ယခုအခါ ရပ်စဲသွားပြီဖြစ်သော အရှေ့ဖြားဒေသဆိုင်ရာ မဂ္ဂဇင်း (Far Eastern Review) ၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ဟောင်း ဘာတေးလ်လင့်တနာ သည် အသက် ၂၄ နှစ်အရွယ် ၁၉၇၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။ ထိုမှ စတင်ပြီး နောင် ဆယ်စုနှစ် ၃ ခုကြာမျှ သူသည် ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ကြာသော စစ်အုပ်ချုပ်ရေး ကာလအတွင်း ဆိုးရွားလှသော လုပ်ရပ် ဖြစ်စဉ်များကို ရေးသားတင်ပြခဲ့သည်။
သူ၏ ရေးသားတင်ပြချက်များကြောင့် မြန်မာစစ်ဘက်သည် ၁၉၈၅ ခုနှစ်တွင် သူ့ကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်သည်။ ထိုသို့ ပိတ်ပင်ထားခြင်းကို အန်တုပြီး သူသည် မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသူ ဇနီးသည် ဆန်နောင်းနှင့် အတူ အိန္ဒိယပိုင်နက်အတွင်းရှိ နာဂတောင်တန်းမှ တဆင့် မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်ခဲ့သည်။ သူ၏ ဇနီးသည် ထိုစဉ်က ၎င်းတို့၏ သမီးကို မွေးဖွားပြီးစ အချိန် ဖြစ်သည်။ ထိုနောက် ၎င်းတို့သည် ရှမ်းနှင့် ကချင်ပြည်နယ်များတွင် ၁၈ လကြာမျှ ခရီးသွားလာ နေကြပြီး ခက်ခဲကြမ်းတမ်းသော အခြေအနေများကို သာမက လူမျိုးစု လက်နက်ကိုင်အဖွဲ့ အမျိုးမျိုးနှင့်လည်း ကြုံတွေ့ရပြီး နောက်ဆုံးတွင် တရုတ်နိုင်ငံသို့ ရောက်ရှိသွားသည်။
ထိုခရီးစဉ်၏ ရလဒ်မှာ ကျောက်စိမ်းတိုင်းပြည် (Land of Jade) အမည်ရှိ စာအုပ်တအုပ် ဖြစ်သည်။ ထိုစာအုပ်သည် မြန်မာနိုင်ငံ၏ များပြားလှစွာသော လူမျိုးစုများနှင့် ပဋိပက္ခများ၏ အတွင်းသရုပ်ကို အဖော်ပြနိုင်ဆုံး စာအုပ်တအုပ် အဖြစ် သတ်မှတ်ခံရသည့် မြန်မာနိုင်ငံမြောက်ပိုင်းကို ဖြတ်ပြီး အိန္ဒိယမှ တရုတ်နိုင်ငံသို့ သွားရောက်သော ခရီးစဉ်အကြောင်း ရေးသားထားသော စာအုပ်ဖြစ်သည်။ ဆွီဒင်လူမျိုး သတင်းထောက်ဖြစ်သော ဘာတေးလ်လင့်တနာ သည် အရှေ့တောင်အရှဒေသ နှင့် ဒေသတွင်း နိုင်ငံရေးနှင့် သက်ဆိုင်သော စာအုပ်အများအပြားကိုလည်း ရေးသားခဲ့သည်။ သူသည် Scroll.in ၏ သတင်းထောက် Arunabh Saikia နှင့် တွေ့ဆုံစဉ် ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းနှင့် ထို အကျပ်အတည်းက အိန္ဒိယနှင့် ထိုဒေသအတွက် မည်သို့သက်ရောက်သည်ကို ဆွေးနွေးခဲ့သည်။
မေး ။ ။ မြန်မာ့အရေးကို ကာလကြာရှည်စွာ လေ့လာခဲ့သူတဦး အနေနဲ့ အခုအကျပ်ကတည်းက ဘာကြောင့် ဖြစ်ရတယ် လို့ ထင်လဲ။
ဖြေ ။ ။ ဒါဟာ ပြဿနာ အသစ် မဟုတ်ဘူး။ အခြေခံအားဖြင့် ပြဿနာ ၂ ခု ရှိတယ်။ အမှန်တတကယ်ပဲ ဖြစ်ဖြစ် စိတ်အထင်နဲ့ ပြောတာပဲ ဖြစ်ဖြစ် ပထမအချက်က တရားမဝင် ဝင်ရောက် နေထိုင်မှု ဖြစ်တယ်။ နောက်တခုက အစ္စလာမ်မစ် စစ်သွေးကြွခြင်း ဖြစ်တယ်။ သြဂုတ်လ ၂၅ ရက်နေ့မှာ သူတို့ကိုယ်သူတို့ ARSA လို့ အင်္ဂလိပ်လို ခေါ်တဲ့အုပ်စုက ရဲစခန်းတွေကို တိုက်တယ်။ ဒီတော့ မြန်မာလုံခြုံရေး တပ်တွေရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကို ဖြစ်စေတယ်။ မွတ်စလင် ၆ သိန်းကျော် ဘဂ်လားဒေ့ရှ် ကို ထွက်ပြေးကြတယ်။
အဲဒီမှာ လူသားချင်း စာနာမှု အပိုင်းက အရမ်း အရေးပါလာပြီ။ မြန်မာတပ်မတော်ရဲ့ ကြီးမားတဲ့ ရက်စက်မှုကို လူတွေ ရင်ဆိုင်ကြ ရတယ်။ ဒါပေမယ့် ပြဿနာက အဲဒီမှာတင် ရပ်မနေဘူး။ ဒီတိုက်ခိုက်မှုတွေဟာ တမင်ဆွပေးတဲ့ တိုက်ခိုက်မှု ဖြစ်တယ် လို့ ARSA ပြောခွင့်ရသူ တဦးက စစ်ရေးအရ ချေမှုန်းမှုအပြီး တွေ့ဆုံမေးမြန်းမှု တခုမှာ ပြောတယ်။
အဲဒီလို လုပ်တော့ သူတို့ဘာတွေ ရလဲ။ နံပတ် တစ်က နိုင်ငံတကာက အာရုံစိုက်မှု၊ နံပါတ် နှစ်က အနောက်အာရှ၊ အထူးသဖြင့် ဆော်ဒီအာရေးဗီးယားနဲ့ အာရပ်စော်ဘွားများနိုင်ငံက ရန်ပုံငွေ။ နံပါတ် သုံးက သူတို့နဲ့ ပူးပေါင်းလာမယ့် ဒေါသထွက်နေတဲ့ လူငယ် အများအပြား။ သူတို့ လိုချင်တာထက်တောင် ပိုရသွားနိုင်တယ်။
တပ်မတော်က ဒီလောက်အထိ အပြင်းအထန် တုံ့ပြန်မယ်လို့တော့ သူတို့ ထင်ထားချင်မှ ထင်ထားမယ်၊ ဒါပေမယ့် သူတို့ရဲ့ ရည်မှန်းချက် အားလုံး အောင်မြင်သွားတယ် လို့ ပြောရမှာပဲ။ တကယ်တော့ ခံစားနေရတဲ့ သူတွေက သာမန်လူတွေ၊ ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းက ဆင်းရဲတဲ့ မွတ်စလင် လယ်သမားတွေ ဖြစ်တယ်။ သူတို့တွေဟာ ပိုမိုကျယ်ပြန့်လာတဲ့ ကစားပွဲမှာ နယ်ရုပ်လေးတွေ ဖြစ်နေကြပြီ။
မေး ။ ။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ စနစ်တကျ ဖိနှိပ်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရကြောင်း ပြသတဲ့ အထောက်အထား အလုံအလောက် ရှိနေပုံရတယ်။ မြန်မာနိုင်ငံက သူတို့တွေဟာ လူမျိုးစု အဖြစ်တောင်မှ အသိအမှတ် မပြုဘူး။ ဒါဟာ နိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ အသိုင်းအဝန်းတခုရဲ့ တရားဝင်မှုကို ချည့် နဲ့အောင်လုပ်တဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ် မဟုတ်ဘူးလား။
ဖြေ ။ ။ ဟုတ်လည်း ဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ဘူး။ အဲဒီမှာ အနေကြာနေတဲ့ မွတ်စလင်တွေလည်း ရှိတယ်။ ဒါက သေချာတယ်။ ဒီနေရာရဲ့ သဘာဝကို ကြည့်လိုက်မယ် ဆိုရင် အိန္ဒိယတိုက်ငယ်နဲ့ အရှေ့တောင်အာရှ ဆုံတဲ့ နေရာဖြစ်တယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် ဖြစ်နေတဲ့ နတ်မြစ် ရှိတယ်။ မြစ်ကမ်း ၂ ဘက်လုံးမှာ ဗုဒ္ဓဘာသာဝင်တွေရော၊ မွတ်စလင်တွေ ရော နေကြတာပဲ။ ဘာ ပြဿနာမှ မရှိခဲ့ဘူး။ ရခိုင်ပြည်နယ် အနောက်မြောက်ထောင့်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ မွတ်စလင်တွေ ရှိတယ်။ ဒီအတွက် ဘာမှ မေးခွန်းထုတ်စရာ မလိုဘူး။
ဗြိတိသျှခေတ်တုန်းက မြစ်တဘက်ကမ်းက မွတ်စလင် အလုပ်သမားတွေကို အဲဒီဒေသကို ခေါ်သွင်းခဲ့တယ်။ ဒါပေမယ့် သူတို့ကို ရိုဟင်ဂျာလို့ မခေါ်ဘူး။ သူတို့ကို ချစ်တကောင်းနီးယန်းလို့ပဲ ခေါ်ကြတယ်။ ဖရန်စစ် ဘူချာနန် ဟမ်မစ်တန်က ၁၇၉၉ ခုနှစ်က ဒီစကားလုံးကို သုံးခဲ့တာ မှတ်တမ်းရှိတာ ဟုတ်တယ်။ ဒါပေမယ့် အဲဒီတကြိမ်ပဲ ရှိတယ်။
ဟမ်မစ်တန် ကို အရှေ့အိန္ဒိယကုမ္ပဏီက မြန်မာနိုင်ငံကို တာဝန်နဲ့ စေလွှတ်တယ်။ ဒါပေမယ့် သူ ရခိုင်ပြည်နယ်ကို ဘယ်တုန်းက မှ မသွားခဲ့ဘူး။ သူသွားတာက အခု မန္တလေးနားမှာ ရှိတဲ့ အင်းဝနဲ့ အမရပူရကို သွားတာ။ အဲဒီမှာ သူက ရိုဟင်ဂျာလို့ သူတို့ကိုယ် သူတို့ ခေါ်တဲ့ ရခိုင်က လူတွေနဲ့ တွေ့တယ်။ အဲဒီနောက် နှစ်ပေါင်း ၁၅၀ လုံးလုံး အဲဒီ စကားလုံးကို မတွေ့ရတော့ဘူး။
ဒီစကားလုံးကို သုံးရင် မှားတယ် လို့တော့ ပြောမရပါဘူး။ ဒါပေမယ့် ရခိုင်နောက်မြောက်ပိုင်းမှာ ဘင်္ဂလီစကားရဲ့ ချစ်တကောင်းနီးယန်း ဒေသိယ စကားပြောတဲ့ မွတ်စလင်တွေ အတွက် သီးခြား လူမျိုးလက္ခဏာ ရှိရေး ဆိုတာကတော့ အယူအဆသစ် ဖြစ်သွားပြီ။ မွတ်စလင် အားလုံး သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ မသတ်မှတ်ကြဘူး။ ရခိုင်ပြည်နယ်က မွတ်စလင်တွေ တောင်ပါတယ်။ သတ်မှတ်တဲ့ သူတွေလည်း ဒီမှာနေတာ ကြာပါပြီ။ လူမျိုးလက္ခဏာကိုတော့ အခြေခံဝါဒီတွေက နိုင်ငံရေး အကျိုးစီးပွား အတွက် သုံးကြတယ်။ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ သတ်မှတ်လာတာ ဘယ်လောက်မှ မကြာသေးပါဘူး။
မေး ။ ။ ဘယ်လောက်ကြာပြီလဲ။
ဖြေ ။ ။ တချို့တွေက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ သုံးတာ။ တကယ်တော့ ၁၉၉၀ ခုနှစ်တွေမှာ လူသုံးများလာတာ။
မေး။ ဒါပေမယ့် ၁၉၅၀ ခုနှစ်တွေမှာ မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ စကားလုံးသုံးခဲ့တယ်လေ။
ဖြေ ။ ။ သူတို့သုံးခဲ့တာ ဟုတ်တယ်။ ဒါပေမယ့် ဒီစကားလုံးကို သုံးလို့ သူတို့အားလုံး စိတ်ချမ်းသာခဲ့တာ မဟုတ်ဘူး ဆိုတာကို သတိရဖို့ လိုတယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရပြီးတော့ ရခိုင်ပြည်နယ်ရဲ့ အနောက်မြောက်ထောင့်မှာ မွတ်စလင် ပုန်ကန်မှု ဖြစ်တယ်။ အဲဒီတုန်းကတောင်မှ သူပုန်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ မခေါ်ဘူး။ သူတို့ကိုယ် သူတို့ မူဂျာဟစ်လို့ပဲ ခေါ်တာ။ သူတို့က အရှေ့ပါကစ္စတန်နဲ့ သွားပေါင်းချင်တာ။ အဲဒီပုန်ကန်မှုဟာ နောက်တော့ ပျောက်ကွယ်သွားတာပဲ။
၁၉၅၀ ခုနှစ်တွေမှာ သူတို့ထဲက တချို့ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ စခေါ်လာတယ်။ လူတိုင်းတော့ မဟုတ်ဘူး။ ဒီစကားလုံး မှာ ခွဲထွက်ရေး သဘောတွေ ပါနေတယ် လို့ ယူဆခဲ့တယ်။ ရိုဟင်ဂျာ လိုလားတဲ့ စာတွေကို ကြည့်လိုက်ရင် ၁၉၅၀ ခုနှစ်တွေ တုန်းက ရိုဟင်ဂျာ ဝန်ကြီးတွေ အများကြီး ရှိတယ် လို့ ရေးကြတယ်။ ဒါပေမယ့် အဲဒါ မမှန်ဘူး။ နိုင်ငံရဲ့ အဲဒီအပိုင်းက တကယ်ရှိတာ တယောက်ပဲ ရှိတယ်။ ဆူလ်တန်မာမွတ်တဲ့၊ ဒါပေမယ့် သူက သူ့ကိုယ်သူ ရိုဟင်ဂျာလို့ မခေါ်ဘူး။ သူက သူ့ကိုယ်သူ ရခိုင်မွတ်စလင်လို့ပဲ ခေါ်တယ်။ အဲဒီတုန်းက ဝန်ကြီးချုပ်လုပ်တဲ့ ဦးနုက မွတ်စလင်မဲ လိုချင်တယ်။ ဒါကြောင့် သူက ဒီစကားလုံးကို သုံးတာ။
မေး ။ ။ ၁၉၅၀ ခုနှစ်တုန်းက ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ အခု သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ သတ်မှတ်တဲ့ ရခိုင်ပြည်နယ်က မွတ်စလင် အမျာအပြား ဖိနှိပ်ခံနေရတယ်။ ဘယ်လိုရှင်းပြမလဲ။
ဖြေ ။ ။ ပထမဆုံး အချက်အနေနဲ့ မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အများကြီး ရှိနေတာကို သဘောပေါက်ရမယ်။ အများစုက မြို့ပြမှာ နေကြတယ်။ မြန်မာ အမည် ရှိတယ်။ မြန်မာစကား ပြောတယ်။ သူတို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်။ မွတ်စလင် တွေမှာ ရှည်လျှားတဲ့သမိုင်းကြောင်း ရှိပြီး နိုင်ငံမှာ အရေးပါတဲ့ အခန်းက ပါဝင်တယ်။ ၁၉၄၀ ခုနှစ်တွေက မွတ်စလင်ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးရာဇတ်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ လုပ်ကြံခံရပြီး အာဇာနည် အဖြစ် သတ်မှတ်ခံရတယ်။ နောက်ထပ် ထိပ်တန်း မြန်မာမွတ်စလင် ခေါင်းဆောင်တယောက်က ဦးရာရှစ်ပဲ။ သူ့ကို အလာဟာဘတ်မှာ မွေးတာ။ သူဟာ ၁၉၃၀ ခုနှစ်တွေမှာ လေးစားခံရတဲ့ ကျောင်းသားခေါင်းဆောင် ဖြစ်တယ်။ နောက်ပြီး ယူပီအိုင် ဦးဖေခင် ရှိတယ်။ သူက ပင်လုံ စာချုပ်ရဲ့ ထိပ်တန်း ဗိသုကာတယောက်ပဲ။ (၁၉၄၇ ခုနှစ် ပင်လုံစာချုပ်သည် ထိုစဉ်က နယ်စပ်ဒေသများဟု ခေါ်သော ဒေသများမှ ရှမ်း၊ ချင်း၊ ကချင် ပြည်သူများ၏ အစိုးရ အတွင်း ကိုယ်ပိုင်အုပ်ချပ်ခွင့် ထူထောင်သော သဘောတူစာချုပ် ဖြစ်သည်။)
ဒါကြောင့် ဖြစ်နေတာက မွတ်စလင်တွေနဲ့ ဗုဒ္ဓ ဘာသာတွေ ထိပ်တိုက်ဖြစ်နေတာ မဟုတ်ဘူး။ ရိုဟင်ဂျာတွေက မတူဘူး။ သူတို့က မြန်မာစကား မပြောဘူး။ သူတို့က ဘင်္ဂလားဒေ့ရှ်ဘက် ခြမ်းက ဘင်္ဂါလီ စကားနဲ့ ချစ်တကောင်းနီးယန်း (စစ်တကောင်းသား) ဒေသိယစကား ကို ပြောတယ်။ ဒါကြောင့် မြန်မာပြည်သူ အများစုက သူတို့ကို ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလို့ပဲ ထင်တယ်။ ဒါပေမယ့် သူတို့တွေ ရခိုင်ပြည်နယ်မှာ နေတာ တကယ်ကို ကြာပြီဆိုတော့ ဒါတော့ မမျှတဘူးပေါ့။
မေး ။ ။ ARSA ခေါင်းဆောင်တွေနဲ့ အစွန်းရောက် အုပ်စုတွေကြားက အချိတ်အဆက်က သူတို့မှာ ဒေသတခုလုံး အတွက် ပိုမိုု ကျယ်ပြန့်တဲ့ အစီအစဉ် ရှိကြောင်းပြတယ် လို့ ခင်ဗျား အရင်က ရေးခဲ့တယ်။ ဘာကြောင့် ဒီလိုပြောတာလဲ။
ဖြေ ။ ။ သူတို့ အဖွဲ့ရဲ့ အမည်ကကို ဖြစ်နေတာ။ သူတို့ စကားနဲ့ သူတို့ “ဟာရာကာ အယ်လ်ယာကင် (Harakah al-Yaqin)” လို့ ခေါ်ကြတယ်။ အဲဒါ ယုံကြည် သက်ဝင်ရေး လှုပ်ရှားမှုလို့ ဘာသာပြန်လို့ ရတယ်။ လူမျိုးစု အမျိုးသားရေး ဝါဒီဆိုရင် ဘယ်တော့မှ ယုံကြည်သက်ဝင်ရေး လှုပ်ရှားမှုဆိုတဲ့ စကားလုံးကို မသုံးဘူး။ နောက်ပြီး ဒီအုပ်စုရဲ့ခေါင်းဆောင် အာတာအူလာ အဘူ အမ်မာ ဂျန်ဂျန်နီ (Ataullah Abu Ammar Junjuni) ဆိုသူဟာ ရခိုင်ပြည်နယ်က မဟုတ်ဘူး။ သူ့ကို ပါကစ္စတန်နိုင်ငံ ကရားချိမှာ မွေးတယ်။ နောက်တော့ ဆော်ဒီမှာ နေပြီး ဘာသာရေးဆရာ လုပ်တယ်။ ၂၀၁၂ ခုနှစ်လောက်မှာ သူက ဒီပြဿနာကို စတင် စိတ်ဝင်စားလာတယ်။ အလွန်ဆုံး သူ့မိဘလောက်ပဲ ရခိုင်ပြည်နယ်ကလို့ ပြောလို့ ရတယ်။ သူကတော့ ရခိုင်က မဟုတ်ဘူး။
မေး ။ ။ ဒါဆိုသူက ဒီဒေသကို မျိုးရိုးခြေရာခံလိုက်တာလား။
ဖြေ ။ ။ သိပ် သေချာတာပေါ့။ ကျနော်သူ့ရဲ့ တိပ်ခွေကို နာထောင်နေတာ ကြာပြီ။ ရခိုင်ပြည်နယ်ထဲက ဘယ်နေရာ တခုကိုမှ အသံမှန်အောင် မခေါ်နိုင်ဘူး။ သူက ဘင်္ဂါလီစကားနဲ့ ချစ်တကောင်းနီးယန်း (စစ်တကောင်းသား) ဒေသိယစကားကို အူရဒူနဲ့ ရောပြောတယ်။ သူ့အဖွဲ့ ထဲက လူရင်းအများစုကလည်း ကရာချိက ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်ကပဲ။
မေး ။ ။ ဒီအပြင် သူတို့အုပ်စုရဲ့ နည်းလမ်းတွေက မြန်မာနိုင်ငံက တခြား လူမျိုးစု အမျိုသားရေး ဝါဒီ လက်နက်ကိုင်တွေနဲ့ ကွဲပြားနေလား။
ဖြေ ။ ။ ဒီနိုင်ငံက တခြားလူမျိုးစု အမျိုးသားရေး ဝါဒီ တွေအားလုံးလှုပ်ရှားတာက သမားရိုးကျ စစ်တပ်တွေနဲ့ အနည်းနဲ့ အများ တူတယ်။ ယူနီဖောင်းဝတ်တယ်။ ရာထူးအဆင့်ရှိတယ်။ သူတို့က တပ်စု၊ တပ်ခွဲ၊ တပ်မဟာတွေနဲ့ ဖွဲ့စည်းထားတယ်။ အော်တိုမက်တစ် ရိုင်ဖယ်တွေ၊ စက်သေနတ်တွေ ကိုင်ကြတယ်။
ARSA ရဲ့ နည်းလမ်းတွေက လုံးဝ ခြားနားတယ် ဆိုတာကို ဩဂုတ် တိုက်ခိုက်မှုနဲ့ အစောပိုင်း ၂၀၁၆ အောက်တိုဘာလ တိုက်ခိုက်မှုတွေက ပြသလိုက်တာပဲ။ ရွာသားတွေ ရာချီ လှုပ်ရှားစေပြီး ပစ်မှတ်ကို ဝိုင်းထားတယ်။ သူတို့မှာ အမှန်တကယ် ရှိတဲ့ အင်အားထက် ပိုရှိတယ် ထင်အောင်လုပ်တယ်၊ သူတို့မှာ သေနတ်က အရမ်းနည်းတယ်၊ ဓားရှည်တွေ၊ လှံတွေ၊ ဓားတွေပဲ သူတို့မှာ ရှိတယ်၊ သူတို့ရဲ့ နည်းက နိပေါနဲ့ အိန္ဒိယ အလယ်ပိုင်းက မော်ဝါဒီတွေနဲ့ တူပြီး မြန်မာနိုင်ငံက ဘယ် လူမျိုးစု လက်နက်ကိုင်နဲ့မှ မတူဘူး။
မေး ။ ။ ဒီအုပ်စုရဲ့ အင်အား ဘယ်လောက်ရှိတယ် မှန်းလဲ။
ဖြေ ။ ။ တကယ်တော့ ကျနော်တို့ မသိဘူး။ ဩဂုတ် ၂၅ မတိုင်မီက အင်အား ရာဂဏန်းရှိတယ် မှန်းတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်စခန်းတွေမှာ သင်တန်းတက်ထားတဲ့ ကေဒါ ၅၀၀၊ ၆၀၀ ပေါ့။ လေ့ကျင့်ပေးသူတွေ အားလုံးက အာဖဂန် စစ်ပြန်တွေ။ သူတို့ထဲက အများစု၊ ဘင်္ဂါလီတွေ အပါအဝင်ကို နိုင်ငံခြားသားလို့ သတ်မှတ်ထားတယ်။ သူတို့ရဲ့ တိုက်ခိုက်ရေးသမား အချို့မှာ ပါကစ္စတန်နဲ့ အင်ဒိုနီးရှားက ပါတယ်။ ဥဇဘက်က ၂ ယောက်နဲ့ မလေးကလို့ ပြောတဲ့သူ ၂ ယောက်ပါတယ်။ ဒါပေမယ့် မလေးက လား၊ ထိုင်းတောင်ပိုင်းက လားတော့ မသိဘူး။
မေး ။ ။ သူတို့ဟာ ရခိုင်ပြည်နယ်က မဟုတ်တဲ့ လူစုံ အုပ်စုဆိုရင် လွတ်လပ်တဲ့ ရခိုင်ပြည်နယ် ဖြစ်ဖို့ အတူတကွ တိုက်ပွဲဝင်အောင် သူတို့ကို ဘယ်အရာက ဖြစ်စေတာလဲ။
ဖြေ ။ ။ အောက်ခြေအဆင့်မှာ ဒေသခံလူသစ်တွေ အများကြီး ပါတယ်။ သူတို့ကို နှစ်ပေါင်းများစွာ ဆက်ဆံခဲ့တဲ့ အတိုင်း ဆက်လက် ဆက်ဆံလို့ ဒေါသ ဖြစ်နေသူတွေ။ ပါကစ္စတန်တွေ၊ မလေးတွေ၊ ဥဇဘက်တွေ ဘာလို့ လာလဲ။ တကယ်တော့ သူတို့က ဂျီဟတ် ဘာသာရေးစစ်ပွဲအကြောင်း လာပြောနေတာ။
မေး။ ကိုယ့်ကိုယ်ကို ရိုဟင်ဂျာလို့ သတ်မှတ်တဲ့ ဒီဒေသက လူတွေက သူတို့ကို ထောက်ခံလား။
ဖြေ ။ ။ သိပ်မများလှဘူး။ အရမ်းကို ကွဲပြားနေကြတယ်။ ဩဂုတ် ၂၅ တိုက်ခိုက်မှု အတွက် ARSA ကို အပြစ်တင်ကြတယ်။ “ဘာလို့ ဒါကို လုပ်တာလဲ။ ဘာလို့ သူတို့ကို ရန်သွားဆွတာလဲ” လို့ သူတို့ မေးနေကြတယ်။
ARSA က တိုက်ခိုက်မှုကို ကောင်းကောင်းချိန်ကိုက်ပြီး လုပ်တာကိုလည်း သိဖို့လိုတယ်။ ကိုဖီအာနန်ကော်မရှင်က အကျပ် အတည်းနဲ့ ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်တယ်။ ဒီ အစီရင်ခံစာ မြန်မာ အုပ်ချုပ်သူ အဆက်ဆက်ကို ဝေဖန်တာ။ အစီရင်ခံစာ ထွက်တာ နာရီပိုင်းပဲ ရှိသေးတာ။ ဒီတိုက်ခိုက်မှုတွေက အဲဒီ အစီရင်ခံစာကို သတ်ပစ်လိုက်တာ။ ဘယ်နည်းနဲ့မှ တိုက်ဆိုင်တာ မဟုတ်ဘူး။ သူတို့က ပိုမိုစစ်သွေးကြွတဲ့ နယ်ပယ် လိုချင်တယ်။ ဒီတော့ လုံခြုံရေး တပ်တွေကို ရန်သွားစလို့ လူတွေက အပြစ်တင်တာ ရှိသလို သူဆင်တဲ့ အကွက်ဝင်ပြီး သူတို့နဲ့ပါသွားတဲ့ ဒေါသထွက်နေတဲ့ လူငယ်တွေလဲရှိတယ်။
မေး ။ ။ ဒီအကျပ်အတည်းကို ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး အနောက်အုပ်စုမီဒီယာတွေက အကြီးအကျယ် ဝေဖန်တယ်။ ခင်ဗျားအနေနဲ့ ဘာပြောစရာရှိလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်က မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ခဲ့ပေမယ့် တပ်မတော်က အရေးပါတဲ့ ဝန်ကြီးဌာန ၃ ခုကို လက်မလွှတ်ဘဲ တိုင်းပြည်ကို မောင်းနှင်နေဆဲဖြစ်တယ်။ အခုဖြစ်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည် ဘာမှ မတတ်နိုင်ဘူး။ အမိန့်ပေးတဲ့ အပိုင်းမှာ သူ လုပ်လို့ရတာ များများစားစား မရှိဘူး။ တပ်မတော်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမိန့်ကိုသာ နာခံတယ်။ ရွေးကောက်ခံ ခေါင်းဆောင်ရဲ့ အမိန့်ကို လက်မခံဘူး။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ကြိုးတန်းပေါ်လမ်းလျှောက်နေရတာ။ သူ ရိုဟင်ဂျာတွေအတွက် ထွက်ပြောတယ် ဆိုရင် ဒါဟာနိုင်ငံရေး အရ သူ့ကိုယ်သူ သေကြောင်းကြံတာပဲ။ သူ့ရဲ့ မဲဆန္ဒရှင် အများစုက ဒီကိစ္စမှာ ဘယ်လိုရပ်တည်တယ် ဆိုတာ ထင်ရှားပါတယ်။ သဘောထား တင်းမာတဲ့ ရခိုင်အမျိုးသားပါတီကို သူထောက်ခံရင် အနောက်မီဒီယာတွေက သူ့ကို ကျဉ်ထားမယ်။ ဘာမှ မလုပ်ဘဲ နေတော့လည်း အခုလိုပဲ အနောက်မီဒီယာက သူ့ကို ချောင်ထိုးထားတာပဲ လေ။ သူ့ အတွက် အင်မတန်ကို သိမ်မွေ့တဲ့ အခြေအနေပါ။
သူ လုပ်နိုင်ခဲ့လျှက်နဲ့ မလုပ်ဖြစ်ခဲ့တဲ့ ကိစ္စကတော့ စစ်တွေကို သွားပြီး ရွေးကောက်ခံ နိုင်ငံရေးသမားတွေနဲ့ တွေ့ဖို့ပဲ။ ဒါပေမယ့် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေကို သူ မကြိုက်ဘူး။ ဒါကြောင့်လုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ အရပ်သားတွေ အတွက် နေရာရှိတယ် ဆိုတာကို သူ အခုစတင် ပြသနေပြီ။ သူ ဘာမှ ပြောနေစရာ မလိုဘူး။ ဆေးရုံကို သွားခဲ့မယ်၊ အသိုင်းအဝန်း အားလုံးက လူနာတွေကို တွေ့ခဲ့မယ် ဆိုရင် ရခဲ့တယ်။ ဒီလို လုပ်တဲ့အခါ အကန့်အသတ်ရှိတဲ့ အရပ်သားတွေရဲ့ နယ်ပယ်ကို ချဲ့ထွင်ခဲ့နိုင်တယ်။
မေး ။ ။ ရခိုင်အကျပ်အတည်းနဲ့ ပတ်သက်ပြီး အိန္ဒိယရဲ့ တုံ့ပြန်တာက အနောက်နိုင်ငံတွေလို ပြတ်ပြတ်သားသား ရှုတ်ချတာ မဟုတ်ဘူး။ အဲဒါ အိန္ဒိယ အစိုးရ မှန်သလား။
ဖြေ ။ ။ မှန်တာတွေ မှားတာတွေက ကျနော်ပြောရမယ့် ကိစ္စမဟုတ်ဘူး။ မြန်မာရဲ့ အရေးအကြီးဆုံး အိမ်နီးချင်းတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကတော့ အနောက်တိုင်းရှုတ်ချတာမှာ ဝင်မပါဘူး။ ဒါဟာ မဟာဗျူဟာ အကြောင်းရင်းတွေကြောင့် ဆိုတာ ထင်ရှားပါတယ်။ အိန္ဒိယ သမုဒ္ဓယာကို ချဉ်းကပ်နိုင်ဖို့ တရုတ်အတွက် မြန်မာနိုင်ငံဟာ အရေးပါတယ်။ အိန္ဒိယ အတွက်ကျတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသ ဝင်ပေါက်လေ။
မေး ။ ။ အိန္ဒိယ အစိုးရက ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပတ်သက်ရင် တင်းမာတဲ့ သဘောထားရှိတယ်။ ရိုဟင်ဂျာတွေဟာ လုံခြုံရေး ခြိမ်းခြောက်မှုဖြစ်တဲ့ သဘောမျိုးတောင် ပြောတယ်။ ခင်ဗျား ဘယ်လို နားလည်လဲ။
ဖြေ ။ ။ ဒါကတော့ လုံခြုံရေး စိုးရိမ်ပူပန်မှုကြောင့် ဖြစ်ကောင်းနိုင်ပါတယ်။ သူတို့တွေဟာ လုံခြုံရေးအရ စိုးရိမ်ပူပန်စရာ ဖြစ်နေပြီလား။ လောလောဆယ်တော့ အထောက်အထား မရှိသေးဘူး။ အခု အဲဒီလို မဖြစ်သေးဘူး။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည် ၈ သိန်းနီးပါး ရှိလာတော့ သူတို့ ဘယ်ကို သွားကြမှာလဲ။ ဘင်္ဂလားဒေ့ရှ်မှာ လူဦးရေ အလွန်အကျွံ များနေပြီ။ လူဦးရေ အနည်းငယ် ပိုနည်းတဲ့ နေရာတခုပဲ ရှိတယ်။ အဲဒါ စစ်တကောင်း တောင်တန်းဒေသပဲ။ ကျနော် ရထားတဲ့ သတင်းမှန်ရင်တော့ အဲဒီက ဗုဒ္ဓဘာသာ အသိုင်းအဝန်းတွေ ဖြစ်တဲ့ ချက်ကမာတွေ မရမာတွေ အရမ်းကို စိတ်ပူနေကြပြီ။
မေး ။ ။ ဒီအကျပ်အတည်းက တောင်အာရှ အတွက် ဘာဖြစ်လာမလဲ။
ဖြေ ။ ။ ပြောဖို့တော့ နည်းနည်း စောသေးတယ်။ ဒေသထဲမှာ ရုတ်တရက် ဒုက္ခသည်တွေ အကြီးအကျယ် ဖြစ်လာနေတယ်။ များပြားလှတဲ့ အစ္စလာမ်မစ် အစွန်းရောက် အုပ်စုတွေက ဒီအခြေအနေကို အမြတ်ထုတ်ဖို့ ကြိုးစားနေတာလည်း လျှို့ဝှက်ချက် မဟုတ်ဘူး။ အင်ဒိုနီးရှား၊ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ်က အုပ်စုတွေဟာ ဒီမှာ လူသစ် ရှာတယ်။ စစ်သွေးကြွတဲ့ အဖြေရရင် ဒီဒေသမှာ ဆိုးကျိုးတွေ ဖြစ်လာမယ်။
ဘင်္ဂလားဒေ့ရှ် မှာရွေးကောက်ပွဲတွေ အရမ်း နီးနေတာကိုလည်း သိဖို့ အရေးကြီးတယ်။ ဘင်္ဂလားဒေ့ရှ်က ပထမ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံဖို့ ငြင်းပြီး ARSA ကို ပူးပေါင်းစစ်ဆင်ဖို့ မြန်မာနိုင်ငံကို ကမ်းလှမ်းတာကိုလည်း မှတ်မိဖို့ လိုတယ်။ ဒါပေမယ့် ဒုက္ခသည် စီးကြောင်းက ဆူနာမီလှိုင်းလိုလည်း ဖြစ်သွားရော ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာနဲ့ အဝါမီလိဂ် အဖွဲ့ချုပ်ရဲ့ ရပ်တည်မှု ပြောင်းသွားတယ်။ ဒီအခြေအနေ အပေါ်မှာ အခြေခံဝါဒီ ဂျမတ် အီ အစ္စလမ်မီ ပါတီက အမြတ်ထုတ်မှာ စိုးရိမ်နေတာ။
ရိုဟင်ဂျာ စစ်သွေးကြွတွေကို ထောက်ခံနေတဲ့ ဂျမတ်ရဲ့ ထောက်ခံမှုနဲ့ ဘင်္ဂလားအမျိုးသားရေး ပါတီ အာဏာရလာရင် လုံခြုံရေး ခြိမ်းခြောက်မှု ရှိလာနိုင်တယ်။ ဒါကြောင့်လည်း ရှိတ်ခ်ဟာဆီနာက ဒုက္ခသည်တွေဘက်မှာ သူရှိကြောင်း ပြနေရတာ။
မေး ။ ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဒုက္ခသည် ပြန်လည် ပို့ဆောင်ရေး သဘောတူညီချက်ကို ခင်ဗျား ဘယ်လိုနားလည်လဲ။
ဖြေ ။ ။ အဲဒါ အပြသက်သက်ပဲ လေ။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ပထမ စိစစ်ရမယ်။ ဒီလူတွေ အများစုမှာ ဒီလို စာရွက်စာတမ်း မရှိဘူး။ နောက် အကြောင်းအရာတခုက သူတို့ကိုယ်တိုင်ရော ပြန်လာချင်သေးလား ဆိုတာပဲ။ လုံခြုံရေးတပ်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် သူတို့ ပြန်မလာတော့တာ ကျနော် သိတယ်။ အိမ်တွေ မီးရှို့ခံထားရပြီးမှ ဘာလို့ ပြန်ရမှာလဲ။
မေး ။ ။ အနာဂတ်မှာ ဒီပြဿနာ အတွက် အဖြေရှိလား။
ဖြေ ။ ။ ဒီမေးခွန်းက တကယ့် မေးခွန်းပဲ။ ရိုးရိုးသားသား ပြောရရင် အဖြေကို ကျနော် မသိဘူး။ သူတို့ ဘင်္ဂလားဒေ့ရှ်မှာ နေလို့ ရမလား၊ ရတယ် ဒါပေမယ့် စစ်တကောင်း တောင်တန်းဒေသ အတွက်တော့ အန္တရာယ်ပဲ။ တတိယနိုင်ငံ ဆိုတော့လည်း သူတို့ကို ဘယ်သူက လက်ခံမလဲ။
(အိန္ဒိယ အွန်လိုင်းသတင်းဌာန Scroll.in တွင် ဖော်ပြထားသည့် Rohingya refugee crisis: It’s not Muslims versus Buddhists, says writer Bertil Lintner ကို ဘာသာပြန်သည်။)