၁၉၄၇ ခုနှစ်က ရှမ်းပြည်နယ် တောင်ပိုင်းရှိ ပင်လုံမြို့လေးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ တိုင်းရင်းသား ခေါင်းဆောင်ကြီး များက တောင်တန်း၊ ပြည်မ လွတ်လပ်ရေး အတူတကွ ယူကြရန် “ပင်လုံစာချုပ်” ချုပ်ဆိုခဲ့ကြသည်။ ထို ပင်လုံစာချုပ် ချုပ်ဆို ခဲ့သော ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် “ပြည်ထောင်စုနေ့” အဖြစ် သမိုင်းဝင် နေ့ရက် ဖြစ်ခဲ့သည်။
ယခုဆိုလျှင် “ပြည်ထောင်စုနေ့” သည် ၇၁ နှစ်ပြည့်မြောက်လာခဲ့ပြီ ဖြစ်သည်။ တိုင်းရင်းသားများကတော့ လွတ်လပ်ရေးကို အတူရယူနိုင်ခဲ့ကြသော်လည်း အနှစ်သာရ ပြည့်ဝသည့် ပြည်ထောင်စု ကိုတော့ မရရှိကြသေးဟု ဆိုကြသည်။
ထို့ကြောင့် သမိုင်းဝင် “ပြည်ထောင်စုနေ့” နှင့်ပတ်သက်ပြီး နိုင်ငံရေး နယ်ပယ်တွင် ရှိနေသည့် တိုင်းရင်းသားများကို ဧရာဝတီ အကြီးတန်း သတင်းထောက်များ ဖြစ်သည့် နန်းလွင်နှင်းပွင့်နှင့် ချစ်မင်းထွန်းတို့က ဆက်သွယ်မေးမြန်းထားသည်။
ဗိုလ်မှူးကြီး စိုင်းငင်း အတွင်းရေးမှူး – ၃
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)
တိုင်းရင်းသား အားလုံး မျှော်မှန်းတဲ့ ပြည်ထောင်စုနေ့ ရောက်ဖို့ဆိုတာ အများကြီး လိုပါသေးတယ်။ လုပ်ဆောင် စရာတွေ အများကြီး လိုပါသေးတယ်။ အလှမ်းဝေးပါသေးတယ်။ ပြည်ထောင်စုနေ့ ဆိုတာ ပြည်ထောင်စုနေ့ရဲ့ မြစ်ဖျားခံရာဖြစ်တဲ့ ပင်လုံစာချုပ်ကို ကျနော်တို့ ပြန်လေ့လာဖို့လိုတယ်။ အဲဒီပင်လုံ စာချုပ်မှာပါတဲ့ အချက်တွေနဲ့ပဲ ဒီပြည်ထောင်စုနေ့ ဖြစ်မဖြစ်ဆိုတာ တိုင်းတာရမှာဖြစ်တယ်။
ပင်လုံစာချုပ်မှာ အရေးကြီးတဲ့ အပိုင်း ၃ ပိုင်းရှိတယ်လို့ မြင်တယ်။ တပိုင်းကတော့ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိရမယ်။ ပြည်နယ်တွေရဲ့အုပ်ချုပ်ရေးတွေကို ဝင်မစွက်ဖက်ရဘူးလို့ ပါပါတယ်။
နောက်တချက်ကလည်း အဲပင်လုံစာချုပ်မှာ ဒီမိုကရေစီ အခွင့်အရေး အပြည့်အဝ ခံစားခွင့် ရှိစေရမယ်လို့ ပါပါတယ်။ နောက်တချက်ကတော့ ပြည်နယ်တွေမှာ ဘဏ္ဍာရေးပေါ့ ငွေရေး ကြေးရေးတွေမှာ လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ရှိရမယ်လို့ ပါပါတယ်။
ဒါကြောင့်မလို့ ခုန ပြောတဲ့ အချက် ၃ ချက်နဲ့ ပြန်ပြီး ကျနော်တို့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြည်ထောင်စုနေ့ ဖြစ်ဖို့ဆိုတာ အများကြီး လိုပါသေးတယ်။ အလှမ်းဝေး နေပါသေးတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတဲ့ နေရာမှာ ဖက်ဒရယ်ရဲ့ အခြေခံဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပြည်နယ် ဖွဲ့စည်းပုံရှိရမယ်ဆိုတာ အရေးကြီးတဲ့ အချက်တွေ ဖြစ်ပါတယ်။ အခု ဒါတွေက မရှိသေးဘူး။
နောက်တချက်ကလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ အာဏာခွဲဝေမှုကလည်း အတိအကျ ရှိရမှာ ဖြစ်တယ်။ ပြည်ထောင်စုအစိုးရက ဘယ်အာဏာကို ယူမလဲ၊ ပြည်နယ်က ဘယ်အာဏာကို ယူမလဲ၊ စသဖြင့် တိတိကျကျ ရေးဆွဲပြဌာန်းထားတဲ့ အခင်းအကျင်းလေးတွေ၊ ဥပဒေလေးတွေ ရှိရမှာ ဖြစ်ပါတယ်။
လက်ရှိ အခင်းအကျင်းအရ အာဏာ အရပ်ရပ်ကို ပြည်ထောင်စုအစိုးရကပဲ ချုပ်ကိုင်ထားတာ။ ပြည်နယ် အစိုးရက လုပ်ပိုင်ခွင့် သိပ်မရှိဘူးလို့ မြင်တယ်။ နောက်တခုက နေရာတိုင်းမှာ လူမျိုး တမျိုးကပဲ ကြီးစိုး လွှမ်းမိုးတဲ့ အုပ်ချုပ်မှုစနစ်က ရှိနေတယ်လို့ သုံးသပ်မိတယ်။
အနှစ်သာရ ပြည့်ဝတဲ့ ပြည်ထောင်စုနေ့ ဖြစ်ဖို့ဆိုတာ ကျနော်တို့ မြင်တာကတော့ NCA လမ်းကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးမှ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို တည်ဆောက်နိုင်မှပဲ တိုင်းရင်းသားအားလုံး၊ နိုင်ငံသား အားလုံး မျှော်မှန်းတဲ့ ပြည် ထောင်စုနေ့ကို ရရှိမှာ ဖြစ်ပါတယ်လို့ ကျနော် ပြောချင်ပါတယ်။
ပင်လုံ စိတ်ဓာတ်၊ ပင်လုံ ကတိကဝတ်နဲ့ ပင်လုံ စာချုပ်တို့ကို အစိုးရအဆက်ဆက်က နေပြီးတော့ အပြည့်အ ဝ အကောင် အထည် ဖော်ဆောင်နိုင်ခြင်းမရှိသေးတဲ့ အချက်လည်း ပါဝင်တာပေါ့။
ဒေါက်တာ မနာမ်တူးဂျာ ဥက္ကဋ္ဌ
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP)
ပြည်ထောင်စုနေ့ကတော့ အင်မတန်အရေးကြီးတဲ့ နေ့တရက်ပါ။ လွတ်လပ်ရေးနေ့ပြီးရင် ပြည်ထောင်စုနေ့ပေါ့။ လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့က အမွှာပေါ့။ လွတ်လပ်ရေးက ရသာရတယ်။ တိုင်းရင်းသားတွေက လွတ်လပ်ရေး အရသာကို ကောင်းကောင်း မခံစားရဘူး။ မလွတ်မလပ် ဖြစ်နေသေးတယ်။ အလားတူပဲ ပြည်ထောင်စုနေ့ ဆိုတာက ပြည်ထောင်စု ဆိုရင် အားလုံးတန်းတူအခွင့်အရေးတွေနဲ့ စုပေါင်းပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ရမှာကိုး။ စုပေါင်းတဲ့ဟာကို ပြည်နယ်တွေ စုပေါင်းပြီးတည်ထောင်လိုက်တဲ့ နိုင်ငံ က ပြည်ထောင်စုကိုး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ် အနေနေနဲ့ လည်း အားလုံးတန်းတူ အခွင့်အရေးရပြီး စီးပွားရေးအရ လုံခြုံရေးအရ အားလုံးအာမခံချက် ရှိတဲ့ အားလုံးအကျိုးတူခံစားနိုင်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို ဖက်ဒရယ်ပုံစံနဲ့ တည်ဆောက်ဖို့ ဆိုပြီးပင်လုံစာချုပ် ချုပ်တဲ့ အခါမှာလည်း ထည့်သွင်း လာကြတာကိုး။
ဒါ့ကြောင့် တိုင်းရင်းသားတွေက လက်ခံခဲ့ကြတယ်။ လက်ခံခဲ့ကြပေမယ့် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးတဲ့ နောက် ၁၉၄၇ ခုနှစ် အခြေခံဥပဒေကြောင့် ပြည်ထောင်စုဆိုတာ နာမည် လောက်ပဲ ဖြစ်သွားတာ။ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စု မဟုတ် တော့ဘူူး။ တပြည်ထောင်စု ဖြစ်သွားတယ်။ အဲ့တာကြောင့် အာဏာခွဲဝေရေးလည်းမမျှတဘူး။ ဗဟိုချုပ်ကိုင်မှုတွေနဲ့ပဲ ပြည်နယ်တွေကို အုပ်ချုပ်တယ်။ ပြည်နယ်က တိုင်းရင်းသားတွေကိုလည်း အာဏာခွဲဝေရေးလည်း မပေးဘူး။ အာဏာခွဲဝေရေးလည်း မရှိဘူး။ သယံဇာတခွဲဝေရေးလည်း မရှိဘူး။ အားလုံးဗဟိုက လွှမ်းမိုးထားတဲ့ တပြည်ထောင်စု ဖြစ်တော့ ပြည်တွင်းစစ် ဆိုတာပေါ်လာတယ်။
အခုလည်းပဲ ပြည်ထောင်စုကို လေးစားပါတယ်။ မြတ်နိုးပါတယ်။ တိုင်းရင်းသားတွေက ခွဲထွက်ရေးကို ဘယ်သူကမှ မစဉ်းစားပါဘူး။ အားလုံး ပြည်ထောင်စု အတွင်းမှာ နေကြဖို့ပါပဲ။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးကို တိုင်းရင်းသားတွေက ဦးတည်နေတာ မျှော်မှန်းနေတာ ဖြစ်တယ်။
ဒါ့ကြောင့် ခုချိန်ခါမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးဆိုတာအကောင်အထည်တော့ စဖော် နေပြီပေါ့။ ပင်လုံညီလာခံဆိုတာလည်း ရှိနေပြီ။ ဆိုတော့ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ရှိနေသေးတာ တခုကတော့ အနှောင့်အယှက် အဟန့်အတားတော့ ဖြစ်တာပေါ့။ ဘာပဲပြောပြော နိုင်ငံရေးပြဿနာကို စားပွဲပေါ်မှာ ဖြေရှင်းမယ်ဆိုတာ ကတော့ ရုပ်လုံးကတော့ နည်းနည်း ပေါ်လာပြီပေါ့။
အခုကျနော်တို့ ပြည်ထောင်စုနေ့မှာ အားလုံးကစစ်မှန်တဲ့ ပြည်ထောင်စုကို ဝိုင်းဝန်း သံဓိဌာန်ချပြီးတော့မှ ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်တွေကို ပယ်ဖျက်ပြီးတော့မှ အားလုံးရိုးသားဖြောင့်မတ်စွာ စေတနာ ကောင်းကောင်းနဲ့ ပြုပြင် ပြောင်းလဲရေး စိတ်ဓါတ် အပြည့်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ မနက်ဖြန်မှာ အားလုံး ဝိုင်းဝန်းပြီး ဆန္ဒရှိကြဖို့ စိတ်ပိုင်းဖြတ်ပြီး ဆက်လက် လုပ်ဆောင်သွားကြဖို့ လိုအပ်တယ်လို့ ကျနော် မြင်ပါတယ်။
မဟုတ်ရင်တော့ ပြည်ထောင်စုနေ့က တနှစ်ပြီး တနှစ်ဖြတ်သန်းသွားတာပေါ့။ ဒါပေမယ့် ပြည်ထောင်စုနေ့တွေက အဓိပ္ပာယ်မဲ့တဲ့ ပြည်ထောင်စု နေ့တွေ ဖြစ်နေမယ်။ ပြည်ထောင်စုရဲ့ အနှစ်သာရမခံစားရတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုမဟုတ်တာ ဖြစ်တော့ ပြည်တွင်းစစ် ကလည်း ဆက်ရှိနေမယ်။ ငြိမ်းချမ်းရေးကလည်း မရဘူး။ ဒါ့ကြောင့် မနက်ဖြန်ကျရောက်မယ့် ပြည်ထောင်စုနေ့ကိုတော့ ကျနော်က အလေးထားပါတယ်။ မျှော်လင့်ပါတယ်။ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စုနေ့ကို ဦးတည်သွားတဲ့ ရက်တရက် ဖြစ်ပါစေလို့ မျှော်လင့်ဆန္ဒပြုပါတယ်။
ဦးခွန်မြင့်ထွန်း ဒုဥက္ကဌ၊
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)
အရင်ကထက်စာရင် ပြည်ထောင်စုနေ့ ကျင်းပတဲ့ အခါမှာ အသွင်သဏ္ဍန်အရတော့ ပိုပြီးပြည့်စုံလာတယ်။ ပိုပြီးကောင်းလာ နိုင်တယ်လို့ မြင်ပါတယ်။ နိုင်ငံရေး အနှစ်သာရကတော့ လက်ရှိ ရရှိထားတဲ့ ညီညွတ်ရေးတွေကနေပြီးတော့မှ ပိုပြီးတော့ အနှစ်သာရ ပြည့်စုံလာအောင်တော့ လုပ်ဖို့လိုပါတယ်။
တခုပဲရှိတာ အထူးအားဖြင့်တော့ ကျနော်တို့ တိုင်းပြည်မှာ အမျိုးသားညီညွတ်ရေး တနည်းအားဖြင့် ပြောရရင်တော့ ကျနေ်ာတို့ရဲ့ ပြည်ထောင်စု ညီညွတ်ရေးနဲ့ အတူတကွပေါ့လေ။ အတူတကွ အေးအေး ချမ်းချမ်း အတူယှဉ် တွဲနေထိုင်နိုင်ရေး အဲဒါက ပြည်ထောင်စုရဲ့ အဓိက အနှစ်သာရဖြစ်ပါတယ်။
အဲတော့ အဓိကအားဖြင့်တော့ ဒီနေ့ ကျနော်တို့ တိုင်းပြည်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေး တနည်းအားဖြင့် ကျနော်တို့ ပြည်ထောင်စု ညီညွတ်ရေးကို အမှန်တကယ် ရယူနိုင်ဖို့လိုတယ်။ ပြီးရင် မတူကြတဲ့ လူတွေကြားမှာပေါ့လေ။ အတူတကွ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်အောင် ကြိုးစားဖို့ အဓိကကျပါတယ်။
နောက်တခုက နိုင်ငံရေး စနစ်မှာ ပြည်ထောင်စုဆိုတာက နယ်မြေအပိုင်းအခြား တခုကိုပဲဆိုလိုတာ မဟုတ်ပဲနဲ့ တကယ့် ပြည်ထောင်စုစနစ် တရပ်ကိုတကယ့် အားကောင်းပြီးတော့ ရှင်ရှင်သန်သန် ထူထောင်နိုင်ဖို့ လိုတယ်လို့ မြင်ပါတယ်။
အဓိကတော့ ဒီနေ့ ဆွေးနွေးနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံလိုမျိုးမှာ ပြည်ထောင်စုညီလာခံတရပ်မှာ အကျေ အလည်တွေ ဆွေးနွေးမှုတွေ လုပ်ပြီးတော့မှ တကယ့် ပြည်ထောင်စု သဘောတူညီချက်တွေ ရဖို့ကအဓိက ဖြစ်ပါတယ်။ အခုလို ပြည်ထောင်စု သဘောတူညီချက်တွေ ရယူတဲ့ အခါမှာလည်းပဲ။ ကျနော်တို့ အားလုံးအကျေအလည် ညှိနှိုင်းမှုတွေနဲ့ ရယူနိုင်ဖို့ လိုပါတယ်။
နောက်တခုက ကျနော်တို့ တိုင်းပြည်မှာအထွေထွေအကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရတယ်။ ဒီအခြေအနေဆိုးတွေကို ကိုယ်အတွက် ညီညွတ်စေအောင် အားဖြစ်စေအောင် စုစည်းနိုင်ဖို့လိုတယ်။ မဟုတ်ပဲနဲ့ ကျနော်တို့ တယောက်နဲ့ တယောက် အချင်းချင်းကြားမှာပဲ ကွက်ကွက်လေးနေပြီးတော့ အပြန်အလှန် တိုက်ပွဲတွေနဲ့ကတော့ ငြိမ်းချမ်းရေးလည်း မရနိုင်သလို ပြည်ထောင်စု ညီညွတ်ရေးလည်း မဖြစ်နိုင်ဘူး။ ပြည်ထောင်စုလည်း မထူထောင်နိုင်ဘူး။
စိုင်းကျော်ညွှန့် တွဲဖက်အတွင်းရေးမှူး – ၂
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ -(SNLD)
ပြည်ထောင်စုနေ့ဆိုတာ ဖြစ်လာတာက ၁၉၄၇ ပင်လုံစာချုပ်ကြောင့် ဖြစ်လာတာလေ။ ဒါပေမယ့် ပင်လုံစာချုပ်အရက ကျနော်တို့ လွတ်လပ်ရေးတော့ ရခဲ့ပြီ။ ဒါပေမယ့် ပင်လုံစာချုပ်ရဲ့ အနှစ်သာရဖြစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အခုထိ မတည်ဆောက် နိုင်သေးဘူး။ ဒါပေမယ့် ကျနော်တို့က ပြည်ထောင်စုနေ့ဆိုတဲ့ ပုံစံနဲ့ ကျင်းပနေတာရှိပေမယ့် တကယ့်စစ်မှန်တဲ့ ပြည်ထောင်စု စစ်စစ်ဘဝကို ကျနော်တို့ နိုင်ငံက မရောက်သေးဘူး။ အဲ့တော့ ဒီပင်လုံစာချုပ်နဲ့ အတူကျနော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင် ဖြစ်တဲ့ တကယ့်ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်ဖို့အတွက် အချိန်ကျရောက်ပါပြီလို့ ပြောချင်ပါတယ်။
ကျနော်တို့ ဖက်ဒရယ်ကို သွားမယ်ဆိုရင် စဉ်းစားတဲ့ အခြေခံစဉ်းစားချက်ကိုက ဖက်ဒရယ်စိတ်ဓါတ်နဲ့ စဉ်းစားရမှာ ဖြစ်တယ်။ အခု ဖြစ်နေတာက ကိုယ်လုပ်တဲ့ဟာကိုပဲ ကောင်းတယ် ဖြစ်ပြီး ကိုယ့်လူမျိုး၊ ကိုယ့်အဖွဲ့အစည်းပဲ ကောင်းတယ် ဖြစ်ပြီးတော့ တခြားလူမျိုး၊ တခြားအဖွဲ့အစည်းတွေရဲ့ ပုံရိပ်တွေ လူမျိုးသင်္ကေတတွေက အစဖျောက်ဖျက်ချင်တဲ့ ပုံစံ ဖြစ်နေတယ်ဆိုတော့ ဒီလိုမျိုးစဉ်းစားချက်က ကျနော်တို့ ဖက်ဒရယ် စဉ်းစားချက်နဲ့ အရမ်းဝေးပါတယ်။
ပဒိုမန်းငြိမ်းမောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
ကရင်အမျိုးသားအစည်းအရုံး(KNU)
ပြည်ထောင်စုနေ့က လုပ်လာတာ အခု နှစ် ၇၁ ရှိပြီ။ အခု ကျနော်တို့ တိုင်းပြည်ဟာ တကယ် စစ်မှန်တဲ့ ပြည်ထောင်စုကို မတည်ဆောက်နိုင်လို့ ပဋိပက္ခ နွံထဲမှာ နစ်နေတဲ့ တိုင်းပြည် ဖြစ်နေတယ်။
တကယ် စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်တယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ဟာ ပြည်တွင်း စစ်ဖြစ်စရာလည်း အကြောင်းမရှိဘူး။ လူမျိုးရေး မုန်းတီးမှုတွေ၊ လူမျိုးရေး သွေးကွဲမှုတွေ၊ ဒါတွေ ရှိစရာ အကြောင်း မရှိဘူး။ စစ်မှန်တဲ့ ပြည်ထောင်စု ဆိုတာ တိုင်းရင်းသားတိုင်း၊ တိုင်းရင်းသားတိုင်းက ကြိုးစားတိုင်း ဗမာအမျိုးသားတွေ အပါအဝင်ပေါ့နော်။
ကျနော်တို့ တိုင်းပြည်မှာ နေကြတဲ့ တိုင်းသူ ပြည်သား အားလုံးက အခွင့်အရေး သာတူညီမျှနဲ့ တဦးပေါ် တဦး ဖက်ဒရယ်ဖြစ်ဖို့ သွားတဲ့ စည်းလုံး ညီညွတ်တဲ့ တိုင်းပြည် တပြည် တည်ဆောက်နိုင်မှသာလျှင် ပြည်ထောင်စုလို့ ခေါ်တယ်။ အခုက မီးခိုးငွေ့ တလူလူ ယမ်းငွေ့က တလူလူနဲ့ ဖြစ်နေတာ ဒါပြည်ထောင်စုမှ မဟုတ်တာ။ စစ်မှန်တဲ့ ပြည်ထောင်စုဆိုရင် ဒါတွေ ဘယ်ရှိမလဲဗျ။
အခု ကျနော်တို့ စပြီးတော့ တည်နေတယ်။ စပြီးတော့ တည်နေတာတောင်မှ တပ်မတော်ဘက်က အမြင် တမျိုး၊ အစိုးရဘက်က အမြင်တမျိုး၊ ကျနော်တို့ တိုင်းရင်းသား အမြင်က တမျိုး။ နိုင်ငံအပေါ်မှာ ချဉ်းကပ်ပုံ က မတူကြဘူး။ ဟိုတုန်းကဆိုရင် နှစ်ပေါင်း ၆၀ လောက်က ဖက်ဒရယ်ဆိုတာ တိုင်းပြည် ပြိုကွဲ ပျက်စီးပြီးတော့ ဘေးဒုက္ခ အန္တရာယ်ရောက်မယ့် တခုလို့ ခံယူထားတဲ့ တိုင်းပြည်ကနေ အခု ဖက်ဒရယ်နဲ့ သွားရမယ် ဆိုတဲ့ အသိကို တက်လှမ်းတဲ့ အစပဲ ရှိသေးတယ်။
ယုံကြည်မှု တည်ဆောက်ဆိုလို့ရှိရင် ဗမာတွေကလည်း ကျနော်တို့ တိုင်းရင်းသားတွေကို ယုံဖို့လိုတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ ကလည်း ဗမာကို ယုံဖို့လိုတယ်။ ကျနော်တို့တိုင်းပြည်က ယုံကြည်မှု ပျောက်ဆုံးနေတဲ့ တိုင်းပြည်၊ စည်းလုံး ညီညွတ်မှု ပြိုကွဲနေတဲ့ တိုင်းပြည်မှာ အခုမှ စတည်မလို့ လုပ်တုန်း ရှိသေး တယ်။ အဲတော့ ကျနော်တို့က ဒီပြည်ထောင်စုက အဆောင်အယောင် ပြည်ထောင်စုပဲပေါ့ဗျာ။ ပြောလို့ ဆိုလို့ ကြားလို့ ကောင်းတဲ့ ပြည်ထောင်စုပါပဲ။ ဘာမှ အနှစ်သာရ ရှိတဲ့ ပြည်ထောင်စုမဟုတ်ပါဘူး။
ဆလိုင်းထလာဟေး အထွေထွေအတွင်းရေးမှူး
ချင်းအမျိုးသားတပ်ဦး(CNF)
ကျနော်တို့ တိုင်းရင်းသားအားလုံးက လိုလားတဲ့ ပြည်ထောင်စုနေ့မျိုး မဖြစ်သေးပါဘူး။ နိုင်ငံရေးဆွေးနွေးပွဲတွေကလည်း ကျနော်တို့ အဖြေမရသေးပါဘူး။ ဆက်လက် ကြိုးစားနေတုန်းပဲ။
ကျနော်တို့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အနေနဲ့ ကတော့ NCA အတိုင်းပဲ တွေ့ဆုံဆွေးနွေးပွဲတွေ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပြီးတော့ မြန်မြန်လေး လုပ်သွားပြီး ကျင်းပဖို့ လိုအပ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆက်လုပ်လို့ ရတယ်။ လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုပါတယ်။ မဟုတ်ရင် တော်တော် ခက်သွားမယ်။ ကျနော်တို့ တိုင်းရင်းသားတွေ ရချင်တဲ့ အဖြေရအောင် ဝိုင်းဝန်း ကြိုးစားဖို့ လိုအပ်ပါတယ်။
ဦးကွမ်ဂေါင်အောင်ခမ်း ဥက္ကဋ္ဌ
ကချင်ဒီမိုကရက်တစ်ပါတီ(KDP)
ပြည်ထောင်စုကို တည်ဆောက်တဲ့ နေရာမှာ ကျနော်တို့ ကချင်တွေလည်း ပါဝင် တည်ဆောက်ခဲ့တယ်။ တန်းတူရည်တူ ဖြစ်တဲ့ ပြည်ထောင်စု စစ်စစ်ကို ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးတဲ့ နောက် နှစ်ပေါင်း ၇၀ ကျော် ကြာပါပြီ။ ကျနော်တို့ ကချင်အပါအဝင် တခြားတိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် ဘာမှ မရှိဘူး။ လူမျိုးကြီးဝါဒ အနေနဲ့ပဲ ဗမာတွေက ဆက်လက် ချုပ်ကိုင်နေပါတယ်။ ဒါ့ကြောင့် တရားမျှတတဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်ဖို့ ဆိုတာ အကုန်လုံး လက်တွဲပြီးမှ အတူတကွ ဆောင်ရွက်မှ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာမှာပါ။
လွန်ခဲ့တဲ့ အချိန် ကြံ့ခိုင်ဖွံ့ဖြိုးရေးလက်ထက်မှာတော့ ဘာဖြစ်ဖြစ် ပွင့်လင်းမြင်သာမှု အတိုင်းအတာ တခုထိရှိခဲ့တယ်။ ဒါပေမယ့် အခု NLD အစိုးရအနေနဲ့ ဒီဟာကိုဘာမှ အကောင်အထည် ဖော်ခြင်းမရှိဘူး။ ပွင့်လင်း မြင်သာမှုလည်းမရှိဘူး။ အထူးသဖြင့် စစ်တပ်ကိုလည်း ဘာမှ ထိန်းချုပ်နိုင်စွမ်း မရှိဘူး။ ဒါ့ကြောင့် စစ်တပ်တွေက သူတို့ လုပ်ချင်တိုင်းလုပ်ပြီး ဗိုလ်ကျနေတယ်။ ဒါ့ကြောင့် အခုလက်ရှိ အခြေအနေမှာကျနော်တို့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတာကတော့ အဲဒီအပိုင်း ဖြစ်ပါတယ်။
အခု ပြည်ထောင်စု တည်ဆောက်တဲ့ နေရာမှာလွန်ခဲ့တဲ့ နေဝင်းအစိုးရ လက်ထက် ကတည်းက အခုလက်ရှိ အခြေအနေထိ ဟန်ပြ တိုင်းရင်းသား ဝတ်စုံဝတ်တဲ့ ဖော်ရှိုးအဆင့်ပဲရှိပါတယ်။ ဟန်ပြလုပ်ကွက်တွေပဲ ရှိပါတယ်။ အဓိက ကတော့ စိတ်ဆန္ဒရှိဖို့ လိုပါတယ်။ တန်းတူရည်တူ ဆန္ဒတွေ ရှိဖို့ လိုတယ်။ တိုင်းရင်းသားတွေ အကုန်လုံး ညီအကို စိတ်ဓါတ်နဲ့ တည်ဆောက်မှ ဖြစ်လာမှာ။ အခုက ရုပ်ပြပုံစံမျိုးနဲ့ပဲ သွားနေတော့ အနာဂတ် အတွက်တော့ မကောင်းလှပါဘူး။
အခုလက်ရှိ NLD အစိုးရကို တာဝန်ယူနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်းနဲ့ပဲ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ပါတီပဲ ဖြစ်ဖြစ် အကုန်လုံး ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးပြီးမှ အနာဂတ် ပြည်ထောင်စုတည်ဆောက်ဖို့ စိတ်ဆန္ဒရှိဖို့ လိုပါတယ်ဆိုတာကို တင်ပြလိုပါတယ်။