နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ စကားသံများ

ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ယနေ့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဟာ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ နိုင်ငံခေါင်းဆောင်တွေ အတူ ကြိုးပမ်းခဲ့ရာက လွတ်လပ်ရေး ရရှိခဲ့တာဟာ နှစ်ပေါင်း ၇၀ ပြည့်ခဲ့ပြီ ဖြစ်ပေမယ့် ပြည်တွင်းမှာတော့ ပြည်တွင်းစစ်တွေ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိဖို့၊ ဖက်ဒရယ် ပြည်ထောင်စု တရပ် တည်ထောင်နိုင်ဖို့ ယနေ့အထိ ကြိုးစားနေကြဆဲ၊ ညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်။ ယနေ့ ကျရောက်တဲ့ နှစ် ၇၀ မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံရေး၊ စီးပွားရေး၊ တိုင်းရင်းသားရေး စတဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များရဲ့ သုံးသပ်အကြံပြုချက်တွေကို ဧရာဝတီသတင်းဌာန သတင်းထောက်များက စုစည်းမေးမြန်းထားချက်တွေကို ဖော်ပြလိုက်ပါတယ်။

ဦးမြအေး (ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု – နိုင်ငံရေးဦးဆောင်ကော်မတီဝင်)

လွတ်လပ်ရေးကြိုးပမ်းမှုဆိုတာကိုက ကျနော်တို့ ခွဲခြားဆက်ဆံခံရမှု။ နိုင်ငံကြီး၊ လူမျိုးကြီးတခုကနေ ဖိနှိပ်မှု။ နောက်တခု က နိုင်ငံရဲ့ ကိုယ်ပိုင်စီရင်မှုကို ပိတ်ပင်တားဆီးမှု။ ဒီအပေါ်မှာ အခြေပြုပြီးတော့မှ တိုင်းပြည်လွတ်လပ်ချင်တယ်။ လွတ် လွတ်လပ်လပ် နေထိုင်ချင်တယ်ဆိုတဲ့ သဘောထား။ လွတ်လွတ်လပ်လပ်ဆိုတာက ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို ပြော တာပါ။ အဲဒီအပေါ်မှာ လွတ်လပ်ရေးကြိုးပမ်းမှုဆိုတာ ဖြစ်လာတာ။

လွတ်လပ်ရေးရတာ နှစ် ၇၀ တော့ရှိပါပြီ။ ဒါပေမယ့် ကျနော်တို့နိုင်ငံမှာ မညီမျှမှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ။ နောက်တခါ တိုင်းရင်းသား လူမျိုးစုံအသီးသီးမှာ လွတ်လွတ်လပ်လပ် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်လည်း မရသေးဘူးဆိုတာ ဒီနေ့ထိ အထင်အရှားပဲလေ။ ဒါကြောင့် လွတ်လပ်ရေးသည် နှစ် ၇၀ ပြည့်ခဲ့ပေမယ့်လည်း ကျနော်တို့ ပြည်သူလူထုတရပ်လုံး မျှော်လင့်တောင့်တတဲ့ ခေတ်စနစ်တခုကိုတော့ မရောက်သေးဘူးလို့ပဲ မှတ်ချက်ပေးချင်ပါတယ်။

ခုနှစ်၊ သက္ကရာဇ်တွေ ပြောင်းသွားတာ အရေးမကြီးပါဘူး။ ကျနော်တို့ ပြည်သူလူထုမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်၊ ကိုင် ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေ မရှိတဲ့ဟာက အရေးကြီးတယ်။ နောက်တခုက ခုနှစ်၊ သက္ကရာဇ်တွေ ပြောင်းသွားတာ နဲ့အတူ တိုးတက်မှုမရှိဘဲ ဆုတ်ယုတ်မှုဘက်ပဲ သွားနေတာလို့ မြင်တယ်။

နိုင်ငံလွတ်လပ်ရေးရတာ နှစ် ၇၀ လည်း ရှိပါပြီ။ အခုထက်ထိ ပြဿနာတွေ၊ တဖက်နဲ့တဖက် ရန်ဖြစ်နေတာတွေ၊ စကား များတာတွေ၊ တိုင်းပြည်က ပြည်တွင်းစစ်ဖြစ်နေတာတွေနဲ့ ဘယ်တော့မှ တိုးတက်လာတဲ့အခြေအနေကို ကျနော်တို့ မတွေ့ ရဘူး။ မတွေ့ရတော့ နှစ် ၇၀ ပြည့် လွတ်လပ်ရေးက စပြီးတော့ ကျနော်တို့နိုင်ငံရဲ့အေးချမ်းရာအေးချမ်းကြောင်းကို ရှာဖွေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာမှာ မတူညီမှုတွေ ကွဲပြားမှုတွေရှိလိမ့်မယ်။ သို့သော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးအောက်မှာ သဟဇာတဖြစ်တဲ့ လူ့ပတ်ဝန်းကျင်ဖန်တီးရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးက အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒါကို ဝိုင်းဝန်းအကောင်အထည်ဖော်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။

ဦးသန့်မြင့်ဦး (သမိုင်းပညာရှင်)

ဗြိတိသျှကိုလိုနီစနစ်ဟာ မြန်မာနိုင်ငံအတွက် ကပ်ဘေးအန္တရာယ်ဆိုးလို ဖြစ်ခဲ့ပါတယ်။ ကိုလိုနီအုပ်ချုပ်ရေးက ဒေသခံ အုပ်ချုပ်ရေးကို ဖျက်ဆီးခဲ့ရုံတင်မက ရာစုနှစ်ပေါင်းများစွာ မြန်မာတွေ တည်ဆောက်ထားခဲ့တဲ့ လူမှုရေး၊ စီးပွားရေးနဲ့ ကျင့်ဝတ်ဆိုင်ရာပိုင်းကိုလည်း ဗြောင်းဆန်အောင် လုပ်ခဲ့တယ်ဆိုတာ မမေ့ဖို့လည်း လိုပါတယ်။

ကိုလိုနီစနစ်ဟာ မြန်မာနိုင်ငံကို ယခင်ကထက် များစွာပိုမို ထုတ်လုပ်ယူသော အခြေအနေတခုကို မိတ်ဆက်ပေးခဲ့ပြီး နိုင်ငံထွက် အခြေခံကုန်စည်များ ကမ္ဘာဈေးကွက်သို့တင်ပို့ရေးအား အမြင့်ဆုံးအဆင့်အထိတိုးချဲ့ရေးကိုသာ လုံးဝနီးပါး အာရုံစိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ ကိုလိုနီ အပြုခံရတာကနေ ဖြစ်လာတာပါ။ ပြည်ပမှ တင်သွင်း လာတဲ့ ဗျူရိုကရေစီ၊ စစ်တပ် က ထောက်ပံ့ပေးမှုတွေ အပါအဝင်ပေါ့လေ။ အင်္ဂလိပ်လက်အောက် ၁၉၃၀ ခုနှစ်တွေ တုန်းက မြန်မာနိုင်ငံဟာ ၁၈၈၀ ခုနှစ်တုန်းက မြန်မာနိုင်ငံထက်များစွာ ပိုတိုးတက်တာ မှန်ပါတယ်။ ဒါပေမယ့် ထိုင်းနဲ့ ဂျပန်နိုင်ငံတို့လိုသာ သူများလက်အောက် မရောက်ခဲ့လျှင် မြန်မာနိုင်ငံဟာ ပိုပြီးတောင် ချမ်းသာနိုင်သေးပါတယ်။

ကိုလိုနီစနစ်ကြောင့် လူမျိုးစု အခြေပြု အမျိုးသားရေးဝါဒ ၊ အိန္ဒိယနိုင်ငံမှ အထိန်းအကွပ် မရှိ ရွှေ့ပြောင်း ဝင်ရောက်လာ သူတွေ အများကြီးနဲ့ ပတ်သက်ပြီး လူမျိုးရေးဆိုင်ရာ သဘောထားအမြင်သစ်တွေလည်း မြန်မာပြည် မှာ ပေါက်ဖွား ခဲ့ရပါတယ်။ နောက်ဆုံးမှာ အင်္ဂလိပ်တွေရဲ့ ကိုလိုနီ စနစ် ဟာ မြန်မာနိုင်ငံကို ်အကာအကွယ် မပေးနိုင်ခဲ့ပါဘူး။ ၁၉၄၁ မှာ ဂျပန်တွေ ဝင်လာတော့ ဗြိတိသျှ အုပ်ချုပ်ရေး ဗုန်းဗုန်းလဲသွားတယ်။ ကိုယ်နဲ့မဆိုင်တဲ့ စစ်ပွဲအတွက် မြန်မာပြည်ဟာ နှစ်ကြိမ် ပျက်ဆီးခဲ့ရပါတယ်။ နောက်ဆုံး ၁၉၄၈ မှာ လွတ်လပ်ရေးရတော့ နိုင်ငံရေးအရရော စီးပွားရေးအရပါ ချွတ်ချုံကြနေပါပြီ။

အဲဒီ အနေအထားက နှစ် ၇၀ ကြာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ၊ အာဏာရှင်စနစ် အပါအဝင် နိုင်ငံတကာ နဲ့ အဆက်ဖြတ်တာတွေကို ဖြစ်စေခဲ့ပါတယ်။ အခု လွတ်လပ်ရေးနေ့ နှစ် ၇၀ အချိန်ဟာ နိုင်ငံတဝန်းတွင် ကျန်ရှိနေဆဲဖြစ်တဲ့ ကိုလိုနီစနစ် ရဲ့ အမွေဆိုး နဲ့ စိတ်ဓာတ်တွေကို ပြန်လည်သုံးသပ်ပြီး ကိုလိုနီခေတ်လွန်ကာလ ကို လိမ္မာပါးနပ်စွာ ဦးတည်နိုင်ရန် စတင်ဖို့ အချိန်ကောင်း ဖြစ်ပါတယ်။

စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

၂၀၁၈ခုနှစ်ကို ကိုယ့်နိုင်ငံရဲ့ ငြိမ်းချမ်းရေးရမယ့်နှစ်၊ ဖွံ့ဖြိုးမှု၊ စီးပွားရေးတိုးတက်မှုရမယ့်နှစ်လို့ မျှော်လင့်တာပဲ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကို နိုင်ငံတော်ရဲ့အခန်းကဏ္ဍက အရေးကြီးသလို တဖက်မှာလည်း ပုဂ္ဂလိက အခန်းကဏ္ဍကလည်း သူ့နည်းသူ့ဟာနဲ့သူ လှုပ်ရှားမှရမယ်။ အစိုးရနဲ့ လုပ်ငန်းရှင်တွေ ဟန်ချက်ညီညီရွေ့နိုင်ရင် အားလုံးပြည်သူတွေမျှော်မှန်းတဲ့ မျှော်မှန်းချက်တွေ ရလိမ့်မယ်လို့ ယုံကြည်တယ်။

လုပ်တဲ့အခါမှာ နိုင်ငံတော်အစိုးရကလည်း နားလည်မှုအပြည့်နဲ့ တဖက်က လုပ်ငန်းရှင်တွေကလည်း လုပ်နိုင်တဲ့ သူတို့ ကျွမ်းကျင်မှုကို တကယ့်ကို တိုင်းပြည်အတွက် အခုဆိုရင်လည်း ရခိုင်မှာ လုပ်ငန်းရှင်တွေ ပါဝင်လာတာတွေ့ရတယ်လေ။ ဒီလိုပုံစံနဲ့ပဲ လုပ်ငန်းရှင်တွေအားလုံးက ရခိုင်ပြည်နယ်တင်မကဘူး။ တတိုင်းပြည်လုံးအတွက် စီးပွားရေးတိုးတက်အောင် ဝိုင်းလုပ်ဖို့ကို မျှော်လင့်တာပါပဲ။ လုပ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

မိဆူးပွင့် ဗဟို ဦးဆောင်ကော်မတီဝင်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)

လွတ်လပ်ရေးနဲ့ တပြိုင်နက်တည်း ပြည်တွင်းစစ်ဖြစ်ခဲ့ရတယ်။ တိုင်းပြည်က ဆင်းရဲပြီး ဖွံ့ဖြိုးမှုနောက်ကျ၊ လူထုဒုက္ခ ပင်လယ်ဝေခဲ့တယ်။ အခုတော့ NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) အခြေခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ရှိလာတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ရှိနေသေးပေမယ့် လူထုအစိုးရတရပ် ပေါ်လာတယ်။ မပြည့်စုံသေးပေမယ့် ဆက်လက်ရုန်းကန်လှုပ်ရှားနေတယ်။ ဖွဲ့စည်းပုံမပြောင်းနိုင်သေးရင်တောင် ပြောင်းနိုင်တာတွေ ပြောင်းလဲဖို့ လုပ်ဆောင်နေတယ်။ အရင်တုန်းက သရဲတစ္ဆေလို ကြောက်လန့်ခဲ့ကြတဲ့ ဖက်ဒရယ်တို့၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ ပြောလို့ဆိုလို့ ရလာတယ်။

အနည်းဆုံးတော့ တိုင်းရင်းသားတွေ လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ဘာလဲဆိုတာ တပ်မတော် သိအောင် ပြောလို့ရလာတယ်။ တပ်မတော်ဘက်က စိုးရိမ်မှုက ဘာလဲဆိုတာ နားထောင်ခွင့်ရလာတယ်။ လက်တွေ့ကျကျ သုံးသပ်ချင်တာက ငြိမ်းချမ်းရေးဖြစ်စဉ် အရှေ့မရောက်ရင်တောင်မှ အနောက်ကိုပြန်မလှည့်သွားအောင် ထိန်းသိမ်း ထားနိုင်တယ်။

ဒါကြောင့် “လွတ်လပ်ရေး” ဆိုတာ ပါဝင်နေကြတဲ့ နိုင်ငံရေးအုပ်စုတွေအားလုံးရဲ့ကြောက်လန့်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ မယုံကြည်မှုတွေထဲက လွှတ်အောင် ရုန်းထွက်ပြီး မူအဟောင်း၊ ဆိုင်းဘုတ်အဟောင်းတွေကို ခဏမေ့ထားလို့ လွတ်လပ်တဲ့ စိတ်နေစိတ်ထားတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ အခြေအနေကို ရအောင်ယူကြမှ ရနိုင်ပါမယ်လို့ ပြောချင်ပါတယ်။


ဒေါ်သက်သက်ခိုင် (ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ကျမတို့ မြန်မာပြည် လွတ်လပ်ရေးလာတာ နှစ် ၇၀ တောင်ရှိပြီဆိုတော့ ပထမဆုံးအနေနဲ့ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ၊ လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ အမည် မသိမရတဲ့သူရော သိရတဲ့သူရော သူတို့ရဲ့ အသက်သွေးချွေးတွေနဲ့ လုံးလစိုက်ထုတ်ခဲ့ရတဲ့ ကျေးဇူးတရားကို အောက်မေ့မိပါတယ်။ တချိန်တည်းမှာပဲ လွတ်လပ်ရေးရပြီး နှစ် ၇၀ ထဲမှာ မြန်မာနိုင်ငံက သဘာ၀ အရင်းအမြစ်တွေ လူသားအရင်းအမြစ်တွေ ရှိပေမယ့် တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်ချမ်းသာတဲ့ တိုင်းပြည်မဖြစ်သေးတဲ့အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ အများကြီးကျန်သေးတယ်ဆိုတာကိုလည်း နှလုံးသွင်းမိတယ်။

အဲဒါအတွက်ကို ရှေ့ဆက် ကောင်းအောင်ဘာလုပ်မလဲ ဆိုတာက ပိုအရေးကြီးလာပါတယ်။ တိုင်းပြည်ကို ဝိုင်းပြီးတည်ထောင်နိုင်တဲ့ လူထုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်တဲ့ လုပ်ငန်းစဉ်တွေမှာ လူမှန်နေရာမှန် တွေထားပြီး အချိန်နဲ့အမျှ တိုးတက်နေအောင်လုပ်ဖို့ လိုတယ်ဆိုတာကိုလည်း နှလုံးသွင်းမိတယ်။ ပြည်သူလူထုကြီးကိုလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ရာ ကျရာနေရာမှာ ကြိုးစားပြီးတော့ အားလုံး ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်။

အောင်မြင်တဲ့လူ့အဖွဲ့အစည်းဖြစ်ဖို့ တည်ထောင်ချင်တဲ့အတွက် တနေ့က သီတဂူဆရာတော်ကြီး မိန့်သွားသလိုပဲ လေးခုပါရမှာပါ။ အစိုးရရော၊ ပြည်သူရော၊ တပ်မတော်တော်ရော၊ သံဃာတွေရော အားလုံးပါဝင်ဖို့လိုပါတယ်။ သံဃာဆိုတာကလည်း ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သံဃာတခုတည်းမဟုတ်ဘဲ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့မှ စည်းစည်းလုံးလုံး၊ ညီညီညွှတ်ညွတ်နဲ့ တိုင်းပြည်တည်ထောင်နိုင်တဲ့ အောင်မြင်တဲ့ လူ့အသိုင်းအဝိုင်းဖြစ်ချင်စေချင်ပါတယ်။ အဲဒီလိုလည်း မျှော်လင့်မိပါတယ်။

နိုင်ဟံသာ (UNFC ဥက္ကဋ္ဌ)

တို့ နိုင်ငံ အင်္ဂလိပ်၊ ဂျပန်တို့ လက်အောက်ကနေ လွတ်မြောက်ဖို့အတွက်က ဟိုတုန်းက ဖဆပလကနော်။ တိုင်းရင်းသားတွေကို တို့အတူတူ ဝိုင်းတိုက်ကြအောင်ဆိုပြီးတော့မှ စည်းရုံးခဲ့တယ်လေ။ လွတ်လပ်ရေး ရပြီးရင် ညီလို အစ်ကိုလို တန်းတူအခွင့်အရေး မျှဝေပေးမယ်လို့ အဲဒီလို ကတိစကားနဲ့ပေါ့ စည်းရုံးခဲ့တယ်။ ဒါပေမယ့် လွတ်လပ်ရေး ရတဲ့အခါကျတော့ အဲဒီလို မဖြစ်ခဲ့ဘူးဗျ။ ဒါက တပိုင်း။

နောက်ပြီး မြောက်ပိုင်းအင်အားစုတွေကို သီးသန့်နယ်မြေတွေ ဖြစ်နေတဲ့ ချင်းတို့၊ ကချင်တို့၊ ရှမ်းတို့နဲ့က ပင်လုံ စာချုပ်နဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်။ သူတို့ ဒေသကို သူအုပ်ချုပ်မယ်။ သူ့လူမျိုး ကံကြမ္မာကို သူ ဖန်တီးမယ်ဆိုတာကို ဆိုတဲ့ သဘောတူညီချက်နဲ့ ညှိနှိုင်းပြီးတော့ လွတ်လပ်ရေးအတူ ယူခဲ့တာပေါ့။ တနိုင်ငံ တည်း အတူတူ နေဖို့။ ဒါပေမယ့် လွတ်လပ်ရေးလည်း ရပြီးရော သူတို့ကတော့ ပြည်နယ်ရပါတယ် ဒါပေမယ့် တို့အနေနဲ့ ပြောမယ်ဆိုရင် ဖဆပလသွေးက ဗမာတွေအများစု လွှမ်းမိုးထားတဲ့ အင်အားစုတွေက ဒါက ပြည်မ အနေနဲ့ ယူလိုက်တော့ သူတို့ကတော့ ပြည်နယ်မှာတော့ ပြည်မဆိုတော့ သူတို့အပေါ်မှာတော့ လွှမ်းမိုးထားတဲ့ ပုံစံမျိုးပေါ့။

အဲဒီလို လွတ်လပ်ရေးရဖို့ စုပေါင်းပြီးတော့မှ ညှိနှိုင်းပြီးတော့မှ တိုက်ပွဲဝင်ခဲ့ပေမယ့် လွတ်လပ်ရေး အခွင့်အရေး ကို တခြား တိုင်းရင်းသားတွေက တန်းတူ ညီမျှမရတော့ နောက်ဆုံးက ပြည်တွင်းစစ် ဖြစ်လာတာပေါ့။ အမှန်တော့ ဗိုလ်ချုပ်အောင်ဆန်းက သဘောထား တော်တော်လေး ကြီးတယ်။ တိုင်းရင်းသားတွေ အပေါ်မှာ ကတိကဝတ်တွေ အများကြီး ပေးပြီးတော့မှ စစ်မှန်တဲ့ ပုံစံနဲ့ တည်ဆောက်ဖို့ပေါ့နော်။ တန်းတူ ညီမျှတဲ့ ပုံစံနဲ့ တည်ဆောက်ဖို့ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း မရှိတဲ့နောက်မှာ အာဏာ ရလာတဲ့ ခေါင်းဆောင်တွေက အဲဒီ လို မှန်မှန်ကန်ကန် မလုပ်လို့ တို့နိုင်ငံက ပြည်တွင်းစစ် ဖြစ်နေတယ်။ ယနေ့ထိ ပြည်တွင်းစစ် ဖြစ်နေတယ်။

လွတ်လပ်ရေးရ အရသာကို အမှန်ကတော့ အကျုးိကျေးဇူးကို တို့နိုင်ငံသားတွေ ဘယ်သူမှ မခံစားရဘူး အဲဒီလို ဖြစ်သွားတဲ့ အနေအထားမျိုးပါ။ ဒါကတော့ စိတ်ဆင်းရဲစရာပဲလို့နော်။ နိုင်ငံကို ဦးဆောင်နေတဲ့ လူတွေက ခေါင်းဆောင်တွေက သဘောထား မမှန်လို့ တို့နိုင်ငံက ဒီလို ဆင်းရဲနောက်ကျပြီးတော့မှ ပြည်တွင်းစစ် ဖြစ်နေ ရတယ်။ လူထုတွေ အများကြီး ဒုက္ခဖြစ်နေရတယ်။ လွတ်လပ်ရေးရတယ်ဆိုတာ အာဏာရထားတဲ့ လူတစု လောက်ပဲ ဖြစ်နေတယ်။ အဲဒီလို ဝေဖန်ချင်တယ်။ လွတ်လပ်ရေးက နိုင်ငံခြားသားကနေ လွတ်လပ်လာတဲ့ ဆိုပါဆိုဗျ။ ဒါပေမယ့် တို့နိုင်ငံအတွင်းမှာ အာဏာရထားတဲ့ လူတစုက အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ စနစ်နဲ့ ကျင့်သုံးလိုက်တော့ ချုပ်ကိုင်လိုက်တော့ တိုင်းရင်းသား လူမျိုးပေါင်းစုံများလည်း အခွင့်အရေး ဆုံးရှုံး တယ်။ လူထုတွေလည်း လူ့အခွင့်အရေးတွေပါတွေ ဘာမှ မခံစားရဘူး။

နောက်ပြီး ပြည်တွင်းစစ်ကလည်း ဖြစ်နေတော့ အားလုံးကလည်း ဒုက္ခတွေ အများကြီး ရင်ဆိုင်ခဲ့ရတာပေါ့။ အဲဒါကတော့ လွတ်လပ်တယ်ဆိုပြီးပေါ့။ တကယ့် လွတ်လပ်တဲ့ အခွင့်အရေးက လူထုတွေ မခံစားရဘူး။ နိုင်ငံသားတွေ မခံစားရဘူး။ ဒါကြောင့် ဒါကို ပြန်လည် သုံးသပ်ပြီးတော့ အမြန်ဆုံး ပြင်ဆင်ဖို့လိုတယ် လို့ မြင်တယ်။

မျှော်လင့်တာကတော့ လက်ရှိ ကျင်းပနေတဲ့ တိုင်းရင်းသား ပြန်လည် စည်းလုံး ညီညွတ်ရေး ပြည်တွင်းစစ် ရပ်စဲရေးအတွက်ပေါ့။ ဒါ ၂၁ ရာစု ပင်လုံ – ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနေတယ်။ အဲဒါကို ပီပီပြင်ပြင်နဲ့ပေါ့ဗျာ။ အကောင်းဆုံး ဖြစ်အောင် သက်ဆိုင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး ပါဝင်ဖို့လည်း လိုတယ်။ အဲဒီလို ပါဝင်မှလည်း တဖက်က ကျေလည်မှာပေါ့။

နောက်ပြီးတော့ အဲဒီ ညီလာခံမှာ တက်နေတဲ့ ခေါင်းဆောင်တိုင်းကလည်း သဘောထား မှန်မှန်နဲ့ တို့နိုင်ငံကို တို့နိုင်ငံ အခြေအနေနဲ့ ကိုက်ညီနိုင်တဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်နိုင်ဖို့ ဒါအရေးကြီးတယ်။ ဒါကို မဖော်နိုင်သမျှ တို့နိုင်ငံ လွတ် လပ်တယ်ဆိုပေမယ့် ဘာမှထူးမှာ မဟုတ်ဘူး။

စိုင်းကျော်ညွန့် (SNLD တွဲဖက်အတွင်းရေးမှူး-၂)

ဗြိတိသျှကနေ လွတ်လပ်ရေးရတာတော့ နှစ် ၇၀ တော့ရှိသွားပြီပေါ့ဗျ။ ဒါပေမယ့် တကယ်တမ်းကတော့ ကျနော်တို့ ဒီနိုင်ငံမှာ ရှိတဲ့ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ အားလုံးပေါ့ဗျာ။ တကယ် လွတ်လပ် နေကြပြီလားပေါ့။ ဒါက မေးခွန်းရှိပါတယ်။ တကယ်တမ်း ကျနော်တို့ ကြိုးစားသင့်တာ က ဒီမှာ ရှိတဲ့ လူမျိုးအားလုံးပေါ့လေ အခွင့်အလမ်း တန်းတူ ရည်တူနဲ့ တကယ့် ပြည်ထောင်စု စစ်စစ်ကို ကျနော် တို့ တည်ဆောက်ဖို့ လိုပါတယ်။

အခု လက်ရှိမှာ ကျနော်တို့ ၁၉၄၇ ကတည်းက ရည်မှန်းခဲ့တဲ့ ပြည်ထောင်စု ပုံစံက အခုထိ မပေါက်သေးပါဘူး။ ပင်လုံ စာချုပ်မှာ ကတိကဝတ် ပြုခဲ့တဲ့ဟာတွေကိုလည်း ပုံဖော်ထားသေးတာမရှိပါဘူး။ အဲဒီတော့ တကယ့် ပြည်ထောင်တွေ စုပြီး လာတဲ့ ပြည်ထောင်စု စစ်စစ်ကို ကျနော်တို့ အခုချိန်မှာ စပြီးတော့ တည်ဆောက်သင့်ပြီလို့ မြင်ပါတယ်။

မျှော်လင့်ချက်ကတော့ လက်ရှိအထိ ဘာမှ သိပ်မြင်တာ မရှိဘူးဗျ။ အခု လောလောဆယ် လွတ်လပ်ရေးမတိုင် ခင်မှာတုန်းကကျတော့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးက တော်တော်ကို ပညာတွေလည်း ပြည့်ဝကျတယ်ပေါ့။ ပြီးတော့ စုပေါင်း ခေါင်းဆောင်မှု ပုံစံကို တွေ့ရတယ်။ အခု နောက်ပိုင်းကျတော့ ကျနော်တို့ ၄၇ ခုနှစ် နောက်ပိုင်းပေါ့လေ။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ကျတော့ စုပေါင်း ခေါင်းဆောင်မှုဆိုတဲ့ ပုံစံ ကျနော်တို့ မတွေ့ရတော့ပါဘူး။ တဦး တယောက် အဖွဲ့အစည်း တခု အဲဒီ လိုနဲ့ပဲ တိုင်းပြည်ကြီးကို အုပ်ချုပ်လာတာ ဒီတိုင်းပြည်က ၄၇ ခုနှစ်လောက်တုန်းကဆို ဘေးက နိုင်ငံတွေ တောင်မှ ဒီကို လာပြီး ပညာသင်ရတယ်။ ကိုယ့်ကို မော့ကြည့်ရတယ်ပေါ့။ ဒီအချိန်မှာကတော့ ကိုယ့်အောက်မှာ ရှိခဲ့တဲ့ နိုင်ငံတွေက ကိုယ်တွေကို အကုန်လုံး ကျော်တက်သွားပြီးတော့ ကိုယ်တွေက ဒုံရင်းပဲ ပြန်ရောက်သွားတာပေါ့။

အဲဒါတွေကို ကျနော်တို့ စပြီးတော့ ရှေ့ကို ဘယ်လို ၂၀၃၀ ခုနှစ် ကျရင် ကျနော်တို့ ဘယ်လိုမျိုး တားကပ်ထားမလဲ၊ ဒီနိုင်ငံကို ဘယ်လို မြင်ချင်လဲ၊ အဲဒီ ရည်မှန်းချက်ပေါ့။ ကိုယ့်နိုင်ငံရဲ့ ပန်းတိုင်တခုပေါ့။ ဘယ်ကို ရောက်ချင် တယ်ဆိုတဲ့ ပန်းတိုင်ကို ချပြီးတော့မှ ခေါင်းဆောင်များက ဝိုင်းဝန်း အလုပ်လုပ်သင့်ပြီးလို့ မြင်ပါတယ်။ ဒီလို မဟုတ်ပဲနဲ့ ဟိုဖက် ဒီဖက်ပဲ လိုချင်တာ ရဖို့အရေးပဲ လုပ်နေကြတယ်ဆိုရင်တော့ တိုင်းပြည်က ဒီထက် နာဖို့ပဲ ရှိပါတယ်။

ဒေါက်တာဝါဝါမောင် (စာရင်းအင်းပညာရှင်)

စီးပွားရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လွတ်လပ်ရေးနေ့ ဦးတည်ချက်ထဲမှာကို တခုပါဝင် နေပါတယ်။ အဲဒါက မိမိရဲ့နိုင်ငံသားတွေရဲ့ လူနေမှုဘဝတိုးမြင့်ရေး၊ လူနေမှုဘဝအရေအသွေးမြင့်မား ရေးဆိုတာပါတယ်။ ပုဂ္ဂလိက ကဏ္ဍတိုးမြှင့်ရေး၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း တွေပိုမိုတိုးတက်လာရေးပေါ့။ မူဝါဒတွေတင်မကဘူး။ အဲဒီမူဝါဒတွေကို အောက်ခြေအထိ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မှုတွေ၊ ဒီအထဲမှာ ပါဝင်ပတ်သက်သူတွေ အားလုံး ပူးပေါင်းပါဝင်မှုတွေက အင်မတန်အရေးကြီးပါတယ်။

ဒါမှ လွတ်လပ်ရေးကို ထိန်းသိမ်းရင်းနဲ့ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက် နိုင်တဲ့ နိုင်ငံသားကောင်းတွေဖြစ်ကြမှာပါ။ ဒါဟာ နိုင်ငံသားတယောက် ရပိုင်ခွင့် အခွင့်အရေး တင်မကဘူး။ နိုင်ငံသားတယောက်ရဲ့ တာဝန်ကိုကျေပွန်စွာ ထိန်းသိမ်းကြဖို့ကို နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့အတွက် အမှတ်တရစကားလေးပြောချင်ပါတယ်။

ဦးလှဦး (ဥက္ကဋ္ဌ-နယ်စပ်ကုန်သွယ်မှု မြင့်တင်ရေးကော်မတီ )

“စီးပွားရေးနဲ့ ပတ်သက်ပြီး မျှော်လင့်တာတွေ အများကြီးပေါ့။ လောလောဆယ်ကတော့ အစိုးရဌာန ဆိုင်ရာတွေ ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်ပေးစေချင်တယ်။ ကျနော်တို့နိုင်ငံမှာ အခုက သိတဲ့ အတိုင်းပဲ ခံစားနေရတာ တွေရှိတယ်။ ပူးပေါင်းဆောင်ရွက်တာတွေ နည်းနည်း အားနည်းနေ တာတွေ့ရတယ်။ အဲဒီလိုပူးပေါင်း ဆောင်ရွက်တာ အားနည်းတော့ လုပ်ငန်းလုပ်တဲ့နေရာမှာ အနည်း ငယ် အခက်အခဲတွေ ဖြစ်လာတယ်။

နောက်တခုကျတော့လည်း အားလုံးသိတဲ့အတိုင်းပဲ ဦးတို့နိုင်ငံက သိပ်ပြီးတော့ ငြိမ်းချမ်းရေးက မရသေးတော့။ လက်နက်ကိုင်အဖွဲ့အစည်းတွေက ကြားမှာ အရမ်းရှုပ်ထွေးနေတော့လည်း ကုန်သွယ်မှုလုပ်ရတာ ခက်တယ်။ အဲဒီလိုမျိုးလေးဆိုတော့ အစိုးရဌာနချင်း ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်။ စီးပွားရေးအခွင့်အလမ်းဆိုင်ရာတွေ ပိုပြီးတော့ ပွင့်လင်းလာဖို့ မျှော်လင့်ပါတယ်

ဗိုလ်မှူးကြီးနော်ဘူ (ကချင်ပြည်လွတ်မြောက်ရေးတပ်မတော်(KIA)၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ)

ကျနော် မြန်မာနိုင်ငံသားတဦးအနေနဲ့ ပြောလိုတာက လွတ်လပ်ရေးနေ့ ဆိုတာ အားလုံးက မျှော်မှန်းပြီးမှ တိုင်းပြည်သူပြည်သားတွေ အားလုံးပါဝင်ပြီးမှ အင်္ဂလိပ်ခေတ်က လွတ်လပ်ရေးယူတာ။ အားလုံး သဘောတူ ပြီးမှ ယူတာ ဖြစ်ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရတာနဲ့ တပြိုင်နက် ကျနော်တို့ တိုင်းရင်းသားတွေကို ခွဲခြားတာပေါ့ ။ ဗမာတွေက ခွဲခြားတာတော့ မဟုတ်ဘူး။ စစ်အာဏာရှင်အုပ်စုတွေက ခွဲခွဲခြားခြားလုပ်တာ။ အဲဒါကြောင့် ဒီနေ့ကတော့ တိုင်းရင်းသားတွေ သာမကဘူး။ ဗမာပြည်သူလူထုတွေလည်း အုပ်ချုပ်ခံ ပြည်သူလူထုအဆင့်ကို ရောက်သွားတာ။ အဲဒါကြောင့် လွတ်လပ်ရေးဆိုတာလည်း ကျနော်တို့အတွက် ဘာမှ အဓိပ္ပာယ်မရှိတဲ့ လွတ်လပ်ရေးနေ့ ဖြစ်သွားတယ်။

ကျနော်တို့ လွတ်လပ်ရေးရတဲ့နေ့ကနေ ဒီနေ့ထိ ပြည်တွင်းစစ်ဖြစ်ပွားတယ်ဆိုတာကတော့ အားလုံးက သိထားဖို့ လိုအပ်နေတဲ့ အချိန်ကာလဖြစ်တယ်။ ကျနော်တို့ ပြည်သူလူထုဆိုတာက လွတ်လပ်ရေး ဆိုတာ လိုလားပါတယ်။ တောင့်တပါတယ်။ ငြိမ်းချမ်းရေးလည်း လိုချင်ပါတယ်။ တောင့်တပါတယ်။ မျှော်မှန်းပါတယ်။ ဒါပေမယ့် အခုထက်ထိ မျှော်မှန်းချက်တွေ မဲ့သွားတဲ့ တိုင်းပြည် ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေး ဆိုတာလည်း အခုထက်ထိ ဘာမှ အသီးအပွင့်တွေ ကျနော်တို့ မခံစားရဘူး။ အဲဒါကြောင့် အခု လွတ်လပ်ရေး ဆိုတာကလည်း တကယ့် ပြည်သူလူထုအတွက် ကိုယ်စားပြုတဲ့ လွတ်လပ်ရေး တိုင်းပြည် အတွက် ကိုယ်စားပြုတဲ့ လွတ်လပ်ရေးဆိုရင်တော့ ကျနော်တု့ိက ကြိုဆိုတယ်။ ဒါမျိုးမဟုတ်တော့ လွတ်လပ်ရေးနေ့ဆိုတာ ကျနော်တို့အတွက် ဘာမှ အကျိုးမရှိဘူးလို့ပဲ ကျနော် ပြောလိုပါတယ်။ စစ်တပ်နဲ့ အစိုးရကလည်း အားလုံးအတွက် ဖြူဖြူစင်စင်နဲ့ သဘောထားကောင်းစွာနဲ့ တိုင်းပြည်ကို ပြည်သူလူထုကို အုပ်ချုပ်ဖို့က လိုအပ်တဲ့အချက် ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးဆိုတာ အင်္ဂလိပ်ခေတ် ကိုလိုနီခေတ် ကနေ လွတ်လပ်လာတာကတော့ ဟုတ်ပြီ။ ပြည်တွင်းမှာတော့ ဘာမှ လွတ်လပ်မှု မရှိဘူးဆိုတာက အစိုးရနဲ့ တပ်မတော်မှာ အားနည်းချက်ရှိတယ်လို့ ကျနော်ကတော့ အဲဒီလိုပဲ သုံးသပ်မိပါတယ်။

ဒေါက်တာတူးဂျာ (ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP -ဥက္ကဋ္ဌ)

လွတ်လပ်ရေးရတယ် ဆိုသော်ငြားလည်း တိုင်းပြည်က မအေးမချမ်း မတည်မငြိမ် ဖြစ်နေတာကိုး ဒီနေ့ထိ ။ ဒါက ဘာကြောင့်လည်းဆိုတာလည်း လူတိုင်းက သိနေကြတယ်။ ဘာလို့လည်းဆိုရင် လွတ်လပ်ရေး ရဖို့ ကြိုးပမ်းစဉ်က ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ ကတိကို အကောင်အထည် မဖော်နိုင်ဘူး။ တန်းတူညီမျှမှု ရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးပေါ့လေ။ အဲဒါကို ပေးနိုင်တဲ့ ဒီမိုကရေစီပြည့်ဝတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ စကားအသုံးအနှုန်းသုံးခဲ့ပြီးမှ တိုင်းရင်းသားတွေ ကလည်း အဲဒီအပေါ်မှာ သဘောတူပြီး လွတ်လပ်ရေး ရအောင် လုပ်ခဲ့ကြတာကိုး။ အဲဒီလို ဖက်ဒရယ်ပြည်ထောင်စုမျိုးက အကောင်အထည်ပေါ်မလာတော့ လွတ်လပ်ရေးသာရတယ်။ လွတ်လပ်ရေးအနှစ်သာရကို တိုင်းရင်းသားတွေ အပြည့်အဝ မခံစားနိုင်ပါဘူး။
ဒါကြောင့် ၇၀ ပြည့်နှစ် လွတ်လပ်ရေးနေ့က တော်တော်လေး စဉ်းစားဖို့ လိုတယ်။ ခေါင်းဆောင်ပိုင်းတွေ အနေနဲ့လေ။ တကယ်လွတ်လပ်ရေး စစ်စစ်မှန်မှန် ရရှိအောင် ၂၀၁၈ ကစပြီး ဘယ်လိုကြိုးစားသွားသင့်သလဲ ဆိုတာကို ခေါင်းဆောင်ပိုင်းတွေက အလေးအနက်ထားစဉ်းစားဖို့ လိုအပ်တယ်ဗျ။

ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးရတယ်ဆိုတာ တပါးနိုင်ငံရဲ့ ကျူးကျော်မှုကနေ လွတ်လပ်မှု ရသွားတာ တော့ ဟုတ်ပါပြီ။ ဒါပေမယ့် ပြည်တွင်းမှာတော့ တိုင်းရင်းသားတွေအနေနဲ့က လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှား လုပ်ကိုင်စားသောက်ဖို့ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နိုင်တဲ့ အနေအထားမျိုး မရှိတဲ့အတွက်ကြောင့် လွတ်လပ်ရေးဆိုတဲ့ အနှစ်သာရက တိုင်းရင်းသားတွေရဲ့ ခံစားမှုမပါဘူးဖြစ်နေတယ်ဗျ။ ဒါက ပြည်တွင်းစစ် ကြောင့်ပါ။ ပြည်တွင်းစစ်ဖြစ်တာက တန်းတူညီမျှမှု မရှိလို့ပါ။ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့် မရှိလို့။ ဒါကြောင့် လွတ်လပ်ရေးအနှစ်သာရ တိုင်းရင်းသားတွေမှာ ခံစားရတာ မရှိဘူး။ မရှိသေးဘူးလို့ ပြောလို့ ရပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း ( ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်၊ ဇေယျာသီရိမဲဆန္ဒနယ် )

လွတ်လပ်ရေး အရသာကို ပြည့်ပြည့် ၀၀ မခံစားကြရဘူး။ ဘာကြောင့်လဲ ဆိုရင် နယ်ချဲ့ သမားတွေကပဲ သွေးခွဲ အုပ်ချူပ်တဲ့ စနစ်ကြောင့် လွတ်လပ်ရေးနဲ့ အတူတူ ပေါ်လာတဲ့ သောင်းကျန်းသူတွေ၊ အဲဒီသောင်းကျန်သူ မျိုးစုံနဲ့ တိုက်ခိုက် လာကြရတဲ့ အတွက် နယ်မြေ လူထုတွေလည်း အေးအေး ချမ်းချမ်း မနေရ။ ပင်မ အသက်သွေးကြောဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းလည်း ကောင်းကောင်းမလုပ်ရ။ ဘက်စုံ နိုင်ငံဟာ ဒုက္ခထဲမှာ ရင်ဆိုင်ခဲ့ရတာ ယနေ့ အချိန်ထိပါပဲ။

တချို့က ပြောတယ်။ အစိုးရ အဆက်ဆက်က အုပ်ချူပ်မှု ညံ့ဖျင်းလို့ နိုင်ငံ မတိုးတက်ဘူး။ သူများ နိုင်ငံတွေ တိုးတက် ကုန်ပြီ ပြောကြတယ်။ ဒို့က သူများ နိုင်ငံတွေနဲ့ မတူဘူး။ နယ်ချဲ့ သမားက ဒီလိုမျိုး ဖြစ်အောင် စနစ်တကျ လုပ်ခဲ့တာ၊ လုပ်ခဲ့တဲ့ အတွက် ပြည်တွင်းစစ် နွန်ထဲမှာ နစ်နေတာ၊ ခုထိလည်း နစ်နေတုန်းပဲ။

အစိုးရ အဆက်ဆက်ကို အပြစ်ပုံချမယ့် အစား သတိရှိဖို့လိုတယ်။ လွတ်လပ်ရေးရဲ့ အရသာကို အပြည့် အ၀ မခံစားရတာနေ လုံး၀ မခံစားရတဲ့ ဘဝကို ရောက်သွားနိုင်တယ်။ ဒီတိုင်းသာ ညီညီ ညွှတ်ညွှတ် မရှိပဲ သူ့ အပြစ်ပုံချ ၊ ကိုယ့် အပြစ်ပုံချ၊ အစိုးရ လက်ညှိုးထိုး နေတာက တဖက်ရန်သူ ရဲ့ အကြိုက်ပဲ။ လွှတ်လပ်ရေးကို အချူပ်အချာ အာဏာကို ခြိမ်းခြောက်ခံနေရပြီ။


ဦးနေမျိုးဇင် (မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအသင်း – အတွင်းရေးမှူး)

ဗိုလ်ချုပ်မှာကြားခဲ့တဲ့မိန့်ခွန်းဟာ ခုထက်ထိ အသက်မဝင်သေးပါဘူး။ အဲဒါလေး အသက်ဝင်အောင်တော့ ဝိုင်းလုပ်ပေးစေ ချင်ပါတယ်။ ဘာလဲဆိုတော့ တိုင်းပြည်ကသာ လွတ်လပ်တယ်။ လူမျိုးက စစ်မှန်တဲ့လွတ်လပ်ခွင့် မရသေးလို့ပါ။ လူတစုက တော့ လွတ်လပ်ရေးအပေါ်မှာရတဲ့ အသီးအပွင့် အဆီအနှစ်တွေ၊ သယံဇာတနဲ့ပတ်သက်တဲ့ အကျိုးစီးပွားတွေကို ကောင်း စွာခံစားရရှိပါတယ်။ သို့သော် လူထုတရပ်လုံးအတွက်တော့ မျှခြေရှိတဲ့ အာမခံချက်ရှိတဲ့ ပွင့်လင်းမြင်သာတဲ့ လွတ်လပ်ရေး အသီးအပွင့်ကတော့ ခုချိန်ထိ မရသေးပါဘူး။ ဒါကလည်းပဲ ဖက်ဆစ်နဲ့ကိုလိုနီခေတ်လွန် အာဏာရှင်တွေဘက်က တကိုယ် ကောင်း၊ တဖွဲ့ကောင်း ကောင်းစားရေးအတွက်ကိုပဲ ဦးတည်လုပ်သွားပြီး တမျိုးသားလုံးအတွက်ဆိုတဲ့ဟာကို စနစ်ကျနတဲ့ အခြေခံဥပဒေနဲ့ ပြဋ္ဌာန်းချက်တွေ မရှိခဲ့လို့ပါ။ အခု ဒီအစိုးရသစ်လက်ထက်မှာလည်း ဆောင်ရွက်ဖို့ ကြိုးစားနေတာတော့ တွေ့ရပေမယ့် မပီပြင်လာသေးဘူး။ ယခင်ခေတ်ဟောင်းကနေ လွန်မြောက်ဖို့ မရုန်းထွက်နိုင်သေးဘူးဆိုတာ တွေ့ရပါတယ်။

လွတ်လပ်ခွင့်နဲ့ထိုက်တန်တဲ့ လူမျိုးတွေဖြစ်အောင် ကျနော်တို့ကိုယ်စီကလည်း အရည်အသွေး၊ စိတ်ဓာတ်မြှင့်တင်ဖို့လိုသ လို လွတ်လပ်ခွင့်ကို မရအောင်ချိုးနှိမ်ထားတဲ့စနစ် အခြေခံဥပဒေ ဒါတွေကို ပြင်ဆင်ပြောင်းလဲ အစားထိုးနိုင်ဖို့လည်း အား လုံး ကြိုးစားမှရလိမ့်မယ်။ အရာရာကို ခေါင်းဆောင်နဲ့ နိုင်ငံရေးပါတီ တစုတဖွဲ့ကိုပဲ မှီခိုပြီး ခေါင်းဆောင်မျှော်တဲ့ ဝါဒ၊ သူရဲ ကောင်းဝါဒတွေကိုပဲ အရိုးစွဲအောင် လိုက်နာခဲ့ကြ၊ ကျင့်သုံးခဲ့ကြ၊ ခုချိန်ထိ လက်ခံခဲ့ကြတယ်။ ဒါတွေကို လွန်မြောက်ပြီး သူ ရဲကောင်းမျှော်တဲ့ဝါဒ၊ ခေါင်းဆောင်ပေါ်ပဲ လုံးဝဥဿုံအားကိုးတဲ့ မျှော်လင့်ချက်တွေကို ပြင်ဆင်ဖို့လိုတယ်လို့ နှစ် ၇၀ ပြည့် မြောက် လွတ်လပ်ရေးနေ့ အခါသမယမှာ ပြောချင်တယ်။

၄၀ ကျော်တန်း လူတယောက်အနေနဲ့ လွတ်လပ်ရေးရပြီး နှစ် ၃၀ လောက်မှ ကျနော်တို့က မွေးတာပါ။ သို့သော်လည်းပဲ ခု ချိန်ထိ ကျနော်တို့ကိုယ်တိုင် လူလားမြောက်တဲ့ နှစ် ၂၀ ကျော်ဝန်းကျင်လောက်မှာ စစ်မှန်တဲ့ လွတ်လပ်ခွင့်အရသာ။ လွတ် လပ်တဲ့နိုင်ငံတနိုင်ငံမှာ နေရတဲ့ နိုင်ငံသားတဦးရဲ့ဂုဏ်သိက္ခာနဲ့ ကမ္ဘာ့နိုင်ငံတွေအလယ်မှာ လွတ်လပ်တဲ့ နိုင်ငံသားတဦးအ နေနဲ့ ဝင့်ကြွားချင်တဲ့ မျှော်လင့်ချက်တွေ မပြည့်စုံသေးပါဘူး။ ဒီတော့ ဆက်လက်ပြီးအသက်ရှင်ကြမယ့် အသက် သုံး၊ လေး ဆယ်တန်း ဆက်ပြီးလူလုပ်ကြမယ့်ပုဂ္ဂိုလ်တွေအားလုံး ခုချိန်မှာ ခွန်နဲ့အားနဲ့ တကယ်ကို တိုင်းချစ်ပြည်ချစ်စိတ်နဲ့ လွတ်လပ် ခွင့်အစစ်အမှန်ကို မျှော်လင့်တဲ့ယုံကြည်ချက်တွေနဲ့ ကြိုးပမ်းအားထုတ်ရမယ့်အချိန်။ စိစစ်ခြိုးခြံသင့်တာကို ခြိုးခြံ။ ပြတ်ပြတ် သားသား တွန်းလှန်သင့်တာကို တွန်းလှန်။ ဆင်ခြင်ပြင်ဆင်သင့်တာကို ကိုယ်တိုင်ကစ ဆင်ခြင် တခြား သူတွေပြင်ဆင်နိုင် အောင်လည်း စည်းရုံးပြီး အလုပ်လုပ်ရမယ့်အချိန်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း

လွတ်လပ်ရေး ရဖို့အတွက် ဗိုလ်ချူပ်အောင်ဆန်း ဦးဆောင်ပြီးတော့ ပင်လုံ စာချူပ်ကို ချူပ်ဆို နိုင်ခဲ့တယ်လေ။ ပင်လုံ စာချူပ်ကနေမှ တောင်တန်းရော၊ ပြည်မရော လွှတ်လပ်ရေး တွဲယူနိုင်ခဲ့တယ်။ ယူနိုင်ခဲ့သော်လည်းပဲ ယနေ့ အချိန်ထိ ပြည်တွင်းစစ်က ပင်လုံစာချူပ် အကောင်အည်ဖော်မှု အားနည်းတဲ့ အတွက် ပြည်တွင်းစစ်က ဒီနေ့ အထိ ရှိနေသေးတယ်။

ရှိနေသေးတဲ့ အပေါ်မှာ ဒုတိယ ပင်လုံညီလာခံ ဆိုတာ ပြန်ပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင် ဦးဆောင်ပြီးတော့မှ ပြန်လည် ကျင်းပနေပြီ ဖြစ်တယ်လေ။ ရှေ့က ဗိုလ်ချူပ်အောင်ဆန်းတို့၊ တိုင်းရင်းသားခေါင်းဆောင်တွေရော လိုချင်ခဲ့တဲ့ ပန်းတိုင်ပေါ့ မရောက်သေးဘူး။ မရောက်သေးတာကို ၂၁ ရာစု ပင်လုံ ညီလာခံမှာ တိုင်းရင်းသားခေါင်းဆောင်တွေရော၊ တပ်မတော်ရော၊ လက်ရှိ အစိုးရရော လွတ်လပ်ရေး အရသာတွေကို ပြည်သူတွေ ခံစားနိုင်အောင် ဖြူစင်မျှတတဲ့ မူဝါဒတွေ ချမှတ်ဖို့ အရေးကြီး ပါတယ်။

ဒေါက်တာ စင်သီယာမောင် ( မယ်တော်ဆေးခန်း)

လွတ်လပ်ရေးဆိုတာက မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ စုဖွဲ့ပြီးတော့ တန်းတူညီမျှရေးနဲ့ ဒီမိုကရေစီ အရေးတို့ အတွက် လွတ်လပ်ရေးကို ရအောင် ယူခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသား တန်းတူညီမျှရေး ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက် ပတ်သက်နေတာ ရှိသလို တချိန်တည်းမှာပဲ နိုင်ငံပြန်လည်ထူထောင်ရေးမှာ တန်းတူ အခွင့်အရေးရရှိရေးက လွတ်လပ်ရေး ရရှိခဲ့တဲ့ အနှစ်သာရလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ လွတ်လပ်ရေး ရပြီးကတည်းက စစ်အာဏာရှင်အောက်မှာပဲ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့အတွက် အခွင့်အရေးတွေကို မဖော်ဆောင်နိုင်ခဲ့ဘူးပေါ့။ ဒီအစိုးရခေတ်မှာတော့ စစ်အုပ်ချုပ်ရေး အောက်ကနေ အရပ်သား အုပ်ချုပ်ရေးအောက်ကို ပြန်ရောက်ဖို့ရယ်၊ တိုင်းရင်းသားတန်းတူရေးနဲ့ လူ့အခွင့်အရေးတွေ အပြည့်အဝရရှိဖို့ ဆောင်ရွက်တဲ့အခါမှာ ဒီလိုသဘောတရားတွေကို အားလုံးနားလည်လာအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံပြုပြင်ပြောင်းလဲရေးကိုလည်း အာရှနိုင်ငံတွေ၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို လေ့လာပြီး ဆောင်ရွက်ကြဖို့လိုပါတယ်။ ပါတီတခုတည်း၊ အဖွဲ့အစည်း တခုတည်းကနေ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်နိုင်မှာမဟုတ်သလို အားလုံးက စုပေါင်းလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ပြည်သူအားလုံး အနေနဲ့ ငြိမ်းချမ်းပြီးတော့ လုံခြုံတဲ့ ပတ်ဝန်းကျင်တခုကို ပူးပေါင်းတည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဦးဉာဏ်ဝင်း ( NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ်)

ကျနော်တို့ နှစ် ၇၀ ပြည့်သွားပြီပေါ့ဗျာ။ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းမှာဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကို ရှေးအစဉ် အဆက်လူကြီးတွေက ကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ကလည်း ပြည်သူအားလုံး စိတ်ချမ်းမြေ့စွာ လွတ်လွတ်လပ်လပ်နေထိုင်နိုင်ဖို့ပါ။ အမှန်တိုင်းပြောရရင်တော့ ခုချိန်အထိ လွတ်လပ်မှု အပြည့်အဝ မရသေးပါဘူး။ တိုးတက်မှုတွေတော့ ရှိပါတယ်။ လွတ်လပ်ရေးရဲ့ အရသာကိုတော့ ပြည်သူတွေ အပြည့်အဝ မခံစားရသေးပါဘူး။ နောက်ထပ်အလုပ်အကျွေးပြုဖို့ အများကြီးလိုပါသေးတယ်။ ကျနော်တို့ကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိဖို့ ကြိုးစားမှာပါ။ ဘယ်တော့ဆိုတာမျိုးတော့ ခပ်လွယ်လွယ်လေးတွေးပြီး မှန်းပြီး ပြောဖို့မသင့်ပါဘူး။ ကြိုးစားကြရမှာက အားလုံးရဲ့တာဝန်ပါပဲ။

Did you find apk for android? You can find new Free Android Games and apps.
Loading