ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ၂ ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံပြီးနောက် အပစ်ရပ် စာချုပ် လက်မှတ်ထိုးရန် ကတိပြုလိုက်ကြပြီဖြစ်သည်။
သို့သော်လည်း တဖက်တွင်မှု UNFC အဖွဲ့ဝင်များဖြစ်သည့် ရခိုင်အမျိုးသားကောင်စီ (ANC) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) တို့ တွေ့ဆုံဆွေးနွေးမှုမှာ မပါဝင်ခြင်းနှင့် UNFC ဥက္ကဋ္ဌ တာဝန်ယူထားသော နိုင်ဟံသာ (NMSP ဒုဥက္ကဋ္ဌ) လည်း မပါဝင်ခြင်းက မရှင်းလင်းမှုများ ဖြစ်လာခဲ့ပြီး မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။
ထိုမေးခွန်းထုတ်မှုများ ရှိလာသည့် အခြေအနေတွင် UNFC က ဇန်နဝါရီ ၂၄ ရက်နေ့စွဲဖြင့် အဆိုပြုချက် ၈ ချက်ကို ဆက်လက် ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သဖြင့် အပစ်ရပ်စာချုပ် ချုပ်မည်ဟု ကတိပြုချက်အပေါ် ဝိဝါဒ ကွဲပြားမှုများ ဖြစ်သွားရသည်။
ထိုအခြေအနေများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သူလည်းဖြစ် မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီဝင်နှင့် DPN ဒုအဖွဲ့ခေါင်းဆောင်လည်း ဖြစ်သည့် နိုင်အောင်မငေး ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ဆရာတို့က နိုင်ငံတော်အကြီးအကဲ ၂ ဦးနဲ့ တွေ့ပြီး NCA ထိုးမယ်လို့ ထုတ်ပြန်ခဲ့တယ်။ တဖက်မှာ UNFC က အဆိုပြုချက် ၈ ချက်ကိုဆက်လက် ဆွေးနွေးမယ်ဆိုပြီး ထုတ်လာတယ်။ ဘယ်လိုကွဲလွဲမှုတွေ ဖြစ်နေတာလဲဗျ။
ဖြေ ။ ။ ကျနော့်ကို ပြောတာပေါ့ ဒီကိစ္စကဘယ်လိုလို့ ပါလာတာလဲ။ ခင်ဗျားသိလား၊ ကျနော့်ကိုမေးတာပေါ့။ ကျနော်ပါဝင်မှု ဘယ်လောက်ရှိလဲ။ ကျနော်ပါတီမှာလည်း ကျနော့်ကို ပြစ်တင် ပြောဆိုမှုတွေ ရှိတာပေါ့လေ။ ဒါကြောင့် ကျနော်ကလည်း ရုံးကိုစာတင် ထားတယ်။ ဒီကိစ္စ ကျနော်အနေနဲ့ UNFC ရဲ့ ထုတ်ပြန်ချက်ကိုဘာမှ ပြောစရာမရှိဘူး။ ဒါပေမယ့် ကျနော်မသိဘူး။ ကျနော်နာမည် ဖြုတ်ပေးပါလို့ ပြောထားတယ်။
မေး ။ ။ ဒါကို UNFC ထုတ်ပြန်ချက် ထုတ်ပြန်သူ ဘက်က အကြောင်းပြန်ပြီးလား။
ဖြေ ။ ။ အဲဒါ အကြောင်းအပြန်ဘူးပေါ့။ ဒါကျနော်က မေတ္တာရပ်ခံတာ ဒီနေရာမှာ ကျနော့်နာမည် မထည့်ပေးဖို့ သူတို့က ဥက္ကဋ္ဌ (UNFC ဥက္ကဋ္ဌ နိုင်ဟံသာ) နဲ့ ပြောထားတာတော့ ရှိမယ်ထင်တယ်။ ဘယ်လိုပြောထားလဲမသိဘူး။ ဒါပေမယ့် ကျနော့်ကိုတော့ မပြောထားဘဲ မဆွေးနွေးထားဘဲ ကျနော့်နာမည်ထည့်ထားတာတော့ မသင့် လျော်ဘူး။ ဒါကို သူ့ (UNFC ထုတ်ပြန်ချက် ထုတ်ပြန်သူ)ကို စာ ပြန်ရေးထားတယ်။
မေး ။ ။ ဒါဆို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့နဲ့ သွားတွေ့တာကို သူတို့က မသိလိုက်လို့လား။ ဘယ်လိုတွေ နားလည်မှု လွဲသွားကြတာလဲ။
ဖြေ ။ ။ သူတို့အနေနဲ့ ကျနော်တို့ ပြီးခဲ့တဲ့ CEC အစည်းအဝေးမှာ ကျနော်တို့ ပြောတယ်။ ကျနော်တို့ ပါတီ က ဒီလမ်းကြောင်း လျောက်မယ်ပြောတယ်။ ကျနော်တို့ ပါတီဗဟိုကော်မတီအရေးပေါ် ဆုံးဖြတ်ချက်အရ ဒီလမ်းကြောင်းကို လျောက်မယ်လို့ ကြိုတင်တော့ ပြောထားတယ်။ အသေးစိတ်ကတော့ သူ့တို့ကိုမပြောထားဘူး။ ဒါပေမယ့် ဒီအတော အတွင်းမှာ လုပ်မယ်လို့ပဲ ပြောထားတယ်။ ကျနော်တို့ပါတီရဲ့ ဆုံးဖြတ်ချက်အရ သူ့ကို ကြိုတင် ပြောထားပြီးသား။ ဒီကိစ္စကပါတီရေးရာနဲ့ တပ်ပေါင်းစုရေးရာ အတွက်တော့ ကွဲလွဲချက်တော့ ရှိတာပေါ့။ ဘယ်လိုပဲပြောပြော ဒီကိစ္စကို ကျနော်တို့ ကြိုတင်ပြောထားပြီသားပဲ။ ပါတီအနေနဲ့တော့ တာဝန်ကျေတယ်။
မေး ။ ။ UNFC မှာဥက္ကဋ္ဌ တာဝန်က အန်ကယ် နိုင်ဟံသာ ယူထားတယ်လေ။ ခေါင်းဆောင် ၂ ဦးနဲ့ သွားတွေ့တော့ အန်ကယ် နိုင်ဟံသာ မပါဘူးဆိုတော့ အဲဒီအပေါ်မှာ ပြောဆိုနေတာတွေ ရှိတယ်။ ဒီအပေါ် ဘယ်လိုမှတ်ချက်ပြုနိုင်မလဲ။
ဖြေ ။ ။ ကျနော်တို့ CEC ရဲ့ဆုံးဖြတ်ချက် က NCA မှာ လက်မှတ်ရေးထိုးမယ်လို့ ဆုံးဖြတ်ချက် ချတာက ဗဟိုကော်မတီဝင် အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်ဗျ။ ဒီအစည်း အဝေးမှာ လည်းဥက္ကဋ္ဌ နိုင်ဟံသာ (UNFC ဥက္ကဌ) တက်ရောက် ပါဝင်ပြီးတော့ ဒီဥက္ကဋ္ဌ က (NMSP တွင်) သဘာပဓိဆိုတော့ အဲဒီနေ့မှာပဲ ဆုံးဖြတ်ချက် ချလိုက်တာသူသိပါတယ်။
ဒါပေမယ့် ဘယ်နေ့မှာဘာလုပ်မယ်ဆိုတာ သူ (နိုင်ဟံသာ) က ခရီးထွက်သွားတော့ ကျနော်တို့က သူ့ကိုတော့ အကြောင်း ကြားထားတယ်ပေါ့။ ဘာကိုဘယ်လိုလုပ်မလဲ ပါတီဌာနချုပ်က ဗဟိုကော်မတီက နေတဆင့်တော့ သူ့ကိုအကြောင်း ကြားထားတာရှိတာပေါ့။
နောက်ဆုံး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့ CEC ဆွေးနွေးပွဲမှ ပဲသူမရှိတာ ဘယ်နေ့မှာ ဘာလုပ်မယ်၊ ဘယ်လို ညှိနှိုင်းချက်တွေ ရှိမယ်။ ကျန်တဲ့ ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရပေါ့နော်။ ဘယ်လိုမူတွေဆိုတာ သူသိတယ်။ ဟိုသူမသိလို့တော့ မဟုတ်ဘူး။ သိတယ်။ သူမသိပဲကျနော်တို့ လုပ်လို့ တော့မရဘူး။ အခုကကျနော်တို့ ပါတီဥက္ကဋ္ဌက ဦးစီးပြီးလုပ်လာတဲ့ ကိစ္စပေါ့နော်။
ဒါလည်း ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက် အရေးပေါ် ဆုံးဖြတ်ချက်အရ အကောင်အထည်ဖော်တာဖြစ် တယ်လေ။
မေး ။ ။ အချက် ၈ ချက်ကို ဦးထွန်းဇော် ထုတ်လိုက်တဲ့ အထဲမှာ ထပ်ပြီးတော့ ညှိမယ်ဆိုတာပါတယ်။ ဆရာတို့ကျတော့ ဒီဘက်မှာသွားတွေ့လိုက်တယ်ဆိုတော့ အဲတော့ ၈ ချက်ကိုဘယ်သူ က သယ်သွားမှာလဲ။ ဘယ်လိုပုံစံနဲ့ လုပ်ဖို့ စဉ်းစားထားကျလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ ပြီးခဲ့တဲ့ မနေ့တနေ့ကပေါ့နော်။ ပါတီရဲ့ဆုံးဖြတ်ချက်အရအဋ္ဌမ အကြိမ် အစည်းအဝေး ဆုံးဖြတ်ချက် ရလဒ်အရ ဆက်လက်ပြီးတော့မှပဲ ရပ်တည်ပြီးတော့ အတည်ပြုချက်ယူသွားမှာပေါ့နော်။ ကျန်တဲ့ဟာကတော့ UNFC မထိုးရသေးတဲ့ အဖွဲ့ကသူတို့ ဆက်ပြီးတော့ ယူသွားရင်လည်းကျနော်တို့ ဘာမှ မပြောချင်ပါဘူး။ သူတို့ ဆက်ပြီးတော့ သယ်သွားချင်လဲသယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ ၂ ဖွဲ့ ကတော့ ဒီအဋ္ဌမအကြိမ် ဆုံးဖြတ်ချက် အပေါ်မှာပဲမူတည်ပြီးတော့ ဆုပ်ကိုင်ပြီးတော့ ဆက်သွားပါမယ်လို့လဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တွေ့တာရော၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တွေ့တာရော အဲလိုပြောပြထားတယ်။
အဲဒါကိုပဲလက်မှတ်ထိုးသွားမယ်ပေါ့နော်။ ၈ ချက်ကို အရင်လက်မှတ်ထိုးမယ် ပြီးရင် NCA လက်မှတ်ထိုးမယ်။
မေး ။ ။ ၈ ချက်ကို အရင်လက်မှတ်ထိုးမယ်ဆိုတော့ ဘယ်တော့လောက် စထိုးမလဲ၊ NCA ကရောဘယ် တော့လောက်ထိုးဖို့ ပြင်ထားလဲ။
ဖြေ ။ ။ NCA ကိုတော့ ကျနော်တို့ ဖေဖော်ဝါရီ ဒုတိယအပတ် အတောအတွင်းပေါ့နော်။ ဘာဖြစ်လို့ဆို ပထမအပတ်မှာ ကျနော်တို့ အမျိုးသားနေ့ (မွန်အမျိုးသားနေ့) ကိစ္စနဲ့ ကျနော်တို့ ဒီလုပ်ငန်းကိစ္စနဲ့ အသေးစိပ် ဆွေးနွေးရမှာဆိုတော့ ပထမ အပတ်တော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒုတိယအပတ် အတောအတွင်းမှာ ဖြစ်နိုင်မယ်လို့ပဲ ယေဘုယျပြောထားတယ်။ ဒါပေမယ့် ကျနော်တို့က ဒီ ၁ ရက် ၊ ၂ ရက်အတွင်းမှာ ဗဟိုအလုပ် အမှုဆောင်ကော်မတီ အစည်းအဝေး ပြန်ထိုင်မှာဆိုတော့ အဲမှာ ရက်တိတိကျကျ ပြန်ပြောနိုင်မှာ ရက်ကတော့ ကျနော်တို့နဲ့ PC (ငြိမ်းချမ်းရေးကော်မရှင်)နဲ့ ညှိနေတုန်းပဲခင်ဗျ။
ဘယ်နေ့ ဖြစ်နိုင်မလဲ၊ လူကြီးလမ်းကြောင်း၊ လူကြီးခရီးစဉ်တွေနဲ့ ကျနော်တို့ အမျိုးသားနေ့ လုပ်ငန်းအရ ဘယ်လိုလုပ်ဖြစ်နိုင်မယ်ဆိုတာ ပြန်ပြောမယ်။
မေး ။ ။ ဒါဆို ၈ ချက်ကရောဘယ်တော့လောက် ထိုးဖို့ ရှိလဲ။
ဖြေ ။ ။ အခုက ၂ ခုဖြစ်နေတယ်ပေါ့။ ၈ ချက်နဲ့ NCA က တနေ့တည်း ဖြစ်ရင်လည်း ဖြစ်မှာပေါ့။ အဲလိုစဉ်းစားထားတာပေါ့။ ဘာလို့လဲဆိုတော့ ဒီတက်ရောက်တဲ့ ကိုယ်စားလှယ်တွေရယ်၊ အသိသက်သေထိုးမယ့် နိုင်ငံတကာရဲ့ ပါဝင်မှုပေါ့နော် ခေါင်းဆောင်တွေရဲ့၊ နောက် နိုင်ငံတော် အကြီးအကဲတွေရဲ့ အလုပ်တာဝန်နဲ့ ဒါတွေကို ၂ ဖက် ပြန်ညှိဖြစ်မယ်ပေါ့။ အဲဒါကြောင့် စဉ်းစားထားတာ ဒါပေမယ့် တိတိကျကျတော့ ဘာမှ ဆုံးဖြတ် ချက်မချရသေးဘူးပေါ့။
မေး ။ ။ လက်မှတ်ထိုးပြီးရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (မွန်လူမျိုး) ကျင်းပခွင့်ရပြီဆိုတော့ အဲဒါကျရော ဖေဖော်ဝါရီလတည်းမှာပဲ တခါတည်းလုပ်မှာလား။
ဖြေ ။ ။ ဟုတ်ကဲ့။ NCA ထိုးပြီးတဲ့ အခါကျရင် ကျနော်တို့ လူထုတွေ့ဆုံဆွေးနွေးပွဲရော၊ ပါတီကိစ္စ နည်းနည်း ပြန်ရှင်းပြရမယ်။ နောက် လူထုတွေ့ဆုံဆွေးနွေးပွဲမှာကျနော်တို့ UPDJC ကိုတင်မယ့် အချက် တွေကိုစုစည်းမယ်ဆိုတော့ လူထုတွေ့ဆုံပွဲလုပ်မယ်။ နောက်တော့ အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲလုပ်တဲ့အခါ ဒီခေါင်းဆောင် (ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)တွေ တွေ့တော့ ကျနော်တို့ ပါတီဥက္ကဋ္ဌကြီးက အခက်အခဲမဖြစ်အောင် ကူညီပေးပါလို့ မေတ္တာရပ်ခံထားပါတယ်။
မေး ။ ။ NCA ထိုးတာရယ်၊ ၈ ချက် ထိုးတာရယ် တရက်တည်း ဖြစ်ရင်လည်း ဖြစ်မယ်။ တကယ်လို့ ခွဲသွားရင်လည်း သွားရမယ်ဆိုတော့ ဆရာတို့ အသိသက်သေနဲ့ နိုင်ငံတကာ သက်သေအနေနဲ့ ဘယ်အဖွဲ့တွေကိုဖိတ် ဖို့ ရှိလဲ။
ဖြေ ။ ။ အဲဒါက ပြီးခဲ့တဲ့ NCA ထိုးတဲ့ ၈ ဖွဲ့အတိုင်းပုံစံပဲ ဖြစ်ရမှာပေါ့လေ။ နိုင်ငံတကာပါဝင်မယ့် အခန်းကဏ္ဍက ပြီးခဲ့တဲ့ နိုင်ငံတကာ ဘယ်နိုင်ငံတွေပါဝင်လဲ အဲဒီအတိုင်းပဲ ဖြစ်ရမှာပေါ့။
မေး ။ ။ ဘာများ ဖြည့်စွက် ပြောချင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့က အခုပေါ်နေတဲ့ ထုတ်ပြန်ချက်က UNFC ရဲ့ ထုတ်ပြန် ကြေညာချက် ဖြစ်တယ်။ ကျနော်တို့ ပါတီအနေနဲ့ကတော့ အခုသွားတဲ့ ဖြစ်စဉ်နဲ့တော့ ကွဲလွဲမှုကတော့ နည်းနည်းရှိကြတယ်ပေါ့လေ။ ကျနော်အနေအထားအရ ပြောဆိုရင် ပြောရေးဆိုခွင့်ရှိသူ အနေနဲ့ အရင်ကပြောရေးဆိုခွင့်ရှိသူကိုပဲသူတို့ မသိလို့ ရေးထားတာလား၊ ဒါမှမဟုတ်ရင်လည်း ဘယ်လိုပုံစံနဲ့ ရေးထားတာလဲ ကျနော်တို့ မပြောနိုင်ဘူး။
UNFC ရုံးမှာ ရှိတဲ့လူတွေက ကျနော့်ကို ကြိုတင် ပြောပြထားတာ၊ ဆွေးနွေးထားတာမရှိဘူး။ ဒါကလည်း CEC ရဲ့ Mandate အရကျနော့်ကို တာဝန်ပေးထားတာ မဟုတ်လို့ ဒီကိစ္စကိုကျနော်က ဒီနေရာမှာပြောရေးဆိုခွင့်ရှိသူ အနေနဲ့ ပါဝင်ဖို့ မသင့်တော်ဘူးလို့လည်း ပြောထားတယ်။
နောက်တော့ ကျနော်တို့က NCA လမ်းကြောင်းအရ ဒီအဆိုပြုချက် ၈ ချက်နဲ့အတူ NCA လက်မှတ်ထိုးမယ်လို့ လည်း ခေါင်းဆောင်တွေက နိုင်ငံတော်အကြီးအကဲတွေကို ကတိကဝတ် ပြုထားပြီးပြီ။ ဒီအတိုင်းပဲ သွားပါမယ်လို့ အားလုံးကကျနော်တို့ ပါတီအနေနဲ့ ယုံကြည်တယ်။ မျှော်လင့်တယ်။ ဒီလမ်းကြောင်းအတိုင်းပဲ ဆက်သွားပြီးတော့ ဆက်လျောက်ပါမယ်လို့ အဲလိုပဲယုံကြည်တယ်ပေါ့။ ဆက်သွားမယ်ပေါ့။
မေး ။ ။ UNFC ကောင်စီဝင် ပြန်ခေါ်ပြီးသေးစိပ်ညှိကြမယ်ဆိုတော့ ဘယ်တော့လဲ။
ဖြေ ။ ။ ကျနော်တို့ UNFC ဆက်ရှိဖို့က ဖေဖော်ဝါရီ ဒုတိယပတ်ဖြစ်ဖြစ်၊ ပထမပတ်ဖြစ်ဖြစ် ဒီကိစ္စကိုကောင်စီဝင်မှာ UNFC ကောင်စီဝင်မှာ ပြန်ပြီးတော့ အသေးစိပ် ပြန်ဆွေးနွေးရမယ်ဆိုတော့ ဒီကိစ္စ ကြိုပြောလို့လဲခက်တာပေါ့။ ဒီကိစ္စ UNFC တပ်ပေါင်းစု ရှေ့ဘယ်လိုသွားမလဲဆိုတာ ဖေဖော်ဝါရီလ ပထမပတ်မဟုတ်ရင် ဒုတိယပတ်မှာထိုင်ပြီးတော့ ကောင်စီဝင် အစည်းအဝေးမှာပဲ အသေးစိပ် ညှိနှိုင်းမယ်။ အသေးစိပ်ဆွေးနွေးကြမယ်။