“ပြဿနာမီးတွေ နည်းနည်း တည်ငြိမ်တာနဲ့ ကျနော်တို့ ဝင်ရောက် ရှင်းလင်းပေးမယ်”

မင်းအောင်ခိုင်
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် / မင်းအောင်ခိုင် / ဧရာဝတီ

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် ပတ်သက်ပြီး ဖြစ်စဉ်အပေါ် စုံစမ်းနိုင်ရန် အတွက် ပြည်နယ် လွှတ်တော်က “မြောက်ဦးမြို့ ဖြစ်စဉ် စုံစမ်းစစ်ဆေးရေး အဖွဲ့” ဆိုသည့် အမည်ဖြင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၉ ဦးဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့က ဖွဲ့စည်း အတည်ပြုခဲ့သည်။

သို့သော် စုံစမ်းရေးအဖွဲ့သည် ဇန်နဝါရီလ ၃၀ ရက်ညနေပိုင်းက လုပ်ကြံ သတ်ဖြတ် ခံလိုက်ရသော မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အမှုနှင့် ပတ်သက်ပြီး အောက်ခြေတွင် ရှုပ်ထွေးမှုများ ရှိနေသည့်သဖြင့် ကော်မရှင်၏ ကွင်းဆင်းစစ်ဆေးမှု လုပ်ငန်းများကို ရပ်ဆိုင်းထားရသည်။

ထိုအကြောင်း အရာများနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေးအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သူ မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် ကို ဧရာဝတီ သတင်းထောက် မင်းအောင်ခိုင် က ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ မြောက်ဦး စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဆိုင်းငံထားရတယ်တယ်ဆိုပြီး ကြားပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေကို သိချင်ပါတယ်။

ဖြေ ။ ။ ဆိုင်းငံ့ထားတယ်ဆိုတာက ဒီလိုပါ မြေပြင်ကွင်းဆင်း စိစစ်ဖို့ အခြေအနေကို ဆိုင်းထားပါတယ်။ သို့သော်လည်း ကျနော်တို့ လွှတ်တော်ထဲမှာတော့ ရုံးထိုင်ပြီးတော့ လုပ်နေပါတယ်။ စုံစမ်းစစ်ဆေးမယ့်ကိစ္စနဲ့ ပတ်သက်လို့ ဥပဒေ၊ နည်းဥပဒေနဲ့ ဘောင်ဝင်အောင် ကော်မရှင် အနေနဲ့ ဘယ်ပုဂ္ဂိုလ်တွေကို စိစစ်ရမလဲ၊ အဲဒီလိုစိစစ်တဲ့ အခါမှာ ဥပဒေနဲ့ ဘောင်ဝင်အောင် ဘယ်လို မေးခွန်းမျိုးတွေကို မေးမြန်းမလဲ ဆိုတာတွေကို လွှတ်တော် ဥပဒေအကြံပေးအဖွဲ့ဝင်တွေနဲ့ တိုင်းပင်ဆွေးနွေးပြီး လုပ်ကိုင်ဆောင်ရွက်နေပါတယ်။

မေး ။ ။ ဆိုုင်းငံ့ထားရတဲ့ အကြောင်းအရင်းက ဘာများဖြစ်မလဲ။

ဖြေ ။ ။ စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့ထားတဲ့ အကြောင်းရင်း ကတော့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် သေဆုံခြင်းကိစ္စမှာ ပြည်သူတချို့ကို ဖမ်းလိုက်၊ ဆီးလိုက်၊ စုံစမ်းလိုက်၊ မေးမြန်းလိုက် အဲဒါမျိုးတွေ ဖြစ်နေတယ်။ ပြည်သူတွေ စိတ်နှလုံး မကြည်မလင်ဖြစ်နေတယ်။

ပြည်သူတွေ စိတ်မချမ်းမသာဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့ လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ဖို့ အဲဒီနေရာကို မသွားချင်ဘူး။ အဲဒီကိစ္စတွေ တည်ငြိမ်စပြုတဲ့ အချိန်လောက်မှပဲ ကျနော်တို့ ကွင်းဆင်းဖို့ ရည်မှန်းထားပါတယ်။ ကျနော်တို့ ကော်မရှင်အနေနဲ့ကတော့ မြေပြင်ကို ကွင်းဆင်းပြီး မစစ်ဆေးလို့ မရဘူး။ ကွင်းဆင်းစစ်ဆေးမှုကိုတော့ လုပ်ကိုလုပ်မယ်။

မေး ။ ။ ကွင်းဆင်းတဲ့အခါမှာ ဘယ်လိုကိစ္စတွေကို အဓိကထား စုံစမ်းသွားမလဲ။

ဖြေ ။ ။ ပြည်ထဲရေးဌာန အောက်မှာရှိတဲ့ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ၊ ခရိုင်စီမံခန့်ခွဲရေး ကော်မတီ၊ အဓိကရုဏ်းကို နှိမ်နင်းတဲ့ အခါမှာ ၁၉၅၆ ခုနှစ် အဓိကရုဏ်းနှိမ်နင်းမှု ဥပဒေနဲ့ အညီ ဖြေရှင်းခဲ့တာ ရှိခဲ့သလားဆိုတာ ပြည်သူ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ကျနော်တို့ စုံစမ်းမေးမြန်းသွားဖို့ အစီအစဉ်တွေ ရှိပါတယ်။

ကျနော်တို့ မြေပြင်ကို ကွင်းဆင်း မေးမြန်းရမှာတွေ ရှိသလို တချို့အကြောင်း အရာတွေ ကျတော့လည်း လွှတ်တော်ရုံးကို ခေါ်ယူပြီး မေးမြန်းရမှာတွေ ရှိပါတယ်။

မေး ။ ။ ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိလာနိုင်လဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ဦးတည်တဲ့ အတွက်ကြောင့်မို့ အခက်အခဲ အနှောင့် အယှက်တွေ ရှိမယ်လို့တော့ မထင်ဘူး။ ကိုယ့်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အဓိကထား ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ဌာနဆိုင်ရာအဖွဲ့ အစည်းတွေ အနေနဲ့လည်း ကျနော်တို့နဲ့ ပါဝင်ပူးပေါင်းဖို့ လိုပါတယ်။

ကျနော်တို့က လွှတ်တော်မှာတရားဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ပြည်နယ်အဆင့် အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ အဲဒါကြောင့် ဌာနဆိုင်ရာတွေ အနေနဲ့လည်း ကျနော်တို့နဲ့ ပူးပေါင်း ပါဝင်စေချင်ပါတယ်။

မေး ။ ။ ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုကို ဘယ်အချိန်မှာ စတင်ပြီး အပြီးသတ် အစီရင်ခံစာကို နောက်ဆုံး ဘယ်အချိန်လောက် လွှတ်တော်ကို တင်ပြရမှာပါလဲ။

ဖြေ ။ ။ ကျနော်တို့ ကော်မရှင်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ငန်းကို စတင်စစ်ဆေးဖို့ ကတော့ ဖေဖော်ဝါရီ ၃ ရက်နေ့ကို ရည်ရွယ်ခဲ့ပါတယ်။ ကော်မရှင်ရဲ့ အဆုံးသတ် အစီရင်ခံစာကိုတော့ လုပ်ငန်း ပြီးဆုံးသည့်နေ့ အထိ အကန့်အသတ် မရှိဘူး။ ကျနော်တို့က အခြေအနေ အချိန်အခါအရ ကော်မရှင်ရဲ့ လုပ်ငန်း သက်တမ်းတွေကို ထပ်တိုးရင်လည်း တိုးသွားမယ်။

မေး ။ ။ တိမ်ညိုရွာက အဖမ်းခံနေရတဲ့ ပြည်သူတချို့နဲ့ ပတ်သတ်ပြီး ပြည်ထဲရေးက ထုတ်ပြန်လိုက်တဲ့ အခါ AA နဲ့ ဆက်စပ်နေပြီး သေဆုံးသွားတဲ့ ဦးဘိုဘိုမင်းသိုက် အမှုနဲ့ ပတ်သက် နေသလို မူးယစ်ဆေးဝါး ရောင်းဝယ်မှု လုပ်တယ်ဆိုပြီး ဖော်ပြထားတာ တွေ့ပါတယ်။ အဲဒီအပေါ် ဘယ်လိုသုံးသပ်မိပါလဲ ။

ဖြေ ။ ။ အဲဒီကိစ္စ အပေါ်မှာတော့ ကျနော် သုံးသပ်ချက် မပေးချင်သေးဘူး။ အခြေအနေက အတိမ်း အစောင်းလေးတွေ ရှိနေသေးတော့ အဲဒီအပေါ်မှာ ကျနော့်အနေနဲ့ မသုံးသပ်ချင်သေးဘူး။

မေး ။ ။ အခုဆိုရင် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှာ ရွာသားတွေကို အာဏာပိုင်တွေ ဖမ်းဆီးနေတာတွေ ရှိတယ်လို့လည်း သိရပါတယ်။ ဘယ်လို အခြေအနေတွေ ဖြစ်ပေါ်နေပါလဲ။

ဖြေ ။ ။ အကျိုးဆက် အကြောင်းဆက် ကိုတော့ ကျနော်မသိဘူး ။ မြေပြင် အခြေအနေကိုတော့ ကျနော့်ကို ဖုန်းဆက် သတင်းပို့တာ တွေတော့ ရှိပါတယ်။ တိမ်ညိုကျေးရွာက ရွာသား ၆ ဦးကို ရဲတပ်ဖွဲ့က ခေါ်သွားတယ်။ မိန်းကလေး ၁ ယောက်ကိုလည်း ခေါ်သွားတယ်။ အားလုံးလူ ၇ ဦးကို ခေါ်သွားတယ်လို့ ပြောပါတယ်။ ဘာကြောင့် ခေါ်သွားတယ်။ အခုချိန်ထိ အိမ်ပြန်မရောက်ဘူး ဆိုပြီး ဖုန်းဆက် သတင်းပို့တာတွေတော့ ရှိတယ်။

သို့သော် အဲဒီကိစ္စတွေရဲ့ အကျိုးဆက်၊ အကြောင်းဆက် တွေကဘာတွေ ဆိုတာတော့ ကျနော်လည်း မသိဘူးလေ။ သူတို့မှာလည်း လုပ်ထုံး၊ လုပ်နည်း အတိုင်း လုပ်ကြတယ်ပေါ့။ သို့သော် ဥပဒေနဲ့ မညီ၊ တရားဥပဒေ ဘောင်ကျော်တဲ့ လူတွေကိုတော့ ဖမ်းရင်လည်းဖမ်း၊ ဆီးရင်းလည်းဆီးပါ။ တရားဥပဒေ အောက်မှာ တရားဥပဒေနဲ့ အညီနေထိုင်တဲ့ ပြည်သူတွေကိုတော့ သူတို့ ဥပဒေအရ စိစစ်ပြီးရင် ပြန်လွှတ်ပေးသင့်ပါတယ်။

မေး ။ ။ အခုဆိုရင် တိမ်ညိုကျေးရွာသားတွေ စိုးရိမ်ထိတ်လှန့်မှုတွေ ဖြစ်ပေါ်နေတယ် လို့လည်း သိရပါတယ်။ ဒေသခံ လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ ဘာတွေ ဆောင်ရွက် လုပ်ကိုင်သွားဖို့ ရှိလဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ တရားဥပဒေအရ စစ်ဆေးလာရင်တော့ အမှန်တရားတွေကို ပြောလိုက်ပါ။ ကိုယ့်ဘက် က မှန်နေရင်တော့ ဘာမှကြောက်နေစရာမလိုဘူး။ မစိုးရိမ်နဲ့ ဥပဒေဘောင် မကျော်ရင် ပြည်သူတယောက် အနေနဲ့ ဘာမှ ကြောင့်ကြစရာ မလိုဘူး။ အပြစ်မရှိရင် မကြောက်ကြပါနဲ့။ အခု လောလောဆယ်တော့ ပြဿနာတွေက မီးတောက်နေကြသေးတဲ့ အတွက် ပြဿနာမီးတွေ နည်းနည်း တည်ငြိမ်တာနဲ့ ကျနော်တို့ ဝင်ရောက် ရှင်းလင်းပေးမယ် လို့ ပြောထားပါတယ်။

Loading