ဒုတိယအကြိမ်မြောက် မြန်မာဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ဇန်နဝါရီ ၁၈-၁၉ အထိ နှစ်ရက်ကြာ ကျင်းပကာ မြန်မာနိုင်ငံ၏ အနာဂတ် အင်တာနက် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ၂၀၁၈ ခုနှစ်အတွင်း ဦးစားပေး လုုပ်ဆောင်သွားလိုသည်များကို သဘောတူညီခဲ့ကြသည်။
ဖိုရမ်သို့ ပြည်တွင်းပြည်ပ အရပ်ဘက် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ အစိုးရ၊ လွှတ်တော်နှင့် နည်းပညာကုမ္ပဏီများဖြစ်သော Microsoft ၊ Facebook တိုမှ ကိုယ်စားလှယ်များအပါအဝင် ပုဂ္ဂလိက ကုမ္ပဏီများ၊ သတင်းမီဒီယာ ကိုယ်စားလှယ်များနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာသူ ၁၃၀ ကျော် ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ဖိုရမ်ဆွေးနွေးပွဲ ဖြစ်မြောက်ရေး စီစဉ်သည့် တဖွဲ့ဖြစ်သည့် ဖန်တီးရာအဖွဲ့၏ ဒစ်ဂျစ်တယ်အခွင့်အရေး မန်နေဂျာ ဒေါ်အိမြတ်နိုးခင်ကို ဧရာဝတီ သတင်းထောက် ငြိမ်းငြိမ်းမှ ဆက်သွယ် မေးမြန်းထားချက်များအား ကောက်နှုတ်တင်ပြပါသည်။ ဖန်တီးရာအဖွဲ့သည် အရပ်ဘက် အဖွဲ့အစည်းများနှင့် မီဒီယာများအား ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ အထောက်အပံ့များ ကူညီပံ့ပိုးပေးနေသော အဖွဲ့ဖြစ်သည်။
မေး။ ဒုတိယအကြိမ် မြန်မာဒစ်ဂျစ်တယ်အခွင့်အရေးဆိုုင်ရာ ဆွေးနွေးပွဲ ဖိုရမ်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ကျင်းပဖြစ်တာလဲ။
ဒီနှစ် ဖိုရမ်မတိုုင်ခင်မှာ ပထမ ၂၀၁၆ ဒီဇင်ဘာမှာ လုုပ်ခဲ့တဲ့ မြန်မာဒစ်ဂျစ်တယ်အခွင့်အရေး ဆိုုင်ရာ ဆွေးနွေးပွဲကနေ ချမှတ်ခဲ့တဲ့ action plan တွေက ဆောင်ရွက်ပီးသားဖြစ်နေတယ်။ ၂၀၁၈ မှာ အဓိက ဦးစားပေး လုပ်ဆောင်ရမယ့်ဟာတွေက ဘာတွေ ဖြစ်မလဲဆိုတာ ဆွေးနွေးကြပါတယ်။ ၂၀၁၈ မှာ ကျမတို့အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့တင် မဟုတ်ဘဲ အစိုးရဘက်ကရော မီဒီယာဘက်ကရော ပုဂ္ဂလိက နည်းပညာ ကုမဏီတွေရော အကုန်လုံးက ပူးပေါင်းပြီး ၂၀၁၈ မှာ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ ဒစ်ဂျစ်တယ်အခွင့်အရေးတွေနဲ့ပတ်သက်ပီး အရွေ့တခု ထပ်သွားနိုင်ဖိုု့အတွက် ရည်ရွယ်ပြီး ပွဲကို ကျင်းပရခြင်း ဖြစ်တယ်။
မေး။ ဒီ ၂ ရက်တာ ဆွေးနွေးပွဲက ဘာတွေ ဆက်လုပ်သွားမယ်လို့ ချမှတ်ခဲ့လဲ။
ဖြေ။ ၂၀၁၈ မှာ အဓိက ဦးစားပေး လုပ်သွားမယ့်ဟာ ၃ ခုကို ဖိုရမ်တက်ရောက်သူတွေ စဉ်းစားတယ်။ အင်တာနက် ဆက်သွယ် ရရှိအသုံးပြုနိုင်မှု၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားနိုင်မှု၊ အွန်လိုင်းပေါ်မှာ ရှိတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှု တွေကို အဓိက ပြောဖြစ်တယ်။
တခုချင်းစီမှာ ဦးစားပေး လုုပ်ရမယ့်အရာ ၃ ခု စီ ထွက်လာတယ်။ အင်တာနက်ဆက်သွယ်ရရှိအသုံးပြုမှုမှာ e-government ကို ပိုမို ဖြစ်ထွန်းလာအောင်။ နောက် အစိုးရ ဝက်ဆိုက်ပါ အကြော်ငးအရာတွေ လွယ်လွယ်ကူကူ ရယူအသုံးပြုနိုင်ဖို တွေပါတယ်။ ဥပမာ ဒီဝက်ဆိုက်က မသန်စွမ်းတွေအတွက်ကော သုံးရတာ အဆင်ပြေမှာလား။ ဘယ်လိုမျိုး လုပ်ပေးထားတာလဲ ဆိုတာတွေပါတယ်။ နောက် စံစနစ်ဖြစ်တဲ့ ယူနီကုတ်ပြောင်းလဲ အသုံးပြုမှုကို အထောက်အကူ ပြုစေဖိုု့။ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ စံ စနစ်တွေကိုု ထုတ်ဖော် အသုံးပြုနိုင်ဖို့တွေ ပါတယ်။
နောက် လွတ်လပ်စွာ ထုတ်ဖော်မှုမှာ ဒီဒစ်ဂျစ်တယ် သတင်းအချက်အလက်တွေကို ပိုမိုရရှိနိုင်ရန် ပိုကောင်းမယ်။ လွယ်လွယ်ကူကူ ရရှိနိုင်ပီးတော့ ဒစ်ဂျစ်တယ် ရပိုင်ခွင့်တွေကို ကာကွယ်ပေးမယ့် လွတ်လပ်စွာ သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေကို ပြဌာန်းဖို့၊ နောက် ကျမတိုု့ရဲ့ မင်းသားကြီးဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ပယ်ဖျက်ဖို့။ နောက် လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ တရားသူကြီးတွေ အပါအဝင် ပြည်သူလူထုရဲ့ ဒစ်ဂျစ်တယ် အသိပညာဆိုင်ရာ တိုးပွားရေးတွေ ဆောင်ရွက်ဖို့၊ အင်တာနက် အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်ပေးမယ့် ဥပဒေ တရပ်ပြဌာန်းဖိုု့၊ နောက် တရားနည်းလမ်းကျသော ဆက်သွယ်ရေးကို ကြားဖြတ်နားထောင်တဲ့ မူဘောင်တရပ် ထားရှိဖို့ ပါတယ်။
အွန်လိုင်းပေါ်မှာ ထားရှိတဲ့ ပြည်သူလူထုရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေး (privacy) နဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ အသိပညာ တိုးမြှင့်ဖို့တွေ ပါတယ်။
အားလုံးရဲ့ တူညီတဲ့ သဘောထားတခုက ဥပဒေတရပ်ကို လုပ်တော့မယ် ပြဌာန်းတော့မယ် ဆိုရင် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ လုံလောက်တဲ့ လူထုဆွေးနွေးမှုတွေ များများယူဖို့ ကျင်းပခဲ့တဲ့ ဖိုရမ်ရဲ့ ပန်နယ်ဆွေးနွေးပွဲ တခုချင်းစီမှာ လူတိုင်းက ထောက်ပြပြောဆိုခဲ့ကြတယ်။
ဆက်သွယ်ရေးဥပဒေ ပြင်ဆင်မှုလုပ်ချိန်က လူထုဆွေးနွေးပွဲ လုပ်မယ် သူတိုု့ (အစိုးရ) ဘက်က ကတိပေးခဲ့ပေမယ့် ဘာတခုမှ လုပ်တာ မတွေ့ခဲ့ရဘူး။ လုံလောက်တဲ့ ဆွေးနွေးမှုမျိုး မသွားဘဲနဲ့ ဒီအတိုင်းပဲ ဥပဒေတွေကို မြန်မြန်ဆန်ဆန် ပြဌာန်းပြီး၊ ဥပဒေတွေကို မြန်မြန်ဆန်ဆန်ပဲ ပြင်ဆင်တာတွေက ပြောရရင် အချိန်ကုန် လူပင်ပန်းတယ်။
မေး။ ဖိုရမ်မှာ မြန်မာကရော နိုင်ငံတကာကပါ ပူးပေါင်းပါဝင်မှုတွေ ရှင်းပြပါဦး။
ဖြေ။ တချို့က ဒစ်ဂျစ်တယ်လိုု့ ပြောလိုက်ရင် ကွန်ပြူတာနဲ့ပဲ ပတ်သက်တာ ငါနဲ့ မဆိုင်ဘူးဆိုတဲ့ အတွေးရှိတယ်။ ဒီနှစ်မှာတော့ လာတက်တဲ့လူတွေထဲ အရပ်ဘက်လူမှုအဖွဲ့အစည်းက လူတွေ အများဆုံး လာတက်တယ်။ ကျမတို့ အတော်အားရမိတယ်။ CSO, NGO တွေဆီ သွားရှင်းပြရမှာထက် သူတိုု့အနေနဲ့လိုအပ်တယ်ဆိုတာ ပိုသိလာကြတယ်။ မြန်မာနိုင်ငံကတင် မဟုတ်ဘဲ အရှေ့တောင်အာရှက အဖွဲ့အစည်းတွေ လာတက်ကြတယ်။ ASEAN နိုင်ငံတွေက တနိုင်ငံနဲ့ တနိုင်ငံ အခြေအနေတွေ ဆင်ကြတယ်။ ကျမတို့ဆီမှာ ၆၆ (ဃ) ရှိသလို ဖိလစ်ပိုင် မှာလည်း ၆၆ (ဃ) နဲ့အလားသဏ္ဍာန် တူတာရှိတယ်။ ထိုင်းမှာလည်း ရှိတယ်။ ဒီဟာက မြန်မာနိုင်ငံအနေနဲ့ သွားတာလည်း ဟုတ်တယ်။ ဒါပေမယ့် အခြေအနေ လိုအပ်တယ်ဆိုရင် ASEAN တခုအနေနဲ့ အရွေ့လုပ်ရမယ့်ဟာတွေလည်း ရှိနိုင်တယ်။ ဥပမာ တချို့ ဥပဒေတွေဆိုရင် တခြားနိုင်ငံမှာ ပြဌာန်းပြီးသွားပြီ။ သူတို့နိုင်ငံတွေမှာ ပြဌာန်းပီးသွားပြီဆိုရင် အခြေအနေက ဘယ်လိုရှိလဲ။ ပိုကောင်းလာလား။ ပိုဆိုးလာလား။ ဆိုးလာရင် ဘာတွေလဲ။ ကောင်းလာရင် ဘာတွေလဲ။ အဲဒါတွေကို ဒီမှာရှိတဲ့ လူတွေကို ပြန်ပီး မျှဝေစေချင်တာ။ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ သိရိလင်္ကာ တို့ ရှိတယ်။ digital rights နဲ့ပတ်သက်ပြိး သူတို့နိုင်ငံက အတွေ့အကြုံတွေ မျှဝေပေးခဲ့ကြတယ်။
မေး။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်ပေးမယ့် ဥပဒေပြဌာန်းပေးဖိုု့ ဆိုတာက ဘာကြောင့် လိုအပ်တာလဲ။
ဖြေ။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ကာကွယ်ပေးတဲ့ ဥပဒေ Data protection law။ ဒေတာတွေကို အစိုးရဘက်က ဘယ်လိုမျိုး အကာအကွယ်ပေးမှာလဲဆိုတာ ပြဌာန်းပေးဖိုု့ တောင်းဆိုတာ။
privacy ပိုင်းဆိုင်ရာ ဆွေးနွေးပွဲစက်ရှင်တခုမှာ ဒေတာတွေ လုံခြုံရေး ဘယ်သူမှာ တာဝန်ရှိလဲဆိုတာ ပြောဖြစ်တယ်။ မူဘောင်တွေ အတွက်ကျ အစိုးရမှာ တာဝန်ရှိတယ်။ ပုဂ္ဂလိက ကုမဏီတွေအနေနဲ့လည်း သူတို့အနေနဲ့ privacy ပိုင်းဆိုင်ရာကို default အနေဲ့ စကတည်းက ထည့်သွင်းစဉ်းစားဖိုု့ လိုအပ်တယ်။
မေး။ မနှစ်တုန်းက ပြဌာန်းခဲ့တဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှု ဥပဒေကရော ဘယ်လောက် သက်ရောက်မှု ရှိလဲ။
ဖြေ။ ဒီ privacy ဥပဒေထဲ ၆၆ (ဃ) လို ဟာပါနေပြန်ရော။ ဥပဒေတွေက ထပ်နေတာ။ အဓိပါယ်ဖွင့်ဆိုချက်တွေက တိတိကျကျ မရှိ။ အရမ်းကျယ်ပြန့်လွန်း အားကြီးတယ်။ အဲဒါတွေက လောလောဆယ် ပြဿနာ ဖြစ်နေတာ။
ဥပဒေတခု ပြဌာန်းပီဆိုရင် တိကျ ဖိုု့လိုတယ်။ အရမ်းကျယ်ပြန့်နေရင် အဓိပါယ်ဝေဝါးနေရင် ကြိုက်တဲ့လူက ကြိုက်သလို ယူသုံးလို ရတယ်။ ဥပမာ အသရေဖျက်ခြင်းဆိုတဲ့ ၆၆ (ဃ) က ကိစ္စလိုဆိုရင် အသရေဖျက်ခြင်းဆိုတဲ့ အဓိပါယ် ဖွင့်ဆိုချက်က ဥပဒေထဲမှာ မပါနေပြန်ဘူး။ privacy ဥစ္စာကို ကြည့်လိုက်ရင်လည်း စပီးတော့ အစိုးရဘက်က မပြဌာန်းခင် မူကြမ်းထွက်လာကတည်းက အရပ်ဘက်အဖွဲ့အစည်းတွေက သေချာလုံလောက်တဲ့ လူထုဆွေးနွေးပွဲတွေ လုပ်ဖို့ အလျင်စလို မလုပ်ဖို့ ပြောခဲ့တယ်။ ဖန်တီးရာ ရဲ့ ပါတနာ အဖွဲ့တွေက သွားတွေ့ခဲ့တာတွေ ရှိတယ်။ မီတင်တွေ အကြိမ်ကြိမ်လုပ်ဖို့ ကြိုးစားခဲ့တယ်။ ဖြစ်မလာခဲ့ဘူး။
ကျမတို့က ၆၆ (ဃ) ကို ပယ်ဖျက်ဖို့လည်း တောင်းဆိုနေတယ်။ လူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကိုလည်း အများကြီးအဟန့်အတား ဖြစ်နေတယ်။ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်မှု ကိစ္စအတွက်လည်း အများကြီး အဟန့်အတား ဖြစ်စေတယ်။
မေ။ အွန်လိုင်းသုံးသူတွေ privacy လုံခြုံရေးကို ဘယ်လောက် သတိထားဖိုု့ လိုမလဲ။
ဖြေ။ တချို့က လုံခြုံရေး ဘာမှ လုပ်စရာမလိုဘူး။ ဘာမှ ဖုံးကွယ်ထားတာ မရှိဘူး။ မလိုဘူး ပြောလေ့ရှိတယ်။ privacy ကိစ္စကျ ဖုံးကွယ်တာမဟုတ်ဘူး။ ကိုယ့်ရဲ့ ဖြစ်တည်မှုပေါ် ဘယ်လို ထိန်းချုပ်နိုင်မလဲ။ ကိုယ့်သတင်းအချက် ဘယ်လိုဟာတွေကို ယူနေလဲဆိုတာ သိဖို့လိုတယ်။ တယောက်ချင်းစီ ပြန်စဉ်းစားစေချင်တယ်။
လူတဦးတယောက်ချင်းက ကိုယ့်ရဲ့ privacy နဲ့ပတ်သက်ပီးတော့ ပိုပြီးတော့ ကာကွယ်နိုင်ရင် ကောင်းမယ်။ ဝန်ဆောင်မှုစနစ်တွေဖြစ်တဲ့ ဖေ့ဘွတ်ခ်တို့ ဘာတို့ သုံးတဲ့အခါ ကိုယ်က မှတ်ပုံတင်ရတာတွေ ရှိတယ်။ ဖေ့ဘုတ်က ကိုယ့်ကို အလကားပေးသုံးထားတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ဒေတာကို ပေးပီး သုံးနေရတာ။ ဘယ်လိုဟာတွေကို တင်မှာလဲ။
application တခုကို ဒေါင်းလော့ လုပ်တော့မယ်ဆိုရင် အဲဒီအပလီကေးရှင်းက ဘာတွေ တောင်းဆိုသလဲဆိုတာ install လုပ်ခါနီးကျ သူတို့က မေးတယ်။ တချို့ အပလီကေးရှင်းတွေဆိုရင် ဘာမှမဆိုင်ဘဲ အချက်လက်တွေ တောင်းနေတာ။ ဥပမာ ပုံကို ပြင်တဲ့အပလီကေးရှင်းကနေ ကိုယ့်ရဲ့ contact ကို လာတောင်းတယ်ဆိုရင် ဒါ အဓိပါယ်မရှိဘူး။ အဲဒီအခါမှာ ကိုယ်က ဒေတာတွေ ဖြည့်တဲ့အခါ ရိုးရိုးသားသားနဲ့ နာမည် ဖုန်းနံပါတ်တွေ အမှန်အတိုင်းဖြည့်တယ်။ အဲဒါမျိုးလေးတွေ ကျမတို့က အသေးစိတ် လိုက်မကြည့်တော့ဘူး။ အဲဒါက မလိုအပ်ဘဲ ကိုယ့်ရဲ့ ဒေတာတွေကို ပေးမိနေတာမျိုးတွေ ရှိတယ်။ ဒါတွေကို ကိုယ်ကိုယ်တိုင်က ပြန်ပြီး ထိန်းချုပ်လိုု့ရတဲ့အပိုင်းတွေ ဖြစ်ပါတယ်။ နောက် ဖေ့ဘွတ်ခ်က တော့ ကိုယ့်ဒေတာကို ပြန်ထိန်းချုပ်လိုု့မရပေမယ့် ရသလောက် ကိုယ့်ဒေတာကို ဘယ်လိုလုပ်မလဲ ဆိုတာတွေ ပြောဖြစ်တဲ့အထဲ ပါတယ်။