“ရခိုင်ပြည် လွတ်မြောက်ရေး အော်တဲ့ဟာက ရခိုင်တွေရဲ့အခွင့်အရေးပဲ”

နန်းလွင်နှင်းပွင့်
ULA/AA သတင်း နဲ့ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ / ULA / AA
Want create site? Find Free WordPress Themes and plugins.

ဇန်နဝါရီလ ၁၆ ရက်က ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရက္ခိုင် ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာ ကျဆုံးမှု အထိမ်းအမှတ် ပြုလုပ်ခွင့်ကို ပိတ်ပင်တားဆီးသဖြင့် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးရှေ့မှာ ဒေသခံတွေ ဆန္ဒပြကြရာ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့လို့ ရခိုင်လူငယ် ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရထားပါ တယ်။

အဲဒီအပြင် ရသေ့တောင်မြို့နယ် စာပေ ဟောပြောပွဲမှာလည်း ရက္ခိုင့့် တပ်မတော် (AA)ကို ထောက်ခံ ဟောပြောတဲ့ စကားတွေ ပြောဆိုတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ စာရေးဆရာ ဝေဟင်အောင်နဲ့ အမ်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကိုလည်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်တွေ ထောင်ထဲ မှာ ထိန်းသိမ်း ထားပါတယ်။

ဇန်နဝါရီလ ၁၇ ရက်မှာ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဒေါက်တာ အေးမောင်နဲ့ စာရေး ဆရာ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်း တို့ရဲ့ ဟောပြောချက်တွေနဲ့ ပတ်သက်လို့ သူတို့ ၂ဦးကို နိုင်ငံတော် သစ္စာ ဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၁ (ခ) (ခ)၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) (၂) တို့နဲ့ အမှုဖွင့်ဖို့ ရခိုင်ပြည် နယ်အစိုးရအဖွဲ့က ဇန်နဝါရီလ ၁၆ ရက်မှာ ဆုံးဖြတ်ထားပြီး ရသေ့တောင်မြို့နယ် ရဲစခန်းကလည်း ၁၇ (၁) နဲ့ အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြောက်ဦးပဋိပက္ခမှာ အရပ်သားများ သေဆုံးမှုနဲ့ ပတ်သက်ပြီး ရက္ခိုင် အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့် တပ်မတော် (ULA/AA) က ပစ်ခတ်သူတွေကို ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်အရေးယူ ဆောင်ရွက်တာတွေ လုပ်မယ်လို့ ကြေညာ လိုက်ပါတယ်။

အဆိုပါ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ULA/AA ရဲ့ သတင်း နဲ့ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး။ ။ မြောက်ဦးပဋိပက္ခနဲ့ ပတ်သက်ပြီး AA ရဲ့ ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်ပစ်ခတ်တဲ့ သူတွေကို ထိရောက် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။ ဘယ်လို ပုံစံနဲ့ ဆောင်ရွက်မှာကို ဆိုလိုတာပါလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ ထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း ရေးထားပြီးသားပါ။ အခုလုပ်တဲ့ လုပ်ရပ်က လူမျိုးရေး အရ နှိပ်ကွပ်တဲ့ သဘောပဲ။ မတရားတဲ့ အနိုင်ကျင့် သတ်ဖြတ်မှု ပုံစံမျိုးကို ကျနော်တို့ဘက်က ထိရောက်တဲ့ တုံ့ပြန်မှုမျိုး လုပ်ရမယ်ဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း ရေးထားတာ ဖြစ်ပါတယ်။

ဘယ်လို အရေးယူမှု လုပ်မယ်ဆိုတာကိုတော့ ကျနော်တို့ အသေးစိတ် ပြောပြလို့ မရဘူး။ ကျနော်တို့ လုပ်စရာရှိတာကို တော့ ပြတ်ပြတ်သားသားတော့ လုပ်ပါမယ်။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ ဆိုတာကိုတော့ အခုပြောလို့ မရသေးဘူးခင်ဗျ။

မြောက်ဦးကိစ္စမှာ ကျနော်တို့ သုံးသပ်မိတာက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဟာ ရွေးကောက် တင်မြှောက် ခံရတဲ့ အာဏာရှင် အစိုးရ ဖြစ်နေပြီဆိုတာ ဒါရှင်းရှင်းလင်းလင်း ပြသလိုက်တာ ဖြစ်တယ်။

