ငလျင်ဒဏ် ထိခိုက်နိုင်မှု အများဆုံးကတော့ ရန်ကုန်မြို့ပဲ

သဇင်လှိုင်
မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဒုတိယဥက္ကဌ ဦးစောထွေးဇော်
Want create site? Find Free WordPress Themes and plugins.

ယခုနှစ် နှစ်ဆန်းပိုင်းအတွင်း မြန်မာနိုင်ငံအနှံ့အပြား ငလျင် မကြာခဏ လှုပ်ခတ်မှုကြောင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပွားလျက်ရှိသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့် ငလျင် အန္တရာယ် နှင့် ကြုံတွေ့နိုင်ခြေများ၊ ကြိုတင်ကာကွယ်မှုများ၊ စောင့်ကြည့် လေ့လာနိုင်ခြေများနှင့် ပတ်သက်ပြီး သိရှိစေရန် မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဒုတိယဥက္ကဌ ဖြစ်ပြီး အဆင့်မြင့် အဆောက်အဦ ထိန်းချုပ်မှု ကော်မတီအဖွဲ့ဝင်လည်းဖြစ်သည့် ဦးစောထွေးဇော် နှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် သဇင်လှိုင်မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး ။ ။ မြန်မာနိုင်ငံ အနှံ့အပြားမှာ ငလျင်ငယ်တွေလည်း တောက်လျှောက်လှုပ်နေတော့ ပြည်သူလူထုက စိုးရိမ်နေကြပါတယ်။ အခုရက်ပိုင်း လှုပ်နေတဲ့ ငလျင်တွေကြားမှာ တခုနဲ့ တခု ဆက်စပ်မှုတွေ ရှိနေပါလား။

ဖြေ ။ ။ ငလျင်လှုပ်တဲ့ (အဓိကရင်းမြစ်) Main Source ကတော့ ကမ္ဘာမြေကြီးရဲ့ မျက်နှာပြင်တွေ လှုပ်ရှားမှုကြောင့် ဖြစ်တာဆိုတော့ ဒီမှာလည်း အာရှတိုက်နဲ့ အိန္ဒိယတိုက် သွားပြီး ဆုံတဲ့နေရာမှာ ကျနော်တို့ တိုင်းပြည်ရှိတဲ့ အတွက် တွန်းတိုက်အားတွေကြောင့် လှုပ်တာပေါ့။ အဲဒါကြောင့် လှုပ်တာဆိုတော့ အားလုံးက ဆက်စပ်တယ်လို့တော့ ပြောလို့ ရတယ်။ ဒါပေမယ့် ငလျင် အနှံ့အပြားလှုပ်တဲ့ ကိစ္စကတော့ ဘယ်လိုခေါ်မလဲ တခုနဲ့တခုက သူရဲ့လှုပ်တဲ့ သဘောသဘာဝနဲ့ ပြန်ကြည့်လိုက်ရင်တော့ အခုတလော လှုပ်သွားတဲ့ ဟုမ္မလင်းမှာ အကြီး ၁ခု၊ ဖြူးမှာ တခု နဲ့ ရန်ကုန်မှာ တခု လုှုပ်တာရှိ တယ်။ ကျိုင်းတုံဘက်မှာ တခုလှုပ်တာ ရှိတယ်။ အနှံ့အပြားပဲ လှုပ်တဲ့နေရာတွေရဲ့ အကွာအဝေး နောက်သူနဲ့ ဆက်စပ်တဲ့ လှိုင်းတွေ ပြန်ကြည့်ရင်တော့ တခုနဲ့တခုက တိုက်ရိုက်ဆက်စပ်တာမျိုးတော့ မရှိဘူးလို့ ယူဆလို့ရပါတယ်။

မေး ။ ။ တိုက်ရိုက်ဆက်စပ်မှုှု မရှိဘူးဆိုတော့ ဒီလထဲလှုပ်သွားတဲ့ ငလျင်တွေက ယေဘူယျအားဖြင့် ဘာကြောင့် လှုပ်တာ ဖြစ်နိုင်ပါသလဲ။

ဖြေ ။ ။ ငလျင်ရဲ့ သဘောသဘာဝကတောာ့ တနေရာမှာ လှုပ်ပြီးသွားရင် အဲဒီနေရာရဲ့ ဘေးပတ်ဝန်းကျင် တွေကို ဆက်ပြီးတော့ လှုပ်တာမျိုးလည်း ရှိတယ်။ ပြန်ပြီးတော့ Adjust လုပ်နေရတာကိုး။ နောက်တခုကလည်း ဒီဟာက တိုက်ဆိုင်မှုလို့လည်း ပြောလို့ရပါတယ်။ နည်းနည်းကြီးတဲ့ ငလျင်လေးတွေက ဆက်တိုက်ဆိုသလို ကြုံလာရတာကြောင့် လည်း သတိထားမိတာမျိုးလည်း ရှိပါတယ်။ ငလျင်အနေနဲ့ ပြောလို့ရှိရင် အမြဲတမ်း လှုပ်နေတာပါ။ စစ်ကိုင်းတိုင်း အထက် ပိုင်းဆိုရင် တလကို တကြိမ်လောက် ၂ လကို တကြိမ်လောက် ပြင်းအား အလတ်စားလောက်ရှိတဲ့ ငလျင်တွေ လှုပ်နေကျပါ။

မေး ။ ။ ငလျင်ကြီးလှုပ်မှာကို လူတွေက စိုးရိမ်နေကြတယ် ဆရာ့အနေနဲ့ကော ဘယ်လိုထင်ပါသလဲ၊ အဲဒီလို လှုပ်နိုင်ခြေ ရှိပါသလား။

ဖြေ ။ ။ ဆက်လှုပ်နိုင်ခြေရှိသလားလို့ မေးရင်တော့ လှုပ်နိုင်ခြေရှိတယ် ပြောရမှာပေါ့။ သေးသေးလေးတွေကတော့ အမြဲ တမ်း လှုပ်နေတာပဲ။ အကြီးကြီးတော့ လူထုကို ထိခိုက်နိုင်တဲ့ ဟာမျိုး လှုပ်နိုင်ခြေရှိသလားဆိုတော့ ကျနော်တို့က ရှိတယ်လို့ပဲ ပြောရမှာပဲ။ ဒါပေမယ့် ဘယ်အချိန်လှုပ်မလဲဆိုတာတော့ ပြောလို့မရဘူးပေါ့။ သိပ်ကို နီးကပ်ပြီး အန္တရာယ်ရှိတဲ့ အချိန်ရောက်နေပြီလား ဆိုတာလည်း ကျနော်တို့ ခန့်မှန်းလို့ မရပါဘူး။

မေး ။ ။ အခုဆိုရင် လူတွေက ယူဆချက်က ၂ မျိုးကွဲနေတယ်ပေါ့။ တခုက အခုလို ငလျင်သေးသေးလေးတွေက လှုပ်တာက ငလျင်ကြီး မလာနိုင်တော့ဘူးလို့ ယူဆတာရယ် နောက်တခုက ငလျင်သေးလေးတွေ လှုပ်နေတာက ငလျင်ကြီးလာမယ့် ရှေ့ပြေးပဲလို့ ဆိုပြီး ၂ မျိုးပေါ့။ ဆရာ့အနေနဲ့ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ ၂ ခုစလုံးက မှှားတယ်လို့လည်း ပြောလို့မရဘူး မှန်တယ်လို့လည်း ပြောလို့မရဘူး။ ဆိုတော့ ဘူမိဗေဒသဘောအရ အောက်ထဲမှာ အများကြီး ဖြစ်နေတာကို ကျနော်တို့က အပေါ်ယံကြောပဲ ကြည့်နေပြီးတော့ ရှိထားတဲ့ အချက်အလက်လောက်နဲ့ပဲ ကျနော်တို့က interpret (အဓိပ္ပါယ်ကောက်) ရတာဆိုတော့ ကျနော်တို့ တိတိကျကျ ပြောနိုင်ဖို့ ခဲယဉ်းပါတယ်။

မေး ။ ။ ငလျင်လှုပ်မယ်ဆိုရင် ဘယ်မြို့တွေက ထိခိုက်မှု အများဆုံး ဖြစ်မလဲ။

ဖြေ ။ ။ ငလျင်နဲ့ ပြောလို့ရှိရင် ကျနော်တို့ဆီမှှာ အကြမ်းဖျင်း ငလျင်ရပ်ဝန်း ၃ ခုလောက်လို့ ပြောလို့ရတယ်။ ပထမ အရေးကြီးဆုံးနဲ့ အသိသာဆုံး ဖြစ်တာကတော့ စစ်ကိုင်းပြတ်ရွေ့ပေါ့။ နောက်ပြီးတော့ ကျနော်တို့ နိုင်ငံရဲ့ အနောက် ဘက်ခြမ်းမှာကျတော့ စိုက်ဝင်တဲ့ မြေချက် ရှိပါတယ်။ အဲဒီစိုက်ဝင်တဲ့ မြေချက်နေရာမှာလည်း ငလျင်တွေ အနှံ့အပြား လှုပ်တယ်။ နောက်ပြီး အရှေ့ဘက် ရှမ်းကုန်မြေမြင့် နေရာလိုမှ ကျတော့ ကန့်လန့်ဖြတ် (Shear Zone) လို့ ကျနော်တို့ ပြောပါတယ်။ အဲဒါမျိုးတွေမှာလည်း ငလျင်လှုပ်လေ့ရှိပါတယ်။ နေရာ အနှံ့အပြားမှာတော့ လှုပ်တာပဲ ဒါပေမယ့် အထိခိုက်များတဲ့နေရာတွေကတော့ စစ်ကိုင်းပြတ်ရွေ့လိုမျိုးမှာတော့ အင်မတန် ကြီးမားတဲ့ ငလျင်တွေ လှုပ်နိုင်တယ်။ အရှေ့ဘက်က ရှမ်းကုန်းမြေမြင့်လို နေရာမှာကျတော့ စစ်ကိုင်းပြတ်ရွေ့လောက် မစိုးရိမ်ရပေမယ့်လို့ သူလည်း အလတ်စားနဲ့ အကြီးစား ငလျင်တွေ လှုပ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။

စစ်ကိုင်းပြတ်ရွေ့ကကျတော့ ဘယ်လိုဖြစ်နေလဲ ဆိုတော့ ကျနော်တို့ နိုင်ငံမှာရှိတဲ့ မြို့ကြီးတွေ တော်တော်များများနဲ့က သူနဲ့က သိပ်ပြီးတော့ မဝေးတဲ့နေရာမှာ ရှိနေတယ်။ စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင်ကြီးတွေ လှုပ်နိုင်တယ်။ အဲဒီနားမှာ ရှိနေတဲ့ မြို့ကြီးတွေကလည်း တိုက်တာအဆောက်အအုံတွေ များတယ်ဆိုရင် ပိုပြီးတော့ ထိခိုက်နိုင်ခြေ များတာပေါ့။ စစ်ကိုင်းပြတ်ရွေ့နဲ့ နီးတဲ့ မြို့တွေကတော့ ပိုပြီးတော့ သတိထားဖို့ လိုပါတယ်။

မေး။ ။ ဆရာတို့ လေ့လာဆန်းစစ်ချက်အရ ဘယ်မြို့က ထိခိုက်နိုင်ခြေ အများဆုံးဖြစ်မလဲရှင့်။

ဖြေ။ ။ ထိခိုက်နိုင်ခြေအများဆုံးလို့ ပြောရင်တော့ စစ်ကိုင်းပြတ်ရွေ့ တလျောက်က မြို့တွေပေါ့။ ဒါပေမယ့် ထိခိုက်နိုင်မှု အများဆုံးလို့ ပြောရင်တော့ လူဦးရေ အများဆုံး၊ အဆောက်အဦး အများဆုံး ဖြစ်တဲ့ ရန်ကုန်မြို့လို့ပဲ ပြောရမယ်။

မေး ။ ။ ငလျင်လှုပ်ရင် ပိုပြီးထိခိုက်နိုင်တဲ့ အဆောက်အဦတွေများတဲ့ ရန်ကုန်တို့ မန္တလေးတို့မှာ ငလျင်လှုပ်ခဲ့မယ်ဆို ဘယ်လောက်ထိ ထိခိုက်နိုင်ပါသလဲ။

ဖြေ ။ ။ အပိုင်းက အမျိုးမျိုးရှိနိုင်ပါတယ်။ အလျင်လိုတဲ့အတွက်ကြောင့်မိုလို့ ယာယီတည်ဆောက်ကြတာမျိုးလည်း ရှိနိုင်သလို အလျင်လိုတဲ့ အတွက်ကြောင့်မို့လို့ ပိုပြီး မြန်ဆန်တဲ့ နည်းတွေနဲ့ တည်ဆောက်ကြတဲ့ အခါ ကိုယ်မကျွမ်း ကျင်တဲ့ နည်းတွေကို သုံးမိတာမျိုးလည်း ဖြစ်နိုင်တယ်။ အဆောက်အဦးသစ် တည်ဆောက်တာနဲ့ ပတ်သက်လို့ကတော့ မြို့တော်စည်ပင်သာယာတို့ အထပ်မြင့်ကော်မတီတို့ အဲဒါမျိုး သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ ခိုင်ခံ့မှုကို တင်ပြပြီးတော့ ပုံစံတွေဘာတွေ ခွင့်ပြုချက်ယူပြီးတော့မှ တည်ဆောက် ရတာလို့ ကျနော်တို့ နားလည်ပါတယ်။ အဲဒါမျိုးတည်ဆောက် တယ် ဆိုရင်တော့ လိုအပ်တဲ့ ခိုင်ခံ့မှုကို စစ်ဆေးခံပြီးသား ဖြစ်တယ်လို့ပဲ ယူဆပါတယ်။ အဲဒါမျိုးဆိုရင်တော့ စောစောက လိုမျိုး အလျင်လိုလို့ ဆောက်တာတို့ ယာယီ အဆောက်အဦး ကလွဲလို့ရှိရင်ပေါ့ ခိုင်ခံ့မှုကို စစ်ဆေးပြီးသားလို့ ပြောလို့ရပါ တယ်။

မေး။ ။ ဆည်တွေ၊ တမံတွေရဲ့ တည်ဆောက်မှု တွေကရော ဘယ်လိုအခြအနေရှိလဲ။

ဖြေ။ ။ ဆည်တခု တည်ဆောက်ပြီဆိုရင် ဘူမိဗေဒ အခြေအနေတွေကို လေ့လာရပါတယ်။ အနီးအနားက ပြတ်ရွေ့ကြော တွေကို လေ့လာရပါတယ်။ အဲဒါတွေကို လေ့လာပြီးတဲ့အခါမှာ ပြင်းအား ဘယ်လောက်ရှိတဲ့ ငလျင်လာနိုင်တယ်ဆိုတာကို ခန့်မှန်းရပါတယ်။ ပြီးတဲ့အခါမှာ အဲဒီငလျင်ကို ခံနိုင်တဲ့ ဆည်မျိုးကို တည်ဆောက်ရတာပါ။ ဆည်လို့ ပြောလို့ရှိရင်တော့ ငလျင်နဲ့ ပတ်သက်တဲ့ ကျရောက်နိုင်တဲ့ ငလျင်ဖိအားကို တွက်ချက်ပြီး တည်ဆောက်တယ်လို့တော့ နားလည်ပါတယ်။

မေး ။ ။ ငလျင်လှုပ်နိုင်တဲ့ အချိန်နဲ့ ပြင်းအားကို တိတိကျကျ ပြောနိုင်ခြင်း မရှိသေးဘူးဆိုတော့ အခုလေ့လာနေတဲ့ နည်းပညာတွေနဲ့ဆိုရင် ဘယ်ေလောက်ထိ နီးနီးစပ်စပ် ခန့်မှန်းနိုင်ပြီလဲရှင့်။

ဖြေ ။ ။ အခုက နည်းပညာတို့ တိုင်းတာတဲ့စက်တို့ တော်တော်အားကောင်းလာပါပြီ။ အားကောင်းလာတဲ့ အတွက်ကြောင့် အတိအကျ ကျနော်တို့ ပြောလို့ မရပေမယ့်လို့ ခန့်မှန်းတဲ့ အချိန်မှာတော့ နီးနီးစပ်စပ် ခန့်မှန်းနိုင်တာ ရှိပါတယ်။ ရက်နဲ့ အချိန်နဲ့ ပြောလို့မရဘူး ဒါပေမယ့် ဘာတွေကြည့်ပြီး ပြောလို့ရလဲဆိုရင်တော့ မြေပြင်ပေါ်မှာ GPS တွေတပ်ထားတာမျိုးတွေ ကျနော်တို့ တိုင်းပြည်မှာလည်းရှိနေပါပြီ။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့် မြေသားရဲ့ လှုပ်ရှားမှုကို ကြည့်နေလို့ရတယ်။ ကြည့်လို့ရရင် ဘယ်နေရာတွေကတော့ တွန်းထိုးနေတာတွေ များနေပြီလဲ များနေပြီဆိုရင် အဲဒီလိုနေရာမျိုးတွေက ငလျင် လှုပ်ခတ်နိုင်ခြေ ပိုပြီးတော့ များတယ်။ အဲဒီနေရာမျိုးတွေမှာ ပိုပြီးတော့ သတိထားဖို့ လိုတယ်ဆိုတာမျိုးတွေ ခန့်မှန်းလို့ ရပါပြီ။ အခု ကျနော်တို့ တိုင်းပြည်အနေနဲ့ ခန့်မှန်းလို့ ရပြီလားဆိုတော့ နည်းနည်းတော့ စောနေသေးတယ်။ GPS တွေက အခုမှ တပ်တုန်း စမ်းတုန်း ပဲရှိသေးတယ်။ ပြီးတဲ့ တနှစ်လောက်ကမှ တပ်တယ်။ သူရဲ့ ရွေ့လျားနှုန်းတွေကို ပြောနိုင်ဖို့ဆို တာက ၅ နှစ် ၁၀ နှစ်လောက်တော့ အချိန်ယူရဦးမယ်နဲ့ တူပါတယ်။

မေး ။ ။ ကော်မတီအနေနဲ့ ဘာတွေ လုပ်နေလဲ။

ဖြေ။ ။ ကျနော်တို့ ကော်မတီက အဖွဲ့သုံးဖွဲ့ ရှိပါတယ်။ ဘူမိဗေဒပညာရှင်အဖွဲ့ရယ်၊ ငလျင်ပညာရှင်အဖွဲ့ရယ်။ အဆောက်အဦးဆိုင်ရာအဖွဲ့ရယ်။ သုံးဖွဲ့ပေါင်းပြီး လုပ်နေကြတယ်။ အဲဒီအဖွဲ့တွေက ကျွန်တော်တို့နိုင်ငံရဲ့ အဓိကဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့ကို ဒီနှစ်မှာ ကောင်းကင်ဓာတ်ပုံ ရိုက်ပြီး လေ့လာဖို့ရှိပါတယ်။ ငလျင်ပညာရှင်အဖွဲ့တွေနဲ့ ဘူမိဗေဒ ပညာရှင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့လည်း မြေငလျင်တိုင်းတာရေးစခန်းတွေ နိုင်ငံအနှံ့အပြား တပ်နေတာရှိပါတယ်။ စစ်ကိုင်းပြတ်ရွေ့နားမှာ မြေသားတွေ ဘယ်လိုလှုပ်ရှားနေလဲဆိုတာ စောင့်ကြည့်လို့ရအောင် GPS တွေ တပ်နေတာ ရှိပါတယ်။ အင်ဂျင်နီယာ အဆောက်အဦးဘက်က ဘာလုပ်နေလဲဆိုတော့ ရန်ကုန်မြို့တို့ မန္တလေးမြို့တို့မှာ ရှိတဲ့အဆောက် အဦးတွေ တည်ဆောက်ပုံစနစ်တို့ အဆောက်အဦးရဲ့ ခိုင်ခံ့မှုကို လေ့လာတာတု့ိ၊ အဆောက်အဦးဟာ မြေငလျင် လှုပ်ရှားတဲ့အချိန်မှာ ဘယ်လိုမျိုး ထိခိုက်နိုင်လဲတို့ လေ့လာပါတယ်။ ပြီးခဲ့တဲ့နှစ်က ပုဂံမှာ ငလျင်အကြီးကြီး လှုပ်ခဲ့တော့ ထိခိုက်မှုတွေရှိခဲ့တယ်။ အဲဒီအတွက် ပုဂံဘုရားတွေ အခုထက်ထိ မြင်နေရတဲ့အတွက် အရင်တုန်းက ဘယ်လိုတည် ဆောက်ပုံတွေရှိခဲ့သလဲဆိုတာတွေကို လေ့လာနေတာ ရှိပါတယ်။

မေး။ ။ ကြိုတင်ကာကွယ်မှုအပိုင်းက ဒီနိုင်ငံမှာ သိပ်အလေ့အထ မရှိကြဘူးလို့ အများအားဖြင့် ထင်မြင်ယူဆသလဲတယ်။ ကြိုတင်ကာကွယ်မှုအပိုင်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ဘယ်လိုများ နှိုးဆော်ချင်ပါသလဲ။

ဖြေ။ ။ အများကြီး ကြိုတင်ကာကွယ်ထားရင်တောင်မှ ဒီလောက်ပဲ တွက်ထားတယ်။ ဒီလောက်ပဲ လာနိုင်တယ်လို့ ကြိုတွက်လို့မရပါဘူး။ ဒီထက် ပိုကြီးတာလည်း လာနိုင်ပါတယ်။ သိပ်ကောင်းတဲ့ ဥပမာပေးရင် ဂျပန်မှာ ၂၀၁၁ တုန်းက ဆူနာမီဖြစ်သွားတယ်။ ဒီလောက် နည်းပညာ အရမ်း မြင့်ပြီး ကာကွယ်ထားတယ်။ နောက်ပြီးတော့ နျူကလီးယား စက်ရုံရှိတဲ့အတွက် လိုတာထက် ပိုပြီး အများကြီး ကာကွယ်ထားတဲ့ နေရာမှာတောင်မှ ဆူနာမီဖြစ်ပြီး အကြီးအကျယ် ဒုက္ခရောက်ခဲ့တာဆိုတော့ သတိအကြီးကြီး ထားပြီး ကာကွယ်တာတောင်မှ မလုံလောက်ပါဘူး။ ဖြစ်နိုင်ချေတွေ၊ မသေချာတာတွေ အများကြီးပဲ။ စိုးရိမ်တာထက် ကြိုတင်ကာကွယ်တာကတော့ ပိုလုပ်သင့်တယ်။ အဓိက ကိုယ့်ကိုကိုယ် သတိရှိဖို့ပဲ။ ငလျင်ဆိုတာမျိုးက ကြိုတင်ပြီး အသိပေး နိုင်တာမျိုး မဟုတ်ဘူး။ ဖျတ်ခနဲ ဖြစ်တဲ့အချိန်မှာ ရှိသင့်တာကတော့ သတိပါပဲ။ ကိုယ့်ကိုကိုယ် သတိရှိလိုက်မယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတာမျိုးကို ကိုယ်က ဆက်ပြီး လုပ်နိုင်မယ်။ လန့်ပြီး သတိလွတ် သွားမယ်ဆိုရင် ပိုပြီးတော့ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်သွားမယ်။

မေး။ ။ ငလျင်အန္တရာယ်ဖြစ်ရင်လည်း မြို့ပြက ထိခိုက်မှု ပိုများလေ့ရှိတယ်ဆိုတော့ မြို့ပြနေပြည်သူတွေကိုယ်တိုင် လုပ်နိုင်တဲ့ ကြိုတင်ကာကွယ်မှုတွေက ဘာတွေ ရှိမလဲ။

ဖြေ။ ။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ဘယ်လိုကာကွယ်ရမယ်။ ဘယ်လိုအန္တရာယ် ကင်းအောင် နေနိုင်ရမယ်ဆိုတာ သိအောင် လုပ်ထားရမယ်။ ကိုယ့်အိမ်မှာ ဆိုရင် အန္တရာယ် ဘေးကင်းလုံခြုံ မယ့်နေရာက ဘယ်နေရာမျိုးလဲ။ ဘယ်နေရာတွေက အားနည်းမလဲ။ ဘေးကင်းလုံခြုံအောင် ဘယ်လိုလုပ်ရ မလဲဆိုတာ နားလည်တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးပြီးတော့ လုပ်ကိုင်ထားရမယ်။ ကိုယ့်အိမ်က နည်းနည်း စိုးရိမ်ရမယ် ဆိုရင် သဘာဝဘေးအန္တရာယ်အာမခံလိုမျိုးနဲ့ ချိတ်ဆက်ပြီး အရေးပေါ်ကြုံတာမျိုး အာမခံနဲ့ ပြန်ပြီး ပြုပြင်လို့ရအောင်၊ ကိုယ့်ရဲ့ နေအိမ်၊ စီးပွားရေး ပြန်ပြီး ပြုပြင်နိုင်အောင်။ နောက်ကိုယ့်ရပ်ကွက်၊ ကိုယ့်နေရာမှာ ဘေးကင်းလုံခြုံတဲ့ နေရာ၊ ဘေးအန္တရာယ်များတဲ့ နေရာ၊ ထိခိုက်လွယ်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ ဓာတ်ဆီဆိုင်လို နေရာမျိုးတွေ ရှိရင် သိအောင် လုပ်ထားရမယ်။ အဲဒီလိုအခြေအနေကို ကိုယ်လည်း သိနေမယ်။ ကိုယ့်ဘေးက လူလည်း သိနေမယ်။ ကိုယ့်ရပ်ကွက်ထဲက လူလည်း သိနေမယ်ဆိုရင် ပိုပြီးတော့ အန္တရာယ်လျော့ကျအောင် လုပ်နိုင်ပါလိမ့်မယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading