"နိုင်ငံရေး နည်းနဲ့ အဖြေရှာဖို့ ကျနော်တို့က မျှော်လင့်ထားတယ်"

ဧရာဝတီ
KNLA စစ်ရေးချုပ်ရုံး ၏ တွဲဖက် ဒု စစ်ရေးချုပ် ဗိုလ်မှူးချုပ် ရှားထုဝေါ် / KIC

ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)သည် ၂၀၁၈ ခုနှစ်၊ဇန်နဝါရီ ၅ ရက် က ဗဟိုဌာနချုပ်တွင် တပ်မှူး အစည်းအဝေးကို ကျင်းပခဲ့ပြီး ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပနေခြင်း အခြေအနေနှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လျှောက်လှမ်းနေသည့် သဘောထား အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုအစည်းအဝေးကနေ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည် ပေါင်းစည်းရေး (DDR)နှင့် လုံခြုံ ရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR)တို့ကို မလုပ်နိုင်ကြောင်း၊ တတိယအကြိမ် ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံ ဆိုင်းငံ့ ပေးထားရန်၊ ကျင်းပခဲ့ပါက မတက်ရောက်ရန် စသည့် သဘောထားများကို ချမှတ်ခဲ့သည်ဟု ဆိုသည်။

တဖက်တွင်လည်း ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ မဲသဝေါဒေသ နှင့် ဟတ်ကြီးရေကာတာ အနီးတဝိုက်တွင် စောဆန်းအောင်၊ စောကျော်သက်တို့ ဦးဆောင်သည့် တိုးတက်သော ဗုဒဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA-ခွဲထွက်) အဖွဲ့ နှင့် တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)၊ KNLA ပူးပေါင်း အဖွဲ့တို့ တိုက်ပွဲ ဖြစ်နေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး KNLA ၏ စစ်ရေးချုပ်ရုံးမှ တွဲဖက် ဒုစစ်ရေးချုပ် ဗိုလ်မှူးချုပ် ရှားထုဝေါ် ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ KNLA ဗဟိုဌာနချုပ်မှာ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေ အစည်းအဝေး ကျင်းပခဲ့ပြီး DDR/SSR ကို မလုပ် နိုင်ဘူး။ ၂၁ ရာစု ပင်လုံ ညီလာခံကို ဆိုင်းငံ့ပေးဖို့ ဆုံးဖြတ်ချက်တွေ ချခဲ့တယ်ဆိုတာ ဘယ်လိုပုံစံမျိုးတွေနဲ့ ချမှတ်ခဲ့ တာလဲ။

ဖြေ။ ။ ကျနော်တို့ တပ်မှူး အစည်းအဝေး လုပ်တဲ့အခါကျတော့ ကျနော်တို့ သဘောထား ၂ ခုတော့ ရထား တာပေါ့။ ပထမ သဘောထား တခုကတော့ ကျနော်တို့က ရည်ရွယ်ထားတာက တကယ်လို့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လုပ်ပြီးတာနဲ့ ကျနော်တို့ သဘောထားက နိုင်ငံရေး စကားပြောဖို့ ဖြစ်တယ်၊ နောက်ပြီးတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနဲ့ အဖြေရှာဖို့ ကျနော်တို့က မျှော်လင့်ထားတယ်။

နောက်တချက်ကတော့ အဲ့ဒီလို ပြေလည်ပြီးတဲ့ နောက်မှာ ကျနော်တို့က ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် သွားဖို့ ဖြစ်တဲ့အခါကျတော့။ ကျနော်တို့က ဒီကိစ္စတွေကို ဆွေးနွေးခဲ့ပေမယ့်လည်း ဗမာ့ တပ်မတော်က လိုလို လား လား မရှိဘူးလို့ ကျနော်တို့က အဲ့ဒီလို မြင်တယ်လေ။

သူတို့ ဖြစ်စေချင်တဲ့ ဆန္ဒတွေ၊ သဘောထားတွေကိုပဲ ကျနော်တို့အပေါ်မှာ မရရအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဖိအားပေး နေတယ်လို့ ကျနော်တို့ ရှုမြင်တယ်လေ။ ဒါကြောင့် ဒီ NCA ကို အခြေခံပြီးတော့မှ ငြိမ်းချမ်းရေး လမ်းစဉ်ကို ဖော်ဆောင် သွားတဲ့ နေရာမှာ ဗမာ့တပ်မတော်ရဲ့ ရည်ရွယ်ချက်ကဗျာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းတွေ ကို ပထမ လက်နက်ကိုင် လမ်းစဉ်စွန့်ဖို့၊ နိုင်ငံရေးပါတီ ထောင်ဖို့၊ ရွေးကောက်ပွဲ ဝင်ဖို့၊ နောက် တချက်က လက်နက် ဖျက်သိမ်းဖို့၊ နောက်တချက်က ကျနော်တို့ကို အရပ်သားအဖြစ်နဲ့ နေသွားဖို့ပဲ ဖိအားပေး နေတာကို ကျနော်တို့က အဲဒီလို တွေ့မြင်ရတယ်။

ငြိမ်းချမ်းရေး လမ်းစဉ်နဲ့ ကျနော်တို့ လိုချင်တဲ့ ပုံစံက ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အတွက်ကြောင့်မလို့ ကျနော်တို့ က အဲဒီအပေါ်မှာ ကျနော်တို့က ယုံကြည်မှု မရှိဘူးပေါ့ဗျာ။ အဲ့ဒီလို သဘောထား တခုရှိတယ်။

နောက်တချက်က ပင်လုံမှာကတော့ ပြီးခဲ့တဲ့ ပင်လုံ ကျနော်တို့ ခေါင်းဆောင်တွေ တက်သွားတယ်။ ကျနော်တို့ နောက် Review တွေ ပြန်လုပ်တဲ့အပေါ်မှာ ဒီပင်လုံညီလာခံက နောက်ဆုံးကျတော့ ၂၀၀၈ ဖွဲ့စည်းပုံ အောက်မှာ ပဲ ဝဲတလည်လည် ဖြစ်နေတာကိုပဲ ကျနော်တို့က သုံးသပ်မိတယ်။

အဲဒီလိုဆိုတော့ လာမယ့် ပင်လုံ ဆက်တက် ရင်လည်း ဒီလိုပဲ ဝဲတလည်လည် ဖြစ်မယ်လို့ သံသယဖြစ်တဲ့ အခါကျ တော့ ဒီပင်လုံ ဆက်တက်ဖို့ အတွက်ကတော့ ကျနော်တို့ တပ်မတော်ရဲ့ သဘောထားကတော့ ဆိုင်းငံ့သင့်တယ်လို့ ကျနော်တို့က အဲဒီလို ယူဆလို့ ဒီတပ်အတွင်းမှာ ဆိုင်းငံ့ထားဖို့ ကျနော်တို့ ဆုံးဖြတ်ချက် ချထားတာ ဖြစ်တယ်လေ။

မေး။ ။ တကယ်လို့ တတိယ ပင်လုံညီလာခံကို လုပ်ခဲ့မယ်ဆိုရင် ဗိုလ်မှူးချုပ်တို့အနေနဲ့ ဘယ်လို ဆောင်ရွက် သွား မလဲ၊ တက်မှာလား မတက်ဘူးလား။ ဘယ်လိုပုံစံမျိုးနဲ့ စီစဉ်ထားတာတွေ ရှိသလဲဗျ။

ဖြေ။ ။ အဲဒါကတော့ ကျနော်တို့ တပ်ဘက်အပိုင်းရဲ့ သဘောထားကတော့ ကျနော်တို့ မတက်ဘူးလို့ဘဲ ကျနော်တို့ အဲဒီလို သဘောထားရှိတယ်။ ဆိုင်းငံ့ထားတာပေါ့။

မေး။ ။ ဗိုလ်မှူးချုပ်တို့ ဘက်က သွားချင်တဲ့ NCA လမ်းကြောင်းက ဘယ်လို ပုံစံလဲ၊ ဘယ်လို ဖြစ်စေချင်တာလဲဗျ။ တပ်မတော်နဲ့ ဘယ်လို ပုံစံတွေမှာ သဘောထား ကွဲလွဲနေတာတွေ ရှိတာလဲ။

ဖြေ။ ။ စောစောက ကျနော်တို့ ပြောသလိုပဲ။ ကျနော်တို့လိုချင်တဲ့ NCA ပုံစံက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်း နဲ့ ဖြေရှင်းမယ်၊ နိုင်ငံရေး ပြဿနာ ဖြေရှင်းပြီးတဲ့ အခါကျရင် နောက်ဆက်တွဲ ဖြစ်လာမယ့် ကိစ္စတွေကို ကျနော်တို့က နိုင်ငံရေးရဲ့ ဖြစ်စဉ် ရလဒ်အပေါ်မှာ ကျနော်တို့ ဆောင်ရွက် သွားချင်တယ်လေ။ အခုက ကျနော်တို့ လိုချင်တဲ့ပုံစံ တခုမှ မရတဲ့ အခါကျတော့ ကျနော်တို့က အဲဒါကိုလည်း ကျနော်တို့က မယုံကြည်တော့ဘူးပေါ့ဗျာ။ အဲဒီလို ဖြစ်တာပေါ့။

မေး။ ။ NCA ကို မယုံတာလား၊ တပ်မတော်ကို မယုံတာလား။

ဖြေ။ ။ တပ်မတော်၊ တပ်မတော်ကို ကျနော်တို့ မယုံဘူး။ NCA လမ်းကြောင်းကတော့ တိုင်းပြည် ငြိမ်းချမ်းရေး အတွက် လုပ်မယ်ဆိုတော့ ကျနော်တို့ သဘောတူပါတယ်။ ကျနော်တို့ကလည်း လမ်းဖွင့် ထားတယ်။ ဒါပေမယ့် လုပ်ထုံး လုပ် နည်း ကျတော့ ကျနော်တို့လူမျိုးစုတွေ လုပ်ချင်တဲ့ပုံစံအတိုင်း မပေါ်လာဘူး။ တပ်မတော်ရဲ့ သဘောထားကိုပဲ ကျနော် တို့က လိုက်လျောရတဲ့ NCA မျိုးဆိုတော့ ဒါကတော့ မဖြစ်သင့်ဘူး ပေါ့ဗျ။ ကျနော်တို့က အဲဒီလိုမြင်တာပေါ့လေ။

မေး။ ။ DDR/SSR ကို တတိယ ပင်လုံ ညီလာခံမှာ ဆွေးနွေးဖို့ လျာထားတယ်လို့ ကြားတယ်။ NCA ထိုးထားတဲ့ အဖွဲ့ တွေ ကြားမှာ အလွတ်သဘောပေါ့၊ အရင်ဦးဆုံး ညှိနှိုင်း ဆွေးနွေးနေတာတွေ ရှိလား။

ဖြေ။ ။ အဲ့ဒါက ကျနော်တို့ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) တို့၊ PC (ကရင် ငြိမ်းချမ်းရေး ကောင်စီ) တို့နဲ့ ကျနော်တို့က အမြဲတမ်း နီးစပ်တဲ့ အခါကျတော့ ကျနော်တို့ကတော့ ဆွေးနွေးတာတွေ ရှိတာပေါ့ဗျ။ ဥပမာ တိုင်းပြည် ငြိမ်းချမ်းရေး ဘာမှမရဘဲနဲ့ DDR (လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည် ပေါင်းစည်းရေး) လုပ်ရမယ် ဆိုရင်တော့ သူတို့လည်း သဘောထား မရှိဘူးလို့ ကျနော်တို့ သိရတယ်လေ။ DDR လုပ်ရမယ်ဆိုရင်တော့ ကျနော်တို့က ဘယ်တော့မှ မလုပ်ဘူးလို့ ကျနော်တို့ တပ်မတော်ရဲ့ မူအတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ ခံယူ ထားတယ်။

မေး။ ။ မဲသဝေါမှာ စောဆန်းအောင်တို့၊ စောကျော်သက်တို့ ဦးဆောင်တဲ့ DKBA နဲ့ တပ်မတော်၊ BGF၊ KNLA ပူးပေါင်း အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုပြီး ကြားတယ်။ အဲဒါ ဟုတ်လားဗျ။

ဖြေ။ ။ အဲဒါကတော့ တချို့က ကောလာဟလ သတင်းတွေပါ။ ကျနော်တို့ ပူးပေါင်းတာတော့ မရှိပါဘူး။ တပ်မတော် နဲ့။ ဒါပေမယ့် ဒီနယ်မြေမှာကျတော့ ကျနော်တို့ နယ်မြေ ဖြစ်တဲ့အခါကျတော့ သူတို့က ဝင်တိုက်လိုက်တဲ့ အခါကျတော့ ကျနော်တို့ နယ်မြေကိုလည်း ကျနော်တို့ ကာကွယ်ထားတဲ့ အစိတ်အပိုင်းတော့ ရှိတာပေါ့။ အဲဒီ အပေါ်ပါပဲ။

မေး။ ။ ဒါဆို ဒီစစ်ဆင်ရေးမှာ ဗိုလ်မှူးချုပ်တို့အနေနဲ့ တပ်မတော်နဲ့ ပူးပေါင်းတာတော့ မရှိဘူး။ တဖွဲ့တည်း အနေနဲ့ ကာကွယ်ဖို့အတွက် ဆောင်ရွက်တာပဲ ရှိတာပဲပေါ့နော်။

ဖြေ။ ။ ကာကွယ်ဖို့ဆိုတာက ကျနော်တို့ဘက်မှာ မကျွံလာဖို့ ဗမာ့တပ်မတော်က ကျနော်တို့နဲ့ နောက်ထပ် ထိပ်တိုက် ပြဿနာတွေ မရှိဖို့၊ ကျနော်တို့ နေရာကို ကျနော်တို့ ကာကွယ်ထားတဲ့ သဘောပဲ ရှိတယ်။

မေး။ ။ လက်ရှိရော တိုက်ပွဲ အခြေအနေက ဘယ်လိုရှိလဲ။ ဆက်ဖြစ်နေတုန်းပဲလား။

ဖြေ။ ။ တိုက်ပွဲ အခြေအနေကတော့ အခုကတော့ ရပ်သွားပါပြီး။ ဗုံးပေါက်တဲ့ ကိစ္စတွေကတော့ ရှိတာပေါ့။ သူတို့က လည်း ဗုံးထောင်ထားတဲ့ အခါကျတော့ ဝင်ပြီးတော့ ကျွံသွားတဲ့ အခါကျတော့ ဗုံးပေါက်တာတွေတော့ ရှိတာပေါ့။ အခု ပစ်တာခတ်တာတော့ မရှိသလောက် ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ အပိုင်းတုန်းက ကျနော်တို့ သိရသလောက်တော့ နှစ်ဖက် စလုံး ကတော့ ထိခိုက်ဒဏ်ရာ ရတယ်လို့ သိရတာပဲလေ။

မေး။ ။ တိုက်ပွဲရှောင် ပြည်သူတွေ ပေါ်ပေါက်လာတာရော ရှိသေးလားဗျ။

ဖြေ။ ။ ထပ်တိုးလာတာ မရှိဘူး။ ပြီးခဲ့တဲ့ တိုက်ပွဲတုန်းကပဲ ရှိတာ။ သူတို့ မြိုင်ကြီးငူဒေသမှာ ပြန်ပြီးတော့ ထားထားတာ ရှိတယ်လေ။ ပြည်တွင်း ဒုက္ခသည် ပုံစံမျိုးနဲ့။ အဲ့ဒါ ရှိတာပေါ့ဗျ။ အခုနောက်ပိုင်းမှာတော့ တိုးလာတာ မတွေ့ရဘူး။ ။

Loading