ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည် ဖော်ရေး ကော်မတီ အတွက် အကြံပေး အဖွဲ့ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခန့်အပ်ခြင်း ခံရသူ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့်ဆူရာကီရတ် ဆတ်သီရာထိုင်းအား သူ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး Bangkok Post မှ နာတာရာ ချက်ချိုတီရို့စ် နှင့်ဆွေးနွေးထားသည်။
မေး ။ ။ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပေမယ့် အကြံပေးဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ဖို့ ဘာကြောင့် သဘောတူခဲ့တာလဲ။
ဖြေ ။ ။ လွန်ခဲ့နှစ် သြဂုတ်လ ၉ ရက်နေ့မှာ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေး ကောင်စီ (Asian Peace and Reconciliation Council – APRC) ဥက္ကဋ္ဌ အနေနဲ့ ကျနော် ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ဆုံခဲ့ပါတယ်။ ပထမ ကျနော်တို့ တောင်တရုတ်ပင်လယ် ပြဿနာကို ဆွေးနွေးကြပြီး နောက်တော့ အခုထိတောင် ပြဿနာတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှ ပြန်လည် သင့်မြတ်ရေး အကြောင်း ဆွေးနွေးကြတယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ခေါင်းဆောင်တဲ့ အကြံပေး ကော်မရှင် က ဝန်ကြီးအဆင့် အကြံပေး အဖွဲ့ဖွဲ့စည်းရေး အပါအဝင် အကြံပြုချက်တွေ ပါဝင်တဲ့ အစီရင်ခံစာကို အဲဒီတုန်းက တင်သွင်းတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက် ကို ဘယ်လို အကောင်အထည်ဖော်မယ် ဆိုတာ အကြံပေးဖို့ နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ မြန်မာ ထိပ်တန်း အရာရှိတွေ ပါဝင်တဲ့ အကြံပေးအဖွဲ့ တခုကို ခန့်အပ်ချင်တယ်။
ကိုဖီအာနန်ရဲ့ အကြံပေးအဖွဲ့က အကြံပြုချက် ၁၆ ချက်တင်ပြပြီး ပညာရေး၊ အာဆီယံနဲ့ ဘင်္ဂလား ဒေ့ရှ်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ဆောင်ရေးနဲ့ ရွှေ့ပြောင်း နေထိုင်သူတွေရဲ့ ကျန်းမာရေး တွေ ပါဝင်ပါတယ်။ မြန်မာအစိုးရကလည်း အကြံပေးချက်တွေကို လက်ခံပေမယ့် တပ်မတော်က လက်မခံဘူး။ ဒီ အကြံပြုချက်တွေကို ဘယ်လိုအကောင်အထည် ဖော်ရမလဲ၊ ပဋိပက္ခကို ဘယ်လို ပြေလျော့အောင် လုပ်ရမလဲ၊ နိုင်ငံတကာ အသိုင်းအဝန်းက ဘယ်လိုပါဝင်သင့်လဲ ဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည် က သိချင်တယ်။ ကျနော်တို့က အချက်အလက် ရှာဖွေရေး ကော်မတီ မဟုတ်ဘူး။
ကျနော့် အမြင်မှာတော့ ဒါက ငြိမ်းချမ်းရေး အားထုတ်မှုပါပဲ။ ကျနော့်ရဲ့ အချိန်တွေနဲ့ အတွေ့အကြုံ တွေကို ဒီမှာ သုံးရလို့ ကျေနပ်မိတယ်။ ဒါကြောင့် ဒီအလုပ်ကို လက်ခံပြီး စတင် လုပ်ကိုင်တယ်။ ကျနော်တို့ကို တနှစ် အခွင့်အာဏာ ပေးအပ်ထားပြီး နောက်တနှစ် သက်တမ်းတိုးချင်ရင် တိုးလို့ရ တယ်။ ပြဿနာ အားလုံးကိုတော့ ကျနော်တို့ ဖြေရှင်း မပေးနိုင်ဘူး။ ကိုဖီအာနန် အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်တွေကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာလောက်ပဲ အကြံပေးနိုင်မယ်။
အကြံပေးအဖွဲ့ အနေနဲ့ လွတ်လွတ်လပ်လပ် လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် က ခွင့်ပြုထားတယ်။ သူက ကျနော်တို့ အလုပ်မှာ ဝင်ရောက် စွက်ဖက်ခြင်း မရှိဘူး။ နိုင်ငံတက အသိုင်းအဝန်းကို ဘာမပြောနဲ့ ညာမပြောနဲ့ ဝင်ပြောတာ မရှိဘူး။ ကျနော်တို့က မြန်မာအစိုးရရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ အရေးအကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည် က အဖွဲ့ဝင် ၁၀ ယောက်လုံးကို လူကိုယ်တိုင် တွေ့ပြီး အကြံပေးအဖွဲ့မှာ ပါဖို့ ဖိတ်ခေါ်ခဲ့တာပါ။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုးသားပြီးတော့ ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းဖို့ ဆုံးဖြတ် ထားတယ်လို့ လက်ရှိ အချိန်အထိ ယုံကြည်နေသေးတယ် ပေါ့။
ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည် ဟာ ရိုးသားတယ်၊ ဆုံဖြတ်ချက် ပြတ်သားတယ်လို့ ကျနော်မြင် တယ်။ ဒါပေမယ့် သူ့မှာ အကန့်အသတ်တွေ ရှိနေတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ တပ်မတော် ရေးရာ တွေမှာ သူ့အနေနဲ့ ထိန်းချုပ်ခွင့် မရှိဘူး။ ပဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေဖြစ်ရင် သူ့မှာ ဘာလုပ် ပိုင်ခွင့်မှ မရှိတော့ဘူး။ ဘာအမိန့်မှ ပေးလို့ မရတော့ဘူး။ သူ့ အစိုးရက ကာကွယ်ရေးဝန်ကြီး၊ နယ်စပ် ရေးရာ ဝန်ကြီးနဲ့ ပြည်ထဲရေး ဝန်ကြီးတွေကို တပ်မတော်က ခန့်တာ။
ဒီပြဿနာကို ဖြေရှင်းဖို့ မြန်မာနိုင်ငံက ပါဝင်ပတ်သက်သူ အားလုံးနဲ့ လုပ်ဆောင်ဖို့ ဆုံးဖြတ်တာဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် ကောင်းတယ်။ သူက ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းဖို့ အစိုးရ အရာရှိတွေ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ လူမျိုးစုအုပ်စုတွေနဲ့ အတူ လုပ်ဆောင်ချင်နေပါတယ်။
သက်ဆိုင်တဲ့သူ တွေအားလုံးနဲ့ မလုပ်ကိုင်ဘူး ဆိုရင် ဒုံရင်း ဒုံရင်း ပြန်ရောက်သွားမှာပဲ။ ဒေါ်အောင် ဆန်းစုကြည် ဟာ ကျနော်တို့ အတွက် မျှော်လင့်ချက် အဖြစ်နဲ့ ဆက်လက် တည်ရှိနေပါသေးတယ်။ ဘယ်သူ မှန်တယ်၊ ဘယ်သူ မှားတယ်ဆိုတာတွေကို ကျနော် မပြောချင်ဘူး။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ မြန်မာအစိုးရ တို့ကြားမှာ ရခိုင်ဖြစ်ရပ် ဇာတ်လမ်းတွေနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ကွာဟမှုကြီး ရှိနေတယ်။
အကြံပေးအဖွဲ့က အဲဒီကွာဟမှုကို ကျဉ်းမြောင်း သွားအောင် လုပ်ပေးချင်တယ်။ ဒီလို လုပ်ဖို့ ဆိုရင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ နားလည်မှုနဲ့ ကုလသမဂ္ဂနဲ့ ဆွေးနွေးဖို့ လိုတယ်။
ဘယ်သူပြောတဲ့ ဇာတ်လမ်းက မှန်လဲ၊ မှားလဲ ကျနော်တို့ မဆုံးဖြတ်နိုင်ဘူး။ ကျနော်တို့ အာရုံစိုက်နေ တာက မြန်မာအစိုးရ၊ မြန်မာ့ တပ်မတော်နဲ့ အာဆီယံတို့ ပိုမို ဆက်ဆံသွားဖို့သာ ဖြစ်တယ်။
ရခိုင်ပြည်နယ်က ထိခိုက်တဲ့ နေရာတွေမှာ ပိုမိုကျယ်ပြန့်တဲ့ မီဒီယာ သွားရောက်ခွင့် အရေးပါကြောင်း ကျနော်တို့ အလေးထားပြီး အကြံဥဏ်တွေ ပေးနေတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေ အနေနဲ့လည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ် မလုပ်ဘဲ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ လိုကြောင်းလည်း ကျနော်တို့ အကြံပြုတယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် အတွက် စတင် လုပ်ကိုင်ပြီးနောက်ပိုင်းမှာ ရှင်ဟာ ပြောင်းလဲ သွားတယ်လို့ ထင်တဲ့ သူတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ဒါတွေကတော့ လူတွေရဲ့ အမြင်ပေါ်မှာပဲ တည်မှာပါ။ ကျနော့်အနေနဲ့ ဘာမှ မကောင်းတာ မခံစားရပါဘူး။ ကျနော်တို့ရဲ့ အတွေ့အကြုံကို ကောင်းတဲ့ လုပ်ငန်းမှာ အသုံးချနိုင်တယ်။ လူမြင် ကောင်းအောင် လုပ်နေတာ မဟုတ်ဘူး။ အသိအမှတ်ပြု ခံချင်တဲ့ စိတ်မျိုးလည်း မရှိဘူး။
တဆင့်တက်တဲ့ လှေခါးလည်း မလိုချင်ဘူး။ ဒီပဋိပက္ခကို တနှစ်အတွင်း ရှင်းလို့ မရဘူး။ ဒါပေမယ့် စိတ်ရှင်းရှင်းနဲ့ အလုပ် လုပ်ပြီး ကျနော်တို့ ပေးတဲ့ အကြံဉာဏ်တွေကို ယူတာ၊ မယူတာဟာ မြန်မာ အစိုးရရဲ့ တာဝန်သာ ဖြစ်ပါတယ်။
APRC က ရခိုင်ပြည်နယ်ကို အာရုံစိုက်နေစဉ်မှာ ကျနော်တို့က အခြားသော တိုင်းရင်းသားတွေနဲ့ လည်း တွေ့ဆုံတယ်။ အနောက်တိုင်း မီဒီယာတွေနဲ့ စကားပြောတယ်။ အနောက်နိုင်ငံ အများအပြားက သံတမန် အများအပြားနဲ့ ကျနော် တွေ့ဆုံ ဆွေးနွေးပြီးပြီ။ ဒီပြဿနာဟာ အရေး ကြီးပြီး နိုင်ငံတကာ အာရုံစူးစိုက်မှု ရနေကြောင်း ဒါတွေက ပြသနေတယ်။
ဖေဖော်ဝါရီလ ၆ ရက်နေ့က စင်္ကာပူမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကလည်း အကြံပေးအဖွဲ့ ထူထောင်ခြင်းကို ထောက်ခံခဲ့တယ်။ အာဆီယံ အနေနဲ့ ဒီပြဿနာမှာ ပိုမို ပါဝင်သင့်တယ် လို့လည်း ကိုဖီအာနန်က ယုံကြည်တယ်။
ကျနော်တို့တွေဟာ ပါဝင် ပတ်သက်သူတွေရော၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံပြီးပြီ။ ကျနော်တို့က စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးနဲ့လည်းတွေ့ချင်တယ်။ အာဆီယံက လူသားချင်း စာနာမှု အကူအညီ ပေးနိုင်ပြီး စင်္ကာပူနိုင်ငံ ဟာ ရခိုင်ပြည်နယ်မှာ ဘာသာပေါင်းစုံက လူတွေ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး အတွက် ကူညီသင့်တယ် လို့ ကျနော် ထင်တယ်။
စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးတွေထဲမှာ ပါဝင်တယ်။ အာဆီယံ ဟာ ရခိုင်ပြည်နယ်မှာ ကူညီဖို့ အာဆီယံ စီးပွားရေး လုပ်ငန်းတွေကို ဖိတ်ခေါ်သင့်တယ်။ ရခိုင်ပြည်နယ်ဟာ လျှပ်စစ်နဲ့ ဆည်မြောင်းစနစ်တွေ အရမ်းကို လိုနေတယ်။ ဒီပြည်နယ်ဟာ ခရီးသွားလုပ်ငန်း အလား အလာကောင်း ရှိနေပေမယ့် လမ်းတွေက အရမ်းကို ညံ့နေတယ်။ အာဆီယံအနေနဲ့ အဲဒီမှာ လယ်ယာ ထုတ်ကုန်တိုးတက်ဖို့လည်း ကူညီနိုင်တယ်။
မေး ။ ။ မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာ သွားရသူတွေ မြန်မာနိုင်ငံကို သူတို့ ပြန်လာပြီး နေထိုင်မယ်ဆို သူတို့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားနေရမယ် လို့ ထင်လဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြံပေး အဖွဲ့အနေနဲ့ ဘယ်လို အကြံပြုမလဲ။
ဖြေ ။ ။ သူတို့တွေ ပြန်လာတဲ့ ကနဦး အဆင့်ဆင့်မှာ UNHCR ပါဝင်သင့်တယ်လို့ ကျနော် ထင် တယ်။ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီကို ဝင်လာခွင့် ပေးရင်လည်း ပေးရမှာပဲ။ နေရပ်စွန့်ခွာသူ တွေ လုံခြုံစွာ ပြန်လာဖို့ အာမခံချက်ပေးတဲ့ နေရာမှာ အာဆီယံလည်း အခန်းကဏ္ဍတခုက ပါသင့် တယ်လို့ ယူဆတယ်။ အရာအရာ ဆောင်ရွက်ပေးပြီးလို့မှ ပြန်မလာချင်ရင်တော့ ဒါဟာ အားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။
ကျနော်တို့ရဲ့ အကြံပေးအဖွဲ့ဟာ မြန်မာအစိုးရက ကျူးလွန်တဲ့ ပြစ်မှုတွေကို ဖုံးကွယ်ဖို့ ဆိုတဲ့ စွပ်စွဲချက်မဟာ မမှန်ပါဘူး။ ကျနော်တို့ ပေးတဲ့ အကြံဉာဏ်ဟာ အစိုးရပြောတဲ့ အတိုင်းမဟုတ်ဘူး။ ဇန်နဝါရီလ ၂၅ ရက်နေ့က ကျနော်တို့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါတဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရက ဘယ်လို ထင်တယ် ဆိုတာကို ကျနော်တို့ မသိရသေးပါဘူး။ ဒီအကြံပြုချက်တွေကို မီဒီယာတွေကိုလည်း သိစေချင်ပါတယ်။ ဒါတွေဟာ ကျနော်တို့ရဲ့ တွေ့ရှိချက်တွေကို ထင်ဟပ်တဲ့ ကနဦး အကြံပြုချက်တွေ ဖြစ်ပါတယ်။
(Bangkok Post ဖော်ပြထားသည့် Suu Kyi still holds out hope, says Surakiart ကိုဘာသာပြန်သည်။)