ကျနော်တို့ ရည်မှန်းချက်က မြန်မာနိုင်ငံမှာ လူတိုင်း Viber ကို အသုံးပြုဖို့ပါ

ဧရာဝတီ
Viber ၏ တောင်အာရှ နှင့် အရှေ့တောင် အာရှ လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ အကြီးအကဲ Anubhav Nayyar / မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မက်ဆေ့ချ်ပေးပို့ခြင်း နှင့် VoIP (အင်တာနက် ကဲ့သို့သော ကွန်ရက်များမှ တဆင့် အသံဖြင့် ဆက်သွယ်ခြင်း၊ မာလ်တီ မီဒီယာ ဖြင့်ဆက်သွယ်ခြင်းများ ပြုလုပ်ခြင်း) အပလီကေးရှင်းတခု ဖြစ်သော Viber သည် စတင်တည်ထောင် ခဲ့သည့် ၂၀၁၀ ခုနှစ်မှ စ၍ ၇ နှစ်အတွင်းတွင် သုံးစွဲသူ သန်း ၉၀၀ အထိရောက်ရှိလာခဲ့ သည်။ မြန်မာနိုင်ငံတွင် တယ်လီဖုန်း ဆက်သွယ်ရေး ဈေးကွက်ကို ဖွင့်လှစ်ခဲ့ပြီးသည့် နောက်ပိုင်းတွင်လည်း Viber က ဈေးကွက်ကို ဦးဆောင်သူ နေရာကို ရရှိခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဧရာဝတီသတင်းဌာန မြန်မာပိုင်း အယ်ဒီတာ ရဲနည်က Viber ၏ တောင်အာရှ နှင့် အရှေ့တောင် အာရှ လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ အကြီးအကဲ Anubhav Nayyar နှင့် တွေ့ဆုံ၍ ကုမ္ပဏီ၏ ဗျူဟာများ နှင့် ပြည်တွင်း အဆင့်နှင့် ကမ္ဘာ့အဆင့် အစီအစဉ်များကို မေးမြန်းခဲ့ပါသည်။

မေး ။ ။ မက်ဆေ့ချ်နှင့် VoIP ထိပ်တန်း အပလီကေးရှင်း တခု အနေနဲ့ Viber ရဲ့ ကမ္ဘာ့အတိုင်းအတာအရ အောင်မြင်မှုနဲ့ လက်ရှိ အနေအထားကို Viber က ဘယ်လို ရရှိလာသလဲ ဆိုတာကို အတိုချုပ် ပြောပြပေးပါ။

ဖြေ ။ ။ Viber က သက်တမ်း ၇ နှစ် ရှိပါပြီ။ တကယ်တော့ ၇ နှစ် ပြည့် အခန်းအနားကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒါက ၇ နှစ် သက်တမ်းရှိ အပလီကေးရှင်း တခုပါ။ ၂၀၁၀ မှာ တည်ထောင်ခဲ့ပါတယ်။ သုံးစွဲသူ သန်း ၉၀၀ နီးပါး အထိရောက်ရှိခဲ့ပါပြီ။ ကျနော်တို့ကို ထူးခြားစေတာကတော့ ကမ္ဘာတလွှားမှာ ခိုင်မာတဲ့ ဈေးကွက်တွေ ရှိနေတာပါပဲ။

အရှေ့တောင်အာရှမှာ အင်အားကောင်းပါတယ်။ တကယ်လို့ တောင်အာရှ ဘက်ကိုသွားမယ် ဆိုရင် သီရိလင်္ကာ၊ နီပေါ စသဖြင့် ရှိပါတယ်။ အနောက်ဘက်ကို ထပ်ပြီးသွားမယ် ဆိုရင် ရုရှား၊ ယူကရိန်း တွေမှာ ကျနော်တို့ အင်အား ကောင်းတဲ့ ဈေးကွက် ရှိပါတယ်။ အထက်ဘက် ဥရောပအရှေ့ပိုင်းမှာ ကျနော်တို့က ဈေးကွက်ကို ဦးဆောင်သူတွေပါ။ အမေရိကန်မှာလည်း ကျနော်တို့ ဈေးကွက်တချို့ ရထားပါတယ်။ ကျနော်တို့ ပျော်ရွှင်ရတာကတော့ တကမ္ဘာလုံးက ပြည်သူတွေက ဈေးကွက်တွေ အတွင်းမှာ Viber အသုံးပြုရတာကို နှစ်ခြိုက်ကြခြင်းပဲ ဖြစ်ပါတယ်။

တကယ်လို့ ဒါကို သေသေချာချာ ကြည့်မယ် ဆိုရင် … ၊ မြန်မာနိုင်ငံကို ကြည့်မယ် ဆိုရင် … ဒီမှာ အသုံးပြုသူတွေက ဝန်ဆောင်မှုကို အလွန် ကျေနပ်ကြတယ်၊ Viber ကို နှစ်ခြိုက်ကြတယ် ဆိုတာကို တွေ့ရှိရတဲ့ အတွက် Viber အတွက် အလွန် အရေးကြီး တဲ့ ဈေးကွက်တခု ပါ။ ဒီနိုင်ငံမှာ အချိန်နဲ့ အရင်းအမြစ်တွေ ရင်းနှီးမြှုပ်နှံရတဲ့ အတွက် ကျနော်လို့ ပျော်ရွှင်ရပါတယ်။

မေး ။ ။ အစပိုင်းမှာ ခင်ဗျားတို့ရဲ့ ရပ်တည်မှုက အကန့်အသတ်ရှိနေခဲ့တယ် လို့ သိထားပါတယ်။ ခုချိန်မှာတော့ အထူးသဖြင့် အာရှမှာ Line ၊ FB Messenger ၊ WeChat အစရှိသဖြင့် တခြား အပလီကေးရှင်းတွေ အများကြီး ရှိနေပါ တယ်။ ကမ္ဘာ့အဆင့်နဲ့ ဒေသတွင်း အဆင့် ယှဉ်ပြိုင်မှုမှာ ခင်ဗျားတို့ရဲ့ အားသာချက်ကို အတိုချုပ် ရှင်းပြပေးပါ။

ဖြေ ။ ။ ဆိုရှယ်မီဒီယာ chat မှာ ဝန်ဆောင်မှု ပေးသူတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ အတွက်ကတော့ ကျနော်တို့ချင်း ကွဲပြား ခြားနားတဲ့ အရာတွေ အများကြီးကို ကြည့်ပါတယ်။ နံပါတ်တစ်၊ ကျနော်တို့က ပြည်တွင်း အဆင့်နဲ့ ဆက်စပ် နေတဲ့ နှစ်သက်ဖွယ်ရာ ဖြစ်တဲ့ အသွင်အပြင်တွေ (features) ကို ပေးပါတယ်။ ဒါကြောင့် တခါတလေမှာ feature တခုက မြန်မာနိုင်ငံမှာ အလွန် လူကြိုက်များ ပေမယ့် ဥရောပအရှေ့ပိုင်းနိုင်ငံတခုနဲ့ လုံးဝကို မအပ်စပ်တာမျိုးတွေ ရှိနိုင်ပါတယ်။ အမေရိကန်မှာ အလွန်လူကြိုက်များတာ တခုကလည်း ဒီမှာ သိပ်ပြီး မအပ်စပ်တာမျိုးတွေ ရှိနိုင်ပါတယ်။

ဒါကြောင့် ကျနော်တို့က အဆက်မပြတ် တီထွင် ဆန်းသစ်နေရုံသာ မဟုတ်ဘဲ အလွန်ကို စပ်ဆိုင်မှုရှိတဲ့ နည်းလမ်းနဲ့ တီထွင် ဆန်းသစ်ခြင်းက နံပါတ်တစ် ဖြစ်ပါတယ်။ ကျနော်တို့ကို အမှန်တကယ်ကို ကွဲပြားစေပါတယ်။ ဒါက ကမ္ဘာရဲ့ ကွဲပြားတဲ့ အစိတ်အပိုင်းတွေမှာ ကျနော်တို့က အောင်မြင်နေရခြင်းနဲ့ တခြား သူတွေနဲ့ ကျနော်တို့ကို ကွဲပြားခြားနားစေခြင်း အကြောင်း ဖြစ်တဲ့ အတွက် ကျနော်တို့ အလွန်ဂုဏ်ယူရတဲ့ အပိုင်း ဖြစ်ပါတယ်။

ဒုတိယ အချက်က ဒေသတွင်းမှာ အသုံးပြုနိုင်အောင် ဖန်တီးရေး Localization က အလွန်အရေးကြီး ပါတယ်။ ကမ္ဘာအနေနဲ့ရော ဒေသ အလိုက်ရော ဆီလျော်နေဖို့ သေချာစေဖို့ ကျနော်တို့မှာ Glocalization ဆိုတဲ့ အသုံးအနှုံး ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ က တိုင်းပြည်ကို လိုက်ပြီး အပြောင်းအလဲ ရှိတဲ့ ဒေသနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေ၊ ဒေသတွင်း မိတ်ဖက်တွေ အများကြီး ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံကို ဥပမာပေးရမယ် ဆိုရင် ကျနော်တို့က မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အဖွဲ့ အစည်းအမျိုးမျိုး၊ စီးပွားရေး လုပ်ငန်း အမျိုးမျိုးနဲ့ စီးပွားဖက် ပါတနာ ပြုလုပ်ခဲ့ပါတယ်။ တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီတွေ၊ မီဒီယာနဲ့ ကုန်အမှတ်တံဆိပ်တွေ အစရှိသဖြင့် ပါ။ ဒါပေမယ့် အဲဒီလောက်တင် မဟုတ်ဘဲ ဒေသတွင်းမှာ လူကြိုက်များတဲ့ လွှမ်းမိုးမှုရှိတဲ့ နာမည်ကြီး တချို့နဲ့လည်း ချိတ်ဆက်ခဲ့ပါတယ်။ ဥပမာ စိုင်းစိုင်းနဲ့ ဖွေးဖွေး တို့လိုမျိုးပါ။ သူတို့က မကြာသေးမီကမှ ကျနော်တို့နဲ့ ပါတနာ ဖြစ်ခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။

အကြောင်းရင်းကတော့ တိုင်းပြည်တိုင်းက လူတွေက သူတို့နဲ့ အလွန်သက်ဆိုင်တဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို လိုချင်ကြတယ်။ ဒါကြောင့် အဲဒါက အလွန်ကို အထောက်အကူ ဖြစ်စေတယ်လို့ ကျနော်ထင်ပါတယ်။

Viber အတွင်းမှာ ဒေသအလိုက် အသုံးပြုနိုင်တဲ့ စတစ်ကာတွေလည်း ကျနော်တို့မှာ ရှိခဲ့ပါတယ်။ ကျနော်တို့မှာ ဒေသအတွက် ဖြစ်တဲ့ (လူတိုင်း ပါဝင်နိုင်တဲ့) public account တွေနဲ့ တခြား ဒီလို ဝန်ဆောင်မှုတွေ ရှိပါတယ်။ ဒါကြောင့် ဒေသတွင်းမှာ အသုံးပြုနိုင်အောင် လုပ်ပေးခြင်းက အလွန် အရေးပါတယ် လို့ ကျနော်ပြောချင်ပါတယ်။

ကျနော်တို့ကို တကယ်ကွဲပြားစေတဲ့ တတိယ အချက်ကတော့ ကျနော်တို့ လုပ်တာ၊ အနည်းဆုံးပြောရရင် ကျနော်တို့ အားထုတ်ခဲ့တာက ကျနော်တို့ရဲ့ သုံးစွဲသူတွေနဲ့ အလွန်ကို နီးစပ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က အသုံးပြုသူတွေရဲ့ တုံ့ပြန်မှုကို အထူး အလေးထားပြီး ရယူပါတယ်။ အသုံးပြုသူတွေရဲ့ တုံ့ပြန်မှုကြောင့် ဖြစ်လာတဲ့ တိုးတက်ပြောင်းလဲမှုတွေ အများကြီး ရှိပါတယ်။ ကျနော်တို့က အသုံးပြုသူတွေရဲ့ တုံ့ပြန်မှု အများကြီး ရယူပြီး တီထွင်ဆန်းသစ်မှုတွေ ပြု လုပ်လေ့ ရှိပါတယ်။

ကျနော် ပြနိုင်တဲ့ ဥပမာလေး တခုကတော့ ဒီဒေသတွင်းက ဈေးကွက်တွေထဲက တခုမှာ ဖြစ်ပါတယ်။ ကျနော်တို့မှာ စတစ်ကာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီ စတစ်ကာတွေ ကြားထဲမှာ ဘာပို့ရမလဲ ဆိုတာကို လိုက်ရှာနေရတယ် လို့ သူက ပြောတယ်။ အဲဒါကြောင့် ကျနော်တို့ ဒီစာလုံးကို ရိုက်ထည့်ပြီး ရှာလိုက်တာနဲ့ အဲဒီ စကားလုံး အတွက် စတစ်ကာတွေကို ရှာပေးတဲ့ feature ကို မိတ်ဆက်ခဲ့ပါတယ်။

ဒါကြောင့် တကယ်လို့ ကျနော်က Hi လို့ ရိုက်လိုက်မယ် ဆိုရင် Hi လို့ ပြောတဲ့ စတစ်ကာတွေ ရပါလိမ့်မယ်။ သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုက အလွန်အရေးကြီးကြောင်း ပြနိုင်တဲ့ ဥပမာတွေ အများကြီး ရှိပါ တယ်။ ဒါကြောင့် ပြောရမယ် ဆိုရင် ဒီ ၃ ချက်က ကျနော်တို့ကို အမှန်တကယ် ကွဲပြားခြားနားစေတာ ဖြစ်ပါတယ်။

မေး ။ ။ ၂၀၁၄ ခုနှစ် က မြန်မာနိုင်ငံမှာ Viber က ဈေးကွက်ကို ၇၉ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့တယ် လို့ ကျနော်တို့ သိရပါတယ်။ ၂၀၁၇ ခုနှစ် အနေအထားကို ရှင်းပြပေးနိုင်ပါသလား။ အလားတူ အခြေအနေကို ဆက်ပြီး ထိန်းသိမ်းထားဆဲပဲလား။

ဖြေ ။ ။ ကောင်းပါပြီ။ ဒါကို ကြည့်ဖို့ နည်း ၂ နည်း ရှိပါတယ်။ တခုကတော့ ကံမကောင်းစွာနဲ့ပဲ ဈေးကွက်အတွင်းမှာ တရားဝင် ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ မရှိပါဘူး။ ဒီမှာတင် မဟုတ်ပါဘူး။ ကမ္ဘာမှာလည်း message ပို့တဲ့ ကိစ္စနဲ့ ပတ်သက်ရင် များသောအားဖြင့် ဒီလိုပါပဲ။ ဒါက အလွန်ကို ကိုယ်ရေးကိုယ်တာ ဆန်ပါတယ်။ ဒါကြောင့် တခါတရံမှာ ခြေရာခံဖို့ ဘယ်သူ့အတွက်မဆို ခက်ခဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အပလီကေးရှင်းတွေ မျိုးစုံ သုံးနေတဲ့ လူတွေ အများကြီး ရှိနေလို့ပါ။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ကျနော်တို့အတွက် စိန်ခေါ်မှုက ဈေးကွက်ကို ဦးဆောင်နေသူ အနေနဲ့ ကျနော်တို့ အတွက် စိန်ခေါ်မှုက လူတွေ Viber ကို ပိုပိုပြီး သုံးလာကြဖို့ ဖြစ်ပါတယ်။ အခြေခံအားဖြင့် ဆိုရင် ကျနော်တို့က အဲဒါကို အမြင် ၂ ခုက နေကြည့်ပါ တယ်။ လက်ရှိ သုံးစွဲနေကြသူတွေ ရှိပါတယ်။ ကျနော်တို့က ပိုပြီး ဆန်းသစ်တဲ့၊ သုံးဖို့ အဆင်ပြေတဲ့ features တွေ သူတို့ကို ဆက်ပြီး ပေးနေဖို့ လိုပါတယ်။ နောက်ပြီးတော့ ခုချိန်မှာ မြန်မာနိုင်ငံမှာ စမတ်ဖုန်းတွေကလည်း တကယ်ကို တိုးပွားလာနေပါတယ်။

အဲဒါက ဘာကို ဆိုလိုသလဲ ဆိုတော့ နေ့စဉ် နိုင်ငံအတွင်းမှာ စမတ်ဖုန်းတလုံးကို ကို ပထမဆုံး အဖြစ် စတင် အသုံးပြုတဲ့သူ ထောင်ပေါင်းများစွာ ရှိပါတယ်။ သူတို့က အင်တာနက်ကို ပထမဆုံး သုံးတဲ့ သူတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့က ဒီမှာ အလွန် အားကောင်းတဲ့ ဈေးကွက်တခု ဖြစ်လာအောင်၊ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ ပိုကျယ်ပြန့်လာ အောင် လုပ်ရင်း ကျနော်တို့ရဲ့ ဝန်ဆောင်မှုတွေက သူတို့နဲ့ အလွန်ကို အဆင်ပြေ အပ်စပ်အောင် ဆက်ပြီး ပေးနေဖို့ အရေး ကြီးပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ သူတိုင်း Viber ကို အသုံးပြုဖို့ ဖြစ်ပါတယ်။

ဧရာဝတီသတင်းဌာန မြန်မာပိုင်း အယ်ဒီတာ ရဲနည်က Viber မှ Anubhav Nayyar နှင့် တွေ့ဆုံမေးမြန်းစဉ်
မျိုးမင်းစိုး/ဧရာဝတီ

မေး ။ ။ ခင်ဗျားက မြန်မာနိုင်ငံဈေးကွက်ကို ကြည့်ပြီးပြီ။ မြန်မာဈေးကွက်က တခြားဒေသတွင်းနဲ့ ကမ္ဘာ့ဈေးကွက်တွေနဲ့ စာရင် သေးငယ်နေဆဲပဲလား။ Viber က မြန်မာနိုင်ငံမှာ ဘယ်လို ငွေရှာသလဲ ဆိုတာကိုလည်း ရှင်းပြနိုင်မလား။

ဖြေ ။ ။ ကျနော် နည်းနည်းတော့ ပြင်ပေးပါရစေ။ မြန်မာနိုင်ငံက သေးငယ်တဲ့ ဈေးကွက် မဟုတ်ပါဘူး။ ဒေသဆိုင်ရာ အမြင်ကနေ ပြောရမယ် ဆိုရင် မြန်မာက ကျနော်တို့ အတွက် အလွန် အရေးပါပါတယ်။ တကယ်လို့ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်ကနေ ကြည့်မယ်ဆိုရင်၊ ကျနော်က ဒီဒေသ တခုလုံးကို ကြည့်မယ် ဆိုရင် အများကြီး မဟုတ်ရင်တောင် အနည်းဆုံး တလကို တကြိမ်လောက် ကျနော် ခရီးတခု ထွက်နိုင်အောင် ကြိုးစားပါတယ်။ အနည်းဆုံးတော့ ကျနော်က ကျနော်တို့ရဲ့ ဖောက်သည်တွေနဲ့ တွေ့ဆုံနေပြီး၊ ကျနော့် အဖွဲ့ ကလည်း ခရီးတွေ သွားပြီး၊ လူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်းက ပြည်သူတွေ ဘာလိုချင်သလဲ ဆိုတာကို သေချာအောင် ပြုလုပ်နေပါတယ်။ တိုင်းပြည်ကလည်း တိုးတက်မှု လျင်မြန်လွန်းနေတာ တွေ့ရပါတယ်။

စမတ်ဖုန်း ဈေးကွက် ထိုးဖောက်မှုက ပေါက်ကွဲနေတယ် လို့ ကျနော် ထင်ပါတယ်။ အခုဆိုရင် အင်တာနက်က တိုင်းပြည်ရဲ့ နေရာတိုင်းမှာ ရနေပါပြီ။ ဒါကြောင့် ကျနော်တို့ အတွက်ကတော့ နေရာကောင်းတခုမှာ ရှိနေပါတယ်။ ကျနော် တို့ရှေ့ဆက် ဆောင်ရွက်ဖို့လည်း အာရုံစူးစိုက်ရမယ့် အင်အားကောင်းတဲ့ နေရာတခု ဖြစ်ပါတယ်။

အကျိုးအမြတ်ရရှိမှု ကတော့ ကျနော်တို့ ငွေပြန်ရှာတဲ့ ဧရိယာ ၃ ခု ရှိပါတယ်။ ပထမတခုက Viber Out ပါ။ အဲဒီ feature က အလွန်ကို ရိုးရှင်းပါတယ်။ Viber အပလီကေးရှင်းကို သုံးပြီးတော့ ကမ္ဘာပေါ်က မည်သည့် ဖုန်းနံပါတ်ကို မဆို အဲဒီဘက်မှာ အင်တာနက် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ဗိုက်ဗာ ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ၊ စမတ်ဖုန်း ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ အလွန်သက်သာတဲ့ နှုန်းနဲ့ ဖုန်းခေါ်ဆိုနိုင်ပါတယ်။

ဒုတိယ တခုကတော့ စတစ်ကာ ပုံစံနဲ့ပါ။ ကျနော်တို့မှာ ပိုက်ဆံပေးရတဲ့ စတစ်ကာတွေနဲ့ လုံးဝ အခမဲ့ရတဲ့ စတစ်ကာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒါကို (ငွေပေးရသော စတစ်ကာများကို အသုံးပြုတာ) သိပ်မတွေ့ပါဘူး။ ဥရောပ၊ အမေရိကန် နဲ့ စင်ကာပူ စတဲ့ တခြား အာရှနေရာတွေမှာပဲ လူတွေက စတစ်ကာအတွက် ငွေပေးတာ တွေ့ရပါတယ်။ ဒီမှာတော့ သိပ် မများပါဘူး။
တတိယကတော့ ကျနော်တို့က စီးပွားရေး လုပ်ငန်း အမျိုးမျိုးနဲ့ ပါတနာ လုပ်ထားပါတယ်။ တကယ်လို့ သူတို့က Viber အပလီကေးရှင်းမှာ ကြော်ငြာထည့်လို့ ရတဲ့ ပုံစံမျိုး ရှာဖွေနေတယ် ဆိုရင် ထည့်လို့ရပါတယ်။ အဲဒါတွေက ကျနော်တို့ လက်ရှိ အချိန်မှာ ငွေပြန်ရှာတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

မေး ။ ။ Viber က လုံခြုံရေးကို သေချာအောင် ဘယ်လို ပြုလုပ်ထားသလဲ။ သုံးစွဲသူတွေ အတွက် လုံခြုံမှု ရှိပါသလား။

ဖြေ ။ ။ Viber က အစကနေ အဆုံးတိုင် encrypt (သင်္ကေတများ အဖြစ် အသွင်ပြောင်းလဲ ထားခြင်း) ပြုလုပ်ထားပါတယ်။ အလွယ်ကူဆုံး ပြောပြရရင် လူ ၂ ဦးကြားမှာ သို့မဟုတ် အဖွဲ့တခုအတွင်းမှာ ပြောဆိုမှုတွေက လုံးဝကို သီးသန့် ဖြစ်နေပါတယ်။ ဒီလူတွေ ကြားမှာ အပြန်အလှန် ပြောဆိုတာ၊ တုံ့ပြန်တာတွေက ထိုနည်း အတိုင်းပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အစကနေ အဆုံးတိုင် encrypt လုပ်ထားလို့ ဖြစ်ပါတယ်။ ပြောဆိုမှုတွေကို Viber ကုမ္ပဏီ အပါအဝင် ဘယ်သူကမှ မရယူနိုင်ပါဘူး။

မေး ။ ။ လူအများစုက Viber နဲ့ တခြားဆိုရှယ် ပလက်ဖောင်းတွေကို ရွေးချယ်ကြတယ်။ စိုးရိမ်စရာ ရှိတာက ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို အမုန်းစကားတွေ၊ တရားမဝင် လှုပ်ရှားမှုတွေ၊ ဥပဒေပြင်ပ အဖွဲ့အစည်းတွေရဲ့ အမြတ်ထုတ်မှုတွေအတွက် အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒါကို ခင်ဗျားတို့ ဘယ်လို ကိုင်တွယ်သလဲ။

ဖြေ ။ ။ ကျနော်တို့ အပြည့်အဝကို နားလည်ပါတယ်။ ဒါက အလွန်ကို ထိရှလွယ်တဲ့ ကိစ္စပါ။ ဒီမှာ ၂ ချက် ရှိတယ် လို့ ကျနော် ထင်ပါတယ်။ ပထမအချက်က လူ ၂ ယောက်ကြားမှာ ပြောဆိုမှုက အစကနေ အဆုံးတိုင် သင်္ကေတ အဖြစ် ပြောင်းလဲ ထားပါ တယ်။ ဒါကြောင့် ကျနော်တို့က ဆက်သွယ်ရေး ပလက်ဖောင်းတခု ဖြစ်တဲ့ အတွက် ဘယ်ဟာက မှန်ပြီး ဘယ်ဟာက မှားတယ် ဆိုတာ အမြင်တခုကို သေချာပေါက် ဖော်ပြနိုင်ဖို့က ကျနော်တို့ အတွက်လည်း အရမ်းကို ခက်ခဲလာပါတယ်။

အဲဒါက ဒီနေ့ ခေတ်မှာ လူ ၂ ယောက်က တယ်လီဖုန်းနဲ့ စကားပြောဆိုမှုတခုကို အဲဒါက မှားသလား မှန်သလား ဆိုတာ တခြား တယောက်က သေချာပေါက် မပြောနိုင်သလိုမျိုး ပါပဲ။ ဒါကြောင့် ကျနော်တို့က လူတွေ ဆက်သွယ်ရေးအတွက် ပလက်ဖောင်း တခု ပေးပါတယ်။

ကျနော်တို့မှာ public account တွေလည်း ရှိပါတယ်။ အခုဆိုရင် public account တွေက ကုမ္ပဏီတွေက အမှတ်တံဆိပ်တွေ၊ အရောင်းမြှင့်တင်ရေးတွေ အကြောင်း ပြောလို့ရတဲ့ နေရာ ဖြစ်နေပါပြီ။ သီရိလင်္ကာနဲ့ ဖိလစ်ပိုင်လိုမျိုး တချို့နိုင်ငံတွေမှာ ကျနော်တို့နဲ့ အစိုးရနဲ့ ပါတနာလုပ်တာတွေ၊ public account တွေတောင် ရှိပါတယ်။ ကျနော်တို့က အမြဲတမ်း အပြုသဘော ဆောင်တဲ့ ဘက်က ကြည့်ပါတယ်။ အကောင်းဘက်ကို ဦးတည် ဖြစ်နေတာတွေ အများကြီး ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကုမ္ပဏီတွေနဲ့ ကုန်အမှတ်တံဆိပ်တွေက ကျနော်တို့နဲ့ ပါတနာ လုပ်နေပါတယ်။ ကျနော်တို့နဲ့ အတူ ကောင်းမွန်တဲ့ သတင်းစကား တွေ ဖြန့်ဝေဖို့ လုပ်နေတာမျိုးတွေ ရှိပါတယ်။

အဲဒါက အရေးကြီးတယ် လို့ ထင်ပါတယ်။ တကယ်လို့ Viber က အဓိက ပြဿနာတခု ဖြစ်လာနေတဲ့ အသံလွှင့် ဆက်သွယ်ရေး အတွက် ပလက်ဖောင်းတခု အနေနဲ့ အသုံးပြုခံနေရတယ် ဆိုရင် စည်းကမ်းနဲ့ မညီညွတ်တာတွေကို သတင်းပို့ နိုင်တဲ့ တိုင်ကြားနိုင်တဲ့ အရာ (option) တခု အမြဲတမ်း ရှိပါတယ်။ ဒါပေမယ့် အဲဒါက ကျနော်တို့ရဲ့ public account ဖိုရမ်မှာပဲ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါက public account ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ် အားလုံးအတွက် ဖွင့်ဖေါ်ထားရ ပါတယ်။ တကယ်လို့ လူ ၂ ယောက်ကြားထဲက ပြောဆိုမှုပဲ ဆိုရင်တော့ ကျနော်တို့ အဲဒါကို မသိနိုင်ပါဘူး။ ဒါ ကြောင့် အဲဒါအတွက် ရွေးချယ်စရာတခု ပေးဖို့ အလွန်ကို ခက်ခဲပါတယ်။

ဒါပေမယ့် တစုံတယောက်က public chat သို့မဟုတ် public account ကို လာတယ်။ လူတွေအများကြီး ရှိနေတဲ့ နေရာမှာ တခုခု တင်တယ်။ တကယ်လို့ အဲဒါကို မသင့်လျော်တဲ့ ကိစ္စလို့ လူတွေက တိုင်ကြားမယ် ဆိုရင် Viber မှာ အဲဒီ ရွေးချယ်စရာ (option) တွေ ရှိပြီးသား ဖြစ်ပါတယ်။ ကျနော်တို့မှာ ကျနော်တို့ရဲ့ public account တွေကို ထိန်းသိမ်းတဲ့ အဖွဲ့ တခု ရှိပါတယ်။ တိုင်ကြားခံရတဲ့ အကြောင်းအရာ တခုကို အဲဒီအဖွဲ့က အမြဲတမ်း သိနိုင်ပါတယ်။

Viber တွင် အခမဲ့ပေးထားသော စတစ်ကာများ
မျိုးမင်းစိုး/ဧရာဝတီ

မေး ။ ။ မြန်မာနိုင်ငံက IT ကဏ္ဍမှာ လူငယ်မျိုးဆက်သစ်တွေ တိုးပွားလာတာကို သတိထားမိ ပါလိမ့်မယ်။ သူတို့ကို ဘယ်လို မြင်ပါသလဲ။ သူတို့နဲ့ အတူ လုပ်ဖို့ Viber မှာ စီမံကိန်း တစုံတရာ ရှိပါသလား။

ဖြေ ။ ။ ကျနော်က အဲဒါကို သိပါတယ်။ ဒါပေမယ့် ကျနော်ပိုပြီး အသေးစိတ်ပြောချင်ပါတယ်။ အမြင် ၂ ခုရှိပါတယ်။ နိုင်ငံ တခု အနေနဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုက ပြီးခဲ့တဲ့ ၂ နှစ်က နေ ၄ နှစ် အတွင်းမှာ သိသိသာသာကို မြင်နေရပါတယ်။ အပြင်လူ တယောက်ရဲ့ အမြင်အရ ဆိုရင် အဲဒါ အရင်ကနဲ့ စာရင် အများကြီး နက်ရှိုင်းလာပါတယ်။ ကမ္ဘာ အမြင်က ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံက အသိအမှတ်ပြုခြင်း ခံနေရတယ် လို့ ကျနော်ထင်ပါတယ်။ အဲဒါက ဘာကြောင့်လဲ ဆိုတော့ အဓိက အားဖြင့် လူငယ် အင်အားစုကြောင့်ပါ။ အတော်အသင့် နုပျိုတဲ့ ဈေးကွက်တခု ဖြစ်ပါတယ်။

ကျနော်က နုပျိုတဲ့ ဈေးကွက်လို့ ပြောတဲ့နေရာမှာ သူတို့ရဲ့ အလုပ်အကိုင် တက်လမ်းတွေ ရှိနေတဲ့ အလုပ်သမားတွေ လူငယ်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျနော်တို့ ပျော်ရွှင်ရတာ၊ ဂုဏ်ယူတယ် လို့ ပြောနိုင်တာက ကျနော်တို့ ကုမ္ပဏီတွေ အများအပြားနဲ့ အလုပ် လုပ်နေခဲ့ပါတယ်။ ဒီမှာ ကျနော်တို့ရဲ့ ပါတနာတွေလည်း ရှိပါတယ်။ ဒီက လူတွေနဲ့ အလုပ် လုပ်ရတာ ကျနော်တို့ အတွက် ကြီးကျယ်တဲ့ အတွေ့အကြုံတခုပါ။

Viber က ကုမ္ပဏီတခု အနေနဲ့ လူတွေဆီကို ရောက်တဲ့ အချိန်မှာ အလုပ်သဘော ဆန်ပေမယ့် ကျနော်တို့က ကွဲပြားခြားနားတဲ့ ကုမ္ပဏီတွေ၊ ကွဲပြားတဲ့ ကုန်အမှတ်တံဆိပ်တွေ၊ ကွဲပြားတဲ့ အဖွဲ့ အစည်းတွေနဲ့ အလုပ် လုပ်ဖို့ တံခါးဖွင့်ထားပါတယ်။ တချို့ ကိစ္စတွေမှာ ဆိုရင် ဦးတည်ချက်ကို လိုက်ပြီး တခြားဈေးကွက်တွေမှာ ကျနော်တို့ လုပ်သလိုမျိုးပဲ တသီးပုဂ္ဂလ သမားတွေနဲ့လည်း အလုပ် လုပ်ပါတယ်။

ဒီက ပါရမီ ရှိတဲ့သူတွေ အတွက်လည်း ကျနော့်မှာ စိတ်ကူး တချို့ ရှိပါတယ်။ ဒီက ပါရမီရှိတဲ့သူတွေက အလွန်တော်ပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ တချို့ တာဝန်တွေ သို့မဟုတ် စီမံကိန်းတွေ ရှိရင် ဒီက ဒေသခံတွေနဲ့ ပူးပေါင်းပြီး ကျနော်တို့ လုပ်ခဲ့တာတွေ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံက လူကပဲ မြန်မာနိုင်ငံက လူတွေကို နားလည်မှာ၊ အသေးအဖွဲက အစ သိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော် အစပိုင်းမှာ ပြောခဲ့သလိုပါပဲ။ တိုင်းပြည်က ကောင်းကောင်း လုပ်နေပါတယ်။ သူတို့ အလွန်ပျော်နေပါတယ်။ ကျနော်တို့ Viber ကို အသုံးပြုနေတဲ့ သူတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ကလည်း မြန်မာနိုင်ငံက ပြည်သူတွေ ဆက်သွယ်ရာမှာ အနည်းဆုံးတော့ Viber ကနေ တဆင့် ဆက်သွယ်ရာမှာ တိုးတက်လာအောင်လို့ ကုမ္ပဏီတခု အနေနဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ အချိန်တွေ ရင်းနှီး မြှုပ်နှံနေပါတယ်။

မေး ။ ။ နောက်ဆုံး မေးခွန်းကတော့ ခင်ဗျားရဲ့ ဖောက်သည်တွေနဲ့ ဒီက Viber အသုံးပြုသူတွေကို ဘာပြောချင်ပါသလဲ။

ဖြေ ။ ။ တနိုင်ငံလုံး အတွက်ဆိုရင် ကျနော် ၂ ပိုင်းခွဲပြောရမယ် ထင်ပါတယ်။ တနိုင်ငံလုံး အတွက် ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ လူတိုင်း တယောက်နဲ့ တယောက် ဆက်သွယ်နိုင်ကြဖို့ ဖြစ်ပါတယ်။ အကြောင်းပြချက် ကတော့ ကျနော်တို့ ကုမ္ပဏီတည်ထောင်ရတဲ့ အကြောင်းရင်းကို ပြန်သွားရမယ် ထင်ပါတယ်။ အဲဒါက အလွန်ရိုးရှင်းပါတယ်။ ဆက်သွယ်ရေး ဆိုတာ မွေးရာပါ အခွင့်အရေးပါ။ လူတိုင်း မှာ ပြောဆိုဖို့ သတင်းစကား သို့မဟုတ် တစုံတရာကို တယောက်ကနေ တယောက်ကို ပေးမယ့် နေရာမျိုးမှာ ဆက်သွယ်နိုင်မှု ရှိသင့်ပါတယ်။ ကျနော်တို့ နည်းပညာ တခုလုံးက တိုးတက်လာနေတာနဲ့ အမျှ ကျနော်တို့က ဒီစိန်ခေါ်မှုမှာ ဦးဆောင်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်။ တနေ့မှာ ၅၃ သန်းသော ပြည်သူ ထဲက တယောက်ချင်းစီတိုင်းက သူတို့ ချစ်ခင်သူ၊ လေးစားသူ အမျိုးမျိုးနဲ့ ဆက်သွယ်နိုင်အောင် ကျနော်တို့ လုပ်ပေးနိုင် လိမ့်မယ် လို့လည်း မျှော်လင့်ပါတယ်။

ကျနော်တို့ Viber ကို အသုံးပြုသူတွေ အတွက်ကတော့ ကုမ္ပဏီတခု အနေနဲ့ရော ကျနော်ကိုယ်တိုင် အတွက်ပါ ကျနော်တို့က ကျေးဇူးတင် ပါတယ်။ မြန်မာနိုင်ငံက ကျနော်တို့ရဲ့ သုံးစွဲသူတွေ အတွက်လည်း အလွန် ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံက များစွာသော ချစ်ခြင်း မေတ္တာတွေနဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှု မှတ်ချက်တွေ ရခဲ့တဲ့ အတွက် ကျနော်တို့ အလွန်ကို ပျော်ရွှင်ရပါတယ်။ ပြည်သူ အများစုက ကျနော်တို့အတွက် အလွန် အရေးကြီးနေတာတွေကို ပေးနေတဲ့အတွက် ကျနော်တို့ အလွန်လည်း ဂုဏ်ယူပါတယ်။ ကုန်ပစ္စည်းတခု အမြင်နဲ့ ကြည့်မယ် ဆိုရင်တောင် အကြံဉာဏ်ကောင်းတဲ့ တုံ့ပြန်မှု မှတ်ချက်တခုကို ကျနော်တို့က တခြားဈေးကွက် အမျိုးမျိုးမှာလည်း ပြန်လည် အသုံးပြုလို့ ရနိုင်ပါတယ်။ ဒါကြောင့် ပြောရမယ် ဆိုရင် ကျနော် ပြောခဲ့သလို ဂုဏ်ယူမှုနဲ့ ရောနေပါတယ်။ တချိန်တည်းမှာပဲ အသုံးပြုသူ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading