန်တဲ့သူတွေကတော့ ထိုင်နားထောင်တာပေါ့ ။ တင်ပြခွင့် ရတဲ့ ၅ယောက်ထဲမှာ ကျနော် ပါပါတယ်။

ပုပ်ရဟန်းမင်းကြီးကတော့ ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေး စတင်ပြီးတော့ အချင်းချင်း နားလည်မှု ပိုမို တည်ဆောက် လာနိုင်အောင် စိတ်ရှည်ဖို့ သဘောထားကြီးဖို့ လမ်းညွှန်မှု ပေးသွားပါတယ်။ အချိန်ကတော့ သိပ်မကြာပါဘူး။

မေး ။ ။ ဒီမနက် သီးသန့်တွေ့ဆုံမှုမှာ ဘာသာရေးခေါင်းဆောင်တွေထဲမှာမှ အန်ကယ် တဦးတည်း ကချင် တိုင်းရင်းသား ကိုယ်စားလှယ်အနေနဲ့ ဘယ်လို ပါဝင်သွားတာလဲ ။ ပြောပြပါဦး။

အန်ကယ်က ကချင်တိုင်းရင်းသားထဲက ကတ်သလစ်ဘာသာဝင် ကချင်တိုင်းရင်းသားများရဲ့ ကိုယ်စားလှယ် အနေနဲ့ လူကြီးတွေ၊ ဆရာတော်ကြီးတွေက ကက်သလစ် ကချင်တိုင်းရင်းသား အလုပ်အမှုဆောင်ကော်မတီ ရှိပါတယ်။ သူတို့က အန်ကယ့်ကို ရွေးတာပါ။ ရွေးပြီးတော့မှ ကချင်တိုင်းရင်းသား ကက်သလစ် ဘာသာဝင်တွေ ကိုယ်စား ကျနော့်ကို သူတို့က ပုပ်နဲ့ တွေ့ဖို့ ရွေးချယ်ပြီးတော့မှ ကျနော်က စာတစောင် တင်ပါတယ်။ စာက ပြည်တွင်းစစ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ ကချင် တိုင်းရင်းသားများ ရင်ဆိုင်နေရတဲ့ အခြေအနေတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေ နောက်ပြီး စစ်ဘေးရှောင်ဒုက္ခသည် (IDPs) ကိစ္စတွေ ပါပါတယ်။ အဲဒါတွေကို စာနဲ့ ပေနဲ့ ရေးသားပြီးတော့မှ စာလည်း ကျနော် ပေးအပ်လိုက် ပါတယ်။ ကျနော်ကတော့ ကက်သလစ်ဘာသာဝင် ကချင်တိုင်းရင်းသားများရဲ့ ကိုယ်စားလှယ်အနေနဲ့ စေလွှတ်ခြင်း ခံရတာပါ။

မေး ။ ။ ပေးလိုက်တဲ့ စာထဲက အကြောင်းအရာတွေနဲ့ အန်ကယ် ဆွေးနွေးပြောပြဖြစ်တာတွေ ပြောပြပေးပါဦး။

ဖြေ ။ ။ မြန်မာနိုင်ငံတွင်းက အကြောင်းတွေက ပုပ်ရဟန်းမင်းကြီးလည်း သိရှိထားပြီးသား အများကြီး ရှိမှာပါ။ ကျနော် တင်ပြထားတဲ့ အကြောင်းတွေထဲမှာတော့ ပြည်တွင်းစစ်ပြဿနာဟာ နိုင်ငံရေးပြဿနာ ဖြစ်တယ်။ ဒါကြောင့်လည်း စစ်ရေးနဲ့ ဖြေရှင်းလို့ မရနိုင်ပါ။ နိုင်ငံရေးနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာမှ ရနိုင်မယ် ဆိုတာရယ်။ အခု လက်ရှိကျင်းပနေတဲ့ ပင်လုံညီလာခံရဲ့ နောက်ဆုံးပန်းတိုင်ဟာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရေး ဖြစ်တယ်လို့ ကျနော်တို့ ရည်ရွယ်ထားပါတယ်လို့ ။ ဒါကြောင့် ပုပ်ရဟန်း မင်းကြီး လာခြင်းအားဖြင့် ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ ပိုပြီးတော့ မြန်ဆန်လွယ်ကူ အောင်မြင်ပါလိမ့်မယ်။ အောင်မြင်လာမယ်လို့လည်း ယုံကြည်တယ်ဆိုတဲ့ အကြောင်း ။ နောက် IDPs တွေက စစ်ပွဲတွေ ရှိနေသေးလို့ သူတို့ ဒေသကို ဘယ်လောက် ပြန်ချင်တယ်ဆိုလည်း ပြန်ခွင့် မရနိုင်သေးဘူး။ အခြေအနေ မပေးသေးဘူး။ အဲဒီလို အခြေအနေမှာတောင် IDPs ရဲ့ နေရာအချို့က သိမ်းပိုက်ခံရတယ်။ ဒါပေမယ့် ဒါတွေကို အစိုးရတွေအနေနဲ့ လူကြီးတွေအနေနဲ့ သိဖို့ ဖိအားတရပ် အနေနဲ့ လမ်းညွှန်ပေးဖို့ ဒါမျိုး တွေကို တားဆီးနိုင်အောင် လို့ဆိုပြီး ဆွေးနွေးသလို စာထဲမှာလည်း အကြံပြု ထည့်ရေးထားတာတွေ ပါပါ တယ်။

တွေ့တဲ့အချိန်မှာ အချိန်မရတာကြောင့် ငြိမ်းချမ်းရေးကိစ္စတွေ၊ တွေ့ဆုံံဆွေးနွေး အဖြေရှာရေး ကိစ္စတွေကိုတော့ စာထဲမှာ ရေးသားထားပါတယ်။ စာကတော့ ၂ မျက်နှာ နည်းနည်း ကျော်ပါတယ်။ အားလုံးက ဒီအကြောင်းတွေပဲ ရေးထားတာပါ။ နောက်ပြီး ကချင်တွေက ပြည်ထောင်စုမှာ တည်ဆောက်တုန်းက အဓိက အခန်းကဏ္ဍကနေ ပါဝင်လာတယ်။ ပြည်ထောင်စုကို ခိုင်မာအောင် တည်ဆောက်ရေးမှာလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

အခုက ဒီပြည်တွင်းစစ်က မရပ်နိုင်သေးတာရယ် ပြည်တွင်းစစ်ဒဏ်ကို အများဆုံး အခု ခံနေရတာလည်း ကချင်တွေပဲ ဖြစ်နေတယ်ဆိုတာရယ်။ နောက်ပြီး ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ IDPs တွေလည်း ၁၂၀,၀၀၀ ကျော် ရှိနေပြီး အများစုက ကချင်တွေ ဖြစ်နေတဲ့ အကြောင်း ။ ကချင်တွေက ငြိမ်းချမ်းရေးပဲ လိုချင်ပါတယ်။ စစ်ရေးတွေ တိုက်ပွဲတွေ မဖြစ်စေချင်ပါဘူး ဆိုတာတွေ စာထဲမှာ ဖော်ပြထားပါတယ်။ ရခိုင်အရေး ပေါ်ပေါက်လာတော့ ကချင်ပြည်နယ် က တိုက်ပွဲ အခြေအနေတွေကို နိုင်ငံတကာက စိတ်ဝင်စားမှု လျော့နည်းလာတာကို ခံစားမိတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲ အခြေအနေတွေက အများကြီး အခြေအနေ ဆိုးနေပါတယ်။ အမြန် ပြေငြိမ်းအောင် လုပ်ဆောင်သွားဖို့ လိုလားပါတယ် ဆိုတာတွေလည်း ပါပါတယ်။ ဒါတွေက ကျနော် ဆွေးနွေးတာတွေပါ ။ နှုတ်နဲ့ကတော့ အချိန်မရလို့ အတိုချုပ်တွေ ပြောခဲ့တာပါ။ စာနဲ့ကတော့ အများကြီး ပြည့်ပြည့်စုံစုံ ပါပါတယ်။

မေး ။ ။ ပုပ်ရဟန်းမင်းကြီး ဘက်ကရော ဘာတွေများ ပြန်လည် မိန့်ပါသလဲ ။

ဖြေ ။ ။ သူကတော့တိုတိုပဲ ပြောပါတယ်။ မြန်မာပြည်မှာ အားလုံး ပြေပြေလည်လည်၊ ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးဆေးဆေးနဲ့ ဖြစ်စေချင်တယ်။ ဒါကြောင့် အချင်းချင်း ခွင့်လွှတ်ခြင်းတရားကို ထားဖို့ သူပြောပြော နေတဲ့ ရင်ကြားစေ့ရေးကို ရင်ဝယ်ပိုက်ကြဖို့ ပြောပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ နေရာမှာ အားလုံး လက်တွဲနိုင်ကြဖို့နဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းရေး ကိုလည်း အောင်မြင်အောင် လုပ်ဆောင်ကြဖို့ တိုက်တွန်း ပါတယ်။ သူ့အနေနဲ့ ဒါတွေကို အားပေးချင်တယ်။ အထောက်အကူအဖြစ် ဆုတောင်းပေးမယ်ပေါ့ ။ ဒါတွေ ပြောပါတယ်။ အခုလို တွေ့ဆုံခွင့်ရတာ အများကြီး ဝမ်းသာတဲ့ အကြောင်း ဒါတွေကို သူပြောပါတယ်။

မေး ။ ။ ပုပ်ရဟန်းမင်းကြီးနဲ့ သီးသန့်တွေ့ဆုံဖို့ ဆိုတာ ခက်ခဲတဲ့ အထဲကမှ အန်ကယ်က ကချင် တိုင်းရင်းသား ကိုယ်စားလှယ်အနေနဲ့ တဦးတည်း ရွေးချယ်ခံရပြီး တွေ့ခွင့်ရသလို ဆွေးနွေးတင်ပြ ခွင့်တွေလည်း ရခဲ့တော့ ဒီတွေ့ဆုံမှု အပေါ် ဘယ်လို သုံးသပ်ချက် ရှိပါသလဲ ။

ဖြေ ။ ။ ဒီမနက် တွေ့ဆုံမှုက အင်မတန် အရေးကြီးပါတယ်။ မြန်မာနိုင်ငံက အခု ငြိမ်းချမ်းရေးကိစ္စမှာ လိပ်ခဲတည်းလည်း ဖြစ်နေတယ်။ ဒါတွေက အများကြီး လမ်းပွင့်သွားနိုင်တယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ရည်ရွယ်ချက် ကလည်း အမျိုးသားရင်ကြားစေ့ရေး ခွင့်လွှတ်ခြင်းတရား ၊ ငြိမ်းချမ်းရေး ဆိုတဲ့ အချက်တွေကို အဓိကထား ပြောဆိုသွားမှာ ဖြစ်တာဆိုတော့ တိုင်းပြည်အတွက် အင်မတန် အရေးကြီးတယ်။ အန်ကယ်တို့ ကလည်း အဓိက လိုအပ်ချက် ဖြစ်တယ်ဆိုတာကို အာမခံတယ်။ ဒါကြောင့် သူက ဒီလောက် ဆင်းရဲနုံချာတဲ့ နိမ့်ကျတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ ပြည်တွင်းစစ်ကြီးတွေ ဖြစ်နေတဲ့ ကျနော်တို့ နိုင်ငံကို ရွေးချယ်ပြီး လာရောက်ခြင်းက အလကားတော့ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ အများကြီး ရှိပါတယ်။ မျှော်လင့်ချက် အများကြီး ထားလို့ ရပါတယ်။ ဒါက ကျနော်တို့ ခံယူထားပါတယ်။ အခုလို တက်ရောက်ခွင့် ရတာလည်း အများကြီး ဂုဏ်ယူပါတယ်။ တသက်မှာ တခါ တွေ့ခွင့်ရတာ စကားတခွန်း နှစ်ခွန်းပဲ ပြောခွင့် ရပေမယ့် ကချင်ပြည်နယ် အတွက်တင် မဟုတ်ဘူး။ တနိုင်ငံလုံးအတွက် ပြည်ထောင်စုတခုလုံးအတွက် လည်း ပါပါတယ်။ တွေ့ဆုံခွင့်ရတဲ့ အခါမှာ တသီးတသန့်ချည်း ပြောတာမျိုးလည်း မဟုတ်ပါဘူးနော်။ အားလုံး လွှမ်းခြုံနိုင်တဲ့ ပုံစံမျိုးနဲ့ ပြောဆိုဖြစ်ခဲ့ပါတယ်။ ဒါကြောင့်အများကြီး ဂုဏ်ယူရပါတယ်။

မေး ။ ။ နိုဝင်ဘာ ၂၅ ရက်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီက တိုက်ပွဲတွေကြောင့် ပြေးနေရတဲ့ IDPs တွေရဲ့ အိမ်ခြံလယ်ယာမြေတွေ အများပိုင်မြေတွေကို ကုမ္ပဏီတွေ စီးပွားရေး လုပ်ငန်းရှင် တွေက သိမ်းယူတာတွေ မလုပ်ဖို့ စာထုတ်သလို အန်ကယ်ကလည်း ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့တုန်း ဒီကိစ္စ တွေလည်း ပြောဖြစ်တော့ ဒီ IDPs တွေ ရဲ့ မြေသိမ်းခံရတဲ့ အခြေအနေတွေကိုလည်း ပြောပြပါဦး။

ဖြေ ။ ။ KIO ရဲ့ သဘောထားကတော့ အန်ကယ်တို့ဆီကနေ တဆင့်ပါးလိုက်တာလည်း ရှိပါတယ်။ ဒီကိစ္စကိုလည်း အန်ကယ်တို့က တင်ပြဖြစ်အောင် တင်ပြပေးလိုက်ပါတယ်။ အဲဒါက ခုနကပြောတဲ့ နယ်မြေ သိမ်းခံရတဲ့ IDPs တွေကိစ္စပါ။ ဒါတွေက အရေးကြီးပါတယ်။ ဒါဖြစ်နေတာလည်း အမှန်အကန်ပါပဲ ။ ဒီမှာ KIO က တတ်ရောက်နိုင်ခြင်း မရှိဘူးလေ။ အန်ကယ်က ကချင်တယောက်အနေနဲ့ တက်ရောက်နိုင်တယ် ဆိုတော့ Message ပေးလိုက်တာပါ။ အဲဒီ Message ကိုတော့ စာထဲမှာ အတိအကျပဲ တင်ပြပေးလိုက်ပါတယ်။

မေး ။ ။ IDPs မြေသိမ်းခံရတာတွေနဲ့ ပတ်သက်ပြီး လူဦးရေ ဘယ်လောက်ပိုင်ဆိုင်လဲ၊ မြေဧက ဘယ်လောက် ရှိလဲ ။ ဘယ်နေရာတွေမှာလဲ။ ဘယ်ကုမ္ပဏီတွေ စီးပွားရေးလုပ်ငန်းရှင်တွေက သိမ်းတာလည်း ဆိုတာတွေ မှတ်တမ်းအချက်အလက်တွေ ပြောပြပေးလို့ ရမလား။

ဖြေ ။ ။ ဒါတွေက နည်းနည်းထပ်လေ့လာဖို့ လိုနေပါတယ်။ အခု အလွတ် ပြောလိုက်လို့ မှားသွားရင် မကောင်းပါဘူး။ ဖြစ်ပျက် နေတာကတော့ အမှန်ပါပဲ ။ အချက်အလက်တွေ ကောက်ခံထားတာတွေ ကျနော်တို့မှာ ရှိပါတယ်။ နောက်ပိုင်းမှာ အတိအကျ ပြောပါမယ်။ နောက်ပိုင်းမှာ ပြောပြပေးပါ့မယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading