လွှတ်တော်နိုင်ငံရေးထဲ ဝင်ဖို့ အစီအစဉ်မရှိပါဘူး

ထွန်းထွန်း
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး
Want create site? Find Free WordPress Themes and plugins.

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမြအေးအနေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းကနေ နှုတ်ထွက်ခဲ့ပြီဖြစ်ပါတယ်။ မိခင်အဖွဲ့အစည်းကနေ နှုတ်ထွက်ခဲ့ပြီးတဲ့နောက် သူ့အနေနဲ့ နိုင်ငံရေးမှာ ဘယ်လိုဆက်လက်ပြီး ရပ်တည်လုပ်ဆောင်သွားမလဲ၊ ဘယ်လို အရာကို ဦးစားပေးလုပ်သွားမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကိုမြအေး ကို ဧရာဝတီ သတင်းထောက် ထွန်းထွန်းက သွားရောက်တွေ့ဆုံပြီး မေးမြန်းထားပါတယ်။

မေး။ ။ အစ်ကို အနေနဲ့ ၈၈ ငြိမ်း/ပွင့်ကနေ ဘယ်လိုကြောင့် နှုတ်ထွက်ဖြစ်ခဲ့တာပါလဲ။

ဖြေ။ ။ သဘောထားတွေ အကြီးအကျယ်ကွဲလွဲကြလို့၊ စကားတွေများကြလို့ တခုမှမဟုတ်ပါဘူး။ တချို့ဟာတွေ ကျနော် လွတ်လွတ်လပ်လပ် ပြောချင်တဲ့ သဘောထားလေးတွေရှိတယ်။ နောက်တခုက ၈၈ ငြိမ်း/ပွင့်က တချို့ကလည်း ပါတီမှတ်ပုံတင်ဖို့ ရှိလာတဲ့အခါ ကျနော့်ဘက်မှာ တချို့လုပ်ဖို့ကိုင်ဖို့ အခက်အခဲ လေးတွေ ရှိလာနိုင်တယ်လို့ ယူဆပြီး ၈၈ ငြိမ်း/ပွင့်မှာ ယူထားတဲ့တာဝန်တွေကနေ နှုတ်ထွက်လိုက်တာပါ။ နိုင်ငံရေးလောကထဲကနေ ထွက်သွားတာ မဟုတ်ဘူး။ ကြီးမားတဲ့ သဘောထားကွဲလွဲမှုတွေကြောင့်လည်း မဟုတ်ဘူး။

မေး။ ။ ဘယ်လိုအချက်တွေကို အစ်ကို အနေနဲ့ ဦးစားပေး လုပ်ချင်တာပါလဲ။ ၈၈ ငြိမ်း/ပွင့် မှာတုန်းက ကန့်သတ်မှုတွေ ရှိခဲ့လို့လား။

ဖြေ။ ။ ဥပမာအားဖြင့် ရခိုင်ပြည်ပြဿနာက အလွန်အရေးကြီးတဲ့ကိစ္စလို့ ကျနော်မြင့်တယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေတဲ့ ကိစ္စလို့ ကျနော်မြင်တယ်။ အဲဒီကိစ္စမျိုးတွေမှာ ဖြစ်နိုင်သမျှ အသိုင်းအဝိုင်းနှစ်ခုကို ဘယ်လိုမျိုး သဟဇာတဖြစ်အောင်လုပ်မလဲဆိုတဲ့ ကိစ္စ တွေရှိလာတယ်။ ဒါတွေနဲ့ပတ်သက်ပြီး Third Line တခုက ပြောရတော့မယ်လို့ထင်တယ်။ R2P ဆိုတာက ကျနော်တို့က အဝင်ခံလို့မရဘူး။ အဲဒီအတွက် တချို့အပိုင်းတွေမှာ အစိုးရနဲ့အတူ အစွန်းထွက်မှုတွေကို ဖယ်ရှားပြီးလုပ်ရလိမ့်မယ်ဗျ။

အဲဒီလို လုပ်တဲ့နေရာမှာ တချို့အပိုင်းတွေက အတွန်းအတိုက်တွေ၊ အပွန်းအပဲ့လေးတွေ ရှိလာနိုင်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဆိုရင်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ပစ်ထားတာထက်စာရင် ဆွေးနွေးဖို့ ဘယ်လိုလုပ်မလဲဆိုတာကို ကျနော်တို့စဉ်းစားရမယ်။ ဥပမာ- UNFC နဲ့ဆိုရင် နည်းနည်းပြန်ပြီးတော့ လှန်သွား ပြန်ရော။ ဒီတုံ့ဆိုင်းနေတဲ့ အခြေအနေတွေကို ဘယ်လိုတိုးတက်အောင် လုပ်သွားမလဲဆိုတာတွေကို ကိုယ့်အမြင်ကိုယ်ပြောဖို့၊ လုပ်ကိုင်ဖို့ လိုအပ်လာတယ်လို့ ကျနော်ကတော့မြင်တယ်။ ၂၁ ပင်လုံ လုပ်နေရုံနဲ့ လုံလောက်ပြီလား၊ မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး တိုးတက်နေပြီလားဆိုတာတော့ ကျနော်တို့ ပြန်မေးခွန်းထုတ်ရမယ့် အချိန်လို့နားလည်တယ်။ ဒါတွေကို ကျနော်ညွန်းချင်တာပါ။

မေး။ ။ ၈၈ ငြိမ်း/ပွင့်အနေနဲ့ အာဏာရအစိုးရဖြစ်တဲ့ NLD ပါတီနဲ့ နီးကပ်တဲ့ဆက်ဆံရေးကြောင့် တိုင်းရင်းသားအရေး၊ ရခိုင်အရေးစတဲ့ကိစ္စတွေကို ဆောင်ရွက်ရာမှာ အခက်အခဲတွေရှိလို့များလား။

ဖြေ။ ။ ဒါကတော့ ၈၈ ငြိမ်း/ပွင့်နဲ့ပဲ ဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်လေ။ ကျနော် တဦးတယောက်ခြင်း အနေနဲ့ဆိုရင် တချို့ဟာတွေကို တော်တော်ခက်ခက်ခဲခဲနဲ့ လုပ်ရလိမ့်မယ်။ အမှန်အတိုင်းပြောရင် ဒီဘက်ခေတ် ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ ချိတ်ဆက်ဖို့ တော်တော်အားနည်းခဲ့တာတော့ အမှန်ပဲ။ ဒါကလည်း နိုင်ငံရေးအခြေအနေတွေနဲ့ သက်ဆိုင်နေပါတယ်။

မေး။ ။ ၈၈ ငြိမ်း/ပွင့် ကနေ နှုတ်ထွက်ခဲ့ပြီဆိုပေမယ့် တိုင်းရင်းသားရေးရာ ကိစ္စတွေကို ဘယ်လိုဆက်လုပ်ဖို့ စဉ်းစားထားသေးလဲ။

ဖြေ။ ။ အဲဒါက ကျနော့်နဲ့ သဘောထားတူညီတဲ့သူတွေ ရှိပြီးသားပါ။ သူတို့နဲ့ အစုအဝေးလေးတခု တည်ဆောက်ရ မှာပေါ့။ သိပ်တော့မခက်ခဲပါဘူး။ တိုင်းရင်းသားတွေ အပေါ်မှာတော့ ရိုးရှင်းတဲ့ အမြင်ရှိဖို့ လိုတယ်။ ပွင့်ပွင့်လင်းလင်းပဲပြောမယ်ဗျာ။ တိုင်းရင်းသားအရေးဆိုတဲ့ဟာကို တကယ်တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဘယ်လိုတည်ဆောက်မလဲဆိုတဲ့၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဘယ်လိုလုပ်ဆောင်ပေးမလဲဆိုတဲ့ အတွေးရှိရင် အလုပ်လုပ်ဖို့ရပါတယ်။ အဲဒါက ၈၈ မျိုးဆက်တွေမှာ အများကြီးရှိပါတယ်။ ပြည်ပရောက်နေသူတွေရောပေါ့။

မေး။ ။ အစ်ကိုအနေနဲ့ ပါတီတခုခုထဲ ဝင်ဖို့ ရှိလား။
ဖြေ။ ။ နိုင်ငံရေးပါတီ တခုခုထဲကိုလည်း ဝင်ဖို့မရှိပါဘူး။ ၈၈ မျိုးဆက်က အကျယ်ကြီးပါ။ နိုင်ငံရေးရဲ့ သဘာဝကတော့ တယောက်တည်း လုပ်လို့တော့မရဘူး။ စုပေါင်းပြီးလုပ်ရတဲ့ လုပ်ငန်းမျိုးဖြစ်တယ်။ တယောက်တည်း လုပ်ဖို့ဆိုတာ မရှိဘူး၊ ခက်လည်းခက်ပါတယ်။ စုပေါင်းလုပ်တယ်ဆိုတဲ့နေရာမှာ ကိုယ်နဲ့ သဘောထားချင်းတူတဲ့သူတွေနဲ့ ဆွေးနွေးပြောဆိုထားတာတွေ ရှိပါတယ်။ အဓိကအားဖြင့် ကျနော် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လုပ်သွားမယ်။ နောက်ပြီး ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေကြားထဲ သဟဇာတဖြစ်နိုင်မယ့် ဝန်းကျင်တခုကို တည်ဆောက်သွားချင်တယ်။

လူ့အခွင့်အရေး၊ လယ်သမာအရေး၊ အလုပ်သမားအရေးတွေမှာ စိတ်တူကိုယ်တူ လုပ်သွားမယ့်သူတွေ အများကြီးရှိပါတယ်။ ကျနော်တို့အနေနဲ့ အဖွဲ့အစည်းတခုအနေနဲ့လည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ကျနော်ကတော့ Principle ပေါ်အခြေခံတဲ့ နိုင်ငံရေးတခုကိုလုပ်ချင်တယ်။ ပါတီတော့မဟုတ်ဘူး။ နိုင်ငံရေးပါတီကတော့ ကျယ်ပြန့်ပါတယ်။

မေး။ ။ ဦးကိုကိုကြီးတို့ နိုင်ငံရေးပါတီတခုအနေနဲ့ လှုပ်ရှားဆောင်ရွက်မှုတွေအပေါ် ဘယ်လို သဘောထား ပါသလဲ။

ဖြေ။ ။ ပါတီလုပ်တယ်ဆိုတာ တိုင်ပြည်ရဲ့ အာဏာကိုယူပြီးတော့ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ အရေးကြီး ပါတယ်။ အားလုံးကတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ် ပြောကြတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးတွေမှာ ကျနော်တို့မြင်နေရတယ်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုတဲ့ “နှင့်” တလုံး ပါတဲ့အတွက်ကြောင့်ကို UNFC ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တချို့ဟာတွေက ရပ်ဆိုင်းသွားတယ်။ တကယ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့နေရာမှာ Principle (စည်းမျဉ်း၊ စည်းကမ်း)က အရေးကြီးတယ်။

အကုန်လုံးက ဖက်ဒရယ်လို့ပြောနေပေမယ့် လုပ်ငန်းပိုင်းတွေမှာ ချွတ်ချော်နေရင် ဘယ်လိုလုပ်ရမှာလဲ။ ပေါ်လစီရှိနေရင်တောင်မှ ချွတ်ချော်နိုင်တဲ့အခြေအနေတွေကို ပြောတာပါ။ ပေါ်လစီမှာ ယေဘုယျဆန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတာ တခုတည်းနဲ့တော့ နိုင်ငံရေးပါတီတရပ်က မသွားသင့်ဘူး၊ မရဘူးပေါ့။ ကျနော် ရဲဘော်ရဲဘက်ဖြစ်တဲ့ ကိုကိုကြီးတို့လည်း ဒါကိုလုပ်နေကြတယ်။ ကျနော်ကတော့ ဘာပဲပြောပြော ကိုယ်သာ မပါတာ သူတို့ကို မူအရ လုံးဝသဘောတူတယ်။ ဒီမိုကရေစီပဲ ရှင်သန်ခွင့် လုပ်ခွင့်ရှိတယ်။ ၈၈ ငြိမ်း/ ပွင့်မှာလည်း တချို့ကိစ္စတွေက ပူးပေါင်းဆောင်ရွက်မှုရှိပါတယ်။

မေး။ ။ ဘာသာကွဲပြားမှုကြောင့် တခြားလူတွေထက် နိုင်ငံရေးအရ ပိုမိုတိုက်ခိုက်ခံရတာတွေက အခက်အခဲတွေ ဖြစ်စေလား။

ဖြေ။ ။ အခက်အခဲတော့မရှိပါဘူး။ ဖိအားတွေကတော့ ရှိပါတယ်။ ငြိမ်း/ပွင့်မှာ ရှိလည်း ဖိအားက ရှိတာပဲ။ ဘာလို့ဆိုတော့ သူတို့က ဘာသာကွဲပြားမှုအပေါ်မှာ တိုက်ခိုက်နေတာလေ။ လုပ်ရပ်တွေအပေါ်မှာ တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ ဖိအားတွေ ခံရပေမယ့် ဘာတတ်နိုင်မှာတုန်း။ ကိုယ်က ဘာသာမှမတူတာ။ ဘာသာမတူတဲ့ အပေါ်မှာ ခွဲခြားခြင်တဲ့စိတ်နဲ့ တိုက်ခိုက်နေတာတွေကတော့ ခုလည်းခံရမှာပဲ။ နောက်လည်း ခံရဖို့ရှိဦးမှာပဲ။ ဒါပေမယ့် တချို့လူတွေရဲ့ နွေးထွေးမှုတွေက အဲဒါတွေအားလုံးကို ချေဖျက်နိုင်ပါတယ်။

မေး။ ။ လူမှုကွန်ရက်တွေမှာ ဘင်္ဂါလီကိစ္စနဲ့ တိုက်ခိုက်နေတာကို ဘာများပြောချင်လဲ။

ဖြေ။ ။ ဒီလိုရေးနေတဲ့သူတွေကို ကျနော်နားမလည်ဘူး။ ဘယ်က အချက်အလက်ရလို့ ဘယ်သူပြောမှန်း မသိတာတွေကို ပေါက်ကရလျှောက်ရေးနေတာပဲ။ ပေါက်ကရရေးတာကိုက သူ့ရဲ့ကျင့်ဝတ်က လွဲနေပြီဗျ။ ကျနော်တို့ မြန်မာ့လူမှုဝန်းကျင်ရဲ့ ဓလေ့ထုံးတမ်းတွေက သိပ်လှတယ်။ သိပ်ယဉ်ကျေးတယ်။ ဥပမာဆိုပါစို့- ခန္ဓာကိုယ်နဲ့ရင်းနှီးစားရတဲ့ မိန်းကလေးတဦး လမ်းမပေါ်သွားနေတဲ့အခါ သိရင်တောင် ကျနော်တို့က ပြည့်တန်ဆာမလို့ ဘယ်သူကမှ မသုံးနှုန်းဘူးဗျ။ အဲဒါက ဘယ်ကမှ မပြဌာန်းထားပဲ ကျနော်ကိုယ်တိုင် စောင့်ထိန်းတဲ့ ကျင့်ဝတ်တွေ။ အခုက ဒီကျင့်ဝတ်တောင်မှ မရှိတဲ့သူတွေက တိုင်းပြည်ချစ်တယ် ဆိုပြီးတော့မှ ဘာသာကွဲပြားမှုတွေကို ဘာအရေး၊ ညာအရေးဆိုပြီး စွပ်စွဲနေတာပါ။

အဲဒီလို ပြောသူတွေက ဘယ်လိုဖြေရှင်းချင်တာပါလဲ။ မြန်မာပြည်ကြီး R2P ရောက်လာပြီး ပြည်ထောင်စုကြီး ပြိုကွဲမယ့်အပိုင်းကို သူတို့က အားပေးချင်တာလား။ ဒီပြဿနာတွေကို ပြောလည်ဖို့အတွက် နိုင်ငံရဲ့ အချုပ်အခြာ အာဏာ အတွင်းကနေ စဉ်းစားလုပ်ဆောင်ကြဖို့ အတွေးကြတော့ဘူးလား။ ဘာသာရေးကွဲပြားမှုနဲ့ လျှောက်ပြောနေတာတွေကို တိုင်းပြည်ငြိမ်းချမ်းရေး ဘယ်လိုမှမရနိုင်ဘူး။ ပိုဆိုးသွားဖို့ပဲရှိတယ်။ ကျနော်က နိုင်ငံသားတယောက်ဖြစ်တဲ့အတွက် တာဝန်အရ ပြောရဆိုရမှာပဲ။

အဆဲခံရမှာကြောက်လို့ ကျနော်မပြောဘဲနေလိုက်မယ်ဆိုရင် ကျနော့်ရဲ့နိုင်ငံရေး အဓိပ္ပါယ် မရှိတော့ဘူးလေ။ တခုတော့ရှိတယ် ။ ARSA က အကြမ်းဖက်အဖွဲ့အစည်းတခုဖြစ်တယ်။ ဆွေးနွေးစရာမလိုဘူး။ စေ့စပ်ညှိနှိုင်းစရာမလိုဘူး။ နောက်ပိုင်း လူမျိုးတခု၊ ဘာသာတခုကို အခြေခံပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းလာမယ်ဆိုရင်လည်း ဒါကို ကျနော်တို့ လက်ခံလို့မရဘူး။ ဒါက ရှင်းရှင်းလေးပဲ။

မေး။ ။ ရခိုင်ကိစ္စကြောင့်ပဲ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအရ တရုတ်နဲ့ ပိုပြီးနီးစပ်သွားရပြီ ဆိုတာကို ဘယ်လိုမြင်လဲ။

ဖြေ။ ။ အဲဒါက ဟုတ်တယ်။ ကျနော်တို့ရဲ့ ပထဝီနိုင်ငံရေးအရလည်း ဒီလိုဖြစ်နေပြီ။ အဲဒါကြောင့် တချို့အပိုင်းတွေမှာ ပြည်သူလူထုကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပြောရလိမ့်မယ်။ အခု ၂၀၁၄ သန်းခေါင်စာရင်းကို မထုတ်ပြန်နိုင်ဘူး။ တိုင်းရင်းသားတွေက အများကြီးဖြစ်နေတယ်။ ရှမ်းနီဆိုရင်လည်း မပါဘူး။ အဲဒါကို ရှမ်းနီ တိုင်းရင်းသားတွေမှာ Feeling ဖြစ်နေတယ်။ နောက် ကူကီးချင်း ဆိုရင်လည်း မပါဘူး။ ဒီလိုပြဿနာတွေကို ချပြရတော့မှာ။ ပြည်သူလူထု ဒါတွေကို မသိသေးဘူး။ နိုင်ငံရဲ့တည်ရှိမှုနဲ့ ပထဝီအနေအထားအရ တရုတ်နဲ့ ဆက်ဆံရေးက မရှိလို့တော့ မရဘူး။ အစက ရည်မှန်းချက်က အနောက်အုပ်စုနဲ့ မျှခြေ အနေနဲ့သွားချင်တာ။ အဲဒီ အခြေအနေကို မရောက်ဘူး။ လှန်ကျတာပဲပေါ့။ အဲဒါက နိုင်ငံအတွက်တော့ မကောင်းဘူး။ နိုင်ငံကြီးတခု အပေါ်ကိုပဲ လုံးလုံးလျားလျား မှီခိုလိုက်တာမျိုး ဖြစ်သွားမှာကို ကျနော့်အနေနဲ့လည်း စိုးရိမ်တယ်။

မေး။ ။ အခုဆိုရင် အစိုးရကိုယ်တိုင် တရုတ်နဲ့ ပိုမိုနီးစပ်လာတဲ့ အနေအထားက မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အရေးကိစ္စမှာ ပိုမကောင်းလာနိုင်ဘူးလား။

ဖြေ။ ။ ကျနော်ကတော့ အဲဒီလို မမြင်ဘူး။ ပံ့ပိုးမှုတော့ ရှိလာပါလိမ့်မယ်။ ဘာကြောင့်ဝေးသွားလဲ ဆိုတာတွေကို ပြန်သုံးသပ်ဖို့ လိုလာတယ်။ မေးခွန်း အရဆိုရင် မြောက်ပိုင်းအဖွဲ့တွေက တရုတ်ကြိုးဆွဲရာ ကနေရတဲ့ သူတွေလိုဖြစ်သွားတယ်။ အဲဒီလိုတော့ မမြင်သင့်ဘူး။ KIA ဆိုရင် သူ့ရဲ့ရပ်တည်ချက်။ သူ့ရဲ့ feeling တွေကို ကျနော်တို့ သိဖို့လိုတယ်။ တကယ်ရော အဲဒီလိုဖြစ်နေလား ဆိုတာ သေချာသိမှပြောတာ ပိုကောင်းပါတယ်။

မေး။ ။ ရခိုင်အရေးနဲ့ ပတ်သက်လို့ ဘယ်လိုအခြေအနေမျိုးက အကောင်းဆုံးဖြစ်မယ်လို့ ထင်သလဲ။

ဖြေ။ ။ R2P ဝင်သွားရင် တိုင်းပြည်က ဆိုးကျိုးပိုများသွားလိမ့်မယ်။ ဒါကို လက်ခံလို့ မရရင် ကန်မှာလားဆိုတဲ့ ပြဿနာရှိတယ်။ ကန်လို့လည်း မရဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်တို့က ကန်လေလေ ကျနော်တို့ ရှုံးလေလေပဲ ဖြစ်နေမှာ။ နိုင်ငံတကာရဲ့ အခြေအနေနဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ် ဘယ်လိုဖြေရှင်းမလဲဆိုတာ သိမ်မွေ့စွာ စဉ်းစားရမှာပါ။ ဝန်ကြီးဦးသောင်းထွန်းကိုယ်တိုင် ပြောထားပြီးပြီ။ ကျနော်တို့ အနီရောင်အဆင့်ကို ရောက်နေတယ်ဆိုတာ။ တိုင်းပြည်အခြေအနေမှာ စိုးရိမ်ရတယ်။ လွဲမှားနေတဲ့ အခြေအနေကို နှစ်ဖက်အသိုင်းအဝိုုင်းကြား ဘယ်လို သဟဇာတဖြစ်အောင် လုပ်မလဲဆိုတာ ကျနော်တို့ CSO တွေ၊ NGO တွေအပိုင်းက လုပ်သွားရမှာဖြစ်သလို အစိုးည်ရပိုင်းကလး တရားဥပဒေစိုးမိုးရေးကို ကြပ်ကြပ်မတ်မတ် လုပ်သွားရမှာ။

အဲဒီနေရာမှာ ဘာသာတွေ၊ လူမျိုးတွေ စဉ်းစားလို့မရဘူး။ ပြဿနာရဲ့ ဇစ်မြစ်တွေ အစိုးရလည်း သိပါတယ်။ တပ်မတော် အစိုးရခေတ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သူတွေလည်း ရှိနေကြတာပဲ။ လဝက ရဲ့ စာရင်းတွေကိုထုတ်၊ လူနဲ့တိုက်စစ်။ ပြီးရင် ၁၉၈၂ နိုင်ငံသားဥပဒေအရ စိစစ်ပြီး နိုင်ငံသားပေးသင့်သူပေး၊ ဧည့်နိုင်ငံသား သတ်မှတ်သင့်သူသတ်မှတ်၊ ဒီလိုသွားရတော့မှာ။ ဒီဖြစ်စဉ်မှာ ဖြောင့်မတ်တယ်ဆိုတာကို R2P ကိုတည်ဖို့လုပ်နေတဲ့ အနောက်နိုင်ငံတွေနဲ့ ပေါင်းပြီးတော့မှ သူတို့ရဲ့ ထောက်ပံ့မှု တွေ ယူပြီး ဒါတွေကို ဆောင်ရွက်သင့်တယ်လို့ မြင်တယ်။ အစိုးရက ရိုးရှင်းဖြောင့်မတ်စွာ လုပ်နေတယ်ဆိုရင် R2P လည်း ဝင်စရာမရှိဘူး။ နိုင်ငံတကာ ဖိအားလည်း လျော့သွားလိမ့်မယ်။ ဒီနေရာမှာ ပြဿနာတက်သွားနိုင်မယ့် ပြောဆိုမှုတွေကို ရှောင်းရှားစေချင်တယ်။

မေး။ ။ NLD အစိုးရအနေနဲ့ ရခိုင်ကိစ္စအပေါ် ကိုင်တွယ်ပုံကို အကိုဘယ်လိုမြင်လဲ။

ဖြေ။ ။ NLD အစိုးရက ရခိုင်ကိစ္စမှာ တချို့အချက်အလက်တွေကို သိတယ်။ ဒါပေမယ့် ကိုင်တွယ်ရ တော်တော်ခက်နေတယ်လို့ မြင်တယ်။ အားလုံး သိကြတဲ့အတိုင်းပါပဲ။ အခက်အခဲတွေ ၂၀၀၈ ဖွဲ့စည်းပုံပါပဲ။ အဲဒါက အဓိက စိန်ခေါ်မှုပဲ။ ၂၀၂၀ ခုနှစ် အတွက်ရော၊ တိုင်းပြည်ရဲ့ ကံကြမ္မာအတွက်ကော ဒါကြီးကို ကျော်လွှားသွားနိုင်ရင် တိုင်းပြည်အခြေအနေပြန်ကောင်းသွားမှာပါ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ပုံရိပ်က နိုင်ငံတကာမှာ ကျဆင်းလာနေတယ်။ ဆုတွေလည်း ရုတ်သိမ်းခံနေရတာ လုပ်ဆောင်ချက်တွေကြောင့်လို့ ထင်ပါသလား။

ဖြေ။ ။ ဘာကြောင့်ဆိုတာထက် ဒေါ်အောင်ဆန်းစုကြည် ကျရင် တိုင်းပြည်ကျလေပဲ။ အဲဒါအားလုံး သတိပြုရမယ့်အချက်ပဲ။ ဒေါ်အောင်ဆန်းစုကြည်ကျပြီး တိုင်းပြည်ကောင်းလာမှာတော့ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည့် ကျလို့မရဘူးဆိုတာကို ကျနော်တို့ နားလည်ထားဖို့လိုတယ်။ ဘာကြောင့်ကျလည်း ဆိုတာတော့ အခြေအနေ အခိုက်အတန့်တခုမှာ နားလည်မှု လွဲမှားမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်မှန်မှန်ကန်ကန် လျှောက်တယ်ဆိုရင် ဆက်ကျစရာမရှိပါဘူး။

မေး။ ။ ကျောင်းသားသမဂ္ဂ ပြန်လည်တည်ဆောက်ရေးကရော ဘယ်လိုအတိုင်းအတာထိ ရောက်နေပြီလဲခင်ဗျ။

ဖြေ။ ။ ကျနော်အခုဆွေးနွေးချက်တွေ စုစည်းပြီးတော့ အစိုးရကို ကျနော်တို့ပြန်ပေးလိုက်ပြီ။ ကျန်တာကတော့ အစိုးရက ဆုံးဖြတ်ပါလိမ့်မယ်။ ကျနော်တို့က ဖိတ်ကြားရေးအပိုင်းပါပဲ။

မေး ။ ။ ရှေ့ဆက် နိုင်ငံရေးမှာ ဘယ်လိုခံယူချက်နဲ့ အကိုဆက်လုပ်သွားမလဲ။

ဖြေ။ ။ နိုင်ငံသားတယောက်ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို လုပ်သွားမှာပဲ။ ရည်မှန်းချက်ကတော့ ရှစ်လေးလုံး အရေးတော်ပုံကြီးက ပြဌာန်းပေးလိုက်တဲ့ ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာရေးပါပဲ။ အဲဒီအထိအရောက်မချင်းကတော့ လုပ်နေရဦးမှာပဲ။ ကျနော်တယောက်တည်း အနေနဲ့တော့ လွှတ်တော်နိုင်ငံရေးထဲ ဝင်ဖို့ အစီအစဉ်မရှိပါဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading