တရားရုံးမှာ ကွန်ဒုံးကို အသုံးပြုပြီး စီရင်ချက်ချတာ လုံးဝ မရှိတော့ဘူး

သဇင်လှိုင်
ဒေါက်တာ စစ်နိုင် / ရွှေလေး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်ကတည်းက ပြည့်တန်ဆာ (ဝါ) လိင်လုပ်သားများနှင့် ပတ်သက်ပြီး ပြည့်တန်ဆာ နှိပ်ကွပ်ရေး (ပပျောက်ရေး) ဥပဒေ ပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့သည်။

ယခုအချိန်တွင် လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနသည် ပညာရှင်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အကူအညီ၊ ဝိုင်းဝန်း အကြံပြုမှုများနှင့် ပြည့်တန်ဆာ ဥပဒေကို အသစ်ပြဋ္ဌာန်းနိုင်ရန် ရေးဆွဲနေကြောင်း သိရသည်။

အဆိုပါဥပဒေ ပြုပြင်နိုင်ရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေသူလည်းဖြစ်၊ HIV တိုက်ဖျက်ရေး လုပ်ငန်းများတွင် ကျွမ်းကျင်သူ ပညာရှင်တဦးလည်း ဖြစ်သည့် လူထုကျန်းမာရေး စောင့်ရှောက်မှု၊ အပြည်ပြည် ဆိုင်ရာ လူမှုရေး အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင် (Marie Stopes Myanmar) နှင့် ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။ ။ ပြည့်တန်ဆာ ဥပဒေကို ပြင်ဆင် ရေးဆွဲနေတယ် ဆိုတော့ ဒေါက်တာ တို့အနေနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက် နေသလဲ ရှင့်။

ဖြေ။ ။ လွတ်လပ်ရေးရပြီးနောက် ဆွဲခဲ့တဲ့ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ဟိုတုန်းကတော့ ပပျောက်ရေး ဥပဒေလို့ သုံးခဲ့ ဖူး တယ်။ စိတ်ကူးယဉ်တာပေါ့နော်။ ကမ္ဘာပေါ်မှာ ဘယ်မှာမှ မပပျောက်တဲ့ကိစ္စကို ပပျောက်ရေးဆိုတာမျိုး ပြောခဲ့တယ်။ နောက်တော့မှ ဟာ..ဒါပပျောက်တာ မဖြစ်နိုင်ဘူး။ နှိပ်ကွပ်မယ်။ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေလို့ ပြောလိုက်တဲ့ အတိုင်း ဘာကိုပဲ နှိပ်ကွပ်ဖြစ်လဲဆိုတော့လူကိုပဲ နှိပ်ကွပ်မိရဲ့သား ဖြစ်သွားပါတယ်။

ဒီလိုဥပဒေထုတ်ထားလိုက်မှ၊ မထုတ်ထားရင် အကုန်လုံး ဒီလုပ်ငန်း လုပ်ကုန်မှာပေါ့ ဆိုတဲ့ စေတနာနဲ့ပဲ ရေးခဲ့ကြတာ။ လက်တွေ့မှာ အဲဒီဥပဒေကြောင့် HIV အပါအဝင် အခြားသော ကူးစက် ရောဂါတွေ ပိုပြီးတော့ ပြန့်ပွားနေတယ်။ ဒီ ဥပဒေ သည် လူထုအတွက် အန္တရာယ်ရှိသော ဥပဒေ၊ လူထုကို အကျိုးမပြုသော ဥပဒေဖြစ်လာတယ်။

နောက်တခုကတော့ ဒီဥပဒေရဲ့ဒဏ်ကို ခံစားရတဲ့ အမျိုးသမီးတွေပေါ့။ သူတို့အနေနဲ့ ဆင်းရဲမွဲတေမှုကြောင့်၊ စားဝတ် နေရေး လိုအပ်ချက်တွေကြောင့် ဒါမှမဟုတ်ရင်လည်း ကိုယ်မသိ နားမလည်တဲ့ အချိန်မှာ ပတ်ဝန်းကျင်က အမြတ် ထုတ်၊ ဒုက္ခပေးလိုက်တာကြောင့် ဒီလုပ်ငန်းထဲကို ရောက်ကြတယ်။

ဒါပေမယ့် ရောက်သွားပြီးတဲ့ ဘဝမှာတော့ လူသည် ပျော်အောင်နေရတာပေါ့။ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဖို့ပဲ ရှိတော့တယ်။ ဒါတွေကို ကြည့်ပြီးဖြစ်တတ်တာက ဟယ်..သူတို့ ပျော်လို့။ ကြည့်စမ်း အစကတည်းကိုက မကောင်းလို့ ဒီထဲရောက်တာ ဆိုတဲ့ ကိုယ်မခံစားရတိုင်း လွယ်လွယ် အပြစ်တင်တဲ့ လုပ်ငန်းကို လူတိုင်း လုပ်နေကြ တယ်။

ဒါသည် လူထုတရပ်လုံးရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ ဥပဒေဖြစ်တယ်။ ရည်ရွယ်ချက်က ကူဖို့၊ ကယ်ဖို့၊ တား ဆီး ဖို့ ဆိုပေမယ့် ပိုပြီးတော့ ထိုးနှက်နေတဲ့ အနေအထား၊ ပိုပြီးတော့ မတရားပြုရာ ပြုကြောင်းကို အားပေးမိရက်သား ဖြစ်နေတဲ့ အနေအထားကို တွေ့ရတဲ့အတွက် အားလုံးက ဒီဥပဒေပြု ပုဂ္ဂိုလ်တွေကရော၊ အခြားသော ပညာရှင်တွေ ကရော ပြင်မယ် ဆိုပြီး လုပ်ခဲ့ကြတာပါ။

ကူးစက်ရောဂါတွေ ကာကွယ်မှုနဲ့ ပတ်သက်ပြီး ဒီဥပဒေက အရေးကြီးပါတယ်။ HIV တခုတည်းနဲ့ ပတ်သက်ပြီး စဉ်းစား ပါ ဆိုရင်တောင် အရေးကြီးတယ်။ ကျနော်တို့က နိုင်ငံတကာ အတွေ့အကြုံ၊ ပြည်တွင်းမှာ ရှိနေတဲ့ အနေအထား၊ ကျန်းမာရေး အရ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စလေးတွေကို အဓိကဝိုင်းဝန်း ဆွေးနွေးတင်ပြဖို့ အတွက် ပါဝင်ဖြစ်ရင်းနဲ့ ပူးပေါင်းပါဝင် ဖြစ်နေတာ။ အဓိကသည် ဥပဒေပြုတဲ့ အဖွဲ့တွေ၊ ကော်မတီတွေ၊ ကော်မရှင်တွေ၊ ဌာနဆိုင်ရာတွေ ဘက် က ဖိတ်ခေါ်လို့သာ ကျနော်တို့ ပါရတာပေါ့နော်။ သူတို့သာ မဖိတ်ခေါ်ရင် ကျနော်တို့ ဘယ်လိုမှ မပါနိုင်ပါဘူး။

မေး။ ။ ၁၉၄၉ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေနဲ့ ပတ်သက်ပြီး ဒေါက်တာ အနေနဲ့ ကိုယ်ပိုင်အမြင် ဘယ်လိုရှိပါ လဲ။

ဖြေ။ ။ ၁၉၄၉ ဥပဒေသည် ပြည့်တန်ဆာ လုပ်နေသူကို ဘယ်လောက် ဒဏ်ချပြီး အရေးယူမယ်။ အဲဒီ လုပ်ငန်းကို ဦးစီး ပြီးတော့ ဒါမှမဟုတ်လည်း စီမံခန့်ခွဲနေသူကို ဘယ်လို အရေးယူမယ်။ ပရဝုဏ်ဆို ဘယ်လိုအရေးယူမယ်။ နောက်သူတို့ ကို တောက်လျှောက် ကျော်ဇောဆိုတာမျိုး မှတ်ထားပြီးတော့ ဘယ်လို ဆက်လုပ်မယ်။ ဘယ်လိုဖမ်းဆီးမယ် ဆိုတာကို ဥပဒေ တင်မကဘဲ အခြားသော ဆက်နွယ်တဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။

အရင်တုန်းကတော့ ဘယ်လောက်အထိတောင် ပါခဲ့ လဲဆိုတော့ အဲဒီ ပြည့်တန်ဆာ ဥပဒေထဲမှာ ပါလို့မဟုတ်ဘူး။ ထပ်ပြီး လုပ်လာတဲ့ လုပ်ရိုးလုပ်စဉ်တွေကြောင့် ကွန်ဒုံးကို ပြည့်တန်ဆာ လုပ်ငန်းရဲ့ သက်သေခံပစ္စည်း အဖြစ်နဲ့တောင် တချိန်က အရေးယူခဲ့တဲ့ အနေအထားအတွေ တောက်လျှောက် ရှိတယ်။

စာနဲ့တော့ ပြင်ပြီးပြီ။ လက်တွေ့ဘဝမှာလည်း တရားရုံးမှာ ကွန်ဒုံးကို အသုံးပြုပြီး စီရင်ချက်ချတာ လုံးဝ မရှိတော့ဘူး။ ဒါပေမယ့် ဥပဒေဆိုတာ လူတိုင်းသိရှိဖို့ ထုတ်ပြန်လိုက်တဲ့ အမိန့်တရပ်၊ ပြောင်းလဲသွားတဲ့ အခြေအနေတခုကို လမ်း ပေါ် မှာ သွားလာနေတဲ့ လူတိုင်းသိရှိဖို့ ခက်တယ်။ ရာဇဝတ်မှု မြောက်တယ် ဆိုတာကြီးပဲ သိနေတဲ့အတွက် တားဆီး နှိမ်နင်းရေး ဘက်က ပုဂ္ဂိုလ်တွေကရော၊ တဖက်က အဖမ်းဆီးခံ ရာဇဝတ်သားလို ဖြစ်နေတဲ့ ဘက်ကရော ဒါကို ဘယ်သူ မှ နားမလည်နိုင်ဘူး။

မေး။ ။ ဒီဥပဒေကြောင့် လိင်လုပ်သားတွေ ထပ်ပြီး ဖိနှိပ်ခံရတာတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေကို မရရှိတဲ့အပေါ်မှာရော ဘယ်လို ဝေဖန်ချင်ပါသလဲ ရှင့်။

ဖြေ။ ။ တရားမဝင်ဘူးလို့ ဆိုတိုင်းလည်း အဲဒီကိစ္စက မပပျောက်နိုင်ပါဘူး။ အဲဒီထဲမှာ လောလောဆယ် နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်တွေ ရှိနေသေးတာ ပါတာပေါ့။ တရားမဝင်ဘူးလို့ ပြောလိုက်တဲ့အတွက် ဘာကိုမှ တရားဝင်ယူသွားလို့မရတော့တဲ့ အနေအထားကို ရောက်သွားတယ်။ အဲဒီမှာတင် သွေးလဲစစ်လို့မရ၊ ဆေးလည်းကုလို့ မရ၊ တိုင်ပင်လို့လည်း မရ၊ ပြန်ဖြေရှင်းလို့မရ၊ တခုခုဆိုရင်တောင်မှ မေးရင်လည်းမဖြေနိုင်တဲ့ ဘဝရောက်သွားပြီး ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်၊ သူများကိုလည်း အကာအကွယ် မပေးနိုင်တဲ့ အနေအထားတွေ ဖြစ်သွားတာပေါ့။ ဥပဒေကတော့ ကာကွယ်ချင်လို့၊ ကောင်းချင်လု့ိ လုပ်ခဲ့တယ်၊ ရလဒ်က လုံးလုံး လွဲနေတယ်။

မေး။ ။ ပြင်ဆင်မယ့် ဥပဒေမှာရော ဘယ်လိုအချက်တွေ ပါဝင်သင့်သလဲ။

ဖြေ။ ။ နိုင်ငံတကာ အတွေ့အကြုံနဲ့ ပြောပါဆိုရင် ပြည့်တန်ဆာလုပ်ငန်းကို ရာဇဝတ် မသင့်အောင် အထူးသဖြင့် အမျိုးသမီး တွေပေါ့နော်။ ရာဇဝတ် မသင့်ရဘူးဆိုတဲ့ အနေအထား ရောက်နိုင်အောင် လုပ်ဖို့ လိုပါတယ်။ အဲဒါက ကြား ကျကျ ပြောင်းတာပါ။ တချို့ ဆွေးနွေးနေကြသလို ဥပဒေဘောင်ထဲက ပြည့်တန်ဆာ လုပ်ငန်းဖြစ်အောင် ခန့်ခွဲစီမံ စီရင် ခြင်း အထိ ဒီလောက်ကြီး သွားစရာမလိုပါဘူး။ ကျနော်တို့ဆီမှာလည်း မဖြစ်နိုင်ပါဘူး။ ယဉ်ကျေးမှုက ဘယ်လို၊ ဘာသာက ဘယ်လို ဆိုတာတွေ လျှောက်ပြောကြလိမ့်မယ်။ အဲဒီတော့ ကျနော့်အနေနဲ့ မှန်းကြည့်ရင်တော့ အခု ဥပဒေ ပြောင်းလဲမှုက အဲဒီ လောက်ကလေးတောင်ရဖို့ မလွယ်ဘူးထင်တယ်။ ကျနော်တို့ ဆွေးနွေးတင်ပြသူတွေရဲ့ အားနည်းချက်ပါ။

နည်းပညာဘက်က သုတေသနဘက်က အချက်အလက်တွေကို ထိထိရောက်ရောက် မတင်ပြနိုင်ဘူး။ မစဉ်းစားပေး တဲ့ သူတွေဘက်ကို အပြစ်မတင်ပါဘူး။ စေတနာနဲ့ ကန့်ကွက် တားဆီးနေတဲ့ သူတွေကိုလည်း ကျနော် လုံးဝ အပြစ် မတင် ပါဘူး။

မေး။ ။ သူတို့ ဥပဒေ ပြင်ဆင်ဖို့ လုပ်နေတယ်ဆိုတာက ဘယ်အချက်တွေကို ပြင်ဆင်မှာလဲရှင့်။

ဖြေ။ ။ မတန်တဆဖြစ်နေတဲ့ ထောင်ဒဏ် ဥပမာအားဖြင့်နောက် အလွန်ကြီးလေးတဲ့ ငွေဒဏ် အစကတည်းက ငွေရေး ကြေးရေး အဆင်မပြေလို့ လုပ်ကာမှ ငွေဒဏ်ထပ်ချလိုက်မယ်ဆို ဘယ်လိုလုပ်မလဲ။ အဲဒီအတွက် ပိုက်ဆံရှာရတာ ဘယ်လိုမှ အဆင်မပြေတဲ့ အတွက် အဲဒီဝဲဂယက်ထဲက ဘယ်လိုမှ ပြန်ထွက်မလာနိုင်တော့တဲ့ အကြောင်းတရား ဖြစ်သွားပါတယ်။ အဲဒါတွေကို ပြင်ဖို့ လုပ်နေတယ်။

အရေးတကြီးနဲ့မဖြစ်မနေ ရာဇဝတ်မှုအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူရမယ့် ကိစ္စသုံးခုကို ထည့်သွင်း ထားပါတယ်။ တခုကတော့ အမျိုးသမီးတွေကို သူတို့ရဲ့ စိတ်ဆန္ဒမပါဘဲ ပြည့်တန်ဆာလုပ်ငန်းကို သွတ်သွင်းတဲ့ကိစ္စ။ လုံးဝကိုပဲ အဲဒါ ကို အလွန်ပြင်းထန်တဲ့ ဥပဒေနဲ့ အရေးယူရမှာ ဖြစ်ပါတယ်။ နောက်တခုက စိတ်ပါသည် ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ ကလေး ကို ပြည့်တန်ဆာ လုပ်ငန်းကို သွတ်သွင်းတဲ့ကိစ္စ။ ကာယကံရှင် စိတ်ပါသည် ဖြစ်ဦးတော့ လုံးဝအဲဒါကို အပြင်း အထန် အရေးယူရမယ် ဆိုတာ နိုင်ငံတကာမှာလည်း ပြင်းထန်စွာပြဋ္ဌာန်းထားပါတယ်။

နောက်တခုက လူကုန်ကူးမှုနဲ့ ဆက်နွယ်တာပေါ့။ တနေရာမှာ ရှိနေတဲ့သူတွေကို နောက်တနေရာကို စိတ်ပါသည် ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ အခကြေးငွေ ပေးပြီးတော့၊ တနေရာကို ရောက်အောင်လုပ်ပြီးတော့ ဒီလုပ်ငန်းကို ဆက်နွယ်အောင် လုပ်တယ်ဆိုရင် ကျနော်တို့ ရာဇဝတ်မှု ဥပဒေအရ အရေးယူရမှာ။

မေး။ ။ ဒါဆိုရင် ရာဇဝတ်မသင့်တဲ့ လုပ်ငန်းအနေနဲ့တော့ ဒီတခေါက်ပြင်တဲ့အထဲမှာ မဖြစ်နိုင်သေးဘူးလို့ ယူဆရမယ် ထင်တယ်။

ဖြေ။ ။ ရာဇဝတ်သင့်တဲ့အနေအထား၊ ရာဇဝတ်မသင့်ဘူးဆိုတဲ့ စကားလုံးက အလွယ်ပြောတာပေါ့နော်။ တကယ်တမ်း ဥပဒေ စကားလုံးအရ ဆိုရင် ပြစ်မှုဆိုင်ရာ ပြစ်ဒဏ် လျှော့ပေါ့တာလောက်ပဲ ရှိဦးမယ်။ ဥပဒေတခု ဆိုရင် ဘယ်သူကမှ တော့ စေတနာမပါဘဲ ပြဋ္ဌာန်းတာတော့ မရှိပါဘူး။ ကောင်းစေချင်လု့ိ ပြဋ္ဌာန်းကြတာချည်းပဲ။ ဒါပေမယ့် လောကရဲ့ သဘာဝတခုက ဆင်းရဲတဲ့သူ၊ ပညာ လှမ်းမမီတဲ့သူ။ တရားဥပဒေ စိုးမိုးရေးနဲ့ အလှမ်းအဝေးဆုံးသူတွေ အဲဒီဥပဒေ ဒဏ်ကို အခံရဆုံး ဖြစ်ပါတယ်။ ပညာတတ်တဲ့သူက နားလည်ပြီး အတတ်နိုင်ဆုံး ရှောင်ပြီး သူ့အနေနဲ့ အဆင်ပြေဆုံး ဖြစ်အောင် နေနိုင်ပါလိမ့်မယ်။

မေး။ ။ ဆိုတော့ လိင်လုပ်သားတွေ အနေနဲ့ ဥပဒေ အကာအကွယ်ရဖို့က ခက်နေဦးမှာလား။

ဖြေ။ ။ ဥပဒေတခုခုက ပြင်းပြင်းထန်ထန် ကိုင်တွယ်ထားမယ် ဆိုရင် ဥပဒေပြုရတာ တော်တော်လေး ခက်ပါတယ်။ ဘေးကလူတွေ မဆိုထားနဲ့ဦး ဥပဒေပညာရှင်တွေတောင်မှ တော်တော်ကို ခက်ခက်ခဲခဲ လုပ်ရတဲ့ ကိစ္စပါ၊ သုံးတာနဲ့ တောင် မတူသေးဘူး။ ဥပဒေပြုရတာက တော်တော်လေးကို ခက်ခဲနက်နဲတဲ့ ပညာလည်း ပါတဲ့ကိစ္စ ဆိုတော့ ဒါကို ကျနော်တို့ အနေနဲ့ ဝေဖန်ဖို့ မစွမ်းပါဘူး။

သို့သော် ဖြစ်တတ်တာက ဥပဒေရဲ့နောက်မှာ လောကနိယာမ အနေနဲ့ ဆင်းရဲချမ်းသာ နိမ့်ပါးမြင့်မား ကွာဟမှု ရှိနေတဲ့ အတွက် အဲဒီကွာဟမှုပေါ် မူတည်တဲ့အတွက် သက်ရောက်မှုတွေက မတူညီဘူး။ မတူတော့ အနိမ့်ပါးဆုံးသူတွေသည် မသိနားမလည်လို့ ဆင်းရဲလို့ အဆက်အသွယ် မရှိလို့ ပိုပြီးတော့ ဒုက္ခခံရဦးမှာပဲ ဒီထဲမှာ မသန်စွမ်း ပုဂ္ဂိုလ်တွေက အစ ပါတယ်။

ဥပဒေတခုပြင် ဆင်ပြုစု ရေးဆွဲမယ်ဆိုရင် ဒါတွေလည်း ထည့်သွင်း စဉ်းစားရတာတွေ ရှိပါလိမ့်မယ်။ ဥပဒေရေးဆွဲတဲ့ အချိန်မှာ မစဉ်းစားလိုက်နိုင်ရင် ဒါမှမဟုတ် အစုံအလင် မထည့်လိုက်နိုင် ရင်တောင်မှ နောက်နောင် ဒါကို အကောင် အထည်ဖော်ရင် ဒါတွေကို ထည့်ပြီး စဉ်းစားပေးဖို့ လိုပါသေးတယ်။

မေး။ ။ ကျန်းမာရေးအတွက် အရေးကြီးတာဆိုတော့ လိင်လုပ်သားတွေကနေ တဆင့် HIV ကူးစက်မှု အခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ပြည့်တန်ဆာ အမျိုးသမီးလေးတွေသည် အရင်တုန်းက HIV မရှိပါဘူး။ သူတို့ဆီကို ဘယ်သူက သယ်လာ တာလဲ။ ဆိုတော့ မေးခွန်းကို ပြန်ကောက်ရင် ပြည့်တန်ဆာတွေဆီကနေ ကူးတာ နည်းပါတယ်။ ကျနော်တို့ နိုင်ငံမှာ အဓိက ၂ ခု ကူးနေတယ်။ မူးယစ်ဆေး အပ်နဲ့ ထိုးတဲ့သူတွေကြားမှာ ကူးစက်ပြန့်ပွားမှု တအားများတယ်။ အိမ်ရှင်မ တွေ ဆီကို အိမ်ထောင်အတွင်းမှာ ကူးစက်မှုများတယ်။ အရေအတွက် အားဖြင့် ပြောပါဆိုရင် ပြည့်တန်ဆာ ကနေ ဧည့်သည်ဆီ ကူးတာရှိတယ်။ အဲဒါသည် အများစု မဟုတ်ဘူး။

မေး။ ။ ပြည့်တန်ဆာတွေမှာ HIV ဖြစ်ပွားမှုက ဘယ်လောက်ရှိနေလဲ။ တခြားနိုင်ငံတွေနဲယှဉ်ရင် အခြေအနေ ဘယ်လို ရှိလဲ။

ဖြေ။ ။ ၅ ဒသမ ၄ ရာခိုင်နှုန်းပါ။ အရမ်းမြင့်တဲ့ အထဲတော့ မပါဘူး။ သို့သော် သိပ်ကို လူအချင်းချင်း တရားမျှတတဲ့ တိုင်းပြည်တွေ ထက်တော့ ပိုများတယ်။ ဆိုးဆိုးရွားရွားထဲလည်း မပါဘူး။ အရမ်းကိုကောင်းပြီး အေးဆေး ထဲလည်း မပါဘူး။

မေး။ ။ ခုနက ပြောသွားတဲ့ ဖြစ်ပွားမှုနှုန်းက ကျန်းမာရေး စောင့်ရှောက်ပေးမှုတွေကို ပွင့်ပွင့်လင်းလင်းနဲ့ လာရောက် မကုသသူတွေ ပါသေးလားရှင့်။

ဖြေ။ ။ ဘယ်သူတွေပါမလဲဆိုတော့ ပညာမတတ်တဲ့ မိန်းကလေး၊ ဆင်းရဲတဲ့ မိန်းကလေး မလာဘူး။ နောက် အကြွေးနဲ့ ပြည့်တန်ဆာ လုပ်ငန်းထဲ ရောက်သွားတဲ့ မိန်းကလေး မလာဘူး။ ဒီကို လာရတာကိုက သူတို့အတွက် အဆင်မပြေဘူး လေ။ NGO သွားရတာ ကျန်းမာရေးဌာန သွားရတာ ဘယ်လိုမှ အဆင်မပြေတဲ့ အတွက် လုပ်မှာမဟုတ်ဘူး။ ဒီကြားထဲ မှာမှ ပိုဆိုးတာက မထွက်ရဘူးဆိုတဲ့ ကလေးမလေးတွေပေါ့ ထွက်ပြေးမှာစိုးလို့ ခေါင်းကချုပ်တားတော့ ဆေးစစ်ဖို့ မပြောနဲ့ လာရင်တောင် ဝှက်ထားတာလေ၊ အဲဒါတွေက အဆိုးဆုံးပဲ၊ ဆင်းရဲတဲ့သူ၊ ပညာမတတ်တဲ့သူ၊ နယ်အဝေးက လာရတဲ့သူ၊ ကလေး အဲဒီ အုပ်စုတွေက အထိခိုက်ဆုံး ဖြစ်တာပေါ့။

မေး။ ။ ကျန်းမာရေး စောင့်ရှောက်မှုကို လာပြီး ခံယူတဲ့သူတွေရော ရှိလား။

ဖြေ။ ။ ထွက်ကုတဲ့သူတွေလည်း ရှိပါတယ်။ လိုက်ကုရတာက ပိုများတယ်။ ကိုယ့် အဆက်အသွယ်နဲ့ကိုယ် လိုက်ကုရ တာပေါ့။ အဆက်အသွယ်က ဒီကွန်ရက်ထဲက အမျိုးသမီးတွေကိုပဲ ပြန်သုံးရတာပေါ့။ မူးယစ်ဆေး ထိုးတာဆိုလည်း ထိုနည်းလည်းကောင်းပဲ သူတို့အုပ်စုထဲက အချင်းချင်းကိုသုံးမှ ရတာကိုး။ လူတွေက အချင်းချင်းပြောမှ ယုံတာကိုး။

မေး။ ။ ပြည့်တန်ဆာ လုပ်ငန်းကိုသာ တရားဝင် ခွင့်ပြုထားရင် မုဒိမ်းမှုတွေ လျော့ကျသွားမယ်လို့ ထင်တဲ့ သုံးသပ် ချက် တွေလည်း ရှိပါတယ်။ အဲဒီ အချက်အပေါ် ဘယ်လို ထင်ပါသလဲ။

ဖြေ။ ။ ကျနော့် တဦးချင်း ယုံကြည်ချက်နဲ့ ပြောပါဆိုရင်တော့ သိပ်မဆိုင်ဘူး။ သို့သော် အဲဒီလို ယုံကြည် ယူဆတာကို အရမ်းဝမ်းသာတယ်။ အဲဒီလိုလေး ယုံကြည်လိုက်မှ ဒီဘက်က အမျိုးသမီးတွေ နည်းနည်း သက်သာမယ်။

မေး။ ။ ယဉ်ကျေးမှု အယူအဆနဲ့ ဘာသာရေးအရ ပြည့်တန်ဆာတွေ မရှိသင့်ဘူးလို့ ပြောကြတာတွေ အပေါ်ရော ဘယ်လို ထင်မြင်ပါသလဲရှင့်။

ဖြေ။ ။ ဘာသာရေးနဲ့ တော်တော်မဆိုင်ဘူး။ လူမျိုးတွေ ဘာသာတွေ ဆွဲဆွဲထည့်တာက တော်တော် အခြေအနေဆိုး ပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် ကမ္ဘာပေါ်မှာ လူမျိုးတိုင်းမှာ ပြည့်တန်ဆာ ရှိတယ်။ ဘာသာတရားက လူတွေကို မတရား မလုပ်ရဘူးဆိုပြီး တားမြစ်ချက် ဘာသာတိုင်းမှာ ရှိတယ်။

ကျနော်တို့က ဒီကိစ္စကို နှိပ်ကွပ်တယ် ဆိုတာ က ပျင်းတောင်ပျင်းသေးတယ်လို့ ရယ်တဲ့ ဘာသာတွေ ရှိတယ်။ သူတို့ ဘာသာမှာ အဲဒီလောက်ထိ အပြင်းအထန် တားဆီး နှိမ်နင်းထားတဲ့ အချိန်မှာ ကျနော်တို့က ငါတို့ဘာသာမို့လို့ လက် မခံဘူးလို့ ပြောရင် ရယ်စရာကြီး ဖြစ်သွားတာပေါ့။

ဒါပေမယ့် တားမြစ်တဲ့ နည်းတွေသည် မှားနေတယ်။ ခုနကလို လူမျိုးရေး ဘာသာရေးနဲ့ သွားချိတ်ရင် ရလဒ်က ကောင်း သော ရလဒ်မထွက်ဘူး။ စိတ်ဝမ်းတွေကွဲပြီးတော့ ငြင်းကြခုန်ကြပြီးတော့ တယောက်နဲ့တယောက် စကားနိုင် တွေလု ဆဲဆိုပြီးတော့ နောက်ဆုံးမှာ ဘာလုပ်မလဲ ဥပဒေပြောင်းမလား၊ ဆေးကုမလား၊ ဘယ်နား ဘာလုပ်ပေးမလဲ ဆိုတဲ့ အဖြေ ဘယ်တော့မှ မထွက်ဘူး။ ဘယ် လူ့ဘောင် အသိုင်းအဝိုင်းမှာမဆို လူတွေ ဆင်းရဲနွမ်းပါးတာကို အမြတ် ထုတ်ပြီး လုပ်တဲ့ လုပ်ငန်း မရှိသင့်ဘူး။

မဖြစ်သင့်တဲ့သူတွေ မလုပ်ချင်တဲ့ သူတွေ မရောက်ရ မလုပ်ရလေအောင်တော့ ကျနော်တို့ လူ့ဘောင် အသိုင်း အဝိုင်း အနေနဲ့ အကာအကွယ် ပေးဖို့ တာဝန်တွေ ရှိတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading