FPNCC နဲ့ အစိုးရ ငြိမ်းချမ်းရေး တွေ့ဆုံမယ့်ကိစ္စ အခွင့်အလမ်း ရှာဖွေနေတဲ့ အချိန်ဖြစ်တယ်

ချစ်မင်းထွန်း
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်
Want create site? Find Free WordPress Themes and plugins.

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ဒုဥက္ကဋ္ဌများ ဖြစ်သည့် ဦးကျောက်ကော်အန်နှင့် ဦးပေါက်ယူလျန် (ဦးတာ့ဂျက်) တို့သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က မိုင်းလားသို့ သွားရောက်၍ မိုင်းလား အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးစိုင်းလင်းအား တွေ့ဆုံကာ ဆွေးနွေးမှု တချို့ ပြုလုပ်ခဲ့သည်။

ထို့နောက် ကိုးကန့်အဖွဲ့ (MNDAA) ခေါင်းဆောင် ဦးဖုန်ကြားရှင်ကိုလည်း တွေ့ဆုံသည့် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့ ခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်နေသူများ အကြား စိတ်ဝင်းစားစရာ ဖြစ်လာခဲ့သည်။

တဖက်တွင်လည်း တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးရန် ပိတ်ဆို့နေသည်။

သို့သော်လည်း အစိုးရသည် UWSA၊ NDAA တို့ကို သီးခြားစီ တွေ့ဆုံမှုများ ပြုလုပ်နေသကဲ့သို့ တပ်မတော်က လည်း KIA နှင့် သီးသန့် တွေ့ဆုံမှု တချို့ရှိနေခြင်းကြောင့် FPNCC အနေဖြင့် ငြိမ်းချမ်းရေးကို ဘယ်လို သွားမလဲဆိုခြင်း မှာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။

အဆိုပါ အခြေအနေ အရပ်ရပ်နှင့် ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ်တွင် အဖွဲ့ဝင်အဖြစ် လှုပ်ရှားခဲ့ဖူးသော နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်အား ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက မေးမြန်းထားသည်။

မေး ။        ။ ဇန်နဝါရီ လကုန်ပိုင်းက “ဝ”က ခေါင်းဆောင်တွေ မိုင်းလားနဲ့ ကိုးကန့် ခေါင်းဆောင်တွေကို သွားတွေ့တယ်လို့ သိရတယ်။ ဒီအပေါ် ဆရာအနေနဲ့ ဘယ်လို သုံးသပ်မိလဲဗျ။

ဖြေ ။        ။  ကျနော်အဲဒါနဲ့ ပတ်သက်လို့တော့ ကျနော် မြင်သလောက် ပြောရရင် သူတို့က ဒီ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) အဖွဲ့ဝင်တွေလေ။ အခုတော့ “ဝ” အဖွဲ့မှာ အရေးကြီးတဲ့ အခြေအနေ ၂ ရပ် သူ့အနေနဲ့ ဖြေရှင်းဆောင်ရွက်နေတာပေါ့။ တခုကတော့ FPNCC နဲ့ ငြိမ်းချမ်းရေး ကိစ္စကို အစိုးရနဲ့တွေ့ဆုံ ဆွေးနွေးနိုင်မယ့် အခွင့်အလမ်း ရှာဖွေနေတဲ့ အချိန်ဖြစ်တယ်။

အဲဒါလည်း ပြီးခဲ့တဲ့ (ဇန်နဝါရီ) လလယ်က “ဝ” အဖွဲ့ရဲ့ ညီလာခံခေါ်ရမှာပေါ့။ သူတို့ ခေါင်းဆောင်တွေ အပြောင်းအလဲ တစုံတရာရှိတဲ့ မူဝါဒ ပေါ်လစီတွေ ပြန်လည် သုံးသပ်တဲ့ အစည်းအဝေး တရပ် ကျင်းပတာပေါ့။ အဲဒီက ရတဲ့ဟာတွေ သဘောထား ရလဒ်တွေကို သူတို့အနေနဲ့ သူတို့ရဲ့ အရင်းအနှီးဆုံး မဟာမိတ်ဖြစ်တဲ့ ကိုးကန့်နဲ့ မိုင်းလားကိုတော့ သွားရောက် ရှင်းလင်း ဆွေးနွေးပြတယ်လို့ ကျနော် ယူဆပါတယ်။

မေး ။        ။ FPNCC က NCA မထိုးဘူး၊ ပြီးတော့ စာချုပ်အသစ်ဖော်ပေးဖို့၊ ၇ ဖွဲ့လုံးနဲ့မှပဲ ဆွေးနွေးမယ်ဆိုတဲ့ မူဝါဒက NCA ပြင်ပ လမ်းကြောင်းဖြစ်နေတယ်။ တကယ်ရော အဲလမ်းကြောင်းက အလုပ်ဖြစ်နိုင်ပါ့မလား။

ဖြေ ။       ။ ကျနော့်အနေနဲ့ ကတော့ ဒီဟာက FPNCC အဖွဲ့နဲ့ နိုင်ငံရေးအရ မဆွေးနွေးဘူး။ NCA ဘောင်ရဲ့ ပြင်ပ အရဖြစ်နေတဲ့ အတွက် မဆွေးနွေးဘူးဆိုတဲ့ အစိုးရနဲ့ တပ်မတော်ရဲ့ သဘောထားကိုတော့ ကျနော်တို့ နားလည် နိုင်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခုယန္တရားကနေ ရှေ့တဆင့် တိုးဖို့ ဆိုတာက ကျနော်တို့ FPNCC နဲ့ တစုံတရာ နည်းလမ်းရှာပြီးတော့ ဆက်သွယ် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

အဲဒီလို အနေအထား မရှိပဲနဲ့ တကယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့တက်ဖို့ဆိုတာ တော်တော်လေး ခက်ပါတယ်။ အဲတော့ နည်းလမ်းကတော့ ဘယ်လို နည်းလမ်းဖြစ်သင့်တယ် ဆိုတာကတော့ ကျနော်တို့က သိပ်ပြီးတော့ မပြောလိုဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နည်းလမ်းကိုတော့ ရှာရမယ်။ ရှာရမယ်ဆိုတာက ကျနော်ထင်တာ အခု “ဝ” အဖွဲ့ကလည်း သူကလည်း သူ့ FPNCC အဖွဲ့အတွင်းမှာ နည်းလမ်းရှာနေပုံရပါတယ်။

အလားတူ အစိုးရဘက်ကလည်း အဲကိစ္စနဲ့ ပတ်သက်လို့ နည်းလမ်း ရှာပြီးတော့ ကျနော်တို့ တွေ့ဆုံ ဆွေးနွေး သင့်တယ်ပေါ့။ အဲပုံစံမဖြစ်ဘူး ဆိုရင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရှေ့ကို တိုးမှာလည်း မဟုတ်ဘူး။ ရှေ့ မတိုးတဲ့ အပြင် ကျနော်တို့ ပိုတောင် အခက်အခဲတွေနဲ့ ကြုံလာနိုင်စရာရှိတယ်။

ဘာဖြစ်လို့လဲဆိုတော့ UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ) ကလည်း အခုက အကုန်လုံးလောက် နီးနီး လက်မှတ်ထိုးပြီးတော့ သူတို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ကြတော့မယ့် အခြေအနေမျိုး ဖြစ်နေတဲ့ အောက်မယ်။ FPNCC နဲ့ စကားမပြောလို့ရှိရင် ဖြစ်မှာ မဟုတ်ဘူး။

ဘာဖြစ်လို့လဲဆိုတော့ အခု မြောက်ပိုင်းအဖွဲ့ခေါ်တဲ့ အင်အားစုတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ တိုက်ပွဲတွေ အတော်လေး အပြင်း အထန်ဖြစ်နေတဲ့ အနေအထား ဒါဆက်ဖြစ်နိုင်တဲ့ အနေအထားကို တားဆီးဖို့ အတွက်ကတော့ FPNCC နဲ့ နည်းလမ်း တမျိုးမျိုး နဲ့ ကျနော်တို့ ချဉ်းကပ်ပြီးတော့ ဆွေးနွေး ဖြေရှင်းဖို့ လိုအပ်မယ်လို့ ကျနော် ယူဆပါတယ်။

မေး ။       ။ FPNCC နဲ့ အစိုးရ တွေ့ဆုံမှု ဖြစ်မြောက်ဖို့ဆိုရင် ၂ ဖက်စလုံးက နည်းနည်း တဆင့်လောက် လျှော့ချဖို့ အတွက်ဆို ဘယ်လိုမျိုး လျှော့ချပြီးမှ သွားသင့်တယ်လို့ မြင်ပါသလဲ။

ဖြေ ။       ။ အဲကိစ္စကတော့ ၂ ဖက်စလုံးမှာ ပြောစရာရှိမယ်။ အခုက NCA လက်မှတ်ထိုးမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပါဝင်ရမယ် ဆိုတဲ့ ကန့်သတ်ချက်ကို ဖြေလျှော့ပေးဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆို တော့ NCA လက်မှတ်ထိုးထားတဲ့ လူတွေက အခု တပ်မတော်နဲ့ စစ်ရေး ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်းတွေ မဟုတ်ကြဘူး။

တကယ်တမ်း တပ်မတော်နဲ့ဖြစ်တာက ဒီမြောက်ပိုင်းအဖွဲ့တွေ ဖြစ်တာ အဲတော့ သူတို့က NCA ထိုးမှ သူတို့ ပါဝင်ရမယ် ဆိုရင်တော့ ကျနော်တို့  ငြိမ်းချမ်းရေးလည်း မရ၊ စစ်ပွဲကလည်း ဆက်ဖြစ်ဆိုတဲ့ အနေအထား တရပ်ဆီကို ဆက်ပြီးသွားရမယ့် အနေအထား ရှိတယ်။ အဲတော့ အဲပုံစံက ငြိမ်းချမ်းရေးအတွက် အကျိုးမရှိဘူး။ အဲတော့ တဘက်က ဒီမူတွေနဲ့ ပတ်သက်တဲ့ ကိစ္စပဲ။

နောက်တခုက NCA လက်မှတ်ထိုးထားတဲ့ PPST (အပစ်ရပ် ၈ ဖွဲ့မှ EAOs များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)) ကလည်း ပြီးခဲ့တဲ့ သဘော ထားတခု ပြီးခဲ့တဲ့ ရက်ပိုင်းတချို့အတွင်းမှာ သူတို့ ကြေညာချက် ထုတ်ထားတယ်။ ထုတ်ထားတာကတော့ NCA ကို ကျနော်တို့ ပြန်လည်ပြီးတော့ သုံးသပ် ဆွေးနွေးဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်း။ နောက် NCA ထဲမှာ ပါဝင်တဲ့ အဆင့် ၃ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်မရှိဘူး။ မကျင်းပနိုင်ဘူး ဆိုလို့ရှိရင် ၂၁ ရာစု ပင်လုံ ညီလာခံဟာ သိပ်အဓိပ္ပာယ်ရှိမှာလည်း မဟုတ်ဘူး။ အဲဒါကြောင့် ယာယီအားဖြင့် ရွေ့ဆိုင်းထားတဲ့ အကြောင်း။ အဲသဘောထားတွေ ဖော်ပြထားတယ်။

အဲဒီအခါကျတော့ NCA နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကျနော်တို့ ပြန်ပြီးတော့ ဆွေးနွေးဖို့က လက်မှတ်ထိုး ထားတဲ့ NCA အဖွဲ့ဝင်တွေ ကိုယ်တိုင် အခု တောင်းဆိုနေပြီ။ အဲတော့ အဲဒီဟာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ ဆက်သွားဖို့အတွက် ကြုံရတဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲ ပြဿနာတရပ် ဖြစ်တာနဲ့တချိန်တည်းမှာ FPNCC အဖွဲ့ ဆွေးနွေးပွဲ ဘောင်ထဲကို ဝင်လာဖို့ အတွက်လည်း ဒါဟာ ပြန်ပြီး စဉ်းစားသင့်တဲ့ အခြေအနေတရပ်ကို ဖော်ပြ တာလို့ ကျနော် ယူဆပါတယ်။

မေး ။       ။ FPNCC က မူဝါဒ ချထားတာ တဖွဲ့ချင်း မဆွေးနွေးဘူး။ ၇ ဖွဲ့လုံး ပေါင်းမှ ဆွေးနွေးမယ်လို့ပြော တယ်။ ဒါပေမယ့် “ဝ”က အစိုးရနဲ့ သီးသန့်တွေ့တာလည်း ရှိတယ်။ မိုင်းလားက အစိုးရနဲ့ သီးသန့် တွေ့တာလဲ ရှိတယ်၊ KIA ဆိုရင် မနေ့က (ဖေဖော်ဝါရီ ၁ ရက်က) တပ်မတော်နဲ့ သီးသန့်တွေ့တာရှိတယ်။ ဒီအပေါ်ရော ဘယ်လို သုံးသပ်မိလဲ။

ဖြေ ။       ။ ဒီလိုပေါ့ဗျ။ အစိုးရနဲ့ တပ်မတော်ဘက်က ဖြေလျှော့သင့်တဲ့ ကိစ္စပေါ့။ FPNCC အနေနဲ့ကလည်း တဖွဲ့လုံး တွေ့ခွင့်ရမှ တွေ့မယ်ဆိုတဲ့ သဘာထားကတော့ အခြေအနေ တောင်းဆိုမှုနဲ့ သိပ်မကိုက်ဘူး။ အဲတော့ ကျနော်တို့ စဉ်းစားရမှာက ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ ထူထောင်ဖို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို စစ်ရေးအရ မဖြေရှင်းပဲ နိုင်ငံရေးအရ ဖြေရှင်းကြမယ်ဆိုလို့ ရှိရင် အဲဒီကိစ္စ တွေကို ပြောခွင့်ဆိုခွင့် နေရာတွေ၊ အချက်အလတ်တွေကို အကန့်အသတ်မရှိ ကျယ်ကျယ် ပြန့်ပြန့် ဖွင့်ပေးပြီးတော့ လုပ်ဆောင်သင့်တယ်။

ဒါပေမယ့် အဲကိစ္စမှာလည်း နောက်တခုက ကျနော် သိပ်ပြီးတော့ အလေးပေး မဖော်ပြချင်ပေမယ့် ပြောရမယ့် အကြောင်း တကြောင်းက ဘာလဲဆိုတော့ အဲလို ၂ ဦး ၂ဖက်ပေါ့ဗျ။ FPNCC နဲ့ အစိုးရနဲ့ တပ်မတော်ကြားထဲမှာ အဲလို ဖြေလျှော့မှုတွေ မရှိပဲနဲ့ တင်းတောင့်တဲ့ ပုံစံတွေနဲ့ လက်ခံတောင်းဆိုနေကြမယ် ဆိုလို့ရှိရင် နောက်ဖြစ်လာမယ့် ကိစ္စက ဘာလဲဆိုတော့ ပြည်ပက ဒီကိစ္စမှာ ကြားဝင်လာပြီးတော့ အဲဒီကိစ္စတွေ ဆွေးနွေး ဖြေရှင်းရတယ် ဆိုရင် ကျနော်တို့ နိုင်ငံရေး လုပ်ငန်းစဉ်အတွက်က ဒါသိပ်ကောင်းတဲ့ အလားအလာ လက္ခာမဟုတ်ဘူး။

အဲဒါကြောင့် ကိုယ့်ဘာသာ အသေရတဲ့ မူတွေ၊ သဏ္ဍာန်တွေကို လျှော့ချပြီးတော့ တွေ့ဆုံ ဆွေးနွေးဖို့အတွက် ၂ ဖက်စလုံးက လမ်းခင်းသင့်တယ်လို့ ကျနော် ယူဆပါတယ်။

မေး ။       ။ အခု လက်ရှိက တရုတ်ရဲ့အခန်းကဏ္ဍကလည်း ငြိမ်းချမ်းရေးမှာ တော်တော်လေး အားကောင်းလာ တယ်ပေါ့။ ဆရာပြောတဲ့ အထဲမှာ ပြည်ပက ကြားဝင် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်လာရင် မကောင်းဘူးဆိုတော့လေ။ ဒီအပေါ်မှာ ဘယ်လိုမျိုး ချိန်းထိုးကြည့်လို့ရနိုင်ပါသလဲ။

ဖြေ ။       ။ ပြီးခဲ့တဲ့ ဒုတိယအကျော့ အစည်းအဝေး ကြည့်လိုက်ရင် သိတာပေါ့။ ဒီဘက်(အစိုးရ)ကလည်း မဖိတ်ဘူး။ ဟိုဘက်ကလည်း မလာဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ မစ္စတာ ဆွန်ကော်ရှန် (တရုတ် နိုင်ငံခြားရေးဌာန အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) ) ကိုယ်တိုင် သူတို့အတွက် အားလုံး စီစဉ်ပေးပြီးတော့ ညီလာခံ တက် ပါ ဘာညာဆိုတော့ အဲဒီအနေအထား ရောက်တော့ ဒေါ်အောင်ဆန်းစုကြည်ရော၊ တပ်မတော်ရော၊ နောက်ပြီးတော့ FPNCC ရော  မနေနိုင်ပါဘူး။ အကုန်လုံး တက်ကြရတာပါပဲ။

အဲဒီလို အခြေအနေရောက်မှ တက်ရတယ်ဆိုတော့ ကိုယ့်တိုင်းပြည်ရဲ့ ပြဿနာ ကိုယ်က မဖြေရှင်းနိုင်တဲ့ အတွက် ကြားလူက ဝင်ပြီး ဖြေရှင်းရတယ်။ အဲဒီကိစ္စတွေကလည်း ကျနော်တို့ တိုင်းပြည်ရဲ့ ရည်ရှည် အကျိုး စီးပွားတွေနဲ့ ဆက်စပ်နေတဲ့အခါ သိပ် အလားအလာ မကောင်းဘူးလို့ ကျနော်ပြောတာပါ။

အဲတော့ အဲပြဿနာအတွက် စဉ်းစားဖို့ကောင်းတာက ဘယ်ကိစ္စတွေက ငြိမ်းချမ်းရေးခရီးစဉ်၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျယ်ကျယ် ပြန့်ပြန့် လုပ်နိုင်ဖို့အတွက် အတားအဆီး ဖြစ်နေတာလဲ။ အဲဒီအတားအဆီးတွေကို ဘယ်လိုဖယ်ရှားမယ်ဆိုတာကို ဘက်အသီးသီးက ဖြေရှင်းသင့်တယ်။ အစိုးရနဲ့ တပ်မတော်အနေနဲ့က NCA လက်မှတ်ထိုးတဲ့ အင်အားစုတွေနဲ့ အခု အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြဿနာတွေကို ဘယ်လို ပျော့ပြောင်းစွာ ကိုင်တွယ်မှာလဲ။

နောက် FPNCC အနေနဲ့တော့ NCA လမ်းကြောင်း အတိုင်းတော့ မသွားတော့ဘူးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ၊ နောက်တခုက တဖွဲ့လုံးနဲ့ တွေ့ခွင့်ရမှ တွေ့မယ် တဖွဲ့ချင်း ခွဲမတွေ့နိုင်ဘူးဆိုတဲ့ အနေအထားပေါ်မှာ သူ အဲအတိုင်းပဲ အသေဆုပ်ကိုင်မှာလား။ အဲတော့ဗျာ အနည်းဆုံးတော့ “ဝ” ၊ မိုင်းလားအဖွဲ့ ဆိုလို့ရှိရင် ဒါက သူတို့က အုပ်စု တစုဗျာ။ မြောက်ပိုင်းအဖွဲ့ KIA ခေါင်းဆောင်တဲ့ အဖွဲ့က အစုတစုပေါ့ဗျာ။ အဲလို အစုလိုက်ပေါ့ဗျာ။ ခွဲပြီး တွေ့လည်း ရပါတယ်။

ဘာလို့ဆို မိုင်းလားပြဿနာ၊ FPNCC ပြဿနာဆိုတာကတော့ အဓိက “ဝ” ပဲဗျ။ အခု မြောက်ပိုင်းအဖွဲ့တွေရဲ့ ပြဿနာဆိုတာက KIA ပဲဗျ။ အဲတော့ အဲဒါတွေအနေနဲ့ FPNCC အနေနဲ့ မဟုတ်ပဲ ဗမာပြည်ရဲ့ ငြိမ်းချမ်းရေး အနာဂတ်အတွက် ရှေ့ဆက်နိုင်မယ့် ခရီးကို ဘယ်လိုပုံစံနဲ့ တွေ့မယ် ဆုံမယ်ဆိုတဲ့ ကိစ္စတွေကို ၂ ဖက် စဉ်းစားသင့်တယ်လို့ ကျနော်ယူဆပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading