မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာဖြစ်သည့် ရန်ကုန်မြို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ပထမဆုံး ပြုလုပ်ခဲ့သော ကြီးမားသည့် ပြုပြင်ပြောင်းလဲရေးများထဲမှ တခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသောYangon Bus System (YBS) ဟု သိကြသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ်တခုက နောက်လတွင် ၁ နှစ် ပြည့်တော့မည် ဖြစ်သည်။
စနစ်သစ်က ရန်ကုန်မြို့၏ ဘတ်စ်ကားဝန်ဆောင်မှု အဟောင်းဖြစ်သည့် မ.ထ.သ ဟုလည်း သိကြသော ရန်ကုန် မော် တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ၏ နေရာတွင် အစားထိုးရန် ရည်ရွယ်ခဲ့သည်။ မ.ထ.သ သည် ၎င်း၏ ယာဉ်အို ယာဉ်ဟောင်းများ၊ စည်းကမ်းမလိုက်နာသည့် ယာဉ်မောင်းများနှင့် သူတို့၏ ဝန်ဆောင်မှုအပေါ် စောဒကတက် သည့် ခရီးသည်များကို နှုတ်အားဖြင့်လည်းကောင်း ကိုယ်ထိလက်ရောက်သော်လည်းကောင်း စိန်ခေါ်တတ်သည်ဟု သိ ကြသောယာဉ်နောက်လိုက်များကြောင့် နာမည်ပျက်ခဲ့ရသည်။
ရန်ကုန်တိုင်းအစိုးရ၏ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ စောင့်ရှောက်မှုကို ရရှိသောYBS ကို မြို့တော်မှ ခရီးသွားများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။ YBS က အစပိုင်းတွင် အဆင်မပြေမှုများ ရှိခဲ့သည့်တိုင် မ.ထ.သ ၏ ညံ့ဖျင်းသော ဝန်ဆောင်မှုကို စိတ်ပျက် နေကြသည့် ခရီးသွားပြည်သူများက ကြိုဆိုခဲ့ကြသည်။ YBS ၏ အစောပိုင်းရက်များတွင် ယာဉ်လမ်းကြောင်းများ၌ ဘတ်စ်ကားအရေအတွက် နည်းပါးခြင်းကြောင့် မှတ်တိုင်များတွင် လူများ အလွန်အကျွံ စုပုံနေခြင်းများ ကြုံတွေ့ခဲ့ ရသည်။ စီမံခန့်ခွဲမှု အားနည်းခဲ့သည့်အတွက် ပထမဆုံးနေ့တွင် စတင်ပြေးဆွဲရန် စီစဉ်ထားသည့် ဘတ်စ်ကားအချို့ အသင့် မဖြစ်ခဲ့သောကြောင့် ဖြစ်ပါသည်။
၁၂ လ နီးပါးကြာမြင့်သည့် အခါ အသစ်တင်သွင်းထားသော အဝါရောင်နှင့် အနီရောင် ဘတ်စ်ကားများက ရန်ကုန်မြို့၏ စည်ကားသော လမ်းမများပေါ်တွင် ပုံမှန်ပြေးဆွဲနေကြခြင်းနှင့် အတူ တိုင်းအစိုးရက စနစ်သစ်တခုကို အောင်မြင်အောင် လုပ်ရန် ပိုင်းဖြတ်ထားသည့် အသွင်ရှိသည်။
YBS ကို ပဲ့ကိုင်နေသူမှာ ၎င်း၏ အမှုဆောင် အရာရှိချုပ် ဦးစောဘိုဘို ဖြစ်သည်။ Citi နှင့် KBZ ဘဏ်များတွင် တာဝန် ထမ်းဆောင်ခဲ့သည့် အသက် ၃၅ နှစ်အရွယ် ဦးစောဘိုဘိုက နိုင်ငံတကာ စီးပွားရေး လုပ်ငန်းအတွေ့အကြုံ ၁၀ နှစ်ကျော် ရှိသူ ဖြစ်သည်။ Citi bank တွင် တာဝန်ထမ်းဆောင်စဉ်က ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အတိုးနှုန်းကို အကဲဖြတ်ရသည့် သူ့အလုပ်၏ တစိတ်တပိုင်း အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးများနှင့် အနီးကပ် ရှိခဲ့သူဖြစ်သည်။
သူကျွမ်းကျင်သည့် နေရာများထဲမှ တခုမှာ ကုမ္ပဏီများပေါင်းစပ်ခြင်းနှင့် ဝယ်ယူခြင်း ဖြစ်သည်။ ကုမ္ပဏီများ ပေါင်းစည်းခြင်း နှင့် ပေါင်းစည်းခြင်းက လုပ်ငန်းသစ်ရေရှည် ရပ်တည်ဖွံ့ဖြိုးနိုင်ရန် အထောက် အကူ ဖြစ်စေမည့် ပိုမိုများပြားသည့် အကျိုုး အမြတ်များ ဖော်ဆောင်ခြင်း ပါဝင်သည့် စီမံခန့်ခွဲရေးဗျူဟာ ကဏ္ဍတခု ဖြစ်သည့်အတွက် ဦးစောဘိုဘိုသည် အစိုးရ ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသော အများပိုင် ကုမ္ပဏီ ဖြစ်သည့် YBS အတွက် သင့်တော်သော ရွေးချယ်မှု တခု ဖြစ်လာသည်။
YBS တနှစ် မပြည့်မီ အချိန်တွင် ဦးစောဘိုဘိုက မြို့တော်တွင် နေ့စဉ် ခရီးသွားပြည်သူ ၂.၅ သန်းက လက်ရှိ အသုံးပြုနေသည့် ဘတ်စ်ကားစနစ်နှင့် ပတ်သက်သော ဧရာဝတီ၏ မေးခွန်းများကို ဖြေကြားပေးခဲ့ပါသည်။
မေး ။ ။ YBS ရဲ့ လက်ရှိအခြေအနေကိုဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ ။ ။ မြင်သာထင်သာအရှိဆုံးကတော့ ခရီးသွားပြည်သူတွေက ဘတ်စ်ကားသစ်တွေကို သဘောကျနေပါတယ်။ ကျနော်တို့ရဲ့ ဘတ်စ်ကားခ (တယောက်ကို ၂၀၀ကျပ်) ကလည်း ကမ္ဘာပေါ်မှာ ဈေးအချိုဆုံးလို့ ပြောလို့ရပါတယ်။ အစိုးရက ဘတ်စ်ကားသစ် ၁၀၀၀ တင်သွင်းပြီးပါပြီ။ နောက်နှစ်ထဲမှာနောက်ထပ် အစီး ၁၀၀၀ လိုင်းထဲကို ဝင်လာပါလိမ့်မယ်။ ကျနော်တို့ကကျနော်တို့ရဲ့ စည်းကမ်းကို ချိုးဖောက်တဲ့သူတွေ (ယာဉ်မောင်းတွေ၊ ယာဉ်ပိုင်ရှင်တွေ၊ အော်ပရေတာတွေ) ကိုလည်း အလေးအနက် အရေးယူနေပါတယ်။
ကျနော်တို့က တိုင်ကြားဖို့အတွက် လမ်းကြောင်းအမျိုးမျိုး (ဆိုရှယ်မီဒီယာ၊ call center နဲ့ မိုဘိုင်းအပလီကေးရှင်း) ဖွင့်ပေးထားတဲ့ အတွက် ခရီးသည်တွေ အနေနဲ့ အရင်ကထက်စာရင် တိုင်ကြားဖို့ အများကြီး ပိုမိုလွယ်ကူလာပါပြီ။ ရလဒ်အနေနဲ့ ကျနော်တို့ တိုင်စာ ၅၀၀၀ လောက်ရခဲ့ပါတယ်။ ကျနော်တို့ရဲ့ ခရီးသည်တွေ စိတ် မပျက်ရအောင် အဲဒီ တိုင် ကြားမှုတွေကို လိုအပ်ရင်လိုအပ်သလို ချက်ချင်း အရေးယူ ဆောင်ရွက်ပေးပါတယ်။ မိုဘိုင်းအဖွဲ့ ကလည်း ဘတ်စ်ကား အော်ပရေတာတွေ စည်းကမ်းတွေ လိုက်နာခြင်းရှိ/မရှိစစ်ဆေးဖို့ ဆောင်ရွက်နေပါပြီ။
မေး ။ ။ YBS ရဲ့ လက်အောက်မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားဘယ်လောက် ရှိပါသလဲ။ ဒီစနစ်မှာ အစိုးရက ငွေကြေး ဘယ်လို ရင်းနှီးမြှုပ်နှံသလဲဆိုတာရှင်းပြပေးပါ။
ဖြေ ။ ။ အခုအချိန်အထိ ယာဉ်လိုင်း ၉၅ ခုရှိပါတယ်။ အစိုးရက အတည်ပြုထားတဲ့ ဘတ်စ်ကား အရေအတွက်ကတော့ ၃၀၀၀ နီးပါး ရှိပါတယ်။ YBS ရဲ့ လက်အောက်မှာကုမ္ပဏီ ၁၅ ခုနဲ့ အော်ပရေတာ ၁၇ ဦးရှိပါတယ်။ ရန်ကုန်တိုင်း အစိုးရက လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုရဲ့ ၈၀ ရာခိုင်နှုန်း သို့မဟုတ် Yangon Urban Public Transportation Public Co., Ltd (YUPT) နဲ့ Yangon Bus Public Co., Ltd. (YBPC) ကုမ္ပဏီတွေက နေတဆင့် တခုကို ကျပ်ငွေ ၃၅ ဘီလီယံစီ ထောက်ပံ့ခဲ့ပါ တယ်။
ကုမ္ပဏီတခုကို ၅၀၀ စီနဲ့ ကျနော်တို့က အဝါရောင် ဘတ်စ်ကား ၁၀၀၀ ကို တရုတ်နိုင်ငံကနေ တင်သွင်းတာက အမေရိကန်ဒေါ်လာ ၅၆ သန်းကျပါတယ်။ လက်ရှိအချိန်မှာကုမ္ပဏီ ၂ ခုကဘတ်စ်ကား ၇၀၀ ပြေးဆွဲနေပါတယ်။ နောက်ထပ် ၃၀၀ က မကြာခင် လမ်းပေါ်ရောက်လာမှာ ဖြစ်ပါတယ်။
မေး ။ ။ ဘာဖြစ်လို့ တရုတ်နိုင်ငံကဝယ်တာပါလဲ။ အဲဒီကားတွေက နိုင်ငံတကာ ပြိုင်ဖက်တွေရဲ့ ဈေးရဲ့ တဝက်လောက် ပဲရှိတယ်။ သူတို့တွေက ကျသွားလိမ့်မယ်၊ နိုင်ငံတကာစံချိန်မီယာဉ်တွေထက် ပိုစောပြီးအစားထိုးဖို့ လိုလာလိမ့်မယ်လို့ ဝေဖန် တာတွေ ရှိခဲ့ပါတယ်။
ဖြေ ။ ။ မဝယ်ခင် ကျနော်တို့ အားလုံးခြုံငုံပြီး စဉ်းစားခဲ့ရပါတယ်။ ဈေးကွာခြားတာမှန်ပါတယ်။ တဖက်မှာတော့ ကျနော် တို့ ဘယ်လောက်အထိ ရင်းနှီးမြှုပ်နှံနိုင်မလဲ၊ ဘတ်စ်ကား အရေအတွက် ဘယ်လောက်လိုသလဲ ဆိုတာကိုလည်း ကျနော် တို့ စဉ်းစားခဲ့ရပါတယ်။ သူတို့တွေ မကြာခင် ကျသွားမလားဆိုတာက လမ်းအခြေအနေနဲ့ ပြုပြင်ထိန်းသိမ်းမှု ပေါ်မှာလည်း တည်ပါတယ်။ တကယ်လို့ ကျနော်တို့က နောက် ၅ နှစ် သို့မဟုတ် ၆ နှစ်မှာ အရင်းကြေမယ်ဆိုရင် နောက်ထပ် ၄ နှစ် လောက်မှာ အသားတင် အမြတ်ရအောင်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီဘတ်စ်ကားတွေနဲ့ ရေရှည်စီးပွားရေးတခုကျနော်တို့ ရမယ်လို့ ထင်ပါတယ်။
မေး ။ ။ အရင် အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးကလည်း YBS အော်ပရေတာ တယောက် ဖြစ်နေတယ်။ နောက် ထပ် စီးပွားရေးလုပ်ငန်းရှင် တယောက် ဖြစ်တဲ့ Max Myanmar က ဦးဇော်ဇော်ကလည်း ပါဝင်လာတော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ သူတို့ရဲ့ ပါဝင် ပတ်သက်မှုကိုရှင်းပြပေးနိုင်မလား။
ဖြေ ။ ။ ဦးကျော်နေဝင်းရဲ့ Omni Focus ကုမ္ပဏီက အနီရောင် ဘတ်စ်ကား ၅၀၀ ပြေးဆွဲဖို့ လျှောက်ထားခဲ့ပါတယ်။ အခုအချိန် အထိသူတို့ ကုမ္ပဏီကပိုင်တဲ့ ဘတ်စ်ကား ၁၀၀ ကျော် ပြေးဆွဲနေပါပြီ။ Max Myanmar က Power Eleven ကုမ္ပဏီနဲ့ ပူးပေါင်းပြီး “လူထုမိတ်ဆွေ” အမည်နဲ့ လုပ်ကိုင်ပါလိမ့်မယ်။ သူတို့ကမကြာခင် ဘတ်စ်ကားအနီရောင် ၅၀၀ နဲ့ ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။
မေး ။ ။ YBS ရင်ဆိုင်နေရတဲ့ အခက်အခဲတွေက ဘာတွေပါလဲ။
ဖြေ။ ။ ဘတ်စ် အော်ပရေတာတွေက အခုချိန်အထိ လုပ်ငန်းစရိတ်ကို မစီမံမခန့်ခွဲနိုင်သေးဘူး။ ရတဲ့ ငွေရဲ့ ၇၅ ရာခိုင် နှုန်းလောက်က ကုန်ကျစရိတ်ထဲကို သွားနေတော့ သူတို့ရဲ့ အမြတ်အစွန်းအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ တကယ်လို့ ကျနော်တို့က လုပ်ငန်းလည်ပတ်မှုကို ထိရောက်အောင် မြှင့်တင်နိုင်ခဲ့ရင် အဲဒါ အဆင်ပြေသွားပါလိမ့်မယ်။ တိုင်းဝန်ကြီးချုပ် ရဲ့ လမ်းညွှန်မှုနဲ့ အော်ပရေတာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒီပြဿနာကို ကျော်လွန်နိုင်ပါ လိမ့်မယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် က YBS နဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက်ပေးသလား။
ဖြေ။ ။ ဒီဇင်ဘာ၁၅ ရက်က ကရင်နှစ်သစ်ကူးနေ့ အခန်းအနားမှာ ကျနော်သူနဲ့ တွေ့ခဲ့ပါတယ်။ သူ (ဒေါ်အောင်ဆန်းစုကြည်) က YBS ကိုအောင် မြင်အောင် လုပ်ဖို့ ပြောတယ်။ ဒီစနစ်က အောက်ခြေအဆင့်က အများဆုံးဖြစ်တဲ့ ခရီးသွားပြည်သူ ၂.၅ သန်းအတွက် ဖြစ် တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်းအားလုံးက အောင်မြင်မှုရတာကို မြင်ချင်ကြပါတယ်။
မေး ။ ။ YBS က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်ဖွဲ့ (YRTA) ရဲ့ လက်အောက်မှာရှိပါတယ်။ YRTA ဥပဒေတခု ရေးဆွဲနေတယ်လို့ သိရပါတယ်။ နောက်ဆုံးအခြေ အနေကို သိပါရစေ။
ဖြေ။ ။ ဟုတ်ပါတယ်။ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နဲ့ အာရှဖွံဖြိုးရေးဘဏ် (ADB) တို့ရဲ့ တခြား နိုင်ငံတွေမှာ အသုံးပြုနေတဲ့ ပုံစံတွေ ပေါ်မှာ အခြေခံပြီးပံ့ပိုးပေးမှုတွေနဲ့ ဆောင်ရွက်နေပါတယ်။ အဲဒီမှာအဖွဲ့ အစည်း တည်ဆောက်ပုံတွေ၊ အခန်းကဏ္ဍတွေနဲ့ တာဝန်တွေ အသေးစိတ်ပါဝင်တဲ့ အတွက် ရန်ကုန်ရဲ့ သယ်ယူပို့ဆောင် ရေးက အနာဂါတ်မှာ ကိုယ့်ဖာသာရေရှည်ရပ်တည်နိုင်ဖို့ အခြေခံအုတ်မြစ်ချပေးပါလိမ့်မယ်။ ဥပမာ YBS အတွက်ဆိုရင် လုပ်ငန်း အတိုင်းအတာတွေနဲ့ အော်ပရေတာတွေ အတွက် ကန်ထရိုက်စာချုပ် စည်းကမ်းတွေနဲ့ ပတ်သက်ရင် ပိုပြီးစနစ် ကျတဲ့ ချဉ်းကပ်မှုတခု ဖြစ်အောင် အဲဒီဥပဒေက အထောက်အကူ ပေးပါလိမ့်မယ်။
မေး ။ ။ ဥပဒေမရှိဘဲ လက်ရှိမှာ လုပ်ငန်းဆောင်ရွက်နေတာက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ YRTA ကိုရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဦးဆောင်ပါတယ်။ ဥက္ကဌက လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်ပါ။ YBS မူဝါဒတွေနဲ့ ပတ်သက်ရင် သူတို့က YRTA အစည်း အဝေးတွေမှာ ဆွေးနွေးပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ထောက်ခံအတည်ပြုချက်နဲ့ အကောင်အထည်ဖော်ပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Despite High Operating Costs, CEO of Yangon’s New Bus System Remains Optimistic ကို ဘာသာပြန်သည်။)