နံပါတ် ၂ အချက်က သူတို့ လုပ်ကိုင်ပုံက အစိုးရတရပ်ရဲ့ လုပ်ဆောင်တဲ့ ပုံစံမျိုး မဟုတ်ဘူး။ လူမိုက်ဂိုဏ်း တခုကနေ လုပ်ဆောင်တဲ့ ပုံစံမျိုး၊ ကြီးနိုင် ငယ်ညှဉ်း လုပ်တဲ့ ပုံစံမျိုး ဖြစ်တယ်။

နံပါတ် ၃ က ဖြစ်စဉ်ဟာ ရခိုင်တွေကို ဗမာအစိုးရက လူမျိုးရေးအရ နှိပ်ကွပ်တယ် ဆိုတာ ပေါ်လွင်နေတယ်။ အဓိပ္ပာယ် က နိုင်ငံရေးအရ ရခိုင်တွေကို လုံးဝ ခေါင်းမထောင်ရအောင် ဗမာကိုလိုနီ အစိုးရက ရခိုင်တွေကို တမင်သက်သက် အနိုင်ကျင့်နှိပ်ကွပ်တာပဲ။ ဗမာနဲ့ ရခိုင်တွေ ရှေ့မှာအတူလက်တွဲပြီးတော့ နေလို့ မရတော့ဘူး ဆိုတာကို အဖြေထွက် တယ်။

အဲဒါကြောင့် ကျနော်တို့က အခုလိုမျိုး ကိုလိုနီအစိုးရက ကျနော်တို့ ရခိုင်တွေကို လူမျိုးရေးအရ မတရား နှိပ်ကွပ်တာကို ကျနော်တို့ ULA/AA အနေနဲ့ လုံးဝ သည်းခံမှာ မဟုတ်ဘူး။ လိုအပ်တဲ့ လက်တုံ့ပြန်မှုကတော့ ရှင်းရှင်းလင်းလင်း လုပ် သွားမယ်။ ပြတ်ပြတ်သားသားကို ကျနော်တို့ လုပ်သွားမယ်။

မေး။ ။ မြောက်ဦးဖြစ်စဉ်မှာ အစိုးရ တာဝန်ရှိသူတွေက ဆန္ဒပြသူတွေ ဌာနဆိုင်ရာကို တိုက်ခိုက်တဲ့ ပုံစံလုပ်လို့ ပစ်ခတ် ရတာလို့ ပြောသလို ရခိုင်လူထု ဘက်ကတော့ မဟုတ်ဘူး ငြင်းခုံတာတွေ ရှိတယ်။ ဒီအပေါ်ရော ဘာများ ပြောချင်ပါ သလဲ။

ဖြေ။ ။ ကျနော်တို့ ရထားတဲ့ သတင်းအရဆိုရင် အဲဒီကိစ္စမှာ ပြည်သူတွေက ဘာလက်နက်မှ ပါတာ မဟုတ်ဘူး။ သူတို့ လုပ်တယ်ဆိုတာက တကယ်မဟုတ်ဘူး။ တကယ်ပြောမယ်ဆိုရင် ခရိုင်ရုံးထဲကိုတောင်မှ ပြည်သူတွေက မဝင်ဘူး။ ပြည်သူတွေက ထွေအုပ်ရုံးရှေ့ကပဲ သူတို့ဆန္ဒကို ထုတ်ဖော်တာ ဖြစ်တယ်။ အဲ့ဒါ တဖက်က ရခိုင်တွေကို သတ်ဖို့ ကြိုတင် စီစဉ်ထားတာ။ ကြိုတင်စီစဉ်ပြီး စစ်သေနတ်နဲ့ ပစ်တာ။ ရခိုင်တွေကို တမင်သက်သက် သတ်ချင်လို့သာ ဗမာ အစိုးရ ကနေ လုပ်ကြံတာဗျ။

မေး။ ။ ဆန္ဒပြသူတွေ ကြွေးကြော်သံမှာ ရခိုင်နိုင်ငံတော် လွတ်မြောက်ရေး ဆိုတဲ့ အသုံးအနှုန်းတွေ သုံးနှုန်းတာ တွေ့ရ တယ်။ ဒီစကားစုက AA စစ်ဦးစီးချုပ် မိန့်ခွန်းပြောပြီး နောက်မှာ ရခိုင်တွေကြား သုံးလာတာ တွေ့ရတယ်။ ဒါဟာ လူမျိုးရေး ပြဿနာကို ဖန်တီးတယ်လို့ မြင်နေကြသူတွေလည်း ရှိတယ်။ ဘာများ ပြောချင်ပါလဲ။

ဖြေ။ ။ ဒီဟာကတော့ ရှင်းတယ်ဗျ။ ပြည်သူတွေ ကိုယ်တိုင်က ဖိနှိပ်မှုတွေကို မခံနိုင်တဲ့အဆုံးမှာ သူတို့ဆန္ဒကို ဖော်ထုတ် ပြီးတော့ ပြောမှာပဲ။ သူတို့ ပြောချင်တာကို ပြောမှာပဲ။ ဒါဒီမိုကရေစီမှာ ပြည်သူတဦးချင်း တယောက်ချင်း အနေနဲ့ သူတို့ ဘာပြောချင်သလဲ ဆိုတာကို လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် ရှိတယ်ဗျ။ အဲဒီလိုမျိုး ရခိုင်ပြည်မှာ ရှိခဲ့ တဲ့ သမိုင်းကို ဗမာက မရှိခဲ့ဘူးဆိုပြီး ပုံဖော်လို့ မရဘူး။

တဖက်က ကြည့်မယ် ဆိုရင် ဗမာတွေ သီပေါမင်း ပါတော်မူတဲ့ အခမ်းအနားတွေကို ကျင်းပတယ်။ ဘယ်ရခိုင်က သွားပြီး ကန့်ကွက်တာ ရှိလို့လဲ။ ဗမာတွေ သီပေါမင်း ပါတော်မူတဲ့ နေ့တွေ ကျင်းပတာကိုကျ ချီးမွမ်းပြီး သတင်းစာ တွေမှာပါ ထည့်တယ်။

ဒါဆိုရင် ကျနော်တို့က ရခိုင်တွေရှိခဲ့တဲ့ သမိုင်းကို ကိုယ့်သမိုင်းကို ကိုယ်ပြောတာကို သူတို့က ဘာမနာလိုစရာ ရှိလဲ။ ကိုယ်ချင်းစာ တရားတော့ ရှိဖို့ လိုတယ်ဗျ။ ဗမာတွေက သူတို့ အင်္ဂလိပ်ဆီမှာ ဖိနှိပ်ခံရလို့ပဲ တော်လှန်လာတာ။ ကျနော် တို့ တိုင်းရင်းသား ပေါင်းစုံ အကုန်လုံး တော်လှန်ပြီး လွတ်လပ်ရေး ရလာတယ်။ အခုချိန်မှာ ဗမာအစိုးရကနေ ကျနော် တို့ ရခိုင်တွေကို လူမျိုးရေးအရ ပြောရရင် ဖိနှိပ်မှုရှိရင် တွန်းကန်မှုကတော့ ရှိမှာပဲဗျ။ အဲဒါကြောင့် ရခိုင်တွေက ရခိုင်ပြည် လွတ်မြောက်ရေး အော်တဲ့ဟာက ရခိုင်တွေရဲ့ အခွင့်အရေးပဲဗျ။ အော်မှာပဲ။

AA ကို ထောက်ခံတယ်လို့ ပြောလို့ရှိရင် သူတို့ကို ထောက်ခံလာအောင် လုပ်လေ။ နှစ်ပေါင်း ၇၀ လောက် အုပ်ချုပ်နေ ပြီး ဆင်းရဲတွင်း နက်လာတော့ ရခိုင်တွေ အကုန် အဥအသိုက်တွေ ပျက်ကုန်ပြီ။ မခံနိုင်တဲ့အဆုံး ငါတို့ကို ဖိနှိပ်ပြီး လက်နက် ကိုင်ပြီး ရမ်းကားနေတဲ့ အစိုးရကို ငါတို့ လက်နက်ကိုင်ပြီး တော်လှန်မှ ရတော့မယ် ဆိုတဲ့ အတွေးအခေါ် နဲ့ ရခိုင်တွေက နေ လုပ်လာတာ။

AA ဆိုတာ မိုးပေါ်က ကျလာတာ မဟုတ်ဘူး။ ပြည်သူတွေက မခံနိုင်လို့ ရှေ့က လူတွေက တည်ထောင်လာတာ။ အဲဒါ ကြောင့် AA ကို ထောက်ခံတယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ဒီလိုမျိုး ပစ်သတ်လို့ကတော့ ရခိုင်အမျိုးသားရေး လှုပ်ရှားမှုက ရပ်တန့်သွားမှာ မဟုတ်ဘူး။ ၇ ယောက် ကျရင် ၇၀ လာလိမ့်မယ်။

အဲဒါကြောင့် အခုဖြစ်နေတာတွေကို အစိုးရက သတိပြုပြီး နောင်တရဖို့ လိုလိမ့်မယ်။ သူတို့ဘက်က အဲဒီလို မလုပ်ရင် တွန်းကန်မှု အများကြီး ရှိလာလိမ့်မယ်။ သူတို့ဘက်က မတရားသတ်ရင် ဒီဘက်ကလည်း လက်တုံ့ပြန်မယ်။ ဒါသဘာဝ ပဲဗျ။

မေး။ ။ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ဖမ်းပြီး မတရား အသင်း ဆက်သွယ်မှုတွေ၊ နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ တရားစွဲထားတာလည်း ရှိတော့ ဒေါက်တာ အေးမောင် ရက္ခိုင့် တပ်မတော်နဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ သဘော ဖြစ်နေတယ်။

ဖြေ။ ။ အဲဒီ ၁၇ (၁) နဲ့ စွဲရလောက်အောင်၊ ဒေါက်တာ အေးမောင်က ၁၇ (၁) နဲ့ ငြိရလောက်အောင် သူလုပ်တာက ဘာမှ ငြိလောက်တဲ့ အနေအထားမရှိဘူး။ တကယ်လို့ ထောက်ခံနေတယ် လို့ပဲ ပြောစမ်းပါဦး။ ရခိုင်တယောက်အနေနဲ့ ထောက်ခံတာ ဆိုရင်တော့ ဒါအပြစ်မဟုတ်ဘူး။

ဒီလိုပြောရင် သူတို့ NLD ကို ထောက်ခံဖို့အတွက် အများကြီး လိုက်စည်းရုံးနေတာပဲ။ ကိုယ့်အမျိုးသား အဖွဲ့အစည်း ကိုယ့်လူမျိုး အဖွဲ့အစည်းကို တရားဝင်တာပဲ ဖြစ်ဖြစ် မဝင်တာဘဲ ဖြစ်ဖြစ် ပြည်သူက ထောက်ခံတာပဲ။ အစိုးရဆီမှာ စာရင်းရှိတာ မရှိတာ ဘေးချိတ်ထား။ ပြည်သူတွေ ထောက်ခံဖို့ပဲ လိုတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ တုန်းကလည်း အင်္ဂလိပ်ဆီမှာ တရားဝင်တာ မဟုတ်ဘူး။ နောက် BIA လည်း တရားဝင်တာ မဟုတ်ဘူး။ အဲဒါကြောင့် ဗမာအစိုးရအနေနဲ့ ဗမာလူမျိုးတွေ အနေနဲ့ ကိုယ်ချင်းစာတရားတော့ ရှိဖို့ လိုတယ်ဗျ။ အဲဒီလိုမျိုး မဟုတ်ရင်တော့ သူတို့ ပြောနေတဲ့ အမျိုးသားရေး ရင်ကြားစေ့ရေးတို့ ဆိုတာ မအော်ပါနဲ့။

အဲဒီလို အလိမ်အညာတွေကြောင့် နှစ်ပေါင်း ၇၀ ပြည်တွင်းစစ်ကြီး ဖြစ်နေတာ။ အခု ဒေါ်အောင်ဆန်းစုကြည် သူ့ ဘာသာ သူ အာဏာရှင် ဖြစ်မှန်းမသိ ဖြစ်နေတာကို အချိန်မီ ပြန်ပြင်ဖို့ လိုတယ်ဗျ။ မပြင်ဘူး ဆိုရင် ဖြစ်လာမယ့် ပြဿနာတွေ အားလုံးက သူ့မှာ တာဝန်ရှိတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရနဲ့ စစ်တပ် မှာပဲ တာဝန်ရှိ မယ်။

မေး။ ။ ရခိုင်တွေရဲ့ အမျိုးသားရေး လှုပ်ရှားမှုမှာ ဗမာကျွန် ဖြစ်နေတယ်ဆိုတဲ့ အသုံးအနှုန်းတွေ တွေ့ရတယ်။ လူမှု ကွန်ရက်မှာလည်း ကျွန်ဆိုတဲ့ စကားလုံးပေါ် ငြင်းခုန်နေကြတာ ရှိတယ်။ ဘာလို့ ဒီလို သုံးနှုန်းတာလဲ ပြောပြပါဦး။

ဖြေ။ ။ ကျွန်ဖြစ်နေလို့ ကျွန်ဖြစ်နေတယ်လို့ ပြောတာကို ဘာမတရားစရာ ရှိလဲဗျ။ ဗမာတွေက အင်္ဂလိပ် လက်အောက် မှာ နေရတုန်းက ကျွန်ဖြစ်တယ်လို့ ပြောလာတာ ခုထက်ထိ သူတို့ ထပ်ခါထပ်ခါ ပြောနေတာပဲ။ အင်္ဂလိပ်ခေတ်မှာ ကျွန်ဖြစ်တာကို ပြောတာပဲ။

အခုလည်း ကျနော်တို့က ဗမာဆီမှာ ကျွန်ဖြစ်နေတာ။ ဘယ်ရခိုင်ကမှ ဗမာအုပ်ချုပ်တာကို လိုလားတာ တယောက်မှ မရှိဘူး။ ရခိုင်တွေကို အကုန်လုံး လွတ်လွတ် လပ်လပ် သွားမေးကြည့်ပါ။ ဘယ်ရခိုင်ကမှ ဗမာအစိုးရ အုပ်ချုပ်တာကို အလိုမရှိဘူး။ အလိုမရှိဘူးဆိုတာ ကလည်း သူတို့က ရခိုင်တွေကို လူလို မဆက်ဆံဘူး။ ဘယ်လူမျိုးကမှ ဘယ်လူမျိုး ကို နိုင့်ထက်စီးနင်း လုပ်တာကို ဘယ်သူကမှ သည်းခံမှာ မဟုတ်ဘူး။

ကျနော်တို့က ကျွန်ဖြစ်နေလို့ ကျွန်ဖြစ်နေတယ် ပြောတာ ကိုယ့်ဘာသာကိုယ် ကျွန်ဖြစ်နေတာကို ငါကျွန် ဖြစ်နေပါ တယ် လို့တောင် ပြောခွင့်မရှိဘူးဆိုပြီး အဲဒီလောက်ထိ ဖိနှိပ်နေလို့ ရှိရင် ဘယ်လိုမှ အတူနေလို့ မရဘူး ဆိုတာ ရှင်းရှင်း လင်းလင်း ကျနော်တို့ကို ပြောနေတာ ဖြစ်တယ်။

ကျွန်ဖြစ်နေလို့ ပြောတဲ့ ဥစ္စာကို မပြောပါနဲ့ ဆိုရင် ဒါဘယ်လိုမှ တရားမှု မရှိတာ။ ဗမာအစိုးရ၊ ဗမာလူမျိုးတွေ အနေနဲ့ ကိုယ်ချင်းစာ တရားတော့ ရှိဖို့လိုတယ်။

မေး။ ။ မြောက်ဦးမှာ အရပ်သားတွေ ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး AA က အစိုးရကို ဘာပြောချင်ပါလဲ။

ဖြေ။ ။ အခု ဖြစ်စဉ်မှာ အဓိက ပါဝင်တဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ မြောက်ဦးက အထွေထွေ အုပ်ချုပ်ရေးမှူးရော ပစ်ခတ်တဲ့ ရဲတွေရော ဘယ်သူ့ကိုမဆို ကျနော်တို့ကတော့ ရှင်းရှင်းလင်းလင်း သတင်းစကား ပေးချင်တာက ကျနော် တို့က ဗုဒ္ဓဘာသာတွေ ဖြစ်တယ်။ ကိုယ်လုပ်တဲ့ မကောင်းမှုကိုတော့ ကိုယ်က တနေ့မဟုတ် တနေ့ ပြန်ခံရမှာပဲ။ အဲဒီလို ခံစားရမယ်ဆိုတာကို ကျနော်တို့ ရခိုင်တွေဘက်က အပြည့်အဝ ယုံကြည်ထားတယ်။ ကျနော်တို့ ULA/AA အနေနဲ့ လည်း အပြည့်အဝ ယုံကြည်ထားတယ်။ အဲဒါကြောင့် သူတို့ သူများကို သတ်ဖြတ်သလို သူတို့လည်း တူသော အကျိုး ပေးလာလိမ့်မယ်ဆိုတာ ကြပ်ကြပ် သတိထားဖို့ လိုတယ်ဗျ။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading