ကချင်ပြည်နယ်ဆိုရင် မူးယစ်ဆေးဝါးကြောင့် (HIV) ကူးစက်တာတွေ တွေ့ရတယ်

သဇင်လှိုင်
ဒေါ်ဖြူဖြူသင်း / Reuters
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် HIV ကူးစက်နှုန်း သိသိသာသာလျော့ကျလာလျက် ရှိနေသော်လည်း HIV ကူးစက်ရသည့် အကြောင်းရင်းခံများဖြစ်သည့် မူးယစ်ဆေး သုံးစွဲမှုကို ထိန်းချုပ်ခြင်းနှင့် လိင်ပညာပေးမှုများမှာ သိသိသာသာ အားနည်းနေဆဲ ဖြစ်သည်။

သို့ဖြစ်ရာ HIV ရောဂါနှင့် ဝေဒနာရှင်များ၏ လက်ရှိအခြေအနေ၊ မူးယစ်ဆေးဝါးနှင့် အဆက်အစပ်တို့ကို သိရှိနိုင်ရန်အတွက် HIV ဝေဒနာရှင်များကို ဆယ်စုနှစ်များစွာ ကူညီစောင့်ရှောက်လာခဲ့သူလည်းဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါ်ဖြူဖြူသင်း အား ဧရာဝတီ သတင်းဌာနမှ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းခဲ့သည်။

မေး ။ HIV ဝေဒနာရှင်တွေနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေက ဘယ်လိုရှိသလဲရှင့်။ ဘာတွေ ပြောင်းလဲ လာတာများရှိသလဲ။

ဖြေ။ ။ အစ်မတို့ လုပ်နေတဲ့ ၂၀၀၂ ခုနှစ်နဲ့ စာရင်တော့ ဒီဘက်ပိုင်းမှာ ART (HIV ပိုးမပြန့်ပွားစေရန် ထိန်းချုပ် သည့်ဆေး) ရရှိမှုများလာတယ်။ အဲဒါကလည်း HIV နဲ့ ပတ်သက်ရင် ရောဂါကို ထိန်းချုပ်တဲ့ နေရာမှာ အလွန်အရေးကြီးတယ်။ ဆေးဝါးတင်မဟုတ်ဘူး။ ထိန်းထိန်း သိမ်းသိမ်း နေရမယ်ဆိုတဲ့ အသိပါ ရသွားတာ။ ပညာပေးတဲ့ အပိုင်းတွေပါ တော်တော်လေးကို ပြည့်စုံတယ်။ အရင်နှစ်တွေကကျတော့ ဆေးဝါးနဲ့ ပတ်သက်ပြီး ရရှိဖို့ ခက်ခဲတော့ ရောဂါဆက်ပြီး ကူးစက်တယ်။ သိလို့ပဲ ဖြစ်ဖြစ် မသိလို့ပဲ ဖြစ်ဖြစ် ဆေးမသောက်ထားတဲ့သူကနေ ကူးစက်နှုန်းက များတယ်။ အရင်ထက်စာရင် ဆေးဝါးရရှိမှု ပိုလာတယ်။ နေရာအနှံ့ ရရှိလာတယ်။ အရင်ကဆို တိုင်းနဲ့ ပြည်နယ် အသီးသီးက ဆေးဝါးလိုချင်ရင် ရန်ကုန်ကိုဆင်းပြီးလာရတယ်။ ကန့်သတ်ချက်တွေက အများကြီးပဲ။

မေး ။ ။ အခုကရော ARTဆေး လာရောက်ရယူနေတဲ့ လူနာတွေအနေနဲ့က ဘယ်လိုအခြေအနေရှိပါသလဲ။

ဖြေ ။ ။ လူနာတွေနဲ့ပတ်သက်လို့ တချို့ဒေသတွေ တအားဝေးသွားရင် လာယူဖို့ကို အရမ်းခက်တယ်။ အရင်တုန်းကဆိုရင် ကျမတို့ တနိုင်ငံလုံးမှာ ရှိတဲ့ နေရာက ၂ နေရာလောက်ပဲ ရှိတယ်။ ဒီလောက်ပဲ ရှိတဲ့အခါကျတော့ သူတို့လာယူရတာက ခရီးစရိတ်ဆိုတာရှိတယ်။ တခါပေးရင် ၃ လစာပေးတယ်။ ၃ လပြီးရင် တချို့ တွေက မလာနိုင်ကြတော့ဘူး။ တချို့တွေ ကျတော့လည်း အလုပ်တွေက ခရီးဝေးတွေ ရောက်သွားတဲ့ အခါဆေး ၃ လစာပါသွားတယ်။ ပြီးရင် မလာကြတော့ဘူး။ ကျန်းမာရေး မကောင်းဘူးဆိုရင် ပြန်လာကြပြီး ဆေးသောက်ကြတယ်။ အဲဒီလိုလူတွေ ကျမတို့ဆီမှာ တော်တော်များ ပါတယ်။ ဘာကြောင့်များ လည်းဆိုရင် နေဖို့မရှိဘူး အလုပ်အကိုင်မရှိဘူး အဲဒီလို အခက်အခဲနဲ့လူတွေက ဆေးသာ ယူသွားတာ သူတို့မှာ အခက်အခဲတွေ ရှိနေတယ်။

ကျမတို့ အဖွဲ့နဲ့ ပတ်သက်လို့ကတော့ ဆေးပြတ်သွားတာမျိုး ဆေးမယူတာမျိုး တွေကတော့ နည်းနည်းရှားတယ်။ ပထမအဆင့် ဆေးသောက်ရင် ဈေးကလည်း သက်သာသလို ဆိုးကျိုးလည်း သိပ်မရှိဘူး။ မလိုလားအပ်ဘဲနဲ့ second line အဆင့် သောက်ရမယ်ဆိုရင် ဈေးကလည်း တက်သွားမယ်။ ဆေးရဲ့ဆိုးကျိုး တွေကလည်း ပိုများနိုင်တာပေါ့။ ဒါကြောင့်မို့လို့ ဒီဆေးကို သောက်တော့မယ်ဆိုရင် ဒီဆေးရဲ့ဆိုးကျိုးက ဘာလဲ ကောင်းကျိုးကဘာလဲ ဒီဆေးကို သောက်ဖို့ ပျက်ကွက်ခဲ့ရင် ဘာတွေ ဖြစ်မလဲ။ ဒါတွေကို သိပြီးတော့မှ ဒီဆေးကို သောက်ရတာဖြစ်တဲ့ အတွက် တော်တော်များများ လိုက်နာတဲ့လူတွေတော့ ရှှိကြတယ်။ တချို့ကလည်း သူတို့ စီးပွားရေး အခက်အခဲကြောင့် မလာနိုင်တာတွေကို တခြားနေရာတွေကနေ ကြားသိနေရပါတယ်။

မေး ။ ။ အရင်တုန်းကဆို ဆေးဝါးဆိုလည်းခက်ပြီး ဝေဒနာရှင်တွေတွေ့ရင်လည်း ပတ်ဝန်းကျင်က ရှောင်ဖယ်ထား ကြတယ်။ အခုရော HIV ရောဂါဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေတုန်းပဲလား။

ဖြေ ။ ။ အရင်တုန်းကဆိုရင် ဒီအလုပ်တွေ စပြီးတော့ လုပ်ကိုင်နေတုန်းကဆိုရင် မိသားစုတွေ ကိုယ်တိုင်က စွန့်ပစ်လိုက်သလို လုပ်လိုက်တာ။ အခုနောက်ပိုင်းတော့ လျော့နည်းသွားတာတွေ့ရတယ်။ ဖြစ်လာပြီဆိုရင် အခုနောက်ပိုင်းမှာတော့ ညီအစ်ကိုမောင်နှမတွေ သူရဲ့အိမ်ထောင်ဖက်တွေ ကိုယ်တိုင်က ဒီရောဂါဖြစ်ပြီဆိုရင် ဘယ်လို ဆောင်ရွက်ရမယ်၊ ဘယ်လိုကုသရမယ် ဆိုတဲ့ အသိလေးတွေတော့ ရှိတာတွေ့ရတယ်။ အရင်ထက်တော့ ဒီရောဂါ ခံစားနေရတဲ့သူတွေကို ခွဲခြားဆက်ဆံမှုတွေ မရှိတော့ဘူး။

ဒါကကျမတို့ တွေ့နေရတဲ့ အသိုင်းအဝိုင်း တခုနဲ့ ပြောတာပေါ့။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ကြည့်မယ် ဆိုရင်တော့လည်း ရှိနေဦးမှာပါ။ ခွဲခြားဆက်ဆံတာတွေ ရှိနေသေးတဲ့ အတွက် ကျမတို့လို စင်တာတွေ ရှိနေသေးတာပေါ့။ ပြီးတော့ အလုပ်အကိုင်ကအစ ဒီရောဂါရှိပြီဆိုရင် ညှာပေးရတာတွေရှိတယ်။ လူကောင်းတွေလိုတော့ နင်လားငါလား မလုပ်နိုင်ဘူး။ အဲဒီလိုဆိုရင် အလုပ်ရှင်တွေက လက်မခံတဲ့အတွက် မလုပ်နိုင်တာတွေလည်း ရှိတယ်။ ဘာပဲပြောပြော လျော့နည်းလာတယ်ဆိုပေမယ့် ခွဲခြားဆက်ဆံမှုတွေကတော့ ရှိနေဆဲပဲလို့ ကျမ မြင်တယ်။

မေး ။ ။ HIV/AIDS ဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်ပေမယ့် သေဆုံးမှုနှုန်းကိုတော့ မထိန်းချုပ်နိုင်သေးဘူးလို့ ကျန်းမာရေး ပညာရှင်တွေက ပြောကြပါတယ်။ ဒါက ဘာကြောင့် ဖြစ်ရတယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ ဘာကြောင့်လဲဆိုရင် ကျမတို့ဆီမှာက ကျန်းမာရေးနဲ့ ပတ်သက်ရင် နောက်ဆုံး အဆင့်ရောက်မှ သိရတာများတယ်။ ဥပမာအားဖြင့် သာမန်လူတွေက ကြိုပြီး စစ်ဆေးထားတာမျိုး မရှိကြဘူး။ စစ်ချင်တဲ့ ဆန္ဒလည်း မရှိဘူး။ တကယ် သိတဲ့အချိန်မှာ အလွန်နောက်ကျမှ သိတာများတယ်။ တဖြည်းဖြည်းနဲ့ HIV ကနေ AIDS အဆင့်ရောက်မှသာလျှင် သူ့ကိုယ်သူ လက်ခံပြီးတော့ သွေးစစ်တာတွေ လုပ်တော့ အဲဒီအချိန်မှာတင် ရောဂါက ၃၊ ၄ မျိုးလောက်ဖြစ်နေပြီ (တီဗီတွေ ဝမ်းပျက်၊ဝမ်းလျောတာတွေ) အစရှိသဖြင့် အဲဒီလိုရောဂါသည် အဆင့် AIDS အဆင့်လောက်ရောက်တော့မှ သူ့ကိုယ်သူလက်ခံတဲ့ အခါကျတော့ စိတ်ဓာတ်တွေ ကျလာမယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့ အဲဒီမှာ ကုသရတာ အရမ်းခက်သွားတာတွေရှိပါတယ်။

မေး။ ။ အစ်မတို့ ကြုံတွေ့နေရတဲ့ ဝေဒနာရှင်တွေရဲ့ အဓိကအခက်အခဲက ဘာတွေများလဲ ရှင့်။

ဖြေ။ ။ အဓိကက ခုနကပြောသလို ခံစားရတဲ့ ခံစားချက်တွေ။ လူသားတွေရှိရင် ဒီလိုကိစ္စတွေ ရှိနေမှာပဲ။ အဲဒီလို မယူဆဘဲ သူတို့ကိုယ်သူတို့ အပြစ်ရှိသလို သူတို့ကြောင့်ပဲ မိသားစု အသိုင်းအဝိုင်းက အရှက်တကွဲအကျိုးနည်း ဖြစ်သလို ခံစားနေရတယ်။ အစောပိုင်းဆိုရင် အတော့်ကို စိုးရိမ်ရတယ်။ သူတို့ကိုယ်သူတို့ သေပြီဆိုပြီး မျှော်လင့်ချက်မဲ့ပြီးနေတဲ့ သူတွေရှိတယ်။ အခုနောက်ပိုင်းကျတော့ ဘာအခက် အခဲလဲဆိုတော့ အလုပ်အကိုင် ခက်ခဲတယ်၊ မြန်မာနိုင်ငံရဲ့ အနေအထားက စီးပွားရေး ဘာပဲပြောပြော သာမန်လူတွေ အတွက်တောင် ခက်ခဲနေတဲ့ အနေအထားမှာ ဒီလိုရောဂါ ဝေဒနာသည်တွေ အတွက်တော့ အရမ်းကို ခက်ခဲတယ်။ အရမ်းကို ရုန်းကန်ပြီးတော့မှ ထူထောင်နေရတဲ့ အနေအထားတွေ ရှိတယ်။ ပညာရေးကိစ္စတွေ ဆိုလည်း ဒီလိုပဲ ခက်ခဲပါတယ်။

မေး။ ။ အစ်မရဲ့ ဒီဆယ်စုနှစ်ကျော်ကျော် အတွေ့အကြုံအရဝေဒနာရှင်တွေက ဘယ်လို အကြောင်းရင်းတွေကြောင့် ကူးစက်တာ ပိုများသလဲရှင့်။

ဖြေ။ ။ အစောပိုင်းမှာတော့ လိင်ကိစ္စကြောင့်ပေါ့။ လိင်တူလိင်ကွဲ ဆက်ဆံခြင်းကနေ ကူးစက်တာ အများအပြား တွေ့ရတယ်။ တိုင်းနဲ့ ပြည်နယ်တခုနဲ့ တခု မတူဘူး။ ကချင်ပြည်နယ်ဆိုရင် လိင်ကြောင့် မဟုတ်ဘူး။ မူးယစ်ဆေးဝါးကြောင့် ကူးစက်တာတွေ တွေ့ရတယ်။ ဒီဘက်မှာကျတော့ မြန်မာပြည်အောက်ပိုင်းမှာတော့ လိင်ကြောင့် ကူးစက်တာပေါ့နော်။ အခု လတ်တလောမှာ ကျမတို့ ပြန်ကြားသိနေရတာကတော့ မူးယစ်ဆေးဝါးကြောင့် ပိုပြီး ကူးစက်နှုန်းများနေတယ်လို့ သိရပါတယ်။

မေး ။ ။ မူးယစ်ဆေးဝါးကြောင့် ဆိုတော့ အခုလက်ရှိ အစိုးရအနေနဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်း ထိန်းချုပ်နေတဲ့ အပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ ။ ။ အများကြီး လုပ်ရဦးမယ်လို့ မြင်ပါတယ်။ အစိုးရသစ်အပြောင်းအလဲမှာတော့ မူးယစ်ဆေးဝါးကိုု တော်တော်များများ မိလာတာရှိတယ်။ ဒါပေမယ့် အခုနောက်ပိုင်း မူးယစ်းဆေးဝါးတွေက ဘိန်းဖြူနဲ့ မတူတော့ဘူး ။ ဘယ်နေရာမှာမဆို လုပ်လို့ရနေတာမျိုး ဖြစ်နေတာဆိုတဲ့ အခါကျတော့ လူငယ်တွေကြားထဲမှာ ဆေးတွေက အရမ်းကို ပြန့်နှံ့ပြီးတော့ ဒုက္ခရောက်နေတာလည်း တွေ့ရတယ်ပေါ့။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင်တော့ သေသေချာချာ ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စ၊ အရေးတကြီးကိုပဲ ဖြေရှင်းရမယ့်ကိစ္စ ၊ မြန်မာနိုင်ငံအတွက်က အမြစ်တွယ်နေတဲ့ နှစ်ပေါင်းများစွာ လှိုက်စားနေတဲ့ ကိစ္စတခုလို ဖြစ်နေတော့ ဒါကိုတော့ အစိုးရက ကိုင်တွယ်နေတာတွေ့တယ်။ လုံးဝကင်းစင်သွားဖို့ကတော့ ဒီမှာ နည်းနည်းခက်နေသေးတာကိုတွေ့ရတယ်။

မေး ။ ။ မူးယစ်ဆေးဝါးက လူငယ်တွေကြားမှာ ပြန့်နှံ့မှုတွေများနေရတဲ့ အကြောင်းအရင်းက ဘာတွေများ ဖြစ်နိုင်မလဲ။

ဖြေ ။ ။ ကျမမြင်တာကတော့ ၈၈ စောစောပိုင်းမှာက လူငယ်တွေ တော်တော်များများ ဘိန်းဖြူကို စွဲကြတယ်။ ၈၈ နောက်ပိုင်းကျတော့ HIV ကိစ္စတွေပါဖြစ်လာတယ်။ အဲဒီနောက်မှာ တော်တော်လေးကို လုံးဝ ကင်းစင်သွားတာကနေပြီးတော့ ပြန်ပြီးတော့ ဖြစ်လာတာ။ ဘိန်းဖြူ အပါအဝင် မူးယစ်ဆေးတွေက အခု ဒီဆယ်စုနှစ်ပိုင်းလောက်မှာ အင်တိုက်အားတိုက် ပြန်ဖြစ်လာတာကို တွေ့ရတယ်။ လူငယ်ဆိုတဲ့ သဘာဝကတော့ ဘယ်ကိစ္စမဆို စမ်းသပ်လိုက်ချင်တဲ့ ဆန္ဒရှိတယ် မူးယစ်ဆေး တော်တော်များများက အဓိက ပစ်မှတ်ထားတာက လူငယ်တွေကိုပေါ့။ အခုဆိုရင် ဟိုးတောတွေအထိ ပြန့်နေပြီ။ တချို့ဒေသတွေမှာဆိုရင် လူငယ်တွေက အစားမစားရရင် နေပါစေ။ မူးယစ်ဆေးသုံးစွဲဖို့ အတွက်ကို ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်နေပြီး ဘဝတွေ သေနေတာကို တွေ့ရတယ်။

မေး ။ ။ လက်ရှိပြင်ဆင်နေတဲ့ မူးယစ်ဥပဒေ အပေါ်မှာကော ဘယ်လိုသဘောထား အမြင်ရှိပါသလဲ ။

ဖြေ ။ ။ ဒီပြင်ဆင်တဲ့ ဥပဒေကိုုတော့သဘောကျပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကျမတို့နိုင်ငံမှာက အစွဲအလန်းတွေရှိတယ်။ ဥဒေတခု ဆိုတာက ပြစ်မှု ပြစ်ဒဏ်ပဲပေးရမယ် ဆိုတဲ့ အစွဲအလန်းတွေကို ဖောက်ထွက်ပြီးတော့ လူမှုရေး ပြစ်ဒဏ်တခါမှ မချသေးဘူးပေါ့။ လူမှုရေးပြစ်ဒဏ်ဆိုတာက နိုင်ငံတကာမှာ ရှိတယ် ကျမတို့နိုင်ငံမှာ မရှိဘူး။ ဒါပေမယ့် တခုပြောစရာ ရှိတာက ဥပဒေတခုဟာ နှစ်ပေါင်း ၁၀၀ ကျော် မပြင်ဆင်ထားရသေးတဲ့ ဥပဒေတွေရှိတုန်း။ ဥပဒေဆိုတာကတော့ တခါတည်း ပြင်လိုက်တာနဲ့ လုံးဝအကောင်းကြီးတော့ ထွက်လာတာ မဟုတ်ဘူး။ ဥပဒေရဲ့အားသာချက်တွေ ရှိသလို အားနည်း ချက်တွေရှိတယ်။ ဒီဥပဒေကို ကျင့်သုံးလိုက်တဲ့ အခါမှာ တကယ်တွေ့ကြုံလာရတဲ့ အခက်အခဲတွေကျမှ ဒါကတော့ မဖြစ်သင့်ဘူး၊ ဒါကတော့ ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို သုံးသပ်ပြီးတော့မှ ဥပဒေဆိုတာကတော့ အမြဲတမ်းပြင်ဆင် ပြောင်းလဲပြီးတော့ သုံးသပ်နေရမှာပေါ့။

မေး။ ။ HIV ဥပဒေ ပြဋ္ဌာန်းဖို့ လုပ်နေတယ်ဆိုတာကရော ဘယ်လို အခြေအနေရှိလဲ။ ဥပဒေမရှိသေးဘူး။ ညွှန်ကြားချက်တွေနဲ့ စောင့်ရှောက်တယ်။ အသိပညာပေးတယ် ဆိုတော့ လက်ရှိမှာ HIV/AIDS အသိပညာပေးတာတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ လက်ခံနိုင်မှု အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ HIV ဥပဒေက ကျမတို့ဆီ တင်လာတယ်။ လတ်တလောမှာ မပြဋ္ဌာန်းနိုင်သေးဘူးဆိုပြီး ဆုံးဖြတ်ထားတာလေး ရှိတယ်။ ပြစ်မှု/ ပြစ်ဒဏ် တွေလည်းပါတယ်။ ဥပဒေဆိုတာက ခက်တယ်။ HIV နဲ့ ပတ်သက်ပြီး ခွဲခြားမဆက်ဆံရ ဆိုပြီး ပညာသင်ကြားခွင့် ပေးရမယ် စသဖြင့် ညွှန်ကြားပြီး လုပ်လို့ရတာ ရှိတယ်။ ဥပဒေ တခုလုပ်ပြီဆိုရင် ဒီလူကြောင့် အခြားလူတယောက်ကို ကူးစက်သွားမယ်ဆိုရင် အဲဒါ ပြစ်မှု၊ ပြစ်ဒဏ်ပါလာတယ်။

အဲဒါပြဋ္ဌာန်းပြီဆိုရင် လိုက်နာရမှာ ဖြစ်တဲ့အတွက် ကျမတို့ နိုင်ငံမှာ အဲဒီလောက်အထိ မဖြစ်သေးဘူး။ သူတို့ကို ဘယ်လိုကူညီမလဲ။ ဘယ်လိုစောင့်ရှောက်မလဲ။ ဘယ်လို ဖေးမမလဲဆိုတာမျိုးတွေကိုပဲ ကျမတို့ လုပ်နေသေးတယ်။ ကျမတို့ဖြစ်စေချင် တာကတော့ ဥပဒေဆိုတာထက် ညွှန်ကြားချက်တခုခု ထုတ်ပြီး စောင့်ရှောက်ပေးတာမျိုးပဲ ဖြစ်စေချင် တယ်။ လုပ်သင့်တယ်။

အရင်ကတော့ HIVနဲ့ ပတ်သက်ရင် ရှက်စရာရောဂါတို့ သေတော့မယ်တို့ ဒီရောဂါ ဖြစ်ရင်ပဲ အရှက်တကွဲ အကျိုးနည်းပြီး ချက်ချင်းကို သေတော့မယ်လို့ ထင်ခဲ့ကြတာပေါ့။ အခုကတော့ သာမန်လူတယောက်လို နေလို့ရတယ်။ ဆေးပုံမှန်သောက်ခြင်းအားဖြင့် သာမန်သူတွေနဲ့ တန်းတူ အလုပ်လုပ်နိုင်တယ်။ နိုင်ငံတကာမှာကရော ဒါကနာတာရှည် ရောဂါလို့ သတ်မှတ်လိုက်တယ်။ ဒါကရှက်စရာ ကြောက်စရာရောဂါ မဟုတ်ဘူး။ နှလုံးရောဂါတို့လို သတ်မှတ်လိုက်တဲ့ အခါမှာ ဒါကို တော်တော်များများ သိရှိသွားတော့အခုနောက်ပိုင်း အရင်လို ဆိုးဆိုးရွားရွားတော့ သိပ်မတွေ့ရဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က တွေ့ရတဲ့ ပုံစံဆိုရင် အကုန်လုံးကို ချွတ်ခြုံကျနေတဲ့ပုံစံနဲ့ အခုတွေ့ရတဲ့ လူနာတွေဆိုရင် စိတ်ဓာတ်တွေရော လူတွေရော တည်တည် ငြိမ်ငြိမ်လေးတွေ တွေ့လာရတာကိုု ကြည့်ခြင်းအားဖြင့်တော့ HIVနဲ့ ပတ်သက်ရင် နည်းနည်းလေး နားလည်မှုတွေ ရှိလာတာကို တွေ့ရတယ်။

မေး။ ။ အစိုးရအပါအဝင် ပညာပေးမှု အပိုင်းတွေမှာ လိုအပ်ချက်တွေ ရှိနေသေးလား။ ဘယ်လိုပုံစံနဲ့ ဘာတွေ လုပ်ပေးဖို့ လိုအပ်နေသေးလဲ။

ဖြေ။ ။ ကျောင်းတွေမှာလည်း အသိပေးဖို့လိုတယ်။ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ရှိတဲ့ လူတဦးတယောက်ချင်းစီကိုလည်း အသိပေးဖို့ လိုတယ်။ ဒါကို မသိရင် ကူးမှာပဲ။ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဘယ်လိုနေရင်ကူးမယ်၊ ဘယ်လိုနေရင် မကူးဘူးဆိုတာ ရွေးချယ်ခွင့်ရှိသွားပြီ။ နောက်တခုက ကာကွယ်လို့ရတယ်။ ဥပမာ တချို့ရောဂါတွေ၊ ကင်ဆာလိုမျိုးဆို ကာကွယ်လို့ မရဘူး။ HIV က မွေးရာပါလည်း မဟုတ်ဘူး။ ကင်ဆာလို ဖြစ်လာတဲ့ အရာလည်း မဟုတ်ဘူး။ ဥပမာ မိခင်ကနေ ကလေးကို ကူးတာဆိုလည်း ကလေးကို မကူးအောင် ကာကွယ်လို့ရပြီ။ ဆေးကြိုသောက်လို့ရတယ်။ ဒီလိုနည်းလမ်းတွေ ရှိနေပြီဖြစ်တယ်။ ဒါအများကြီး အားသာချက်တွေ ရှိတယ်။ ဒါကိုသာ စနစ်တကျနဲ့ တဦးတယောက်ချင်းစီ သိအောင် လုပ်နိုင်မယ်ဆိုရင် ထိန်းချုပ်လို့ရတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading