“အားလုံး ပေါင်းစပ်မှ အဖြေရှာလို့ရမယ်”

ချစ်မင်းထွန်း
NSCN-K ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင် ဦးကျော်ဝမ်းစိန် / သက်ထွန်းနိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)ရုံးတွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်(PC)နှင့် နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K)မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကေ်ာမတီဥက္ကဋ္ဌ ဦးအန်ကန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ နယ်မြေ တည်ငြိမ်ရေးအပေါ် ဆွေးနွေးခဲ့ရာ NSCN-K  လုပ်ဆောင်နေသော နိုင်ငံရေး အခြေအနေများကို NSCN-K ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင် ဦးကျော်ဝမ်းစိန်အား ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားပါသည်။

မေး ။      ။ အစိုးရဘက်က ဆရာတို့ကို NCA လက်မှတ်ထိုးဖို့ ကမ်းလှမ်းထားတာ ရှိတယ်ပေါ့နော်။ဆရာတို့ ဘက်ကလည်း လက်မှတ်ထိုးဖို့ အဆင်မပြေသေဘူးလို့လည်း သိရတယ်။ အဲဒါ ဘယ်လိုအကြောင်းအရာတွေ က ပိတ်ဆို့ တားဆီးမှုတွေ ဖြစ်နေတာလဲ။

ဖြေ ။       ။ ဟုတ်ကဲ့ ဒီကိစ္စနဲ့ပြောမယ်ဆိုရင်တော့ ပထမပိုင်းပေါ့။ ဒီမှာ လာတဲ့ အကြောင်းအရင်းက စမယ်ပေါ့။ အခု ဒီမှာ ကျနော်တို့ လာရတဲ့ အကြောင်းအရင်းက ကျနော်တို့ဘက်က စပြီးတော့မှ စတင်တာပေါ့။ သူတို့ (အစိုးရ) ဘက်ကနေပြီးတော့မှ အစည်းအဝေး လာခဲ့ပါလို့ ဖိတ်တာတော့ မဟုတ်ဘူးပေါ့။ ကျနော်တို့ကနေပြီး တော့မှ ကျနော်တို့ ငြိမ်းချမ်းရေးကော်မရှင်(PC)နဲ့ နာဂငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကြားမှာပေါ့ ၁ နှစ် ကျော်လောက် အထိအတွေ့မရှိဘူး။ ဖုန်းနဲ့ အဆက်အသွယ်တော့ ရှိတာပေါ့။ ဒါပေမယ့် ဒီတိုင်း တိုက်ရိုက် တွေ့ဆုံတာတွေ မရှိတဲ့အခါကျတော့ ကျနော်တို့က သူတို့ဆီမှာ ခွင့်ယူတဲ့အခါမှာ ဒီဇင်ဘာ ၂၈ ရက်မှာ ချိန်းပေး တယ်။

ရက်ချိန်းပေးလို့ ကျနော်တို့လည်း ဒီမှာ ရောက်ရှိလာတယ်။ အဓိကတော့ ကျနော်တို့ဘက်က ဒေသရဲ့ အခြေအနေပေါ့။ ဆက်လက်ပြီးတော့မှ ငြိမ်းချမ်းအောင် ငြိမ်းချမ်းရေးကော်မရှင်(PC)နဲ့ လာဆွေးနွေးတာ ဖြစ် တယ်။ ဒီထဲမှာ NCA နဲ့ ပတ်သက်တဲ့ ကိစ္စကို အကြိမ်ကြိမ်ပါတာပေါ့။ NCA က Nationwide Ceasefire Agree ment ဖြစ်တယ်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့တော့ လုပ်သင့် လုပ်ထိုက်တဲ့ အဆင့်ဖြစ်တယ်။ သို့သော် လည်းပဲ နာဂလူမျိုးတွေရဲ့ နိုင်ငံရေး အခြေအနေအရတော့ NCA ဆိုတဲ့ အခြေအနေကို မပေးနိုင်ဘူး။ အဲဒီလိုဖြစ်တဲ့ အတွက်ကြောင့် NCA မှာ လက်မှတ် မရေးထိုးနိုင်တဲ့ အကြောင်းအရင်း တခုဖြစ်တယ်။

ဒီနေရာမှာ အဓိကမှာ ဘာက အဟန့်အတား ပိတ်ပင်တားဆီးမှု ဖြစ်သလဲလို့ မေးတဲ့ဟာက ဘယ်ကနေ စလဲဆိုရင် မြန်မာပြည်ဘက် နာဂနဲ့ အိန္ဒိယ ပြည်ဘက် နာဂပေါ့။ ဒီနှစ်ခုရဲ့ အကြားက နိုင်ငံရေး ပြဿနာဆိုတော့ တော်တော်လည်း ဆွေးနွေးရမယ်။ တော်တော် လုပ်ရမယ့် ကိစ္စဖြစ်တယ်။ ဒီ NCA ဆိုတဲ့ ကိစ္စက NCA ဆိုတာက မြန်မာနိုင်ငံရဲ့ NCA (တနိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်)ပဲ ဖြစ်တာကိုး။

ဆိုတော့ မြန်မာနိုင်ငံရဲ့ NCA ပဲ ရှိတာဖြစ်တဲ့အတွက် အိန္ဒိယဘက်က နာဂတွေအတွက် တပိုင်း ကျန်ထားရမယ့် ပြဿနာတွေ အများကြီး ရှိတယ်။ အဲဒီအတွက်ကြောင့် NCA ကို လက်မှတ် မရေးထိုးနိုင်ခြင်း ဖြစ်တာက အဲဒါ ကြောင့် ဖြစ်တယ်။

မေး ။      ။ အိန္ဒိယမှာ ရှိတဲ့ နာဂနဲ့ မြန်မာမှာ ရှိတဲ့ နာဂ အားလုံးကို လွှမ်းခြုံနိုင်တဲ့ စေ့စပ်ညှိနှိုင်းမှု လုပ်ပေး နိုင်မှ NCA လမ်းကြောင်းပေါ် ဝင်နိုင်မယ် ပြောဖူးတယ်။ နှစ်နိုင်ငံကြားထဲမှာ ဖြစ်နေတော့ အဲဒါက လက်တွေ့ အခြေ အနေနဲ့ ဖြစ်နိုင်ပါ့မလား။ ဘယ်လို ပုံစံမျိုး သုံးသပ်မိတာတွေ ရှိပါသလဲ။

ဖြေ ။      ။ ဒီကိစ္စကို ကျနော်တို့ ပြောရမယ်ဆိုရင်တော့ ဒီနေရာမှာ အရှေ့ဘက်(မြန်မာနိုင်ငံ)မှာရှိတဲ့ နာဂ အနောက်ဘက်(အိန္ဒိယနိုင်ငံ)မှာ ရှိတဲ့ နာဂပေါ့။ အိန္ဒိယနိုင်ငံမှာ ရှိတဲ့ နာဂ၊ မြန်မာပြည်မှာ ရှိတဲ့ နာဂ၊ ဒီနှစ်နိုင်ငံ မှာ ရှိတဲ့ နာဂကို လွှမ်းခြုံပြီးတော့မှ လုပ်ရမယ့် Ceasefire။ အဲဒီလိုဆိုရင်တော့ NCA တော့ မဟုတ်ဘူး။ NCA နဲ့ ဆိုရင် လမ်းကြောင်းကမမှန်ဘူး။ NCA ဆိုတာက နိုင်ငံ ၁ ခုရဲ့ အတိုင်းအတာနဲ့ သွားတဲ့ NCA ပဲ ဖြစ်တာကိုး။ ဆိုတော့ ဒီ NCA တခုနဲ့ မဟုတ်ပဲ။ အိန္ဒိယမှာ ရှိတဲ့ နာဂရော၊ မြန်မာမှာ ရှိတဲ့ နာဂရော အားလုံး လွှမ်းခြုံပြီး တော့မှ ဆွေးနွေးနိုင်တဲ့ ဖြစ်နိုင်တဲ့ အတိုင်းအတာတခု ရှိခဲ့မယ်ဆိုရင်တော့ ဒီနေရာမှာ ဒုတိယ နိုင်ငံ တွေ ပါရမှာပေါ့နော်။

အခုတော့ မရဘူး။ ဒါကို ကျနော်တို့ သိတယ်။ ဒါပေမယ့် နောက်နောင်မှာတော့ ရမယ်လို့ ကျနော်တို့ စဉ်းစား ထားတယ်။

မေး ။      ။ အိန္ဒိယမှာရှိတဲ့ နာဂနဲ့ မြန်မာမှာရှိတဲ့ နာဂကို တစုတစည်းထဲ ပေါင်းစည်းနိုင်မယ့် စေ့စပ် ညှိနှိုင်းမှု ဆိုတော့လေ ဘယ်လို ပုံစံမျိုး စေ့စပ် ညှိနှိုင်းမှုကို ဆရာတို့က မျှော်လင့်တာလဲ။

ဖြေ ။     ။ အဲဒါကတော့ နာဂရဲ့ နိုင်ငံရေး ဆိုတာက အိန္ဒိယနဲ့ မြန်မာ လွတ်လပ်ရေး မရခင် ကတည်းက ဒီနာဂ နိုင်ငံကြီးကလည်း စတင် တည်ထောင်ပြီးသား ဖြစ်နေတာဆိုတော့ အဲဒီကနေ လာခဲ့တဲ့ Process က ရှေးရှေး က Process ဖြစ်တယ်။ တကယ့် ရှည်လျားတဲ့ လမ်းခရီးကြီး ဖြစ်တာပေါ့။ အဲဒီလိုဆိုတော့ ဒီကာလအတွင်းမှာ အကျိုးအကြောင်း အားလုံး ဆက်စပ် ပေါင်းစပ်မှပဲ ဒီကိစ္စကို ကျနော်တို့ အဖြေရှာလို့ရမယ်။ ဒီဟာကို အဖြေရှာ နိုင်ဖို့ အရေးသည် အခု ကျနော်တို့ ၁ ယောက်၊ ၂ ယောက် ထိုင်ပြီးတော့မှ ဒီလို လုပ်လိုက်လို့ရတယ်။ ဒီလို ကိုင် လိုက်လို့ရတယ်ဆိုတဲ့ ပုံစံသဘောမျိုး လောက်နဲ့က ဒါမဖြစ်နိုင်ဘူး။

အဲဒီအတွက်ကြောင့်မလို့ ဒါတွေကို ကျနော်တို့ကလည်း ကောင်းကောင်းမွန်မွန် သေသေချာချာ စဉ်းစားရမှာ။ ပြောမယ်ဆိုရင်တော့ အခု အိန္ဒိယနဲ့ မြန်မာက ဘာဖြစ်သွားလဲဆိုတော့ ဟိုတုန်းက လုံးဝါးသင်္ခရွာမှာ အိမ်ကတော့ သူကြီးအိမ်ပေါ့။ အိမ်က တလုံးပဲ သို့သော် အဲဒီမှာ ကျောက်တိုင် စိုက်လိုက်တယ်။ ကျောက်တိုင် စိုက်လိုက်တဲ့ အခါကျတော့ အိမ်တခြမ်းက အိန္ဒိယဘက်ကျတယ်။ တခြမ်းက မြန်မာပြည်ထဲကျတယ်။

အဲဒီမှာ သူတို့ကလည်း ဘာပြန်လုပ်ထားလဲဆိုတော့ သော့က တချောင်းထဲပဲ တဘက်မှာ မီးတပ်ထားတယ်။ ဒီ မြန်မာပြည် ဘက်ကလာတဲ့ လူကျတော့ ဖွံ့ဖြိုးမှုက လက်လှမ်းမမီသေးတော့ မီးမဆွဲထားဘူး။ သဘောက အဲဒီလိုမျိုး ပုံစံပေါ့နော်။ သဘောက နာဂကို နှစ်ပိုင်းခြားလိုက်တဲ့အခါမှာ ဖြစ်လာတဲ့ ပြဿနာပေါ့နော်။ ဘာပဲဖြစ်ဖြစ် နာဂရဲ့ အခြေအနေ သမိုင်းနောက်ခံတွေ အားလုံး အိန္ဒိယကလည်း နားလည် သဘောပေါက်ရမယ်။ မြန်မာနိုင်ငံကလည်း နားလည်ရမယ်။ အဲဒီလိုဆိုရင်တော့ ဒီပြဿနာကို ဖြေရှင်းလို့ရပြီ။ နာဂ တခုတည်းအပေါ်မှာ တာဝန် မရှိဘူး။ မြန်မာနိုင်ငံပေါ်မှာလည်း တာဝန်ရှိတယ်။ အိန္ဒိယနိုင်ငံပေါ်မှာလည်း တာဝန်ရှိတယ်။ နာဂလူမျိုး အပေါ်မှာလည်း တာဝန်ရှိတယ်။ အဲဒီလို ကျနော်တို့ မြင်တယ်။

မေး ။       ။မြန်မာအစိုးရ၊ အိန္ဒိယအစိုးရ၊ ဆရာတို့ နာဂအဖွဲ့တွေ သုံးပွင့်ဆိုင် ဆွေးနွေးဖို့ မျှော်လင့် ထားတာပေါ့။ အဲဒီလိုဆို ဘယ်လိုပုံစံနဲ့ ဒီအပေါ် ချဉ်းကပ်နေတာတွေ ရှိသလဲ။

ဖြေ ။       ။ ဒီကိစ္စအပေါ် ကျနော်တို့ ချဉ်းကပ်ထားတာ၊ စီစဉ်နေတာတွေတော့ မရှိဘူး။ ဘာကြောင့်ဆိုတော့ အခုမှပဲ ကျနော်တို့ မြန်မာနိုင်ငံ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်တာ ၅ နှစ်ကျော်ကျော်လေးပဲ ရှိသေးတယ်။ အဲဒီတော့ ဒီကိစ္စတွေ အဆင့်ကို ရောက်ဖို့အရေးက တော်တော်လေး Peace ဖြစ်ရမယ်။ တကယ့် ပညာတတ် ပညာရှင်တွေလည်း အများကြီး ထွက်လာနိုင်ရမယ်။ ဒါမှလည်း နာဂနိုင်ငံရေး အခြေအနေကို ဖြေရှင်းလို့ရမယ်။

အခုလောလောဆယ်မှာ ကြည့်မယ်ဆိုရင် အိန္ဒိယဘက်မှာ ဆိုရင်တော့ သေနတ်ကွဲနေတယ်။ သေနတ်ဖောက် နေတယ်။ ဆိုတော့ ဒီလုပ်ငန်းတွေက ဒုတိယ နေရာမှာပဲ သွားဖြစ်တယ်လေ။

မေး ။      ။ ဆရာတို့နဲ့ မြန်မာ့တပ်မတော် တိုက်ပွဲ မဖြစ်ဘူး။ အပစ်အခတ်ရပ်စဲရေး လုပ်ထားတယ်။ ဒါပေမယ့် အိန္ဒိယဘက်က Border ကျော်ပြီး ပစ်တာရှိတယ်။အဲဒါနဲ့ ပတ်သက်ပြီး ဆရာတို့နဲ့ မြန်မာအစိုးရကြား ဘယ်လို ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ထားတာရှိလဲ။

ဖြေ ။       ။ Border(နယ်စပ်)ဖြတ်ကျော် တိုက်တဲ့ ကိစ္စတွေကတော့ Border ဆိုတာက မြန်မာနိုင်ငံနဲ့ အိန္ဒိယ နိုင်ငံ ၂ နိုင်ငံရဲ့  Border ဆိုတော့ ဖြတ်ကျော်လုပ်တာ မလုပ်တာတော့ ပြောခွင့်မရှိဘူး။ ဘာကြောင့်လဲဆို တော့ Border ကို ဖြတ်ကျော်ပြီးတော့မှ မြန်မာပြည်မှာရှိတဲ့ ကျနော်တို့ နာဂလက်နက်ကိုင်ကို လာပစ်တဲ့ အခါ မှာ စစ်တပ်ဘက်ကနေ အရေးယူရမယ် အရေးမယူရဘူး။ တိုက်ထုတ်ရမယ်။ မတိုက်ထုတ်ရဘူး ဒါက  သူတို့ အပိုင်းပေါ့။ ဒါကို ကျနော်တို့ ပြောဖို့ ဘာမှ မရှိဘူး။

သို့သော်လည်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အိန္ဒိယဘက်ကနေ ကျော်ပြီးတော့မှ လာပစ်တာ လည်းရှိတာပေါ့။ ကျနော်တို့လည်း ခံပြီးတော့မှ ပစ်တယ်။သူတို့ လာပစ်တော့ ကိုယ့်ဘက်လည်း ခံပစ်တာပေါ့။ အဲဒီလိုမျိုး ပြဿနာ လေးတွေတော့ အခုထိတော့ ရှိတယ်။

မေး ။       ။ ခန္တီးကို ဆရာတို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲကို ထည့်ပေးဖို့ တောင်းဆိုတာတွေ ရှိတယ်လို့ သတင်းတွေလည်း ထွက်ခဲ့တယ်။ ဘယ်လို ပုံစံနဲ့ ဆောင်ရွက်နေလဲ။ ရှမ်းနီတွေကလည်း သူတို့အပိုင်ဆိုပြီး တော့ ကန့်ကွက်နေတာတွေလည်း ရှိတယ်။

ဖြေ ။      ။ ကျနော်တို့ NSCN ဘက်ကတော့ ဝင်ပြီးမှ ဒီလုပ်ငန်းတွေကို ထဲထဲဝင်ဝင် ပါဝင် ပြီးတော့မှ ဆောင်ရွက်တာတော့ မရှိဘူး။ သို့သော်လည်း နာဂအားလုံး လွှမ်းခြုံပြီးတော့မှ လုပ်ရမယ့် လုပ်ငန်း ဆိုရင်တော့ ကျနော်တို့ ပါဝင် ကူညီနိုင်တဲ့ လမ်းကြောင်းဆိုရင်တော့ ကူညီ ပါဝင်လို့ရတယ်။

ကျနော်တို့ သိထားတာတော့ ခန္တီးခရိုင်ဆိုတာတော့ နာဂတောင်တန်း ဒေသထဲမှာ ပါဝင်ခဲ့တာတော့ ဟိုအရင် ကတည်းက ပေါ့နော်။ ရှမ်းနယ်မြေ ဖြစ်တယ် နာဂ နယ်မြေ ဖြစ်တယ် ဆိုတာ ရှေ့မှာ သမိုင်းနဲ့ပတ်သက်တဲ့ ရေးထားတဲ့ စာအုပ် စာတမ်းလေးတွေ ရှိမယ်ထင်တယ်။ အဲဒီမှာ သုံးသပ် ဝေဖန်ပြီးတော့မှပဲ ဆုံးဖြတ်ကျရမှာ။

မေး ။       ။  အိန္ဒိယနဲ့ မြန်မာ Border(နယ်စပ်)စည်းမျဉ်း ကန့်မယ် ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ အဲဒီမှာ နာဂတွေ နှစ်ခြမ်းကွဲသွားမှာ ကြောက်တဲ့အတွက် နာဂတွေက ကန့်ကွက်တာတွေရှိတယ်။ ဒီအပေါ်မှာ ဆရာတို့ သဘောထားက ဘယ်လို ရှိလဲ။

ဖြေ ။       ။ ဟုတ်ကဲ့။ ဒါက Border မှာ ခြံစည်းရိုးကာမယ်ဆိုတဲ့ ကိစ္စကတော့ အိန္ဒိယဘက်နဲ့ ဆောင်ရွက်တာ ရှိတယ်။ ဒီဟာကို များသောအားဖြင့် အထူးသဖြင့် အိန္ဒိယဘက်က နာဂလူထုတွေက လုံးဝ ကန့်ကွက်တယ်။ ထိုနည်းတူပဲ ကျနော်တို့ နာဂအချင်းချင်းကြားမှာ ခြံကာပစ်လိုက်မယ်ဆိုတာကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်သူမဆိုပေါ့။ လူသားမှန်တယ်ဆိုရင်တော့ ဒီကိစ္စတော့ မကြိုက်ဘူး။ ကျနော်တော့ အဲဒီလို ယူဆတယ်။

ဘာလို့လည်းဆိုတော့ ဒါက မိသားစုအတွင်းမှာ အတင်းအဓမ္မ ခွဲလိုက်တာမျိုး ဖြစ်သွားတာပေါ့နော်။ စည်းမျဉ်း စည်းကမ်း ဥပဒေ တခုထားတာတော့ ရတယ်။ ပြဿနာမရှိဘူး။ သူ့လမ်းကြောင်းနဲ့သူ သူ့စနစ်နဲ့သူ၊ သူ့ရဲ့ အကန့်အသတ် နဲ့သွားမှာ။ သို့သော်လည်းပဲ ခြံစည်းရိုးကာလိုက်တဲ့ ကိစ္စကတော့ တကယ် မှန်နေရင်တောင် မှ မသွားဘူးဆိုတဲ့ ဟာမျိုးထဲမှာ သွားမှာပေါ့နော်။ သူမှာ Limited မရှိတော့ဘူး ဖြစ်သွားမယ်။ဒါတွေ ကတော့ ကျနော်တို့ NSCN အဖွဲ့အစည်း အနေနဲ့တော့ ဒီခြံကာမယ် ဆိုတဲ့ဟာကတော့ လုံးဝ လက်ခံမှာ မဟုတ် ဘူး။

မေး ။         ။ တချို့ သုံးသပ်တာတွေရှိတယ်။ ဆရာတို့ NSCN-K ကနေမှ အိန္ဒိယနာဂနဲ့ မြန်မာနာဂ ပေါင်းပြီး တော့ ပြည်ထောင်စုတခု တည်ဆောက်ရေးဆိုတဲ့ အခြေအနေရှိတယ်ဆိုပြီး ပြောကြတယ်။အဲဒါက လက်ရှိ နိုင်ငံ ရေး ခေတ်စနစ်နဲ့ ဘယ်လိုပုံစံမျိုး ချိတ်ဆက်ပြီးမှ သွားဖို့ရှိလဲ၊ အဲဒါကို ဘယ်လို ဖော်ဆောင်နေလဲ။

ဖြေ ။       ။ ကျနော်တို့ကလည်း ထိပ်တန်း ခေါင်းဆောင်တွေ မဟုတ်တဲ့အခါကျတော့ ဒီဟာကို အသေးစိတ် ပြောလို့မရဘူး။ အိမ်မက်တခု လုပ်သင့် လုပ်ထိုက်တဲ့ အရာတခုတော့ ရှိသွားတာပေါ့ နော်။ အဲဒီအတွက်ကြောင့် ကျနော် ခုနက ပြောတဲ့ အိန္ဒိယနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ကတည်းက နာဂတွေကလည်း လက်နက်ကိုင်ပြီးတော့မှ အင်္ဂလိပ်တွေကို တော်လှန်ခဲ့တဲ့ အဖွဲ့အစည်းထဲမှာ ပါခဲ့တဲ့ သူတွေ ဖြစ်တယ်။

အဲဒီတုန်းက လွတ်လပ်ရေး မရသေးဘူးနော်။ ဒီ နှစ်နိုင်ငံကလည်း အဲဒီကတည်းက ရှိတဲ့ နိုင်ငံရေးဟာ ဒီကနေ့တိုင် သွားနေတော့ ဒီကိစ္စကို ကျနော်တို့က ဒီကနေ့တိုင်အောင် ဒီအချိန် ဒီနာရီတိုင်အောင် အဲဒီ Process က သွားနေတဲ့ဟာ ရှိတာပေါ့နော်။ အခု အနာဂတ် ရှေ့ရေး ခရီးစဉ်မှာကျတော့ နိုင်ငံရေးဆိုတာတော့ အပြောင်းအလဲ အမျိုးမျိုး ရှိတာပေါ့လေ။ သို့သော် ကိုယ့်ရဲ့ ရပ်တည်မှုကို မပြောင်းလဲပဲ။ လုပ်ထုံးလုပ်နည်း အပြောင်းအလဲ လုပ်တာလည်း ရှိရင်ရှိမယ်။ သို့သော်လည်းပဲ ဒီရပ်တည်ချက်ထက် သာလွန်ပြီးတော့မှ လုပ်ရမယ့် ကိုယ်နိုင်တဲ့ ကိုင်တွယ်နိုင်တဲ့ လုပ်ငန်းမျိုးတွေ ရှိရင်လည်း ရှိမှာပေါ့နော်။

Did you find apk for android? You can find new Free Android Games and apps.
Loading