နိုင်ငံတော်ကနေ ဆောက်လုပ်ရေးကဏ္ဍကို အကူအညီတွေ မြန်မြန်ပေးပါ

ဧရာဝတီ
ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမောင်ဝိတ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ခုနှစ်နောက်ပိုင်းမှစတင်ကာ အိမ်ခြံမြေတိုက်ခန်းအရောင်းအဝယ်နှင့် ပတ်သက်သော အခွန်ဆိုင်ရာ စံနှုန်းများကို ပြုပြင်ကောက်ခံခဲ့ပြီးနောက် မြန်မာ့ဆောက်လုပ်ရေးယန္တရားသည် တဖြည်းဖြည်းနှေးသွားခဲ့ရာ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းအများစုသည် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဘဏ်ချေးငွေဖြင့်ဆက်လက် အသက်ဆက်ခဲ့ကြရပါတယ်။

ယခုမူ ဘဏ်မှ ချေးငွေရရှိရန် ခက်ခဲလာခြင်း၊ ချေးထားသော ငွေများအား သုံးနှစ်အတွင်း အတိုး၊ အရင်းပြန်ဆပ်ရ မည်ဆိုသော ကြေညာချက်တို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် ကပ်ဆိုက်မည့်အချိန်တခုသို့ ပိုနီးကပ် လာပြီဆိုလျှင်လည်း မမှားပေ။

ထို့အတွက် ဆောက်လုပ်ရေးကဏ္ဍပြန်လည်ရှင်သန်ရေးအတွက် လုပ်ငန်းရှင်များက အခွန်နှင့်ဘဏ်ချေးငွေဆိုင်ရာ ကိစ္စနှင့် သက်ဆိုင်သော အချက် ၆ ချက်ကို ဇန်နဝါရီ ၂၆ ရက်က အစိုးရထံသို့စတင် တောင်းဆိုထားကြပါတယ်။

လက်ရှိ ဆောက်လုပ်ရေးကဏ္ဍတွင် ကြုံတွေ့နေရသော အကျပ်အတည်းနှင့် အခြေအနေတို့အား ဆောက်လုပ်ရေး ကဏ္ဍ၌ ၂၅ နှစ်ကြာလုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးမောင်ဝိတ်ကို ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက သီးသန့် မေးမြန်းခဲ့ပါတယ်။

မေး။ ။ အခုလက်ရှိဆောက်လုပ်ရေးကဏ္ဍက ကျပ်တည်းလာတယ်လို့ဆိုတဲ့အတွက် ဘယ်လိုအခက်အခဲတွေ အဓိက ကြုံတွေ့နေရပါသလဲ။

ဖြေ။ ။ ငွေကြေးနဲ့ ပတ်သက်ပြီးကတော့ Cash Flow (ငွေကြေးစီးဆင်းမှု)ကြီး တခုလုံးက ဆောက်လုပ်ရေး စီမံကိန်း အကုန်လုံးအတွက် ခက်လာတာပေါ့။ စီမံကိန်းတခုလုပ်ဖို့ဆိုရင် ရင်းနှီးမြှပ်နှံမှုက အကြမ်းဖျင်းအားဖြင့် ငွေကြေးရရှိမှုကို သုံးပိုင်းခွဲလို့ရနိုင်ပါတယ်။ ကိုယ့်ရင်းနှီးမြှပ်နှံမှုက ၃ ပုံတပုံလောက်ပေါ့။ ကျန်တဲ့ သုံးပုံတပုံ ရောင်းတဲ့ဟာက ရမယ်။ တကယ်လို့ ရောင်းတာ အားနည်းခဲ့ရင် ဘဏ်တွေကနေ ငွေချေးမယ်ပေါ့။

ဖြစ်ချင်တော့ အဲဒီအရောင်းအဝယ်က အကြောင်းအမျိုးမျိုးကြောင့် နှေးလာတယ်။ ပိုပြီးတိတိကျကျ ပြောရရင်တော့ စောင့်ကြည့်ပါဦးမယ် ဆိုတဲ့စကားလုံးလေးဟာ ကျနော်တို့အရောင်းအဝယ် အကုန်လုံးကို အတော် နှေးကွေးသွားစေတယ်ဆိုတာ တွေ့ရတယ်။ အဲဒီ စကားလုံးက ဘယ်နေရာကလာတဲ့ စကားလုံးများလဲဆိုပြီး ဒါကို ကျနော်တို့အတော်လေး သတိထားရမဲ့သဘော ရှိပါတယ်။

အရောင်းအဝယ်မှာ နှေးသွားတော့ ဘဏ်ချေးငွေကို ပိုပြီးအားကိုးလာရတယ်။ အခုခါကျ ဘဏ်ကနေ ငွေချေးပေးဖို့ အမျိုးမျိုးသော အခက်အခဲတွေ ထပ်ဖြစ်လာတယ်။ ဒါကြောင့် ရောင်းတဲ့နေရာကနေ ငွေတွေနှေးသွားရင်၊ ဘဏ်က စီးဆင်းလာမယ့် ငွေနှေးသွားရင် ရင်းနှီးမြှပ်နှံသူ (တည်ဆောက်သူ)ရဲ့ ငွေတခုပဲ ကျန်ပါတော့မယ်။ ဒါဆိုရင်တော့ လုပ်ငန်းအတော်လေး နှေးသွားနိုင်ပါတယ်။ ဒါက စီမံကိန်း အကုန်လုံးပါ။

ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်းမှာ ဆောက်လုပ် ရေးလုပ်ငန်းရှင်တွေက ဝန်ထမ်းစရိတ်တွေ၊ အုပ်ချုပ်မှုစရိတ်တွေစတဲ့ စရိတ်တွေနဲ့ ဘဏ်တိုးငွေပေးတယ်။ အဲဒါနဲ့ပဲ အချိန်ကုန်နေတာ။ ဆောက်လုပ်ရေးလုပ်ငန်းမှာ ဒီ ၂ နှစ်အတွင်းမှာ မြတ်တယ်လို့ မကြားမိဘူး။

မေး။ ။ အဲဒီလိုနှေးသွားပြီဆိုရင် နောက်ဆက်တွဲ အကျိုးဆက်က ဘာဖြစ်မလဲ။

ဖြေ။ ။ တကယ်တော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုဆိုတာ နေ့စဉ်နဲ့အမျှ ဆောက်လုပ်ရေး လုပ်ငန်းက ဝင်လာတဲ့ ငွေကို အခြေခံလုပ်သားတွေကို နေ့စဉ်လုပ်အားခ ရှင်းရပါတယ်။ ဒီလုပ်သားတွေကို ကြီးကြပ်တဲ့သူတွေ၊ အင်ဂျင်နီ ယာတွေ၊ ဝန်ထမ်းတွေ၊ လိုအပ်တဲ့ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေကို ငွေတွေပေးနေရပါတယ်။ စီမံကိန်း တွေလုပ်တဲ့အခါ လိုအပ်တဲ့ စက်ယန္တရားတွေ ဝယ်ယူရပါတယ်။ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ အုတ်၊ သဲ၊ ကျောက် စတဲ့ပစ္စည်းတွေ နေ့စဉ်ဝယ်ရပါတယ်။ ဒီမှာရပ်ပြီဆိုတာနဲ့ တပြိုင်နက် ဒီလုပ်ငန်းကြီးကို မှီခိုနေတဲ့ လူတွေဟာ ရပ်ဆိုင်း သွားမှာဖြစ်ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်ကတော့ ဒါကြီးရပ်သွားရင် သူ ပိုက်ဆံ နည်းနည်းလေး ဆုံးရှုံးမယ်။ စီးပွားရေး နည်းနည်းကျသွားမယ်ပေါ့။ အဲဒီ သက်ရောက်မှုပဲ ရှိမယ်။ ဒါပေမယ့် ဒီဘက်မှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နိုင်တဲ့ လုပ်သားထုက တော်တော်ကြီး ကြီးမားပါတယ်။

မေး။ ။ ဒီဆောက်လုပ်ရေးလုပ်ငန်း ရပ်သွားပြီဆိုတာနဲ့ အဲဒါကိုမှီခိုနေကြတဲ့ အခြေခံလူတန်းစားတွေက တကယ်ကို ထမင်းငတ်သွားကြမှာလား။

ဖြေ။ ။ နေ့စဉ်ဝင်ငွေကို မှီခိုနေတဲ့သူတွေအတွက်က အဲဒီနေ့အတွက် လုပ်အားခမရတော့ဘူးဆိုရင်ဖြင့် သူ့မှာ ပြဿနာ ရှိပါပြီ။ ရိုးရိုးတွေးကြည့်ရင် သူ့သူငယ်ချင်းဆီ ပိုက်ဆံသွားချေးမယ်ပေါ့။ အဲဒီလိုချေးမယ်ဆိုရင်လည်း သူဘယ်နှခါချေး လို့ရမလဲ။ သူ့အလုပ်က ၁ ရက်၊ ၂ ရက်နဲ့ပြန်ရရင်၊ တပတ်၊ နှပတ်နဲ့ ပြန်ရရင် ကိစ္စမရှိဘူး။ အဲလိုမှမဟုတ်ဘဲ ၁ လ၊ ၂ လများ ပြန်မရရင် အတော်လေး ခက်သွားမှာပါ။

မေး။ ။တနိုင်ငံလုံးမှာလည်း စီးပွားရေးတွေကျနေတယ်။ အစိုးရကလည်း ဆင်းရဲနေတယ်။ အစိုးရကလည်း အခွန်တွေ တိုးကောက်တယ်ဆိုတာ တိုင်းပြည်အတွက် ပြန်လုပ်ပေးနိုင်တာ လုပ်ဖို့ ကောက်နေတယ်။ အကိုတို့ တောင်းဆိုတဲ့အရာတွေက ဖြစ်နိုင်ပါ့မလား။

ဖြေ။ ။ ဒီနေရာမှာ တင်ပြဖို့ ရှိတာက ၂ ပိုင်းရှိတာပေါ့။ သာမန်အားဖြင့် အခွန်ငွေ ပမာဏပိုရဖို့က အခွန်ကောက်တဲ့ ရာခိုင်နှုန်းတိုးရမယ်လို့ ထင်တာက ကျနော်တို့နိုင်ငံက နည်းနည်းထူးခြားနေတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်ဖို့ နည်းနည်းလေး ခက်တာပေါ့လေ။

အခွန်ရာခိုင်နှုန်း ၃၀ ကနေ ၅ လို့ဆင်းလိုက်ရင် ဆောက်လုပ်ရေးကဏ္ဍမှာ အခုရနေတဲ့အခွန် ၂၅ ဘီလီယံနဲ့ တွက်ရင် ဆယ်ဆလောက် ချက်ချင်းတိုးသွားမှာပါ။ အဲဒီတော့ အခွန်ပမာဏ ပိုရချင်တာလား အခွန် ရာခိုင်နှုန်း တိုးချင်တာလားဆိုတာ စဉ်းစားရမဲ့အချက်တခု ဖြစ်ပါတယ်။ ကျနော်တို့ တင်ပြတဲ့အချက်တွေ လုပ်ပေးနိုင်မှာဆိုတာက ပြည်သူ့အစိုးရဖြစ်တဲ့အတွက် ပြည်သူတွေ တကယ်ခက်ခဲရင် တကယ်ပဲ ကူညီမယ်လို့ ရိုးရိုးသားသားပဲ ယုံကြည်ပါတယ်။

မေး။ ။ တကယ်လို့ အကိုတို့မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ရင်ကော….

ဖြေ။ ။ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင်တော့ လုပ်ငန်းတွေ ရပ်သွားကြပါလိမ့်မယ်။ ရပ်သွားပြီးရင် ဆင့်ကဲ ရိုက်ခတ်မှုတွေ လာပါလိမ့်မယ်။ အဲဒါဟာ တော်တော်လေး ကြောက်စရာကောင်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီလိုကို နှုတ်ကနေ မပြောချင်တာပါ။ ကူညီလိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ အစိုးရရဲ့ အခွန်စနစ်က ဘယ်လိုပုံစံဖြစ်သင့်ပါသလဲ။

ဖြေ။ ။ အခွန်တွေကို သတ်မှတ်တဲ့သူတွေက ပညာရှင်များပဲဖြစ်ပါတယ်။ အခုပြည်သူ့အစိုးရလက်ထက်မှာ တခုခုကို စီမံရင် ပညာရှင်တွေရဲ့ အမြင်အများကြီးယူတယ်လို့လည်း ကြားသိရပါတယ်။ ဒီအခါမှာ ပညာရှင်တွေဆိုတဲ့ဟာနဲ့ ကျနော်တို့နိုင်ငံရဲ့ ထူးခြားချက်ဆိုတာက ဈေးကွက်ရဲ့သဘော၊ မြေပြင်ရဲ့ သဘောပေါ့လေ။ လူတွေအားလုံး အခွန် ဆောင်နိုင်တဲ့ ရာခိုင်နှုန်းရောက်မှ လူတွေ အခွန်ဆောင်ကြမယ်ဆိုတာလေး နည်းနည်းထည့်တွက်ရလိမ့်မယ်လို့ ထင်ပါ တယ်။ လွဲနေတယ်ဆိုတာထက် အဲဒီလိုလေးမြင်ပါတယ်။

မေး။ ။ အကိုတို့ တင်ပြတဲ့အချက် ခြောက်ချက်ထဲမှာ ဘဏ်ချေးငွေနဲ့ ပတ်သက်ပြီး အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းကို လျော့ချပေးဖို့ဆိုတဲ့အချက်ကို အစိုးရက လုပ်ပေးနိုင်ပါ့မလား။

ဖြေ။ ။ ဗဟိုဘဏ်ဆိုတာလည်း Part of the Government (အစိုးရ အစိတ်အပိုင်း) ပါပဲ။ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေတွေ အကုန်လုံး ခက်ခဲနေပြီဆိုရင် ငွေကြေးဆိုင်ရာ ပေါ်လစီတွေ ပြင်ဖို့ လိုအပ်မယ်ဆိုရင် ပြင်ကြလိမ့်မယ် လို့ ထင်ပါတယ်။ လုပ်ပိုင်ခွင့်အာဏာကလည်း အစိုးရမှာ ရှိကိုရှိရမှာပါ။ ဗဟိုဘဏ်ဖြစ်တဲ့အတွက် ဘယ်သူမှ ပြောလို့ မရဘူးဆိုတာတော့ မဟုတ်ပါဘူး။ လုပ်ပိုင်ခွင့် ခွဲဝေမှုသာ ကွာခြားတာ ရှိမှာပါ။

မေး။ ။ အစိုးရရဲ့ စီးပွားရေးပေါ်လစီအပေါ် ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ။ ။ ပေါ်လစီကို သုံးသပ်တာထက်စာရင် စီးပွားရေးလုပ်ငန်းရှင်တွေကို အားပေးလိုက်ရင်ကို လုပ်ကြပါ၊ ကိုင်ကြပါ၊ ရဲရဲတင်းတင်း လုပ်ကြပါ။ ပြသနာတွေဖြစ်လာရင် ဝိုင်းဝန်းပြီးတော့ အဖြေရှာ ဖြေရှင်းကြမယ်။ နည်းနည်းမှားသွားလည်း မှားသွားတဲ့နေရာမှာ အဖြေရှာ ဖြေရှင်းကြမယ် ဆိုတာမျိုးေပေါ့။ ပေါ်လစီ ကြီးကြီးမားမားနဲ့ အများကြီး စဉ်းစားတာထက် စာရင် အားပေးလိုက်ရင်ကို အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုရင် အကုန်လုံးက သူကဏ္ဍနဲ့သူ လုပ်တတ် ကိုင်တတ်ရှိကြပါတယ်။

မေး။ ။ အကိုက မန္တလေးကလည်း မြို့ပြစီမံကိန်းလုပ်နေတဲ့သူဆိုတော့ ဒီလိုအကျပ်အတည်းကြောင့် စီမံကိန်းမှာ ဘယ်လောက်ရာခိုင်နှုန်းအထိ နှေးသွားပါသလဲ။

ဖြေ။ ။ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် ရာခိုင်နှုန်း ၄၀ လောက်အထိ လျော့သွား/နှေးသွားပါတယ်။ ၁၀၀ ပြီးရမှာ ၆၀ လောက်ပဲ ပြီးနိုင်တဲ့ သဘောမှာရှိပါတယ်။ နောက်ချိန်ဆနေရတာကတော့ ရှေ့မှာ ပံ့ပိုးမှုတွေ ဘယ် အချိန်လောက်မှာ ဝင်လာမလဲဆိုတာ တွက်ဆနေပါတယ်။ ဒီတိုင်းဆက်သွားရင်တော့ တဖြေးဖြေးချင်းနှေးသွားမဲ့ သဘောမှာ ရှိပါတယ်။ ဒါပေမဲ့ ကူညီမယ်လို့ပဲ ယုံကြည်နေတုန်းပါပဲ။

မေး။ ။ လက်ရှိ ဘဏ်ချေးငွေနဲ့ ဆက်တောင့်ခံနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် ၁၀၀ မှာ ဘယ်နှယောက် လောက်ရှိမလဲ။

ဖြေ။ ။ အရောင်းအဝယ်အေးလာတဲ့ကာလဟာ ခန့်မှန်းအားဖြင့် ၂ နှစ်ကျော်လာပြီ။ ၂၀၁၅ လောက်က စပြီး ဖြစ်တယ်။ ဒါကြောင့်မို့ ဒီကာလအတွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်အားလုံး ဘဏ်ချေးငွေ မပါတဲ့သူကို မရှိဘူးလား မသိဘူး။ ကျနော်နဲ့ သိတဲ့သူအကုန်လုံးသည် အယောက်မှာ ၁၀၀ မှာ ၁၀၀ လုံးက ဘဏ်ချေးငွေနဲ့ပဲ လည်ပတ်နေကြတာပါ။

မေး။ ။ အခုအကိုတို့ မန္တလေးတိုင်းဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုထားတဲ့အပေါ်မှာကော သူက ဘယ်လောက်အထိ လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါသလဲ။

ဖြေ။ ။ ဝန်ကြီးချုပ်ကြီးအနေနဲ့ သူလုပ်ပေးနိုင်တာကို လုပ်ပေးပြီးတော့ မလုပ်ပေးနိုင်တာ ရှိရင်လည်း လုပ်ပေးနိုင်တဲ့ သူတွေကို ဆက်တင်ပြပေးသွားမယ်လို့ ထင်ပါတယ်။ ရန်ကုန် ဝန်ကြီးချုပ်ကိုလည်း ဆက်တင်ပြသွားဖို့ရှိသလို မန္တလေး ဝန်ကြီးချုပ် လမ်းညွှန်သလို နေပြည်တော် လွှတ်တော်ကိုလည်း တင်ပြသွားဖို့ရှိပါတယ်။ အဲဒါကြောင့် အဆင်ပြေသွား မယ်လို့ ထင်ပါတယ်။

မေး။ ။ ဆောက်လုပ်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး တခြားဘာများ မက်ဆေ့ ပေးချင်ပါသေးလဲ။

ဖြေ။ ။ နိုင်ငံတော်ကနေ ဆောက်လုပ်ရေးကဏ္ဍကို အကူအညီတွေ မြန်မြန်ပေးပါလို့ ပြောချင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading