“ကြက်ခြံကို မြေခွေးစောင့်သလို” ငြိမ်းချမ်းရေးလို့ ပြောလာတဲ့ AA စစ်ဦးစီးချုပ်

နန်းလွင်နှင်းပွင့်
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားကာ စစ်ရေးတင်းမာနေသည်မှာ နိုဝင်ဘာလ ၁ ရက်နေ့မှ ယနေ့ထိ ဖြစ်သည်။ တိုက်ပွဲကာလအတွင်း စစ်ဘေးရှောင် ဒုက္ခသည် ၂၀၀၀ ကျော်ရှိလာပြီး ၃၀၀ ကျော်သည် ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ် အောက်တွင် ရှိပြီး ကျန်ဒုက္ခသည်များသည် AAတပ်ဖွဲ့များနှင့် နယ်စပ်များတွင် ခိုလှုံနေကြသည်။ ဒီဇင်ဘာလ ၆ရက်တွင် AA ၏ သတင်းနှင့် ပြန်ကြားရေးစာမျက်နှာ၌ AA စစ်ဦးစီးချုပ်က တိုက်ပွဲနှင့် ပတ်သက်၍ ရခိုင်ပြည်သူထုကို မိန့်ခွန်း ပြောကြားခဲ့သည်။ မိန့်ခွန်းထဲတွင် ရခိုင် ပြည်သူလူထုအတွက် နိုင်ငံရေးရည်မှန်းချက်များအကြောင်း ပြောဆိုသည့်အပြင် ချင်းလူမျိုးများကို လူမှုကွန်ရက်များတွင် မတိုက်ခိုက်ရန် ပြောဆိုပြီး ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့နေရသည့် ပြဿနာများကို စိတ်လိုက်မာန်ပါ မဖြေရှင်းရန်လည်း ပြောဆိုထားသည်။

AA စစ်ဦးစီးချုပ်၏ မိန့်ခွန်းတွင်း အသုံးအနှုန်းများနှင့် ပတ်သက်၍ မေးခွန်းထုတ်ကာ ဝေဖန်နေကြ သူများလည်း ရှိသည်။ အဆိုပါအကြောင်းအရာများအပေါ် ဧရာဝတီမှ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က AAစစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ ပလက်ဝဒေသတွင်းက တိုက်ပွဲတွေမှာ AA ဘက်က အကျအဆုံးစာရင်း ထုတ်ပြန်တာ သိပ်မတွေ့ ရဘူး။ တိုက်ပွဲ အတွင်း AA ဘက်က အကျအဆုံးစာရင်းနဲ့ စစ်အသုံးစရိတ် ဘယ်လောက်သုံးထားလည်း သိချင်ပါတယ်။

ဖြေ ။ ။ ဒီရက် ၄၀ ကျော်မှာ ထိခိုက်ဒဏ်ရာရမှု အနည်းဆုံးနဲ့ ကောင်းမွန်စွာပဲ ကျနော်တို့ ခံစစ်ဆင် လှုပ်ရှားခဲ့တယ်။ တခါတလေ မထုတ်ပြန်တာကတော့ သတင်းထုတ်ပြန်ရေးနဲ့ စိတ်ဓာစစ်ဆင်ရေးဆိုတဲ့ ဟာမျိုးတွေလည်း ရှိတတ်ကြတာကိုး။ ဒါကြောင့် စစ်တပ်တွေက သူတို့ဘက်က ထိခိုက်တယ်ဆိုရင် သိပ်ထုတ်ပြန်လေ့ မရှိကြပါဘူး။ ကျနော်တို့ဘက်မှာတော့ ထိခိုက်ဒဏ်ရာရ၊ ကျဆုံးတာတော့ရှိပါတယ်။ တဖက်နဲ့ နှိုင်းယှဉ်မယ်ဆို မပြောပလောက်တဲ့ ထိခိုက်ကျဆုံးမှုပါ။ လက်နက်ငယ် ထိမှန်တာတို့ လက်နက် ကြီးအစ ထိပြီး ဒဏ်ရာရတာတို့ ရှိပါတယ်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာလည်း ရှိတယ်။ ဒဏ်ရာ အသေးစားတွေလည်း ရှိပါတယ်။ ဒဏ်ရာ ရတာဆိုရင် ၂၀ ကျော် လောက် ရှိပါတယ်။ ကျဆုံးတာကတော့ ၁၀ ဂဏန်း ဝန်းကျင် လောက်ပါပဲ။

စစ်တိုက်တယ်ဆိုတော့ ခဲယမ်းတို့ငွေကြေးတို့ကတော့ ကုန်ကျတာပေါ့ဗျာ။ ဒါပေမယ့် ကိန်းဂဏန်း အနေနဲ့ ဖော်ပြဖို့ကတော့ အဆင်မပြေဘူး။ အဆိုးလည်း ရှိတယ်။ အကောင်းဘက်လည်း ရှိတယ်။ ကောင်းတာက တော့ ကျနော်တို့ လူထုက ပိုပြီး နိုးကြားလာတယ်။ ပိုပြီးမှ ငါတု့ိ ဘာကူညီပေးရမလဲ ဆိုတာမျိုးပေါ့ ။ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းက ထိုးစစ်ဆင် တိုက်ခိုက်တာ ရှိတော့ ငါတို့တပ်ကို အပေါ်ကနေ ပစ်တော့ လေယာဉ်ပစ် သေနတ်တွေ လည်း ငါတို့မှာ လိုမယ်။ ဒါကြောင့် လေယာဉ်ပစ်လက်နက်တွေ ဝယ်ဖို့ ဘယ်လောက် ထည့်ဝင်ရ မလဲဆိုပြီး ဝိုင်းပြီး နိုးကြားပြီးမှ ထည့်ဝင်လာတာလည်း ရှိတယ်။ တဖက်ကလည်း ကုန်ကျတာတော့ ရှိသလို တဖက်ကလည်း လူထုက ပိုပြီးတော့မှ အားတတ်သရော ဝန်းရံလာကြတော့ ကောင်းတာတွေလည်း အများကြီး ရှိပါတယ်။

မေး ။ ။ တိုက်ပွဲဖြစ်နေတဲ့ ကာလထဲမှာ ပြည်သူလူထုဆီက ရန်ပုံငွေ ပိုရလာတယ်လို့ ဆိုလိုတာလား။

ဖြေ ။ ။ ဟုတ်ကဲ့ဗျ၊ ပိုပြီးတော့မှ နိုးကြားမှုတွေနဲ့ ဝန်းရံလာတာ ရှိပါတယ်။ အရင်ထက် အများကြီး ထူးခြားပါတယ်။ အရင်ထက် အများကြီး ကောင်းတယ်။ အရင်တုန်းကဆိုရင် ပြောပြလို့ မင်းတို့လည်း တာဝန်ရှိတယ်။ အကုန်လုံး လုပ်ရမယ်ဆိုတဲ့ အနေအထားမှာ သတ်မှတ်တဲ့ နှုန်းထားတခု နဲ့ ထည့်ဝင် ကြတာတွေ ရှိတယ်။ အခုကျတော့ ငါတို့တွေ ဒီလိုမျိုး အချခံရရင် မလွယ်ဘူး။ လေယာဉ် မဝယ်နိုင်ရင် ပြန်ပစ်ချနိုင်ရမယ်ဆိုတဲ့ သဘောတွေနဲ့ ပြောစရာ မလိုတဲ့ ကိုယ်ပိုင် အသိတရားတွေနဲ့ ဘယ်လောက် ထည့်ဝင်မယ်ဆိုတာမျိုးပေါ့ဗျာ။ တတ်နိုင်တဲ့သူရော မတတ်နိုင်တဲ့သူရော ပိုပြီး စုစည်းပြီးမှ ထည့်ဝင်လာ တာတွေရှိတယ်။ ဒါကြောင့် အရင်ထက် ကျနော်တို့ လုပ်ရကိုင်ရတာ ကောင်းလာတဲ့ အနေအထားတွေ အများကြီး တွေ့လာပါတယ်။

မေး ။ ။ FPNCC ကနေ နိုင်ငံရေးဆွေးနွေးဖို့ AA က ဆောင်ရွက်နေတာရှိတော့ ဒီပလက်ဝ တိုက်ပွဲတွေက အစိုးရနဲ့ ဆွေးနွေးနိုင်ဖို့ ဆောင်ရွက်နေရာမှာ အကျိုးသက်ရောက်မှု ရှိလာမယ် ထင်ပါသလား။

ဖြေ ။ ။ ဒီတိုက်ပွဲက ကျနော်တို့ဘက်က နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဖော်ဆောင်လာတဲ့ တိုက်ပွဲ မဟုတ်ဘူး။ ဒီတိုက်ပွဲက အစိုးရရဲ့ အမြစ်ပြတ်ချေမှုန်းရေး ထိုးစစ်ပါ။ ငြိမ်းချမ်းရေးလုပ်ဆောင်နေဆဲ ကြားကာလမှာ သူ့ဘက်က ထိုးစစ်ဆင်လာလို့ပဲ ဖြစ်လာရတဲ့ တိုက်ပွဲတွေဆိုတော့ ကျနော်တို့က ဒီတိုက်ပွဲတွေကြောင့် နိုင်ငံရေးအတွက် တိုးတက် ကောင်းမွန်မှုရှိမယ်လို့တော့ မမျှော်လင့်ပါဘူး။ ဒီတိုက်ပွဲတွေကြောင့် နာကျည်းမှု တွေနဲ့ အလှမ်းဝေးသွားဖို့ကတော့ ပိုများပါတယ်။ သူတို့လည်း သူတို့လူ သေတော့ ပြန်လက်စားချေချင် တာပေါ့ ။ ကျနော်တို့လည်း ကျနော်တို့ ခံရတဲ့ အချိန်ဖြစ်ရင် ဒါမျိုးပဲ စိတ်ထဲရောက်ပါတယ်။ အဲဒါကြောင့် အကောင်းဘက်ထက် အဆိုးဘက်ကို ပိုများမယ်လို့ ထင်ပါတယ်။

မေး ။ ။ ပလက်ဝဒေသမှာ AA လှုပ်ရှားလာတဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ချင်းနိုင်ငံရေးပါတီတွေ ချင်းပြည်သူတွေက AA ကို မနှစ်သက်ဘူးလို့ ပြောဆိုမှုတွေရှိတယ်။ ပလက်ဝက စစ်ရေးအရ အရေးပါလို့ဆိုပြီး AAက ပြောနေတော့ စစ်ရေးအရ အရေးပါတယ်ဆိုတဲ့ အခြေအနေကို ရှင်းပြပါဦး။

ဖြေ ။ ။ ကျနော်တို့ အဲဒါကို တတ်နိုင်သမျှ အနီးအနားမှာရှိတဲ့ ပြည်သူတွေကို ရှင်းပြပါတယ်။ စစ်ရေး အရ သာမက ဒါက တကယ့်မဟာဗျူဟာမြောက်တဲ့ နေရာဒေ တခုဖြစ်တယ်ဆိုတော့ ကျနော်တို့လည်း ခြေကုပ်ယူထားရတာ ဖြစ်တယ်။ ပြီးရင် အဲဒီဒေသမှာ ကျနော်တို့တိုက်ပွဲဖော်တာ မဟုတ်ဘူး။ ထိုးစစ်ဆင် လာခဲ့တော့ ကျနော်တို့က ခုခံနေရတာပဲဖြစ်တယ်။ အစောပိုင်း တိုက်ပွဲကာလ ၂ ပတ်လောက်မှာ ကျနော်တို့က အပစ်ခတ်ရပ်စဲဖို့ ကြေငြာဖို့လည်း စဉ်းစားဖူးတယ်။ စာတောင် ရေးပြီးပြီ။ တောသူတောင်သား တွေရဲ့ တောင်ယာ၊ နှမ်းတို့ စပါးတို့ တလင်းသိမ်းချိန်မှာ ထိုးစစ်ကြီးကို ရပ်တန့် ထားပေးဖို့ ။ ပြီးတဲ့ အချိန်ကျမှ စာရင်းရှင်းပေါ့ ။ အဲဒီလို ကြေငြာချက်ကို ရေးပြီးပါပြီ။ ဒါပေမယ့် ကျနော်တို့ရဲ့ အကြံပေးအဖွဲ့တွေ နဲ့ ပြန်တိုင်ပင်တော့ မြန်မာ့တပ်မတော်က ဒါမျိုးကြေငြာလိုက်ရင် သူတို့က အင်အားမရှိလို့ ကြောက်လို့ ထိုးစစ်ကို ရှောင်ရှားဖို့လို့ ထင်နေရင် စစ်ရေးဖိအားက ပိုကြီးလာမယ်ဆိုပြီး အကြံပေးလာတာကြောင့် သူတို့ ထိုးစစ်ရှိရင် ခံစစ်ဆိုတာလည်း လုပ်ရမှာပဲဆိုပြီး ခံစစ် ဆင်တာပါ။

လူထုအတွက်ကတော့ တကယ် စိတ်မကောင်း စရာပါပဲ။ အဲဒီဒေသမှာ ခရစ်ယာန်တွေ ရှိတယ်။ ခရစ္စမတ်ကာ လလည်း ရောက်ခါနီးပြီဆိုတော့ သူတို့ဘုရားတရား ဝတ်ပြုချင်ကြတာ။ အခုတော့ စစ်ပြေးဒုက္ခသည် ဖြစ်နေတယ်။ ရာသီဥတုကလည်း မကောင်းဘူး။ မုန်တိုင်းကြောင့် မိုးရွာတော့ အတော်လေး အခက်အခဲဖြစ်ကြပါတယ်။

မေး ။ ။ AA ဆီမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ဘယ်လောက်ရှိပါသလဲ။ ဘယ်လိုကူညီထားလဲ ။ သူတို့ကို အပြင်က အဖွဲ့အစည်းတွေက ကူညီချင်တယ်ဆိုရင် AA ရဲ့ထိန်းချုပ်နယ်မြေထဲကို လာလို့ ရနိုင် မလား။

ဖြေ ။ ။ ကျနော်တို့အနေနဲ့ ထိန်းချုပ်နယ်မြေလို့ မသတ်မှတ်ပါဘူး။ ကျနော်တို့ လှုပ်ရှားနယ်မြေအဖြစ်ပဲ ခေါ်ဝေါ်ပါတယ်။ အစောပိုင်းကတော့ ရွာတွေမှာ နီးစပ်ရာ ခိုလှုံတာ ရှိတယ်။ အခုတော့ အစိုးရ တပ်တွေ လည်း နယ်စပ်နားမှာထိုးတော့ ဒုက္ခသည်ဦးရေ ၁၈၀၀ ၊ ၂၀၀၀ နီးနီးက နယ်စပ်က ရွာတွေရခိုင်တွေ မြိုလူမျိုးတို့ ဆီမှာခိုလှုံနေကြပါတယ်။ သူတို့ အခက်အခဲတော်တော်ရှိပါတယ်။ ဆန်တို့ဘာတို့ပေါ့။ ကျနော် တို့က ဆေးဝါးနဲ့ ဆန် ထောက်ပံ့ပေးထားပါတယ်။ ဗုဒ္ဒဂါယာဘက်ကနေ တချို့ စာသင်တဲ့ရဟန်းတွေ လာပြီး ကူညီ ထောက်ပံ့ ပေးနေတာတွေ ရှိပါတယ်။ နယ်စပ်မှာ လာပြီးကူညီမယ်ဆိုရင် ကျနော်တို့ ပြောလို့ ရတာက တော့ ကုလားတန်မြစ်မဟုတ်ပဲ ကလက်ချောင်းဆိုတာ ရှိတယ်။ တချို့ဆို တရွာလုံး ထွက်ပြေးသွားပြီ။ အဲဒီရွာ တွေမှာ လူတွေ ပြန်ပြီး တလင်းသိမ်းဖို့ ပြန်လာမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း ကူညီပေးဖို့ အဆင်သင့် ဖြစ်တယ်။ စစ်ရှောင်ဒုက္ခသည် ကူညီမယ့် အဖွဲ့တွေကို မြန်မာစစ်တပ်ဘက်က မပစ်ခတ်ဘူး လမ်းဖွင့်ပေးမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း ပစ်ခတ်မှာ မဟုတ်ဘူး။ မလာခင် သင့်တော်ရာ အဆက် အသွယ်က တဆင့် ကျနော်တို့ကို ဆက်သွယ်ပြီးမှ ဘယ်နေ့ဘယ်အချိန် စက်လှေ ဘယ်နှစီးနဲ့ လာမယ် ။ သူတို့ အလံထောင်ထားမယ်ပေါ့။ သီချင်းဖွင့်ပြီးမှ ခိုးဝှက်လာတာမျိုး မဟုတ်ပဲနဲ့ပေါ့။ အလံတခုခုနဲ့ပေါ့ဗျာ။ သာသနာ့အလံဆိုရင် သာသနာ့အလံပေါ့။ အဲဒါကို ထောင်ပြီး ဘယ်ချိန်လာမယ် ဆိုရင် ကျနော်တို့က မပစ်ပဲနဲ့ လွှတ်ပေးလို့ ရပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်လောက်က လူဦးရေထူထပ်တဲ့ ဒေသတော့ မဟုတ်ဘူး။ ချောင်းနားမှာ နေတဲ့ တောင်သူရွာ တွေကတော့ အများစုက ထွက်ပြေးလာခဲ့ကြပြီ။ ဒီနေ့ (ဒီဇင်ဘာ ၁၂) ၁၂ နာရီ ဆိုရင် နယ်စပ်ပေါ်မှာ ရှိတဲ့ ရွာကြီးကတော့နည်းနည်းရှိသေးတယ်။ အဲဒီရွာမှာ မြန်မာတပ်တွေ ဝင်လာပြီးတော့ တအိမ်ချင်းကို ရှာဖွေရေး လုပ်နေတာ ရှိတယ်။ ရိုက်ပုတ်တာ ရှိတယ်။ သူတို့လည်း တော်တော်လေး စိုးရိမ်ထိတ်လန့်နေကြတယ်။

မေး ။ ။ ဒီဇင်ဘာလ ၆ ရက်က ပြန်ကြားရေးစာမျက်နှာမှာ တက်လာတဲ့ ဗီဒီယိုဖိုင်မှာ သုံးသွားတဲ့ ရခိုင် တိုင်းပြည်၊ ရခိုင်နိုင်ငံသား၊ တိုင်းပြည်နဲ့လူမျိုး တနေ့နေ့ လွတ်မြောက်ဖို့ ဆိုတဲ့ စကားလုံးတွေက AAရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဖော်ပြချင်တာလား။ ဖက်ဒရယ်ထက် အဆင့်မြင့်တဲ့ နိုင်ငံရေးရည်မှန်းချက်တခုကို မျှော်မှန်းနေတာလားလို့ မေးခွန်းထုတ်ကြသူတွေလည်းရှိတယ်။ ဒါကို ရှင်းပြပါဦး။

ဖြေ ။ ။ ကျနော်တို့က FPNCC ရဲ့ အဖွဲ့ဝင်လည်း ဖြစ်တယ်။ သူတို့နဲ့ ကျနော်တို့ ပြည်ထောင်စုမှာ လူမျိုး အလိုက် တန်းတူအခွင့်အရေးရဖို့ အတူတကွ လက်တွဲပြီး လုပ်ဆောင်သွားဖို့ ကတိကဝတ်ပြုထားကြတယ်။ အဲဒီအတိုင်းပဲ ကျနော်တို့ စုစည်းပြီး လုပ်ဆောင်သွားပါမယ်။ ဒါပေမယ့် ကျနော်တို့ ရခိုင်တွေရဲ့ အသုံးအနှုန်း နဲ့ ပတ်သက်ပြီးမှတော့ တကယ်ပြောမယ်ဆိုရင် အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကျနော်တို့ ရခိုင်တွေက ပြည်ထောင်စုဆိုတာ ပြည်ထောင်တွေ ရှမ်းပြည်ထောင်၊ ကရင်ပြည်ထောင်၊ ကချင်ပြည်ထောင်၊ ရခိုင်ပြည်ထောင်တွေ ဖြစ်တယ်။ ပြည်ထောင်တခုဆိုတာဟာ လူမျိုးတခုချင်းစီရဲ့ တိုင်းပြည် ဖြစ်တယ်။ ဒါ့ကြောင့် ကျနော်တို့က ရခိုင်တိုင်းပြည်ဆိုပြီး ပြောဆိုခြင်း ဖြစ်တယ်။

နောက်တခုကတော့ ရခိုင်နိုင်ငံဆိုတဲ့ အနေအထားက ကျနော်တို့ ရခိုင်တိုင်းပြည်ဆိုတာက မဂိုအင်ပါယာတို့ ထိုင်းနိုင်ငံ၊ ဗမာနိုင်ငံတွေနဲ့ နှစ်ထောင်ချီပြီး ခေတ်ပြိုင်နိုင်ငံတခုဖြစ်တယ်။ ပါရှားတို့ ဘာတို့ဆိုတာလည်း ကျနော်တို့ ကုန်သွယ်ဘက် နိုင်ငံတွေ ဖြစ်တယ်။ ရခိုင်တွေအတွက်ဆိုရင် ဒီအသုံးအနှုန်းကတော့ သိပ်ပြီး စိမ်းကားတဲ့ အသုံးအနှုန်း မဟုတ်ပါဘူး။ကျနော်တို့ အမြဲတမ်း ပြောဆိုကြပါတယ်။ ငါတို့အဖိုးအဖီးတွေ ဒီကမ္ဘာမြေပြင်ထက်မှာ ဂုဏ်သိက္ခာရှိစွာနဲ့ လွတ်လပ်တဲ့ ရခိုင်လူမျိုးတမျိုး ဖြစ်ခဲ့တာကို ကျနော်တို့ အမြဲတမ်း တမ်းတပြီးမှ ပြောဆို ကြတဲ့ အသုံးအနှုန်းက ရခိုင်လူ့အဖွဲ့အစည်းထဲမှာ အဆန်းတော့ မဟုတ်ပါဘူး။ ဆိုတော့ လူကြီးသူမ တွေ ဆုံးမရင်တောင်မှ ငါတို့က ညံ့ခဲ့လို့ သူများတွေက နိုင်ငံနဲ့ နေတဲ့အချိန်မှာ ငါတို့က နှစ်ပေါင်း ၇၀ ကျော် ပြည်ထောင်စုထဲမှာ သူများလက်အောက်မှာ နေရတယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ ယူဆချက်တွေ ခံစားချက်တွေ ကျနော်တို့မှာ ရှိပါတယ်။ ကျနော်တို့က ရခိုင်လူမျိုးကို ပြည်ထောင်စုထဲမှာ နေရင် လူမျိုးကြီး တခုရဲ့ အောက်မှာ အဖိနှိပ်ခံရတာမျိုး မဟုတ်ပဲ တန်းတူ ပြဌာန်းခွင့်နဲ့ မျှမျှတတနေရမယ်။

နောက်တခုက လွတ်မြောက်ဖို့ ဆိုတဲ့ စကားလုံးက ဘာကြောင့်ပြောလည်းဆိုတော့ လူမျိုးတမျိုးက ကိုယ့်ကံကြမ္မာကို ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်အနာဂတ်ကို ပုံဖော်ထုုဆစ်မယ်ဆိုရင်တော့ သူဟာ သူများ နှာခေါင်းနဲ့ အသက်ရှုလို့ မဖြစ်ဘူး။ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်ရပ်တည်နိုင်ရမယ်။ သူများကို အားကိုးရင် ကျနော်တို့ရဲ့အမျိုးသား လုံခြုံရေး၊ အနာဂတ် ကံတရားတွေဟာ ကျနော်တို့ မပိုင်ဆိုင်တော့ဘူး။ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ့်လက်နဲ့ ထုဆစ်ဖို့ ခွန်အားလိုတယ်။ ကိုယ်ပိုင်ရပ်တည်နိုင်မယ့် စွမ်းအားတွေ လိုတယ်။ ကျနော်တို့ လူမျိုးကို ကျနော်တို့ အနေနဲ့ ဖြစ်ချင်တဲ့ အနာဂတ်ကို ချဉ်းကပ်တဲ့ တိုက်တွန်း စကားတွေ ဖြစ်ပါတယ်။

မေး ။ ။ AA ရဲ့ နိုင်ငံရေး ရည်မှန်းချက်က ဘာလဲဆိုတာ ထပ်မေးချင်ပါတယ်။ FPNCC က ရေးသားထားတဲ့ မူကြမ်း တွေမှာ တချို့မူတွေက အစိုးရက ဆွေးနွေးပေးမယ်လို့ ပြောထားတဲ့ ဖက်ဒရယ်မူထက် မြင့်နေတဲ့ ကွန်ဖက်ဒရိတ် အခြေအနေထိ ရှိတာတွေ တွေ့နေရတယ်။ ဒါကြောင့် နိုင်ငံရေးရည်မှန်းချက်က ဘယ်လို လည်း ဆိုတာ ရှင်းပြပေးပါ။

ဖြေ ။ ။ ကျနော်တို့ကတော့ ပုံသေနဲ့ ကပ်သီးကပ်သတ်ပြောဆိုချက်တော့ မဟုတ်ပါဘူး။ ပြည်ထောင်စု မှာ ပြည်ထောင်တခုချင်းစီက လူမျိုးတွေရဲ့ စိတ်ကျေနပ်မှုနဲ့ တန်းတူအခွင့်အရေး ရတယ်ဆိုတဲ့ ပြသမှုကို ခံစားရတဲ့ အဆင့်အတန်းပေါ့ ။ အဲဒါကို ရရှိဖို့ ကျနော်တို့ ကောင်းကောင်းမွန်မွန် နိုင်ငံရေးအရ စစ်မတိုက် ပဲ ညှိနှိုင်းသွားတာတော့ အကောင်းဆုံးပါပဲ ။ Confederation လို့ပဲ ပြောပြောပေါ့။ လူမျိုးတခုချင်းစီမှာ သူ့ရဲ့ အနေအထားအလိုက် လိုလားချက်တွေဆိုတာ ရှိကြပါတယ်။ အဲဒါကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပြီး အဖြေရှာတာတော့ ပိုကောင်းမယ်။

ကျနော်တို့ FPNCC က တင်ထားတဲ့ အထွေထွေ လိုလားချက်တွေ တောင်းဆိုချက်တွေကို ကိုယ်တိုင် သဘာတူညီမှုနဲ့ အတည်ပြု ထားကြ တာ ဖြစ်ပါတယ်။ အဲဒီအပေါ်မှာပဲ ချဉ်းကပ်ပြီး ကြိုးစားသွားဖို့ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ လိပ်ခဲ တည်းလည်း အခုထက်ထိ ဘယ်အချိန်ကို ပီပြင်အောင် ဆွေးနွေးပြီး ဘယ်အချိန်မှာ ဆုံးဖြတ်ရမယ်ဆိုတာ မသိသေးဘူး။ တခြားအဖွဲ့တွေနဲ့ မဆိုင်ပါဘူး။ ကျနော့်ဘက်ကတော့ ဒါမျိုး အနေအထား ကြာလာလေလေ ကိုယ့်ပြည်နယ်ရဲ့ အနေအထားနဲ့ လုံခြုံရေးက ပိုပြီး ခြိမ်းခြောက် ခံနေရ လေလေ ဆိုတော့ ဒီဟာမဖြစ်လာ ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာ စိုးရိမ်သောကနဲ့ စဉ်းစားချက်တွေတော့ ကျနော်တို့မှာ ရှိကြပါတယ်။

မေး ။ ။ ဒီဇင်ဘာ ၆ ရက်မိန့်ခွန်းမှာ လူမျိုးစုနာမည်တွေကို ခေါ်ပြီး ပြောဆိုသုံးနှုန်းထားတာမှုတွေက ဒီမိန့်ခွန်းက လူမျိုးစု တခုနဲ့ တခုကြားမှာ မပြေလည်မှုတွေ ဖြစ်စေနိုင်မယ်လို့ မထင်ဘူးလား။ တချို့စကားလုံး တွေက အမုန်းစကားတွေ ဖြစ်စေတယ်လို့ ဝေဖန်မှုတွေ ရှိနေတဲ့ အပေါ်မှာရော ဘယ်လို ပြောချင် ပါသလဲ ။

ဖြေ ။ ။ ဒီလို ပြောဆိုမှုတွေက အနာဟောင်းကို တုတ်နဲ့ဆွသလိုမျိုးတော့ ဖြစ်တာပေါ့ဗျာ။ ကျနော်တို့ သဘောကတော့ ကျနော်တို့က အခုချိန်မှာ လွတ်လပ်ရေး အချုပ်အခြာအာဏာ ဆုံးရှုံးသွားတဲ့ လူမျိုး တခု ဖြစ်တယ်။ ဥပမာ ဒီဇင်ဘာလကုန်တိုင်းမှာ ကျနော်တို့ ရခိုင်လူမျိုးတွေ နိုင်ငံဆုံးရှုံးမှုအတွက် ပူဆွေးတဲ့ ကာလဖြစ်တယ်။ ကျနော်တို့မှာ ဒဏ်ရာဟောင်းတွေ ရှိတယ်။ ဒီဒဏ်ရာဟောင်းတွေကို ကုစားဖို့ ဆိုရင် ထိုးစစ်တွေနဲ့ ကုစားလို့ မရဘူး။ ကျနော်တို့ရဲ့ အနာဂတ်ကို အာမခံချက် ပေးနိုင်တဲ့ နည်းလမ်းတွေ ပြီးရင် ဒဏ်ရာတွေကို ပိုပြီးသက်သာဖို့ နည်းလမ်းတွေ နိုင်ငံရေးနဲ့ အဖြေရှာမယ့် နည်းလမ်းတွေနဲ့ ချဉ်းကပ်ရမယ်။ ကျနော်တို့က အကုန်လုံးကိုလည်း ဆုံးရှုံးထားတယ်။ ထိုးစစ်ကိုလည်း ရင်ဆိုင်နေရတယ်ဆိုတော့ ဒါဟာ ကောင်းမွန်တဲ့ ဟာတော့ မဟုတ်ဘူး။

နောက်တခုက ကျနော်တို့က တိုင်းရင်းသားဆိုတဲ့ စကားအသုံးအနှုန်းကိုတောင် ကျနော်တို့အတွက် ထူးဆန်းသလို ဖြစ်တယ်။ ကျနော်ငယ်ငယ်တုန်းကနေ ၁၀ တန်းအောင်တဲ့ထိ ရခိုင်ကို တိုင်းရင်းသားလို့ ခေါ်တာ သိပ်မကြားဖူးဘူး။ ကျနော်တို့က ရခိုင်အမျိုးသား၊ ရခိုင်လူမျိုးလို့ပဲ အမြဲတမ်း ခံယူတယ်။ အခု ရခိုင် တိုင်းရင်းသားလို့ ခေါ်တာကို ကျနော် နည်းနည်း နားခါးတယ်။ ခါးတယ်ဆိုတာ ကျနော်တို့ဟာ အုပ်ချုပ်ခံ လူမျိုးစုလေး တစုအဖြစ် တကယ်ပဲ ဖြစ်သွားပြီလား။ နှစ်ပေါင်း ၂၀၀၀၊ ၃၀၀၀ လောက် ရှည်လျားတဲ့ သမိုင်း နဲ့ နိုင်ငံတော်ကို ပိုင်ဆိုင်တဲ့ လူမျိုး တမျိုးက ဒီပြည်ထောင်စုထဲမှာ ကျနော်တို့က သေးသိမ်သွားပြီလား ဆို တဲ့ မေးခွန်းတွေ ကျနော်တို့ ရင်ထဲမှာ အမြဲတမ်းပြည့်နေတယ်။ ပြည်ထောင်စုထဲမှာ တန်းတူအခွင့်အရေး နဲ့ အတူနေထိုင်တယ်ဆိုရင် ကျနော်တို့က ရခိုင်အမျိုးသားအဖြစ်နဲ့ပဲ နေပါမယ်။

မေး ။ ။ FPNCC နဲ့ အစိုးရ ညှိနှိုင်းမှု အခြေအနေ ဘယ်လို ရှိလဲ ။

ဖြေ ။ ။ FPNCC နဲ့အစိုးရက လက်ရှိမှာ ညှိနှိုင်းမှုတော့ လောလောဆယ် ရပ်တန့်နေတယ်လို့ ပြောရမယ်။ သိပ်ပြီးမှ မရှိဘူး။ တရုတ်ဘက်ကနေ တတိယပင်လုံအတွက် ကြိုးစားတာပေါ့လေ။ တတိယ ပင်လုံအတွက် တိုက်တွန်းသလိုမျိုး ပြောတာ စကားပါးတာတွေတော့ ကြားနေရပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က အခုလိုမျိုး ထိုးစစ်တွေ ကြားထဲမှာ ရေရာတဲ့ သဘောထားတွေတော့ မရှိသေးပါဘူး။

မေး ။ ။ တရုတ်ကိုယ်စားလှယ်နဲ့ရော ဒီလထဲ FPNCC တို့ တွေ့ဖြစ်သေးလား ။

ဖြေ ။ ။ ဒီကြားထဲမှာတော့ မရှိသေးပါဘူး။ ကျနော်တို့ဘက်ကလည်း အချင်းချင်းကြားမှာတော့ ညှိနေတာ ရှိတယ်။ တရုတ်နဲ့ တွေ့တာတော့ ဒီလထဲမှာ မရှိသေးပါဘူး။

မေး ။ ။ အစိုးရနဲ့ တပ်မတော်တို့က ဝ၊ မိုင်းလားတို့ကနေ တဆင့် ချဉ်းကပ်ပြီး FPNCC အခြားအဖွဲ့ဝင်တွေ ကို အလွတ်သဘောတွေ့တာတွေရော ရှိပါသလား။

ဖြေ ။ ။ ဝ နဲ့ မိုင်းလားဘက်မှာတော့ ရှိခဲ့တယ်လို့ ကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း ဒီဘက်ကလည်း FPNCC ရဲ့ မူအတိုင်းပဲ စည်းစည်းလုံးလုံးနဲ့ ဆက်ကြိုးစားဖို့ အကြောင်းပြန်ခဲ့တယ်ဆိုပြီးမှ ဝ အဖွဲ့အစည်းက ကျနော်တို့ကို အကြောင်းပြန်ကြားခဲ့တာ ရှိပါတယ်။

မေး ။ ။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားရသလား။

ဖြေ ။ ။ ကျနော်တို့ ဒီအစိုးရ တက်မလာခင်တုန်းက ဒီထက်ပိုပြီး မျှော်လင့်ခဲ့တယ်။ အခုအခြေအနေမှာ ကျနော်တို့ အားမရဖြစ်တာ ရှိတယ်။ လက်ရှိအစိုးရရဲ့ အခက်အခဲကိုလည်း ကျနော်တို့ သဘောတော့ ပေါက်ပါတယ်။ သူ့ရဲ့ အခြေအနေ၊ အခြေခံဥပဒေပိုင်းဆိုင်ရာ အတင်းအကျပ်ထဲ ရောက်နေတာ ကိုလည်း ကျနော်တို့ သဘောပေါက်တယ်။ သူ့ရဲ့ အတွေ့အကြုံနဲ့ လူ့အရင်းအမြစ် အခက်အခဲတွေကို လည်း ကျနော်တို့ နားလည်တယ်။ ဒီထက်ပိုပြီးမှ နည်းနည်းပို အရဲစွန့်ပြီး ရှေ့ကို တွန်းရင်တော့ အရွေ့ တခုခု ကိုတော့ ရောက်မယ်ထင်တယ်။ ဒီလိုပုံစံမျိုးနဲ့ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အခုဆိုရင် အရင် စစ်အာဏာရှင်လက်ထက်က စစ်တိုက်ချင်တဲ့ ဗိုလ်မှူးဟောင်း၊ ဗိုလ်ချုပ်ဟောင်းတွေကို ငြိမ်းချမ်းရေး တာဝန်တွေမှာ တာဝန်ကြီးတွေကို ပြောင်းပေးလာတာတွေ တွေ့တယ်။ အဲဒါက ဘာနဲ့တူသလဲ ဆိုရင် ကြက်ခြံကို မြေခွေးစောင့်ခိုင်းသလို ဖြစ်နေသလားလို့လေ။

ငြိမ်းချမ်းရေးဖော်ဆောင်မယ့် အချိန်မှာ စစ်တိုက် ချင်တဲ့သူတွေကို ရှေ့တန်းတင်ပြီး ငြိမ်းချမ်းရေး လုပ်ခိုင်းတာက နည်းနည်းများ လွဲချော်နေတယ်လို့ ကျနော် တို့ စိုးရိမ်မိတယ်။

မေး ။ ။ ဒီအစိုးရသက်တမ်းအတွင်းမှာ AA အပါအဝင် FPNCC က အဖွဲ့တွေ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့ လမ်းကြောင်းပေါ်ကို စတတ်နိုင်မယ်လို့ မျှော်လင့်ထားလား။

ဖြေ ။ ။ ကျနော်တို့လည်း အဲဒါပဲ စဉ်းစားနေတာ။ ကျနော်တို့တွေ ဘက် ကတော့ နိုင်ငံရေးပြဿနာကို ပြေပြေလည်လည်ဖြေရှင်းဖို့က အရေးကြီးဆုံးပဲလို့ မြင်ထားတယ်။ အဲဒီအချိန် မှာ ကျတော့ သူတို့ဘက်က အကြောင်းအမျိုးမျိုးပြပြီးမှ အချိန်တွေ ကြန့်ကြာနေတော့ တော်တော်လေး ပြောရခက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading