UNFC ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ဦးထွန်းဇော်နှင့် မေးမြန်းချက်

နန်းလွင်နှင်းပွင့်
UNFC တပ်ပေါင်းစု ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော် / ကျော်ခ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင်များဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူအမျိုးသား ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့မှ ခေါင်းဆောင်းများသည် ဇန်နဝါရီ ၂၃ ရက်နေ့က နေပြည်တော်ကို သွားခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်တို့နှင့် သီးခြားစီ တွေ့ဆုံကာ NCA ထိုးရန် ကတိပြုခဲ့ကြသည်။

UNFC တပ်ပေါင်းစု အတွင်း ၄ ဖွဲ့ရှိသည့် အနက် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ နှင့် ရခိုင်ပြည် အမျိုးသား ကောင်စီ (ANC) တို့မပါဘဲ ထိုသို့ ဆွေးနွေးဆုံးဖြတ်ခဲ့သည်မှာ ၎င်းတို့ကိုယ်တိုင် ချမှတ်ခဲ့သည့် မူဖြစ်သည့် အစိုးရနှင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်လျင် တဖွဲ့ချင်း ခွဲထွက် ဆွေးနွေးမှုများ ပြုလုပ်မည်မဟုတ်ဘဲ UNFC အနေနဲ့သာ ဆွေးနွေးမည် ဆိုသည့် အချက်နှင့် လွဲချော်နေသည်ဟုဆိုသည်။

အပစ်ရပ်စာချုပ် ချုပ်ဆိုမည်ဟု ထိုသို့ ကတိပြုခဲ့ပြီး နောက်တနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် UNFC အမည်ဖြင့် သဘောထား ကြေညာချက် တစောင် ထွက်ပေါ်လာခဲ့ပြီး ထိုကြေညာချက်သည် NMSP နှင့် LDU တို့ NCA ထိုးရန် ကတိပြုချက်နှင့် လွဲချော်နေသည်။

ထိုအခြေအနေများနှင့် ပတ်သတ်၍ UNFC ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်ဖြစ်ပြီး ANC မှ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သည့် ဦးထွန်းဇော်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့် က ဆက်သွယ် မေးမြန်း ထားသည်။

မေး ။ ။ UNFC ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဝေါဟာရတွေ ပါတဲ့ သတင်းထုတ်ပြန်ချက်ကို ဘာ့ကြောင့် ထုတ်ပြန်ခဲ့တာလဲ ။

ဖြေ ။ ။ အဓိက ကတော့ ကျနော်တို့ DPN နဲ့ PC ဆွေးနွေးလာတာ ၁၇ လကျော်အတွင်းမှာ တရားဝင် ၈ ကြိမ်မြောက် အထိ ဆွေးနွေး နိုင်ခဲ့တယ်။ အဲ့ဒီ့မှာ ပိတ်ဆို့မှုတွေ ရှိလို့ နဝမအကြိမ်မြောက် တွေ့ဆုံမှုအတွက် တရားဝင်ချိ န်းဆိုပြီးမှ မဖြစ်ခဲ့ဘူး။ မဖြစ်ခဲ့တဲ့ အပေါ်မှာ ၂ ဖက်ထိပ်သီးခေါင်းဆောင်တွေ တွေ့ဖို့ ပြင်ဆင်နေတဲ့ အချိန် ဖြစ်တယ်။ ခေါင်းဆောင်တွေ တွေ့တဲ့အခါမှာ နည်းလမ်းရှာဖို့အတွက် ကျနော်တို့တွေက ပြင်ဆင်မှုတွေ လုပ်ထား တာရှိတယ်။

အထူးသဖြင့်ကတော့ နိုင်ငံရေးပိုင်းနဲ့ ပတ်သတ်တဲ့ “ဖက်ဒရယ် ဒီမိုကရေစီဝေါဟာရ” ဆိုင်ရာ ကိစ္စပေါ့ဗျာ။ အဲ့တာကို ကျနော်တို့က ပြင်ဆင်မှုတွေ ရှိကြတယ်။ ဒီကြားထဲမှာ တနေ့က UNFC အဖွဲ့ဝင် ၂ဖွဲ့ နဲ့ နိုင်ငံတော် အတိုင်ပင်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့သွားတဲ့ အပေါ်မှာ ထုတ်ပြန်ချက်တွေ လုပ်ကြတယ်။ အဲ့အပေါ်မှာ ကျနော်တို့က အများပြည်သူ သိရှိနိုင်ဖို့အတွက် DPN နဲ့ PC နဲ့ လုပ်ခဲ့တဲ့ အပေါ်မှာ နောက်ဆုံး UNFC ရောက်ရှိနေတဲ့ အနေအေထားတွေကို ကျနော်တို့က သိရှိစေဖို့ ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။

မေး ။ ။ ဒီရက်ပိုင်းအတွင်းမှာပဲ UNFC ထဲက မွန်နဲ့ လားဟူတို့ ၂ ဖွဲ့က နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်ချုပ်နဲ့ သီးသန့်လာတွေ့ ပြီး အစိုးရဘက်ကလည်း သူတို့ NCA ထိုးတော့မယ်။ တတိယပင်လုံမှာတောင် ပါဖို့ ညှိမယ်လို့ အခိုင်အမာ ပြောနေတယ်။ UNFCက တောင်းဆိုထားတဲ့ ၈ ချက်ကို မညှိတော့ဘူးလား။ ကျန်တဲ့ KNPP နဲ့ ANC ကရော ဘာလုပ်မှာလည်းဆိုတာ သို့လောသို့လော ဖြစ်နေတယ်။ ဒီအခြေအနေတွေကို ရှင်းပြပါဦး။

ဖြေ ။ ။ ဟုတ်တယ်။ အဲ့လိုသို့လော သို့လောတွေ ဖြစ်နေလို့လည်း ဒီထုတ်ပြန် ကြေညာချက်ကို ထုတ်လိုက် ရခြင်း ဖြစ်ပါတယ်။ ကျနော်တို့ သွားနေတာ ဒီလိုဖြစ်တယ်။ ကျနော်တို့က နည်းနည်း ရှည်ရှည်ဝေးဝေးလေး ထုတ်ပြန် လိုက်ရတာပါ။ ကျနော်တို့ UNFC က ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းကနေ ဆွေးနွေးလာတယ်။ NCA စာချုပ်ကြီးကိုလည်း အတူတကွ လုပ်လာတယ်။ NCA စာချုပ်ကို NCCT အနေနဲ့ တဆင့်လုပ်တယ်။ မပြီးပြတ် လို့ SD အနေနဲ့ လုပ်ခဲ့တယ်။ အဲ့တာကို နိဂုံးချုပ်ခါနီးမှာမှ ဦးသိန်းစိန်အစိုးရက သူ့ရဲ့ သက်တမ်းလည်း ကုန်ခါနီးပြီပေါ့ဗျာ။ ရွေးကောက်ပွဲလုပ်ခါနီးတဲ့အတွက် မဖြစ်မနေ NCA စာချုပ်ကြီးကို နိဂုံးချုပ်ချင်တယ်။ အဲ့အချိန်မှာ မပြည့်မစုံ အဲ့ခေတ်တုန်းက အစိုးရရဲ့ ကိုယ်စားလှယ် UPWC ခေါင်းဆောင်တွေ ပြောတဲ့ စကားနဲ့ ပြောမယ်ဆိုရင် မကျေလည်တဲ့အချက်တွေကို ခြွင်းချက်အနေနဲ့ ချန်ထားပြီးတော့ အတည်ပြု သွားခဲ့တယ်။

လက်မှတ်ရေးထိုးတော့ ၈ ဖွဲ့ပဲ ထိုးနိုင်တယ်။ အဲ့ဒီ့က မတင်မကျ အားနည်းချက်တွေက ဒီနေ့ထက်ထိ ရိုက်ခတ် နေတာပဲ။ ၈ဖွဲ့နဲ့ လက်မှတ်ရေးထိုးပြီး ၂နှစ် တိုင်တိုင် သွားလိုက်ပြီး အကောင်အထည်ဖော်နေပြီ။ အခု ၈ ဖွဲ့ရဲ့ အကောင်အထည်ဖော်မှုကလည်း ဘာဖြစ်နေလည်းဆိုတာ အားလုံးမြင်တာပဲလေ။ သူတို့မှာလည်း အားနည်း ချက်တွေ စိန်ခေါ်ချက်တွေ အများကြီးပဲ ။

အဲ့အခြေခံအောက်မှာ ကျနော်တို့က ဒီအားနည်းချက်တွေကို မဖြစ်ဖို့ NLD အစိုးရတတ်လာတဲ့ အချိန်မှာ ကျနော်တို့က အဆိုပြုချက် ၈ချက်လုပ်ပြီးမှ ဒါကို ဆွေးနွေးနေတယ်။ NCA လမ်းကြောင်းအပေါ်မှာပဲ။ အခုလည်း အဲ့အတိုင်းပဲ။ ကျနော်တို့ နိဂုံးချုပ်ခါနီးမှ အခု DPN နဲ့ PC မတိုင်ခင် ၂၁ ရာစုပင်လုံ ညီလာခံကျင်းပရေး ဆပ်ကော်မတီနဲ့ ကျနော်တို့ ဆွေးနွေးခဲ့ရတယ်။ ပြီးမှ ငြိမ်းချမ်းရေး ကော်မရှင် ပေါ်လာပြီး ဆွေးနွေးတယ်။ ၁၇ လကျော်ကြာပြီ။ တရားဝင် ဆွေးနွေးမှုကလည်း ၈ ကြိမ်ရှိပြီ။ နောက်ဆုံး တစ်ဆို့ နေတာတွေကို ဘယ်လို ကျော်လွှားမှာလဲ ဆိုတာကို ခေါင်းဆောင်တွေ တွေ့ဆုံခြင်းနဲ့ အဖြေရှာမယ် ဆိုတာကို လည်း လက်ခံပြီးပြီပေါ့ဗျာ။

ဒီကြားထဲမှာ နှစ်ဖက်ထိပ်သီး ခေါင်းဆောင်တွေ တွေ့ဆုံပြီးမှ အဆင်ပြေနိုင်အောင်ဆိုပြီး နည်းလမ်းရှာနေတဲ့ အဆင့်မှာပဲ ရှိတယ်။ အဲ့ကြားမှာ ဒီလို အဖွဲ့ ၂ ဖွဲ့က လုပ်ကြတယ်ဆိုတော့ ကျနော်တို့က ဒါ အဖွဲ့ဝင်အဖွဲ့စည်း ၂ ဖွဲ့တည်း မဟုတ်ပဲနဲ့ အစိုးရဘက်မှာပါ တာဝန်ရှိတယ်။ ကျနော်တို့ စိတ်ရှည်ရှည်ထားပြီး လုပ်လာတဲ့ စေတနာ ရှေ့ထားပြီး အားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး အောင်မြင်အောင် ရှေ့မှာ အဆင်ပြေဖို့ အတွက် ဒီရည်ရွယ်ချက်နဲ့ပဲ ကျနော်တို့ လုပ်ကြတာ ဖြစ်တယ်။ အခုလုပ်သွားတဲ့ ပုံစံအရဆိုရင် ကျနော်တို့ တွေ့ဆုံ ဆွေးနွေးမှု ပုံသဏ္ဍန်တွေနဲ့ ရှေ့ဆက်သွားရမယ့် အနေအထားမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိရေး ရရှိမယ့်အပေါ်မှာ အခက်အခဲတွေ ရှိလာနိုင်တဲ့ဆိုတဲ့ သဘောရှိပါတယ်။ အဲ့တာကို မဖြစ်စေလိုဘူး။ အဓိပာယ်ပိုပြည့်ဝတဲ့ ဆွေးနွေးမှု ပုံသဏ္ဍန်တွေနဲ့ သွားသင့်တယ်လို့ အဲ့အခြေခံအောက်မှာ ကျနော်တို့ သဘောထား ထုတ်ပြန်ကြေညာချက်ကို ထုတ်ခြင်း ဖြစ်ပါတယ်။

မေး ။ ။ UNFC က ထုတ်ပြန်လိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဝေါဟာရတွေ ဆိုတာက DPN နဲ့ PC ကြားမှာ ဆွေးနွေးခဲ့တာ ရှိလား။ ဘယ်လို အခြေအနေရှိလဲ ပြောပြပေးပါ။

ဖြေ ။ ။ အဲ့တာကို ညှိနှိုင်းဖို့အတွက် DPN၊ PC အဆင့်မှာ ဆက်လုပ်လို့ မရဘူးဖြစ်နေတယ်။ နဝမ အကြိမ်မြောက် တရားဝင် တွေ့ဆုံပွဲ ချိန်းဆိုပြီးမှ မတွေ့ခဲ့တာကလည်း အဲ့ဒီအတွက်ကြောင့်ပဲဖြစ်တယ်။ နဝမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲက ကျနော်တို့ သွားတယ် ။ ရန်ကုန်ကို ရောက်ပြီးမှ အစိုးရဘက်က မူဝါဒ အပြောင်းအလဲ မရှိတဲ့ အတွက် မလုပ်ရင် ပိုကောင်းတယ်ပေါ့ ။ မူဝါဒ အပြောင်းအလဲ မရှိဘဲနဲ့ နဝမအကြိမ်မြောက် တရားဝင် အစည်းအဝေးလုပ်လိုက်ရင် ပြီးခဲ့တဲ့ ၈ ကြိမ်မြောက်မှာလည်း သတင်းထုတ်ပြန် နိုင်ခြင်း မရှိခဲ့ဘူး။ အများပြည်သူ လူထုကလည်း သိချင်နေတယ်။ နဝမ အကြိမ်မြောက်မှာ ကျနော်တို့က တွေ့ပြီး ဘာမှ မထူးခြား ရင်လည်း နှစ်ဖက်စလုံးအတွက် မကောင်းဘူး။ အဲ့တာကြောင့် အစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင် အနေနဲ့ လည်း စိုးရိမ်မှု ရှိတဲ့အတွက် ဒါကို အကြိုညှိနှိုင်း အစည်းအဝေးပဲ လုပ်ရအောင် ဆိုပြီး အကြိုညှိနှိုင်း အစည်း အဝေးပဲလုပ်တယ်။

ကျနော်တို့က အကြိုညှိနှိုင်းအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာ ရှိတယ်။ ပိတ်ဆို့နေတဲ့ အချက်တွေကို ကျော်လွှားနိုင်ဖို့အတွက် နှစ်ဖက် ထိပ်သီးခေါင်းဆောင်တွေ တွေ့ပြီး အဖြေရှာကြရအောင် ဆိုပြီး ကျနော်တို့က အဆိုပြုတယ်။ အဲ့တာကို ငြိမ်းချမ်းရေးကော်မရှင်ဘက်က အပြည့်အဝ လက်ခံတယ်။ သူတို့ဘက်ကလည်း ထောက်ခံတယ်။ အဲ့တာဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံနိုင်ရေးအတွက် ခင်ဗျားတို့ဆီက စာရေးလိုက်ပါလို့ ပြောတယ်။ ကျနော်တို့ကလည်း စာရေးလိုက်တာပေါ့ဗျာ။ စာရေးလိုက်ပြီး နောက်ပိုင်းမှာ တွေ့ဆုံနိုင်ရေးအတွက် ကျနော်တို့ အကြိုညှိနှိုင်းမှု ၂ ကြိမ်တောင် လုပ်ထားတာ ရှိတယ်။ လွန်းပျံ သွားပြီးတော့ DPN နဲ့ PC အဆင့်မှာ ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ရက်ရှည် Holidays ဖြစ်တာပေါ့ဗျာ။ ကာလရှည် ခရစ္စမတ်နဲ့ နှစ်သစ်ကူးနဲ့ အားလပ်ရက် ဖြစ်တဲ့ အတွက် အဲ့ကြား မှာတော့ ကျနော်တို့ ပြင်ဆင်မှု မလုပ်နိုင်ခဲ့ဘူး။ နှစ်ကူးတာနဲ့ ကျနော်တို့ လုပ်နေတယ်။

ဒီလ ပထမပတ်၊ ဒုတိယပတ်ထဲမှာကို ကျနော်တို့ UNFC ရဲ့ အရေးပေါ် ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေး ထိုင်ပြီးတော့ ကျနော်တို့ကို DPN အနေနဲ့ နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံနိုင်ရေး အတွက် ဆက်လက်ကြိုးပမ်းဖို့ အတွက် UNFCဘက်ကနေ လမ်းညွှန်ချက်တွေ ပေးထားတယ်။ UNFC ရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဆိုတာ အဖွဲ့ဝင် အဖွဲ့စည်း အသီးသီးက ကိုယ်စားလှယ်တွေ ခေါင်းဆောင် တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ ၁၇ လကြာ ဆွေးနွေးလာတဲ့ ဖြစ်စဉ် တလျှောက်လုံးမှာလည်း ဆွေးနွေးမှု ရလာဒ် တွေကို UNFC ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီကို တင်ပြပြီးမှ ဆုံးဖြတ်ချက်၊ လမ်းညွှန်ချက်တွေနဲ့ အညီ ဆောင်ရွက်နေတာ ဖြစ်တယ်။

ပိတ်ဆို့နေတဲ့ အချက်တွေကို ကျော်လွှားဖို့ အတွက် နှစ်ဖက် ခေါင်းဆောင်တွေ တွေ့ဖို့အတွက် ပြန်နည်းလမ်းရှာပါ။ လုပ်ပါပေါ့။ အဲ့တာကို ကြိုးပမ်းနေတဲ့ အချိန်မှာ ဒီလိုမျိုး ဖြစ်သွား တယ်ဆိုတော့ ကျနော်တို့ သွားနေတဲ့ DPN နဲ့ PC ဆွေးနွေးမှုက တို့လို့ တန်းလန်းကြီး ဖြစ်နေတယ်။ အဲ့တာကို ဘယ်လို နိဂုံးချုပ်ရမလဲဆိုတာ တရားဝင်ဆွေးနွေးမှုကို လုပ်နိုင်ဖို့က နှစ်ဖက်ထိပ်သီး ခေါင်းဆောင်တွေ တွေ့ပြီး အဖြေရှာရမယ်ဆိုတဲ့ နည်းလမ်းက ရှိတယ်။

အဲ့တာကို ပြင်ဆင်နေတဲ့ အချိန်တွင်းမှာ ဒီလိုမျိုး ဖြစ်သွားတယ်။ လူတွေ့လည်း သို့လော သို့လော ဖြစ်တယ်။ ကျနော်တို့ အတွင်းမှာလည်း နားမလည်နိုင်အောင် ဖြစ်ရတယ်။ ဒီ့အတွက် ကျနော်တို့ အတွင်းမှာတော့ အကျေအလည် ဆွေးနွေးမှုတွေ လုပ်သွားမယ်။ ကျနော်တို့ အတွင်းမှာ အကျေအလည်ဆွေးနွေးပြီးရင် အစိုးရနဲ့ ပြန်ညှိနှိုင်းရမယ့် သဘောတော့ ရှိပါတယ်။

မေး ။ ။ မွန်နဲ့လားဟူ ၂ဖွဲ့က UNFCထဲမှာ မတိုင်ပင်ဘဲ သီးသန့်သွားတွေ့လိုက်တဲ့ အပေါ် UNFCရဲ့ ဗဟိုအလုပ်မှုဆောင် အနေနဲ့ဆို ဘယ်လိုသဘောထားရှိလဲ။ ဘယ်အချိန်လောက်မှာ UNFC ထဲမှာ ပြန်ညှိကြဖို့ရှိလဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ အမြန်ဆုံး အစည်းအဝေးခေါ်နိုင်အောင် ကြိုးစားနေပါတယ်။ အခုကာလကတော့ ခေါင်းဆောင်တချို့လည်း ခရီးလွန်နေတယ်။ နှစ်ကူးပြီဆိုတော့ UNFC ရဲ့ ၆ လလည်း ပြည့်ပြီ ဆိုတော့ ညီလာခံ သက်တမ်းမှာ ကျနော်တို့ ကောင်စီအစည်းအဝေးလုပ်သွားဖို့ ရှိတယ်။ ကောင်စီအစည်းအဝေးကို လာမယ့် ဖေဖော်ဝါရီလ၊ ဒုတိယပတ်ထဲမှာ ဖြစ်မယ် ထင်ပါတယ်။ လာမယ့် လထဲမှာ ကျင်းပပြီးတော့ ကျနော်တို့ အကျေအလည် ဆွေးနွေးသုံးသပ်မယ်။ UNFCရဲ့ လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်။
မေး ။ ။ သီးသန့် ၂ ဖွဲ့တည်း လက်မှတ်ထိုးမယ်ဆိုရင်ရော UNFC ထဲမှာ လက်ခံမယ့် အနေအထားရှိပါသလား။

ဖြေ ။ ။ အဲ့တာကြောင့်ပြောတာပေါ့။ ကျနော်တို့ကတော့ ဒီကိစ္စကို အကျေအလည် ဆွေးနွေးရမယ့် သုံးသပ် ရမယ့် သဘောဖြစ်ပါတယ်။ DPN နဲ့ ငြိမ်းချမ်းရေးကော်မရှင် ဆွေးနွေးထားတာက ၁၇ လ အတွင်းမှာ ဘယ်လို ဆွေးနွေး ခဲ့သလဲဆိုတော့ DPN ဟာ UNFC က အဖွဲ့ဝင်အဖွဲ့စည်းတွေရဲ့ ခေါင်းဆောင် ကိုယ်စားလှယ်တွေနဲ့ ဖွ့ဲစည်းထား တာဖြစ်တယ်။ DPNမှာ အဖွဲ့ခေါင်းဆောင်က KNPP ရဲ့ ဒုဥက္ကဋ္ဌလည်း ဖြစ်တယ်။ UNFC ရဲ့ အထွေထွေ အတွင်းရေးမှူး လည်း ဖြစ်တယ်။

ဒုတိယအဖွဲ့ခေါင်းဆောင်က မွန်ပြည်သစ်ပါတီရဲ့ ကိုယ်စားလှယ် ခေါင်းဆောင် တဦးဖြစ်တယ်။ ဒီလို လူတွေနဲ့ ကျနော်တို့ အဆင့်ဆင့်ညှိနှိုင်းထားတာ ဖြစ်တယ်။ အခု နောက်ဆုံးနိဂုံးချုပ်တော့ DPN မှာ တောက်လျောက် ညှိနှိုင်းလာတဲ့ ကျနော်တို့ရဲ့ စေ့စပ်ညှိနှိုင်းရေးခေါင်းဆောင် ပါဝင်မှု မရှိဘဲ ဘယ်လို နိဂုံးချုပ်ကြမလဲ ။ ဒါက မဖြစ်သင့်ဘူးလို့ ကျနော်တို့ မြင်တယ်။

နိဂုံးချုပ်မှုက ဘာလည်း ဆိုတော့ နိုင်ငံရေး အရ အဓိက ပိတ်ဆို့နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဝေါဟာရ ဆိုတဲ့ အပေါ်မှာ အစိုးရဘက်က အငြင်းပွားတာပေါ့ဗျာ။ အဲ့စကားလုံးကြောင့်ပဲ ကျနော်တို့က ခက်နေတယ်လို့ အမြင်ရောက်တာပေါ့ဗျာ။ အများပြည်သူလူထုကလည်း ငြိမ်းချမ်းရေး လိုချင်ရင် စကားလုံးတလုံးနဲ့ ဘာ့ကြောင့်ကပ်နေမလဲလို့ ဒီဖက်ဒရယ်ဒီမိုကရေစီ ဆိုတဲ့ ဝေါဟာရ က ဒီအဆင့်မှာ ဆွေးနွေးရမှာမဟုတ်ဘူး။ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်မှာပဲ ဆွေးနွေးရမှာ ဖြစ်တယ်။ အဲ့မှာ အသေးစိတ်ဆွေးနွေးပေါ့ဆိုပြီး အမြင်သဘောအမျိုးမျိုး ရှိပါတယ်။

ကျနော်တို့ဘက်ကတော့ စကားလုံးပေါ်မှာ ကပ်နေတာ မဟုတ်ဘူး။ ဒီစကားလုံးဟာ ကျနော်တို့ တိုင်းပြည်ရဲ့ သမိုင်းနောက်ခံတွေ ဥပဒေကြောင်းအရတွေ နိုင်ငံတကာမှာ တည်ရှိနေတဲ့ ပြည်ထောင်စုအခြေအနေတွေ အနေအထားပေါ်မှာ အဘက်ဘက်ကို ကျနော်တို့ က ကြည့်ပြီးမှ အဆိုပြုထားတဲ့ စကားလုံးဖြစ်တယ်။ ဒါပေမယ့် ဒီနေရာမှာ ညှိနှိုင်းမှုတော့လုပ်ရမယ်။ ဒီစကားလုံး ကတော့ ၈ ကြိမ်တိုင်တိုင် တရားဝင် ဆွေးနွေးတဲ့အခါ ၆ ကြိမ်မြောက်ထိကို ဒီစကားလုံးကို အငြင်းပွားမှု မရှိဘူး။ ဒီစကားလုံးပေါ်မှာ သဘောတူထားတယ် အစိုးရတပ်မတော်ဘက်ကနေ။ ၇ ကြိမ်မြောက်မှ သူတို့က သဘောမတူဘူးဆိုတဲ့ အနေအထားဖြစ်လာတယ်။

အဲ့တာကြောင့် ငြိမ်းချမ်းရေးကော်မရှင် ဘက်ကလည်း မလုပ်တတ်တော့ဘူးပေါ့ဗျာ။ အဲ့တာကြောင့် ထိပ်သီးခေါင်းဆောင်တွေ တွေ့မှပဲ ပြေလည်မယ် ဆိုတဲ့ အနေအထားကို ရောက်သွားတယ်။ ထိပ်သီးခေါင်းဆောင်တွေ တွေ့ပြီးတော့မှ ဖြေရှင်းဖို့ အဖြေရှာမလို့ ကာလမှာပဲ ဒီလို ဖြစ်သွားတော့ ကျနော်တို့လည်း ဘယ်လိုလုပ်ရမလဲ ။ ဘယ်လို ဆက်ပြောရမလဲ ဆိုတာ နည်းနည်း ကို့လို့ကန့်လန့် ဖြစ်နေပြီ။ ဒါ့ကြောင့် ကာယကံရှင် UNFC အဖွဲ့ဝင် အဖွဲ့အစည်း ၂ဖွဲ့ (မွန်နဲ့ လားဟူ) နဲ့ အစိုးရဘက်က ဒီအပေါ်မှာ တာဝန် ရှိတယ်။

အများနဲ့ စုဖွဲ့ပြီးမှ စေ့စပ်ညှိနှိုင်းပြီး ရထားတဲ့ ရလာဒ် ၊ Multilateral Negotation Result ပေ့ါဗျာ။ အဲ့ Result ကို Bilaterally ဘက်နှစ်ဘက် ကြားမှာ အကောင်အထည် ဖော်တဲ့ ပုံစံမျိုးကတော့ ဒါ လုပ်တဲ့ ပုံစံက နည်းလမ်း မကျဘူးလို့ ကျနော် မြင်တယ်။ ဘာ့ကြောင့် နည်းလမ်းမကျဘူးလည်းဆိုတော့ ပြီးခဲ့တဲ့ NCA လုပ်တုန်း ကလည်း ကြည့်လိုက်ပေါ့ဗျာ။ NCA စာချုပ်ဆိုတာ Multilateral Agreement ဖြစ်တယ်။

ဒါပေမယ့် အကောင်အထည် ဖော်တဲ့ နေရာမှာ Bi laterally အကောင်အထည်ဖော်တယ်။ ဒါက မဖြစ်သင့်ဘူး။ အခု NCA လက်မှတ်ရေးထိုးပြီးရင် လုပ်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တိုင်းပြည်တည်ဆောက်ရေး ဖြစ်တယ်။ တိုင်းပြည် တည်ဆောက်ရေးကို အဖွဲ့တဖွဲ့၊ လူမျိုးတမျိုး ၊ လူတစုက လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ လူမျိုးပေါင်းစုံနဲ့ အဖွဲ့ပေါင်းစုံနဲ့ လုပ်ရမယ့် အလုပ်ဖြစ်တယ်။ ကျနော်တို့ စပြီး လုပ်ခဲ့တည်းက အဖွဲ့ပေါင်းစုံ လူမျိုးပေါင်းစုံနဲ့ လုပ်လာတာ ဖြစ်တယ်။

အကောင်အထည်ဖော်တဲ့ အခါကျတော့ အဲ့လိုပုံစံမျိုးနဲ့ အကောင်အထည်မဖော်ရင် ဒီလုပ်ငန်းကြီးက ဘယ်လို အထမြောက်မလဲ။ အနှစ်သာရတွေ ပျက်ပြယ်သွားတာပေါ့ဗျာ။ အဲ့လို ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့ လုပ်နည်း လုပ်ဟန်တွေကို NLD အစိုးရ လက်ထက်မှာ ထပ်မဖြစ်စေလိုဘူး။ အဲ့တာကြောင့် ဒီကိစ္စကို NLD အစိုးရ အနေနဲ့ အလေးအနက်ထားပြီးတော့ လုပ်စေချင်တယ်။

နှစ်ဖက်ကြားမှာ သဘောတူညီမှုတွေ ရှိပြီးသား အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ မွန်ပြည်သစ်တို့ဆိုရင် ဦးသိန်းစိန် လက်ထက်တည်းကနေ Bilateral Agreement ရှိပြီးသားဖြစ်တယ်။ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်မှာ ၂၀၁၂ မှာ သူတို့ သဘောတူထားပြီး ဖြစ်တယ်။ အခု သွားမှာကတော့ NCA ကို ပိုလို့ ခိုင်မာအောင် လုပ်ပြီးမှ သွားမှာ ဖြစ်တယ်။ ပိုခိုင်မာအောင် အချက်၈ချက်ကို အဆိုပြုထားတယ်။ နောက်ဆုံးသဘောတူညီမှု အဆင့်ကို ရောက်ဖို့ အချက်တချက် တစ်ဆို့နေတယ်။ ဒါကို ကျော်လွှားတဲ့ နေရာမှာ ဘက်နှစ်ဘက်လုံး က ခေါင်းဆောင်များ အနေနဲ့ အမျှော်အမြင်ရှိရှိနဲ့ လုပ်ဆောင်ဖို့ လိုတယ်လို့ မြင်ပါတယ်။

မေး ။ ။ တကယ်လို့ DPN အတိုင်း ဆက်သွားမယ်ဆိုရင် UNFC က ထုတ်ပြန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီဝေါဟာရ ဆိုတဲ့ အပေါ်မှာ ပြေလည်ရင် NCA ထိုးနိုင်တဲ့ အဆင့်ကို ရောက်ပြီပေါ့။ ဆွေးနွေးဖို့ ဒါပဲကျန်တာလား။

ဖြေ ။ ။ ဟုတ်တယ်။ အဓိက ပိတ်ဆို့နေတဲ့ အချက်က အဲ့တာပဲ ဖြစ်တယ်။ အဲ့လို ပြောလို့ ရတယ်။

မေး ။ ။ UNFC ကနေ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တာ အစက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အများကြီး ပါခဲ့တယ်။ တဖြည်းဖြည်း စစ်ရေးအခြေအနေတွေအရ လမ်းခွဲကုန်တယ်။ အခုလည်း ၄ ဖွဲ့ကျန်တဲ့အချိန်မှာ ၂ ဖွဲ့က မတိုင်ပင်ပဲ သီးသန့် လုပ်ဆောင်တာတွေ ရှိလာတော့ အခုသွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး အခြေအနေက ဘယ်လိုလဲ။ သုံးသပ်ပေးပါဦး။

ဖြေ ။ ။ ကျနော်မြင်တာက ဒါက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေချည်းပဲ လုပ်နေတယ်တော့ မဟုတ်ပါဘူး။ အဓိက ကတော့ အစိုးရတပ်မတော်ပေါ်မှာလည်း မူတည်ပါတယ်။ ကျနော်တို့ ကတော့ နှစ်ဘက်စလုံးကို အပြစ်တင်လိုတဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ဖို့အတွက် အရေးကြီးတယ်။ ဒီအပေါ်မှာ မျက်မှောက်ပြုရမှာ ဖြစ်တယ်။

အရှေ့မှာ ကျနော်တို့ ၁၆ ဖွဲ့နဲ့ လုပ်တယ်။ ၈ဖွဲ့နဲ့ လက်မှတ်ထိုးသွားလို့ ၂ နှစ် အကောင်အထည် ဖော်ပြီးတဲ့ အခါမှာ ဘာရှိလဲ။ အခု UNFC ကျနော်တို့ ကျန်တဲ့ ၇ ဖွဲ့နဲ့ ကျနော်တို့က လုပ်တယ်။ ရှေ့မှာ ၅ဖွဲ့ကျန်တယ်။ ၅ဖွဲ့ထဲက ၄ဖွဲ့နဲ့ ကျနော်တို့ သွားနေတယ်။ အဲ့အချိန်မှာ ဒီလိုပုံစံမျိုး ထပ်ဖြစ်ရင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကြီးက ရှေ့မှာ ဘာဖြစ်မလဲ။ ဒါကို အစိုးရနဲ့ တပ်မတော် ကောင်းကောင်းသိပါတယ်။ အဲ့တာကြောင့် ကျနော် ထောက်ပြချင် တာက ရှေ့မှာ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာရှိခဲ့တဲ့ အားနည်းချက်တို့ လွဲချော်မှုတွေကို ထပ်ပြီးတော့ NLD အစိုးရလက်ထက်မှာ လူထုက ရွေးချယ် တင်မြှောက်လိုက်တဲ့ လူထုအစိုးရလက်ထက်မှာတော့ အဲ့အမှား တွေကို ပြုပြင်သင့်တယ်လို့ ကျနော်တို့ ထောက်ပြချင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading