ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ၂၃၃ နှစ်မြောက် ရက္ခိုင့် ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးမှု အထိမ်း အမှတ် အခမ်းအနား ကျင်းပခွင့် ပိတ်ပင်ခံရမှုအပေါ် ဇန်နဝါရီ ၁၆ ရက်နေ့ ညပိုင်းက ဆန္ဒပြခဲ့ကြသည်။
ထို ဆန္ဒပြသည့် ဒေသခံများအား ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူငယ် ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိမှု ဖြစ်ခဲ့ပါတယ်။
ယင်း အခမ်းအနားနှင့် ပတ်သက်ပြီး ရသေ့တောင် မြို့နယ်တွင် ပြုလုပ်ခဲ့သည့် စာပေ ဟောပြောပွဲတွင်လည်း နိုင်ငံ တော် အပေါ် သစ္စာဖောက်ဖျက်သည်ဟု ဆိုကာ စာရေးဆရာ ဝေဟင်အောင်နဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
အဆိုပါဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ ဆန္ဒပြသူများအပေါ် ကိုင်တွယ်ဖြေရှင်းပုံနဲ့ စာပေဟောပြောသူ နှစ်ဦးအား ဖမ်းဆီး ထားမှုများနှင့် ပတ်သက်၍ အခြားသော တိုင်းရင်းသားများ၏ အမြင်သဘောထားများကို ဧရာဝတီက မေးမြန်း ထားတာ ဖြစ်ပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်
အတွင်းရေးမှူး
ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်
ကျနော်တို့ စိတ်မကောင်းဘူး။ တကယ့်ကို စိတ်မကောင်းဘူး။ သတင်းတွေ အတိအကျတော့ ကျနော်တို့ မရပေမယ့် ဖတ်ရတဲ့ သတင်းအရ ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသားများ အနေနဲ့ စိတ်ထိခိုက်ရတယ်။ စိတ်မကောင်းပါဘူး။
တို့ရဲ့ အစိုးရဘက်က ထုတ်ပြန်တဲ့ သတင်းကတော့ ရာဘာကျည်ဆန် အတုတွေနဲ့ အရင်ပစ်တယ်တို့ တကယ်တမ်း ပစ်မယ်ဆိုတာ ကြိုတင် အကြောင်းကြားပြီးမှ ပစ်တယ် ဆိုတာမျိုးတွေ အဲ့ဒါမျိုးတွေ ရှိနေတော့ ကျနော်တို့က ဘာပဲ ပြောပြော ဒီကိစ္စမှာ အစိုးရက တာဝန်အရှိဆုံးလို့ မြင်တယ်။
ဘာ့ကြောင့်လဲ ဆိုတော့ သူ့ရဲ့ သဘောထားကြီးမှု သူ့ရဲ့စိတ်ရှည်မှုကတော့ အဓိက ပါပဲ။ ကျနော်တို့ မြန်မာပြည်ရဲ့ ဖြစ်စဉ်တွေမှာ အမြဲတမ်း သတင်းက နှစ်ခု ဖြစ်ဖြစ်နေတယ်။ ၈၈ တုန်းကလည်း အဲ့ဒီလိုပါပဲ။ ဆေးရုံကို ပစ်တယ် ဆိုတာတွေ ဘာတွေ တကယ်တမ်း ကျနော်တို့ သွားကြည့်တော့ အဖြစ်မှန်ကို ပြန်နားလည်ရတာပေါ့။ အမြဲတမ်း သတင်းက နှစ်ခု ဖြစ်နေတယ် ဆိုတော့ ကျနော်က ရပ်ဝေးကနေ ပြောဖို့တော့ တော်တော်တော့ ခက်ပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ ပြောချင်တာက တာဝန်အရှိဆုံးကတော့ အစိုးရပါပဲ။ ဒါမျိုး လက်နက်မပါတဲ့ သူတွေကို ဖြေရှင်းတဲ့ နည်းတွေ အများကြီး ရှိပါတယ်။ သူတို့ ပိုသိပါတယ်။
ကျနော်ကတော့ စိုးရိမ်တယ်။ အခု NLD အစိုးရက သူတို့ အရင်တုန်းက ဒီလိုဘဝကနေ ဖြတ်သန်းလာရတဲ့ အစိုးရ ဖြစ်တာကိုး။ ဆိုတော့ သူတို့ အနေနဲ့ ဒါကို စာနာဖို့ လိုပါတယ်။ ဒါ့ကြောင့်မို့လို့ သူတို့ရဲ့ အရင်က ဖြတ်သန်းခဲ့ရတဲ့ လှုပ်ရှားမှုတွေကိုလည်း သတိရရင်းနဲ့ ဒါမျိုး ဘယ်လို ဖြေရှင်းနိုင်မယ် ဆိုတာကို သူတို့ အသိဆုံးပါ။ ကျနော့်အနေနဲ့ ကတော့ စိုးရိမ်မှုတွေ ရှိတာကတော့ အစိုးရပိုင်းနဲ့ တပ်ပိုင်း ပူးပေါင်းမှု အားနည်း နေသလားပေါ့။ တဖက်ကလည်း ဒီလို ဆူပူအုံကြွမှုတွေ ရှိနေရင် သူတို့ဘက်က နိုင်ငံရေးလှည့်ကွက်တွေ ကစားနိုင်တယ်ဆိုတာကို ကျနော်တို့က နည်းနည်း သဘောပေါက်ပါတယ်။
ဦးမန်းအောင်ပြည်စိုး
ဒု ဥက္ကဋ္ဌ
ဖလုံ – စဝေါ် ဒီမိုကရက်တစ် ပါတီ
မြောက်ဦးကိစ္စကို ပါတီ တာဝန်ရှိသူအနေနဲ့ ပါတီကို ကိုယ်စားပြုပြီး ကျနော် မပြောလိုပါဘူး။ ကျနော့် တယောက်တည်း အမြင်နဲ့ပဲ ပြောချင်ပါတယ်။ အခုပြောတာ ကျနော့်တယောက်တည်း အမြင်ပါ။
ဆန္ဒပြတဲ့ သူတွေကို တကယ့်ကျည်အစစ်နဲ့ ပစ်ခတ်နှိမ်နင်းတာက မဖြစ်သင့်ဘူးလို့ ယူဆတယ်။ နောက်ပြီးတော့ ဒေါက်တာ အေးမောင်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းဆီးရင် လွှတ်တော် ရဲ့ နည်းဥပဒေတွေနဲ့ ကိုက်ညီရဲ့လားပေါ့။ သတင်းတွေတော့ ဖတ်ဖြစ်ပါတယ်။ ဒါပေမယ့် ကိုက်ညီလားဆိုတာ ကျနော် သံသယ ရှိတယ်။
ကျနော်တွေ့တာကတော့ ရခိုင်ဘုရင် မျိုးဆက် ကျဆုံးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်သားတွေကတော့ ခံပြင်းနေမှာပေါ့ ဗျာ။ အဲ့ဒီ အပေါ်မှာ သူတို့ကလည်း နှစ်စဉ်ကျင်းပမြဲ ဖြစ်တယ်။ ဒီနှစ်ကျမှ မကျင်းပရတော့ဘူး ဆိုတော့ ခံစားချက် ဖြစ်မှာပေါ့ဗျာ။ ဒါက ကျနော်တို့ တိုင်းရင်းသားတွေဆိုရင်လည်း အဲ့ဒီလိုပါပဲ။
ကျနော်တို့ ကရင်မှာ ဆိုရင်လည်း ကျနော်တို့ရဲ့ ခေါင်းဆောင်ကြီး စောဘဦးကြီး ရုပ်ပုံကို တနေရာမှာ ထားချင်တာကို သက်ဆိုင်ရာက ခွင့်မပြုတော့ ကျနော်တို့ ခံစားချက် ဖြစ်တယ်။ ဒီဥစ္စာက ဘာမှ နိုင်ငံတော်ကို အန္တရာယ်ပေးတာလည်း မဟုတ်ဘူးလေ။
ဒေါက်တာ အေးမောင်တို့က နည်းနည်းပါးပါး ဟောတာပြောတာက ဘောင်လွတ်တာတွေတော့ ရှိကောင်းရှိပါလိမ့် မယ်။ သို့ပေမယ့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးကို ရှေးရှုပြီး ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ တယောက်နဲ့ တယောက် နားလည်ခွင့်လွှတ်ကြဖို့ လိုလိမ့်မယ်လို့ ကျနော် အဲ့ဒီလိုပဲ ပြောချင်တယ်။
အစိုးရဘက်က သူတို့ ထွေအုပ်ရုံးတို့ ရဲရုံးတို့ ဝင်ပြီး ဖျက်ဆီးတယ်။ မော်တော်ယာဉ်တွေ ပစ္စည်းကိရိယာတွေကို ဖျက် ဆီး လို့ ပစ်ခတ် တိုက်ခိုက်ရတဲ့ အဆင့်ပေါ့။ သူတို့ဘက်ကလည်း အဲ့ဒီလို အကြောင်းပြတာပေါ့။ ဆိုတော့ တခြားနည်း မရှိဘူးလား။ ခြောက်လှန့်ပစ်တဲ့နည်း မရှိဘူးလား။ သူတို့ကို ကိုယ်ထိလက်ရောက် အန္တရာယ်ပေးပြီလား။ သူတို့ကို ကိုယ် ထိ လက်ရောက် မလုပ်ပါဘူး။ အန္တရာယ်ပေးတယ်ဆိုရင်တော့ တမျိုးပေါ့။
ကမ္ဘာ့နိုင်ငံကြီးတွေမှာ ကျည်အစစ်နဲ့ လက်နက်နဲ့ ဖြေရှင်းတဲ့ နည်းတွေကတော့ ကျနော် မတွေ့တော့ဘူးဗျ။ ဥပမာ ဒီလောက်တောင် ဆန္ဒပြတာတွေနဲ့ ပတ်သက်ပြီး ဖြစ်ပျက်တဲ့အပေါ်မှာ နည်းနည်းတော့ သင်ခန်းစာ ယူကြပြီး ဘာ လုပ် သင့်တယ် ဆိုတာကို စဉ်းစား ဆင်ခြင်သင့်တယ်လို့ ကျနော် ပြောချင်တယ်။
ဒေါ်စောမြရာဇာလင်း
ဒု ဥက္ကဋ္ဌ
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)
မြောက်ဦးဖြစ်စဉ် ဒီလိုဖြစ်သွားတာကို ကျမအနေနဲ့ အရမ်းကြီး အံ့သြမိပါတယ်။ စိတ်လည်း မကောင်းပါဘူး။ အသက် ဆုံးရှုံး သွားကြတဲ့ မိသားစုတွေ သေဆုံးသူတွေ အတွက်ကော အရမ်းကို ဝမ်းနည်းပါတယ်။ ဒီမိုကရေစီ ကျင့်စဉ်ကို အားလုံးက စနစ်တကျ လေးစားလိုက်နာဖို့တော့ လိုပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကျူးကျူးလွန်လွန် ဖြစ်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ လူထုဘက်က ဆိုရင်လည်း ကိုယ်အပြစ်ဖြစ်လောက်တဲ့ လုပ်ငန်းတွေဆိုရင် သတိနဲ့ ဆင်ခြင်ရမှာ ဖြစ်သလို အစိုးရ ဘက်ကဆိုရင်လည်း ထိန်းထိန်းသိမ်းသိမ်း ဥပဒေအတိုင်း လုပ်သင့် ပါတယ်။ ဥပမာ လူထုက စုဝေး လာပြီဆိုရင် ခြိမ်းခြောက်တာမျိုး မိုးပေါ်ထောင်ပစ်တာမျိုး အရင်လုပ်သင့်ပါတယ်။
အသက်ဆုံးရှုံးတဲ့ထိ လုပ်တယ် ဖြစ်သွားတယ်ဆိုတာက နိုင်ငံတော်အတွက်ကလည်း အင်မတန်မှ မကောင်းတဲ့ လက္ခဏာ ဖြစ်တယ်လို့ ရှုမြင်သုံးသပ်ပါတယ်။ နောက်နောင်မဖြစ်ပါစေနဲ့လို့လည်း ကျမ ဆုတောင်း ပါတယ်။
ကျမမြင်တာက ဒီဖြစ်ရပ်ကို အဖြစ်မှန်ပေါ်ပေါက်ဖို့ ဘက်မလိုက်တဲ့ လူတွေပါတဲ့ ကော်မတီတရပ်ဖွဲ့ပြီး အဖြစ်မှန် ပေါ်ပေါက်အောင် စုံစမ်းသင့်တယ်။ ကျမတို့က တိုင်းပြည်ကို အေးအေးဆေးဆေးနဲ့ပဲ ရှေ့ကို ချီတက်ချင်တဲ့ ဆန္ဒ အပြည့် အဝ ရှိပါတယ်။ တိုင်းပြည်ကို ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဆူပူတယ်ဆိုတာမျိုး ကျမ မဖြစ်ချင်ပါဘူး။ ထိန်းထိန်း သိမ်းသိမ်းနဲ့ လုပ်ဖို့ကတော့ အားလုံးမှာ တာဝန်ရှိတယ်လို့ပဲ ပြောချင်ပါတယ်။
ဒေါက်တာ အေးမောင်ကို ၁၇(၁) နဲ့လည်း စွဲတယ်။ နောက် ၅၀၅ နဲ့လည်း စွဲတယ်ဆိုတာ ကျမ ကြားရတယ်။ ဒီမိုကရေစီ ခေတ်ကြီးမှာ စာပေဟောပြောပွဲတွေ လုပ်တယ်ဆိုတာကတော့ လုပ်နေကြတာပဲ။
ရက္ခိုင့် အချုပ်ခြာ အာဏာ ကျဆုံးတဲ့ အခမ်းအနား ဆိုတာကလည်း ၂၀၁၃ ကတည်းက အစိုးရကနေ ခွင့်ပြုပေးလာ တာ တွေ ရှိပါတယ်။ ကျမပြန်ပြီး နားထောင်ကြည့်ပါတယ်။ တချို့နေရာတွေမှာ လူမျိုးဘက်က ကြည့်ရင် ဒါတွေ ပြောသင့်တယ်ဆိုပြီး မြင်တာ အများကြီး ရှိနိုင်ပါတယ်။
အစိုးရဘက်က ကြည့်လိုက်ရင်တော့ ဒါက လိုအပ်နေတယ် ဆိုတဲ့ ပုံစံမျိုး အမြင်ကတော့ သူ့ဘက် ကိုယ့်ဘက် အမြင် တွေ ရှိကြတယ်လို့ ကျမ နားလည်ရပါတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဥပဒေကြောင်းအရ စိစစ်ပြီးတော့မှပဲ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့ အစိုးရကို ကျမ မေတ္တာရပ်ခံပါတယ်။
ဒေါက်တာ အေးမောင်ဟာဆိုရင် ၁၇(၁) နဲ့ ညီမျှတဲ့ အပြစ်ရှိတယ်ဆိုတာ ကျမ မယူဆပါဘူး။ သူက ပြောမယ် ဆိုရင် တည့်တည့် ပြောတယ်။ အစိုးရကို ဝေဖန်ရင်လည်း တည့်တည့်ဝေဖန်တဲ့ လူတယောက်ပါ။ သူ့ရဲ့ အမြင်ကို လွှတ်တော် တို့မှာ တည့်တည့်ပြောတာတွေ ရှိတယ်။ ဒါပေမယ့် ၁၇(၁) နဲ့ ပတ်သက်တဲ့ လူတယောက် မဖြစ်နိုင်ဘူးလို့ ကျမက ယူဆပါတယ်။
သူ့ကိစ္စနဲ့ ဆိုရင်လည်း ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် စစ်ဆေးပေးဖို့ပဲ ကျမ မေတ္တာရပ်ခံပါတယ်။ ဥပဒေကြောင်း အရ ပဲ ဖြစ်လာပါစေ။ လူမျိုး တမျိုးရဲ့ သမိုင်းကြောင်း၊ လူမျိုးတမျိုးရဲ့ စာပေ၊ လူမျိုးတမျိုးရဲ့ သမိုင်းအမွေအနှစ် ဆိုင်ရာ တွေကိုတော့ ပြောတယ်ဆိုတာ ကတော့ လူတိုင်းမှာ ပြောပိုင်ခွင့်ရှိတယ်။
တိုင်းရင်းသားတိုင်းရဲ့ သမိုင်းအမွေအနှစ်တွေ ဖော်ထုတ်ခွင့်ကိုတော့ နိုင်ငံတော် အစိုးရကနေ ခွင့်ပြုသင့်တယ်။
လက်ရှိ နိုင်ငံရေး အခြေအနေက စိတ်ပူပန်စရာတွေ အများကြီး ဖြစ်လာပါတယ်။ လူထုက ရွေးချယ် တင်မြှောက်ထား တဲ့ အစိုးရဖြစ်လာတော့ ကျမတို့ ဒီမိုကရေစီ လမ်းကြောင်းကို ကောင်းကောင်းမွန်မွန် ရှောရှောရှုရှုနဲ့ သွားနိုင်ဖို့ မျှော် လင့် ချက်တွေ အများကြီး ရှိခဲ့ပါတယ်။
အခုရခိုင်ပြည်အတွင်းမှာ မြောက်ပိုင်းဒေသ ရခိုင်ပြည်ရဲ့ ဘူးသီးတောင်၊ မောင်တောမှာ ဖြစ်လာတဲ့ ပြဿနာတွေ ဆိုရင်လည်း ကျမတို့ အရမ်းကို ရတက်မအေး ဖြစ်ရပါတယ်။ ထိုနည်းလည်းကောင်းပဲ ရခိုင်ပြည်အတွင်းမှာ ဒေါက်တာ အေးမောင် ပြဿနာ ဖြစ်လာတော့ ကျမအနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို အရမ်းကို စိတ်ပူမိပါတယ်။
အားလုံးကို၊ အစိုးရကို မေတ္တာရပ်ခံချင်တာက ကျမတို့က ဒီမိုကရေစီ ဖြစ်စဉ်နဲ့ ဒီမိုကရေစီ လမ်းကြောင်းကို တည့်တည့် မတ်မတ် သွားနိုင်ဖို့ရာအတွက် ကျမတို့ အေးအေးဆေးဆေး ရှေ့ကို လျှောက်လှမ်းနိုင်အောင် ကြိုးပမ်းပါ။
အဲ့ဒီလိုမျိုးပဲ အစိုးရကို ကျမ မေတ္တာရပ်ခံချင်တယ်။ ကျမတို့ တိုင်းပြည်ကို ဒီမိုကရေစီကျင့်စဉ်နဲ့ အတူ စစ်မှန်တဲ့ ဖက် ဒရယ် ပြည်ထောင်စု ကိုတော့ ကျမတို့ အတူတူ တည်ဆောက်သွားဖို့ နည်းလမ်းတွေကို တိုင်းရင်းသား ခေါင်းဆောင် ကြီးတွေနဲ့ တိုင်ပင် ပြီး အေးအေးလူလူ သွားနိုင်တဲ့ အနေအထားကို ဖန်တီးကြပါစို့ လို့လည်း ကျမ ပြောချင်ပါတယ်။
ဒေါက်တာ မနာမ်တူးဂျာ
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ
သမိုင်းကြောင်းအရ နှစ်ပတ်လည် ပွဲ လုပ်တဲ့အပေါ် နည်းနည်းနားလည်မှု လွဲသွားတယ် ထင်တယ်။ အရင်က ခေတ် အမျိုးမျိုး ပြောင်းလဲလာခဲ့ပြီ၊ သမိုင်းကြောင်းမှာ နောက်ဆုံးအခု ဒီမိုကရေစီခေတ် ရောက်လာပြီ။ ဦးတည် နေတာက လည်း ဖက်ဒရယ် ပြည်ထောင်စုပေါ့။ သမိုင်းကြောင်းပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့အပေါ် ပြေပြေ လည်လည်နဲ့ ညှိနှိုင်း အဖြေရှာစေချင်တာပေါ့။ ဒါတွေက ကြီးလာသင့်တဲ့ အရေးအခင်းမဟုတ်ဘဲနဲ့ ပျော့ပျောင်းတဲ့ နည်းနာလေးနဲ့ အဖြေရှာ ရင် အကောင်းဆုံးဖြစ်မယ်လို့ ယူဆတယ်။
ကြားတော့ ကြားနေရတာပေါ့၊ အရေးယူတဲ့ အပိုင်းတွေက ရှိတယ်။ ဆက်ပြီးတော့ လုပ်မယ့် အပိုင်းတွေမှာ နားလည်မှု တွေ တည်ဆောက်နိုင်ဖို့ အမျိုးသား ရင်ကြားစေ့ရေး ဖော်ဆောင်နိုင်အောင် ဝိုင်းဝန်းတည်ဆောက်နိုင်ဖို့ ယုံကြည်ပါ တယ်။
ပြဿနာ မဖြစ်စေချင်သလို၊ ပြဿနာ ဖြစ်ပြီဆိုရင် ကြီးတဲ့ ပြဿနာ ငယ်သွားအောင်၊ ငယ်တဲ့ အဖြေရှာရမှာပေါ့ နော်။
ဥပဒေကြောင်းအရ ဖြေရှင်းတယ်ဆိုပေမယ့် တိုင်းရင်းသား အချင်းချင်းဖြစ်တဲ့အခါ နားလည်မှု ပိုမိုတည်ဆောက် ပြီး တော့ ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖြေရှင်းစေချင်တာပေါ့။ အခြေအနေ ပိုဆိုး သွားအောင် မလုပ်သင့်ပါဘူး။
ပါတီမှာလည်း ဦးဆောင်သူဖြစ်တယ်။ ပြည်သူ့လွှတ်တော်မှာလည်း ပါနေတယ်။ အဲဒီတော့ ရခိုင်ကိစ္စ အရေးမှာ ခုနက ပြောတဲ့ ရှုထောင့်အတိုင်းပဲလေ အစိုးရနဲ့ အမြင်ကွဲလွဲတာတွေ ရှိနေမှာပဲလေ။ အဲဒါကိုလည်း ခုနက ပြောသလိုပဲ ပြေပြေ လည်လည် ညှိနှိုင်းပြီးတော့ အငြှိုးတရား ရှေ့တန်းမထားဘဲနဲ့ ပြေပြေလည်လည် ဖြေရှင်းတဲ့ နည်းနာကို ကျင့်သုံး စေချင်တာပေါ့။
ပြောမယ်ဆိုရင် ဒီပြဿနာကို အဲဒီအချင်းချင်း စာနာထောက်ထားမှု နားလည်မှုနဲ့ သွားမယ်ဆိုရင် တိုင်းပြည်အတွက် လည်း ရှေ့ဆက် လုပ်ဆောင်နိုင်တဲ့ အပိုင်းတွေရှိပါတယ်။
နှစ်ဖက်ကို ပြောချင်တာကတော့ အမျိုးသားရင်ကြားစေ့ရေး တည်ဆောက်စေချင်တာပါ။ သူတို့လည်း ကြိုးစားမယ် ထင်ပါ တယ်။ အခုလည်း စီရင်ချက် ချမှတ်တယ်လို့လည်း မကြားသေးဘူးဆိုတော့။ အစိုးရ အနေနဲ့လည်း စဉ်းစဉ်း စားစား ဆင်ဆင်ခြင်ခြင် လုပ်သင့်တယ်။ မဖြစ်သင့်၊ မဖြစ်ထိုက်တာတွေ မဖြစ်ရအောင်၊ အမျိုးသားရေး ပဋိပက္ခ၊ လူမျိုး ရေး ပဋိပက္ခ မဖြစ်ပေါ်အောင်၊ အဓိက အဲဒါပဲ။
အဲဒါကို အလေးထားပြီး လုပ်ဆောင်ရမယ်။ လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်လာရင် ထိန်းမနိုင် သိမ်းမရ ဖြစ်သွားနိုင်တယ်။ အခုအချိန်က အဲဒီအဆင့် ရောက်နေတယ်။ ဒါကို လျှော့လျှော့ ပေါ့ပေါ့ ဖြေရှင်းရင်တော့ ပြေလည်နိုင်တာပေါ့။ အန်ကယ် တို့ စိုးရိမ်တာပေါ့။ အစိုးရအနေနဲ့ သဘောထားကြီးကြီးနဲ့ စေတနာရှေ့ထားပြီး ညင်ညင်သာသာ ကိုင်တွယ် ပါ လို့ ပြောချင်ပါတယ်။
ဦးငွေသိန်း
ဒု ဥက္ကဋ္ဌ – ၂
မွန် အမျိုးသား ပါတီ
အကျဉ်းချုပ် ပြောရမယ် ဆိုရင်တော့ ရဲတို့ ပြည်ထဲရေး ဌာနတို့က ပုဂ္ဂိုလ်တွေက တကယ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒီဆန္ဒပြတာက ယောက်ယက် ခတ်နေတဲ့လူတွေလုပ်တာက တကယ့်တကယ် သေနတ်နဲ့ မပစ်သတ်ဘဲနဲ့ တခြားနည်း တနည်းနည်းနဲ့ တည်ငြိမ်အောင် လူစုကွဲအောင် လုပ်လို့ရတယ်လို့ ယုံကြည်ပါတယ်။ သေနတ်နဲ့ ပစ်တာ မဖြစ်သင့်ဘူး လို့ပဲ ယုံကြည်ပါတယ်။
ဒေါက်တာ အေးမောင်ကလည်းပဲ တကယ့်တကယ်တော့ သူမှန်တဲ့အတိုင်းပဲ ဟောပြောတာပေါ့။ မှန်တဲ့အတိုင်း ပြော တဲ့ နေရာမှာတော့ အတွင်းမှာလည်း ကြိုးစားပြီးတော့ နိုင်ငံရေးလုပ်ရမယ် တော်လှန်ရမယ် ပြီးတော့ အတွင်းအပြင် လုပ်ရမယ် ဆိုတာပြောတော့ ၁၇/၁ နဲ့ ငြိတဲ့သဘောတော့ ရှိတာပေါ့။
ဒီလိုပြောမိတာက ဆရာတို့လည်း ပြောနေတာပဲ၊ ဖမ်းရင်တော့ ဆရာတို့လည်း ဖမ်းလို့ရတယ်။ တကယ့်တကယ် ဒေါက်တာ အေးမောင် ပြောတာက သူပုန်တွေနဲ့ ဆက်သွယ်ပြီးတော့ ဘာညာတွေနဲ့ ဆက်သွယ်ပြီး လုပ်နေတဲ့ အနေ အထားမှ မဟုတ်ဘဲ သူပုန်နဲ့ ပူးပေါင်းပြီး လုပ်နေတယ်ဆိုရင် ဖမ်းပါ ကိစ္စမရှိဘူး။ အခုက ပြောတာက အားရပါးရ ပြော လိုက်တာကို ဖမ်းလိုက်တယ်ဆိုတာက မဖမ်းသင့်ဘူးလို့ ဒီလိုပဲ သဘောပေါက်တယ်။
ဦးစိုင်းလိတ်
တွဲဖက် အတွင်းရေးမှူး
ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)
ပထမဦးဆုံး ပြောချင်တာကတော့ Rule Of Law ပျောက်နေတယ်ဗျာ။ တရားဥပဒေစိုးမိုးရေး ရှိဖို့ ဆိုတဲ့နေရာမှာ စစ်တပ် ရော နောက် ရဲရော တာဝန်ရှိတဲ့သူတွေ အကုန်လုံးက တရားဥပဒေနှင့် လုပ်ဖို့လိုအပ်တယ်။ အဲဒီလို မဟုတ်ဘဲ နဲ့ဆိုရင် Rule Of Law လို့ပြောနေပြီးတော့မှ ပြည်သူကိုပဲ သွားပြီးတော့မှ ငြိမ်ဝပ်ပိပြားမှုအတွက် ကြိုးပမ်းနေလို့ရှိရင် မှားနေတယ်ပေါ့။
တရားဥပဒေ စိုးမိုးရေးကိုု တပ်ရော ရဲရော တာဝန်ရှိ ပုဂ္ဂိုလ်တွေ အကုန်လုံးက ဝိုင်းဝန်းပြီးတော့ လိုက်လံကျင့်သုံးမှ သာ လျှင် တရားဥပဒေ စိုးမိုးရေး အောင်မြင်လိမ့်မယ်။
အခုကိုင်တွယ် ဖြေရှင်းပုံနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အစိုးရကို အယုံအကြည် နည်းစေလိမ့်မယ်။ နိုင်ငံတကာ ရဲ့ အမြင်ကို ပိုပြီးတော့မှ ပုံရိပ်မှားတွေ အဆိုးမြင်မှုတွေ ပိုပြီးတော့မှ တိုးပွားစေနိုင်တယ်။
အဲဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးအတွက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အစိုးရအနေနဲ့ အမြန်ဆုံးဒါတွေကို အပြစ်ရှိရင်လည်း ရှိတဲ့သူကို အပြစ်ပေးပြီးတော့ အရေးယူပေးပါ။
ပြည်သူတွေကို နားလည်အောင် သဘောပေါက်အောင် ဝန်ချတောင်းပန် သင့်ရင်လည်း တောင်ပန်ရမယ်။ မဟုတ်ရင် လည်း အားလုံး အမှန်တရားကို သိရှိအောင် သတင်းကိုပွင့်ပွင့်လင်းလင်း ထုတ်ပြန်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။
အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက်ကို သူကလည်း အရေးပါတဲ့ တိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ဒါဟာမဖြစ်ရင်တော့ ပိုအကောင်းဆုံးပေါ့။ ဒါပေမယ့် အခုဖြစ်သွားတဲ့ ကိစ္စကိုလည်းပဲ မြန်မြန် ဆန် ဆန် နဲ့ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်ပေါ့နော်။
အချိန်ဆွဲတာမျိုးတို့ တဖက်သတ်ဆန်တဲ့ ပြစ်ဒဏ် ချမှတ်တာမျိုးတို့ မလုပ်ဘဲနဲ့ အတတ်နိုင်ဆုံး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်ရှေးရှု ပြီးတော့မှ အသက်ညှာဆုံးနဲ့ အဖြစ်သင့်ဆုံး ဖြေရှင်းသင့်တယ်လို့ပဲ မြင်ပါတယ်။
ရဲဘော် သံခဲ
ဥက္ကဋ္ဌ
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)
ဒီကိစ္စပြောရရင် သေဆုံးတဲ့အထိ ဖြစ်ပွားတာက စိတ်မကောင်းစရာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် လူမျိုးရေး ဆောင်တဲ့ ပဋိပက္ခ မဖြစ်ဖို့လိုပါတယ်။ အခုလိုမျိူး ဖြစ်နေတဲ့ အခြေနေတွေဟာ အမြန်ဆုံး တဖက်နဲ့တဖက် ဖြေရှင်းတဲ့ နေရာမှာ ညင်ညင်သာသာ နဲ့ ဖြေရှင်းနိုင်မယ်ဆိုရင်တေ့ာ အကောင်းဆုံးပဲ ဖြစ်မယ်လို့ ယူဆပါတယ်။
လူမျိုးရေး မုန်းတီးမှုကို အခြေမခံသင့်ဘူးလို့ ယူဆတယ်။ နိုင်ငံ တခုလုံးဟာ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်တခုကို အမြန် တည်ဆောက်ဖို့ လိုပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်နေတဲ့ကာလ ဖြစ်နေတဲ့အတွက် ကျနော်တို့ အားလုံးဟာ ဒီမိုကရေစီ အရေး၊ ဖက်ထရယ် ပြည်ထောင်းစု တည်ဆောက်ရေး၊ အားလုံး တန်းတူရေးနဲ့ တဦးနဲ့ တဦး အပေါ် ကြားထဲမှာ တဖက်နဲ့ တဖက် အပြန်အလှန် လေးစားရေး ဆိုတဲ့ အနေနဲ့သာ ချီတက်မယ်ဆိုရင် ဒီပြဿနာ တွေ ဟာ မလိုလားအပ်တဲ့ လူမျိုးရေး မုန်းတီးမှုတွေကနေ ဖယ်ရှားနိုင်မယ်လို့ ယူဆတယ်။
ဒီလိုမှ မဟုတ်ဘဲ ဒီဟာတွေကို တလွဲပေါ့ဗျာ၊ အမျိုးသားရေး တခုတည်းပေါ်မှာသာ အခြေခံပြီးတေ့ာ ဇောင်းပေး စဉ်းစားမယ်ဆိုရင် ကျနော်တို့ အတွက်က အင်မတန်မှ စိုးရိမ်ဖွယ် ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။
ဒေါက်တာ အေးမောင် အဖမ်းခံရတဲ့အပေါ် ပြောမယ်ဆိုရင် သက်ဆိုင်တဲ့သူ အားလုံးက ခေါင်းအေးအေးနဲ့ ထားပြီး တေ့ာ မှ စဉ်းစားစေချင်ပါတယ်။ ကျနော် ပြောချင်တဲ့ အဓိပ္ပာယ်ကတေ့ာ ဘာပဲပြောပြော ဒီကိစ္စတွေမှာ ကိုယ့် အမျိုး သား ဆိုတာက သွေးထဲကိုက ပါလာကြတာကိုး။ အဲ့ဒီတေ့ာ ဒီလို ကိစ္စမျိုးတွေက ထိလွယ်၊ ရှလွယ် ကိစ္စရပ်တွေ ဖြစ် တယ်။ ပတ်သက်သူ အားလုံးက ဒီကိစ္စတွေကို အမြန်ဖြေရှင်းနိုင်ဖို့၊ ခေါင်းအေးအေး ထားပြီး တိုင်းရင်းသား အားလုံး မျက်နှာကို မူတည်ပြီး ဖြေရှင်းမယ်ဆို ရင်တေ့ာ အဆင်ပြေလိမ့်မယ်လို့ ယူဆပါတယ်။
ဦးခိုင်သုခ
သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ
ရက္ခိုင့် တပ်မတော် (AA)
ဒီဖြစ်စဉ်မှာ ကျနော်တို့ရထားတဲ့ သတင်းအရဆိုရင် ပြည်သူတွေက ဘာလက်နက်မှ ပါတာမဟုတ်ဘူး၊ သူတို့လုပ်တယ် ဆိုတာက တကယ်မဟုတ်ဘူး၊ တကယ်ပြောမယ် ဆိုရင် ခရိုင်ရုံးထဲကိုတောင်မှ ပြည်သူတွေက မဝင်ဘူး၊ ပြည်သူတွေ က ထွေအုပ်ရုံးရှေ့မှာပဲ သူတို့ဆန္ဒကို ထုတ်တ်ဖော်တာ ဖြစ်တယ်။ အဲ့ဒါတဖက်က ရခိုင်တွေကို သတ်ဖို့ကြိုတင် စီစဉ် ထားတာ၊ ကြိုတင်စီစဉ်ပြီး စစ်သေနတ်နဲ့ ပစ်တာ၊ ရခိုင်တွေကို တမင်သက်သက် သတ်ချင်လို့သာ ဗမာ အစိုးရကနေ လုပ်ကြံတာဗျ။
ပြည်သူတွေကိုယ်တိုင်က ဖိနှိပ်မှုတွေကို မခံနိုင်တဲ့အဆုံးမှာ သူတို့ဆန္ဒကို ဖော်ထုတ်ပြီးတော့ ပြောမှာပဲ။ သူတို့ ပြော ချင် တာကို ပြောမှာပဲ။ ဒါ ဒီမိုကရေစီမှာ ပြည်သူတဦးချင်း တယောက်ချင်းအနေနဲ့ သူတို့ဘာပြောချင်တသလဲ ဆိုတာ ကို လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် ရှိတယ်ဗျ။ အဲ့ဒီလိုမျိုး ရခိုင်ပြည်မှာရှိခဲ့တဲ့ သမိုင်းကို ဗမာက မရှိခဲ့ဘူးဆိုပြီး ပုံဖော် လို့ မရဘူး။
တဖက်က ကြည့်မယ်ဆိုရင် ဗမာတွေ သီပေါမင်း ပါတော်မူတဲ့ အခမ်းအနားတွေကို ကျင်းပတယ်။ ဘယ်ရခိုင်က သွားပြီး ကန့်ကွက်တာ ရှိလို့လဲ။ ဗမာတွေ သီပေါမင်း ပါတော်မူတဲ့ နေ့တွေ ကျင်းပတာကိုကျ ချီးမွမ်းပြီး သတင်းစာတွေ မှာ ပါ ထည့်တယ်။
ကျနော်တို့က ရခိုင်တွေရှိခဲ့တဲ့ သမိုင်းကို ကိုယ့်သမိုင်းကို ကိုယ်ပြောတာကို သူတို့က ဘာမနာလိုစရာ ရှိလဲ။ ကိုယ် ချင်း စာ တရားတော့ရှိဖို့ လိုတယ်ဗျ။ ဗမာတွေက သူတို့အင်္ဂလိပ်ဆီမှာ ဖိနှိပ်ခံရလို့ တော်လှန်လာတာ။ ကျနော်တို့ တိုင်းရင်း သား ပေါင်းစုံ အကုန်လုံး တော်လှန်ပြီး လွတ်လပ်ရေး ရလာတယ်။ အခုချိန်မှာ ဗမာအစိုးရကနေ ကျနော်တို့ ရခိုင် တွေ ကို လူမျိုးရေး အရ ပြောရရင် ဖိနှိပ်မှုရှိရင် တွန်းကန်မှုကတော့ ရှိမှာပဲဗျ။ အဲ့ဒါကြောင့် ရခိုင်တွေက ရခိုင်ပြည် လွတ်မြောက်ရေး အော်တ့ဲဟာက ရခိုင်တွေရဲ့ အခွင့်အရေးပဲဗျ။
မိုင်းအိုက်ကျော်
ပြန်ကြားရေး တာဝန်ခံ
ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)
မြောက်ဦးမှာ ဖြစ်ပွားခဲ့တဲ့ လူသေဆုံးမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကျနော်တို့ သေသေချာချာ အသေးစိတ် မသိရ ပါဘူး။ အဲ့ဒီ အတွက် အများကြီးတော့ မှတ်ချက် မပေးချင်ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အခုလို ဆန္ဒထုတ်ဖော် ကြတဲ့ ပြည်သူတွေအပေါ် ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းပြီး လူအများအကြီး သေဆုံးစေတဲ့ လုပ်ရပ်ကတော့ မှားယွင်း တဲ့ ဖြေရှင်းမှုလို့ပဲ ပြောချင်ပါတယ်။
ဦးဖေသန်း
ဗဟို အလုပ်အမှုဆောင် ကော်မတီ (CEC) အဖွဲ့ဝင်
ရခိုင်အမျိုးသား ပါတီ (ANP)
ဒေါက်တာ အေးမောင် ကိစ္စပြောရရင် သူတို့ ဟောပြောပွဲမှာ နိုင်ငံတော်ကို ပုန်ကန်တဲ့ စကားတွေ ပြောတယ်ပေါ့နော်။ မိန့်ခွန်း တခုလုံးကို မဟုတ်ဘဲနဲ့ တကြောင်း၊ နှစ်ကြောင်း ဆွဲထုတ်ပြီးတေ့ာ၊ လိုသလို ပုံဖော်သွားရင်လည်း ခက်တာ ပေါ့ နော်။ ရည်ရွယ်ချက် ဦးတည်ချက်ကတေ့ာ မိန့်ခွန်းတခုလုံးကို မဟုတ်ဘဲနဲ့ လိုသလို ပုံဖော်သွားရင် ခက်တာပေါ့ နော်။ မိန့်ခွန်း တခုလုံးကို နားထောင်မှ ပိုပြီးတေ့ာ သဘာဝကျမှာပါ။
တန်းတူ ညီမျှမှု မရှိဘဲနဲ့ တိုင်းရင်းသားတွေဟာ လူမျိုးရေးဝါဒမှာ ကျွန်စဖွယ် ဖြစ်နေတဲ့ စကားမျိုး ပြောမှာပေါ့၊ ဒါက တေ့ာ ပြောနေကြစကားပဲ။ တိုင်းရင်းသားတွေ ပြောနေကြ စကားပဲလေ၊ အဲ့ဒါကို ကျွန်ပါဆိုတဲ့ စကားလုံးပဲ ဖွင့်လိုက် တေ့ာ တမျိုး ဖြစ်သွားတာပေါ့နော်။ ဗမာကျွန်ဖြစ်နေတယ် ဆိုတေ့ာ နိုင်ငံတော်ကို အသရေဖျက်သလို၊ ပုန်ကန်သလို ဖြစ်သွားတာပေါ့။
ဗိုလ်ချူပ် အောင်ဆန်းလည်း ပြောခဲ့တာပဲလေ၊ ကျနော်တို့က အင်္ဂလိပ်ကျွန် မဖြစ်သလို၊ တိုင်းရင်းသားတွေလည်း ဗမာကျွန် မဖြစ်စေနဲ့ သဘောမျိုးပေါ့နော်။ ဒါကြောင့် အဲ့ဒီ စကားတခွန်းလောက် နဲ့ နိုင်ငံတော် ပုန်ကန်မှုဆိုတဲ့ ဟာမျိုး ကတေ့ာ နည်းနည်း ကြီးကျယ်တယ်လို့ ထင်တယ်။
လက်နှက်ကိုင်ပြီး တော်လှန်နေတဲ့ သူတွေနဲ့တောင် စားပွဲ တဝိုင်းတည်း ထိုင်ပြီးတေ့ာ ဆွေးနွေးနေကျတဲ့ ကာလမျိုးမှာ ဒီလို စကားလေး တလုံးလေးကြောင့် နိုင်ငံတော် ပုန်ကန်မှုဆိုပြီးတေ့ာ ပုဒ်မ အကြီးကြီး တပ်လိုက်တာတေ့ာ မသင့် တော်ဘူးလို့ မြင်တယ်။ ဒါပေမယ့် တရားရုံးမှာ စစ်တဲ့အခါမှာတေ့ာ အမှန်တရားတခုတော့ ပေါ်လာ ပါလိမ့်မယ်။
မြောက်ဦး ကိစ္စကတေ့ာ ရခိုင့် အချူပ်အချာ အာဏာ ကျဆုံးတဲ့ ၂၂၃ နှစ်မြောက် ပေါ့နော်၊ သမိုင်းဆိုတာ ဖျက်လို့မရ ဘူးလေ၊ ဗမာမှာလည်း ပါတော်မူနေ့ အခမ်းအနားတွေ လုပ်တာပဲလေ၊ သူ့သမိုင်းနဲ့သူ လာကြတာလေ။
ထူးဆန်းတာက ကြံ့ခိုင်ရေး လက်ထက်မှာ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက တောက်လျှောက် လုပ်လာလို့ ရတယ်။ NLD အစိုးရ လက်ထက်မှာ ဒါကို တားတယ် အဲဒီလို သဘော ဖြစ်သွားတာပေါ့၊ တားတဲ့ နေရာမှာလည်း ပထမတေ့ာ ခွင့် ပြုပြီးသား၊ အခမ်းအနားကို ခွင့်ပြုပြီးသား ဖြစ်တယ်။ နောက်ပိုင်းမှ အနီးကပ်ပြီးတေ့ာမှ လုပ်ချင်ရင် ငြိမ်းစုစီ ပြန်တင် ဆိုတဲ့ အကြောင်းကြားလာတဲ့ အခါမှာ အဆင်သင့် စုဆောင်းနေကြတဲ့ မကျေနပ်ပြီးတေ့ာ ပေါက်ကွဲ သွားတာပေါ့နော်။ တရက်လောက် ကြိုပြီးတေ့ာ မလုပ်နဲ့လို့ ပြောရင်တေ့ာ ပြဿနာ မရှိပါဘူး။
တင်ပြထားတာကို ခွင့်ပြုထားပြီးမှ ဒီမှာ ပရိသတ်လည်း စုံနေပြီ၊ အခမ်းအနားလည်း စတော့မယ်ဆိုမှ တားလိုက်တဲ့ အခါမှာ ပရိသတ်ဟာ လုံးဝ ထိန်းမနိုင်တေ့ာဘူး။ အဲ့ဒါက ပထမ ဖြစ်လာရတဲ့ အကြောင်းရင်းပေါ့နော် ။
ဒုတိယ အချက်က ခရိုင် အုပ်ချူပ်ရေးမှူး ရုံးဝန်းထဲကို လူဝင်သလား၊ မဝင်သလား၊ ကားတွေ ဆိုင်ကယ်တွေကို ဖျက် ဆီး သလား၊ မဖျက်ဆီးသလား၊ ပြီးတေ့ာ ရဲက တားသလား မတားသလား နောက်ပြီးတေ့ာ ရဲတွေ သေနတ်တွေကို ဝင်လုမယ် ဆိုတဲ့ ပုံဖော်ထားတယ် ဆိုတဲ့ ဖြစ်စဉ်ကိုတော့ ကျနော်တို့က အတိအကျ မသိဘူးပေါ့နော်။
ဒါပေမယ့် အဓိကရုဏ်း တခုကို ကိုင်တွယ်တေ့ာမယ် ဆိုရင်တေ့ာ ကြိုပြီးတေ့ာ အဆင့်ဆင့် ဆီးတားတာတို့ သံဆန်ခါ တားတာတို့၊ မီးသတ်ပိုက်နဲ့ လုပ်တာမျိုးတို့ ဒါမျိုး တခုမှ မရှိခဲ့ဘူးပေါ့နော်။ နာရီဝက်လောက် အတွင်းမှာ ဒါမျိုး ဖြစ်သွား တာ၊ အစိုးရက စနစ်ကျကျ စီမံဟန့်တား နိုင်ခြင်း မရှိခဲ့ဘူး။ အဓိကရုဏ်း တခုကို ဖြိုခွင်းတေ့ာမယ်ဆိုရင် အချိန် အများ ကြီး ယူပြီးတေ့ာမှ လုပ်ရတဲ့ ကိစ္စပါ။
ပွဲစီစဉ်သူတွေကို 122 နိုင်ငံတော် ပုန်ကန်မှုနဲ့ ပုဒ်မ တပ်တာတေ့ာ ဒါလုံးဝ မဟုတ်ဘူး၊ လုံးဝ မဖြစ်သင့်ဘူး။ ပွဲစီစဉ် သူက အဲ့ဒီပွဲ ဖြစ်မြောက်ဖို့ အတွက် နိုင်ငံတော် ပုန်ကန်မှု နဲ့ အဓိကရုဏ်းကို ဖြစ်စေဖို့ အတွက် အဲ့ဒီပွဲကို စီစဉ်ခဲ့တာ မဟုတ်ဘူးလေ။ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ် မူတည်ပြီး အဓိကရုဏ်း ဖြစ်သွားတာ။ ပွဲကိုစီစဉ်တာ၊ နှစ်တိုင်းလည်း စီစဉ်နေကြပါ။
ဒီကိစ္စမှာ ပုဒ်မ တပ်တာတွေ အစ အလွဲလွဲ အချော်ချော်တွေပဲ မြင်ပါတယ်။ တရားမစွဲသင့်တဲ့ သူလည်း စွဲ ပုဒ်မ သိပ် ကြီးရင်လည်း ငါးသေးသေးလေးကို ပိုက်ကွန် အကြီးကြီးနဲ့ ဖမ်းရင်တေ့ာ လွတ်နိုင်တာပဲလေ။ အဲ့ဒါ သတိရှိဖို့ လိုတယ်။ ဒီလို အချိန်အခါမျိုးမှာ ဒီလိုဖြစ်တာတော့ ကျနော်တို့က စိတ်မကောင်းဘူး။
ရခိုင်မှာ စိတ်ခေါ်မှုတွေ ရှိနေတဲ့ အချိန်မှာ အစိုးရ နဲ့ ပြည်သူ ထိပ်တိုက်တွေ့တာဟာ ပူးပေါင်း ဆောင်ရွက်တဲ့ နေရာမှာ ပြဿနာတွေ ဖြစ်လာနိုင်တာပေါ့နော်။ ဆိုးကျိုးတွေ ဖြစ်လာနိုင်တာပေါ့နော်။
ဦးရွှေမျိုးသန့်
အထွေထွေအတွင်းရေးမှူး
ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)
မြောက်ဦးမှာ ဖြစ်တဲ့ကိစ္စမှာ လုံခြုံရေးတပ်ဖွဲ့တွေ ဘက်ကနေ ဒီကိစ္စအပေါ်မှာ ကိုင်တွယ်ဖို့ နည်းလမ်းတွေ အများကြီး ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အခုလို လူတွေသေဆုံးတဲ့အထိ ဖြစ်ခဲ့တာကတော့ မဖြစ်သင့်ပါဘူး။ ဒီတိုင်းပြည် ဟာ စစ်မှန်တဲ့ ပြည်ထောင်စုတခုကို သွားမယ်ဆိုရင်တော့ သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်း၊ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ထုံးတမ်း အစဉ်အလာ စတာတွေနဲ့ပတ်သက်လို့ ပြောဆိုခွင့်တွေကို ဘယ်လိုနည်းနဲ့မှ တားဆီး ပိတ်ပင်တာတွေ လုပ်ဖို့မသင့်တော်ပါဘူး။
ဒါကသူတို့အနေနဲ့ သမိုင်းကို အမှန်တရားကို ပြောတာပဲဖြစ်ပါတယ်။ ကြီးကြပ်ပေးဖို့တော့ လိုတာပေါ့။ ဒီဖြစ်စဉ်မှာ အမှုမှန် ပေါ်ပေါက်ရေးကို အစိုးရတရပ် အနေနဲ့ လုပ်သင့် လုပ်ထိုက်တာကို ပြတ်ပြတ်သားသား လုပ်ပါလို့ပဲ ပြောချင် ပါတယ်။
ဦးမင်းဇေယျာဦး
အတွင်းရေးမှူး အဖွဲ့ဝင်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC)
ဟောပြောပွဲမှာ ပြောတာကို ဖမ်းဆီးတာက ညှိညှိနှိုင်းနှိုင်း လုပ်ရင်တေ့ာ ပိုအဆင်ပြေမယ် ထင်တယ်နော်။ ညှိနိုင်းပြီး လုပ်မယ်ဆိုရင်တေ့ာ ပိုအဆင်ပြေပါမယ်။ ပုံမှန် မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးတေ့ာ ခံစားရတယ်။ ဒီလောက်မရိုးရှင်းပါ ဘူး။ တခုခုတေ့ာ နောက်ကွယ်မှာ အကြောင်းတရားတွေ ပါနေမယ်။ ဘာတွေလဲ ဆိုတာတေ့ာ မပြောတတ်ဘူး။
ဆန္ဒပြတဲ့ သူကို သေနတ်နဲ့ ပြစ်တာတေ့ာ စိုးရိမ်ဖို့ ကောင်းပါတယ်။ လက်နှက်ကိုင်ပြီး ဖြေရှင်းတာဟာ ကြားနေရတဲ့ သတင်းတွေ၊ ဒီလိုမျိုး ဖြစ်စဉ်တွေကို ကိုင်တွယ်တာ ဒါထက် နူးညံ့ ဖို့ကောင်းတာပေါ့လေ။ အများကြီး လုပ်လို့လည်း ရတဲ့ အနေအထား ဖြစ်နေသေးတယ်လေ။
ပြည်သူကို သေနတ်နဲ့ ပစ်တယ်ဆိုတဲ့ ဖြစ်စဉ်ကိုက မဖြစ်သင့်တာလေ။ ဒါထက် နူးညံ့တဲ့၊ သိမ်မွေ့တဲ့ နည်းလမ်းတွေ ကို သုံးသင့်တယ်လေ။ ကျနော်တို့ သွားနေတာက ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရ ဖြစ်တယ်။ ဒီမိုကရေစီကို ဖော်ဆောင်နေတယ်။ ဒါထက် ပိုပြီးတေ့ာ နူးညံ့တဲ့ ဖြေရှင်းနည်းနဲ့ ဖြေရှင်းလို့ ရပါတယ်။
ဆန္ဒပြတဲ့ နေရာနဲ့ ဒီဘက်ကိုလာရင် တမိုင်လောက် ကွာပါတယ်။ အဲ့ဒီကြားထဲမှာ တားဆီးမှုတွေ အဆင့်ဆင့် လုပ်လို့ ရပါတယ်။ ဒီလိုမျိုးတွေနဲ့ တားလို့ရတယ်။ တခြား အသုံးပြုလို့ရတဲ့ နည်းလမ်းတွေ ရှိတယ်လေ။
ဒီလိုမျိုးကြီး ဖြစ်သွားတေ့ာ ရုပ်ဆိုးစေတာပေါ့။ ယုံကြည်မှုလည်း ကျဆင်းစေတာပေါ့နော်။ အဓိက ပြောချင်တာကတေ့ာ လူအုပ်ကို သေနတ်နဲ့ ပစ်တာကတေ့ာ ဒီမိုကရေစီ အစိုးရ လက်ထက်မှာ တော်တော်လေး မလုပ်သင့်တဲ့ အရာပါ။
စောထွန်းထွန်း
ကရင်လူငယ် အဖွဲ့
ဒေါက်တာ အေးမောင် ဖြစ်သွားတာ အံ့သြတယ်။ ပြီးတေ့ာ စွဲထားတဲ့ ပုဒ်မတွေအပေါ် ကျနော်တို့ ကြည့်လိုက်တဲ့ အခါမှာ ပုဒ်မတွေက မတရားကို စွဲထားတဲ့ ပုဒ်မမျိုးတွေ ဖြစ်တယ်။ တိုင်းရင်းသားတယောက် အနေနဲ့ ဒီပုဒ်မ ထဲမှာ ပါတဲ့ အချက်အလက်တွေ အားလုံးကိုတေ့ာ စွဲလို့ ရတာပေါ့၊ ဒါပေမယ့် တိုင်းရင်းသားတယောက် အနေနဲ့ ကြည့်လိုက် တေ့ာလည်း တိုင်းပြည်မှာ အရမ်းလိုလားနေတဲ့ အမျိုးသား ရင်ကြားစေ့ရေး ပိုပြီး ဝေးသွားစေသလို ခံစားရတာပေါ့။
၇ ယောက် သေနတ်နဲ့ ပစ်ခံရတဲ့ အပေါ်မှာ ရခိုင်က အရင်တည်း က ရှုပ်ထွေးနေတဲ့ အခြေအနေပေါ့နော်။ ပထမ ဖြစ်နေတဲ့ ကိစ္စတွေကိုတောင် ဖြေရှင်းဖို့ နည်းလမ်းရှာပြီး ကြိုးစားနေတဲ့အချိန်မှာ ပြည်သူလူထုကနေပြီးတေ့ာ အတင်းအဓမ္မ တောင်းဆိုခဲ့ရင်တောင်၊ ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး တောင်းဆိုတယ် ဆိုရင်တောင်မှ အုပ်ချူပ်ရေး ပိုင်း ဘက်ကနေပြီးတေ့ာ ဒီလိုမျိုး ပစ်သတ်ရလောက်တဲ့ အထိ မလုပ်သင့်ပါဘူး။
အခြား နည်းလမ်းတွေ အများကြီး ရှာလို့ရတယ်။ ပြည်သူလူထုကလည်း ဆူပူမှုဖြစ်စေတဲ့ လုပ်ရပ်မျိူး လုပ်ခဲ့ရင်လည်း လုပ်တဲ့သူကို အဲ့သည်လူကို အရေးယူသင့်တယ်။ အခုသေသွားတဲ့ သူတွေက လူငယ်တွေ ဖြစ်တယ်။ အမျိုးသားရေး အရလည်း ဖြစ်နိုင်တယ်။ ပြည်နယ်အရလည်း ဖြစ်နိုင်တယ်။ တက်ကြွပြီးတေ့ာမှ လှုပ်ရှားနေတဲ့ လူငယ်တွေ ဆုံးရှုံး သွားတာတေ့ာ လုံးဝ စိတ်မကောင်း ဖြစ်ရတယ်။
အခြေအနေက ပိုပြီး ဆိုးဝါးလာနိုင်တယ်။ ပြည်သူလူထုက ငြိမ်သွားတယ် ဆိုရင်တောင် ခဏတဖြုတ် ငြိမ်သွားတာမျိုးပဲ ဖြစ်နိုင်တယ်။ အများကြီးကို ပြန်ပြီးတေ့ာ တွန်းလှန်ချင်တာမျိုး၊ တုံ့ပြန်ချင်တာမျိုး၊ ပြန်ပြီးတေ့ာ အားအင် စုတာမျိုး လည်း ဖြစ်သွားနိုင်ပါတယ်။
အဲ့ဒါတွေကို အခြေခံပြီးတေ့ာမှ လုံခြုံရေး ပိုင်းတွေကို လက်ရှိ အနေအထားမှာ လုံခြုံရေးတွေ တိုးမြှင့် လိုက်တာမျိုးတွေ တွေ့ရတယ်။ ဒီလို လုံခြုံရေး တိုးမြှင့်လိုက်တာဟာ ကျနော်တို့ ရခိုင်မှာရှိနေတဲ့ ပြည်သူတွေ အတွက်တေ့ာ လုံခြုံတယ် လို့ မခံစားရဘူး။ ပိုပြီးတေ့ာ စိတ်ထဲမှ မသက်မသာ ဖြစ်ဖို့အတွက်၊ ပဋိပက္ခကို ပိုပြီးတေ့ာမှ တွန်းအား ပေးလိုက်တဲ့ သဘောမျိုးလို့ ထင်ပါတယ်။
ဒီဖြစ်ရပ်ပေါ်မှာ ဦးဆောင်တဲ့သူတွေ အနေနဲ့ အနည်းဆုံးတေ့ာ ထိခိုက်နစ်နာသွားတဲ့ ရခိုင်ပြည်သူ ပြည်သားတွေကို မေတ္တာ ရပ်ခံ စာနာကြောင်းတေ့ာ ပြောသင့်ပါတယ်။ နောက်မှ ဥပဒေအရ အရေးယူတာကတေ့ာ တပိုင်းပေါ့နော်။ ။