၂၀၁၈ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ လဝက်မျှသာရှိသေးသည့် ကာလအတွင်း ငလျင်ငယ်လှုပ်ခတ်ခဲ့သည့် အကြိမ် အရေအတွက်မှာ ၄၆ ကြိမ် ခန့်ရှိနေပြီး ငလျင်ငယ်များ ခပ်စိတ်စိတ် လှုပ်ခတ်နေခြင်းအပေါ် ပြည်သူလူထုကလည်း ငလျင် အန္တရာယ်နှင့် ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်လာနေသည်။
ငလျင်အန္တရာယ်နှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို သိရှိနိုင်ရန် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်အား ဧရာဝတီသတင်းဌာနမှ သတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းခဲ့သည်။
မေး ။ ။ ငလျင်နဲ့ ပတ်သက်ပြီး ဆရာတို့ ဌာနအနေနဲ့ ဘာတွေ လုပ်ဆောင်နေတာရှိပါသလဲ။
ဖြေ ။ ။ ငလျင်နဲ့ ပတ်သက်လို့ ဘယ်လိုနေရမယ် ထိုင်ရမယ် ဆိုတဲ့ ပညာပေးတွေ လုပ်နေတာရှိတယ်။ နောက်တခုက ရန်ကုန်၊ မန္တလေးမှာ မနှစ်ကလောက်ကတည်းက စပြီးတော့ ငလျင်ဖိုရမ်တွေ လုပ်တယ်။ ကြီးကြီးမားမား ငလျင်တွေ လှုပ် မယ်ဆိုရင် ဘယ်လိုများ လုပ်ကြမလဲ ဘယ်လိုပြင်ဆင်ကြမလဲ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာတွေ လုပ် နေပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း ဇာတ်တိုက် လေ့ကျင့်ခန်းတွေ လုပ်တယ်။ စီမံခန့်ခွဲမှုအတွက် ဘယ်လိုမျိုး လှုပ်ရှား မလဲ ဆိုတဲ့ မြေငလျင်တုန့်ပြန်မှု သဏ္ဍန်တူလေ့ကျင့်ခြင်း (Earthquake response simulation exercise) ဒါကတော့ အမျိုးသား သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ကော်မတီကြီး အနေနဲ့ လုပ်ကြတာပါ။ နောက်တခုက မြို့တွေမှာ ပညာပေး အစီအစဉ်တွေ ဇာတ်တိုက်လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ ငလျင်နဲ့ ပတ်သက်လို့ ကတော့ သိတဲ့အတိုင်းပဲ ဘယ်သူ မှကြိုပြီးတော့ မသိနိုင်ဘူး။ ဖြစ်လာရင် ဘယ်လိုတုန့်ပြန်မလဲ ဆိုတာကိုပဲ လုပ်တယ်။ နောက်တခုက မြေပြင်မှာ ဇာတ်တိုက် လေ့ကျင့်ခန်းလုပ်တယ်။ ငလျင်နဲ့ ပတ်သက်လို့ကတော့ လှုပ်ခဲ့မယ်ဆိုရင် မြို့ပြမှာ အန္တရာယ်ရှိတာပေါ့လေ။ ကျေးလက်မှာကတော့ လှုပ်သည့်တိုင်အောင် အဆောက်အဦးတွေ ကြီးကြီးမားမားမရှိတဲ့ အတွက်ကြောင့်မို့လို့ ထိခိုက်မှု ကတော့ နည်းတာပေါ့။
မေး ။ ။ လှုပ်ပြီးတဲ့နောက်ပိုင်း ထိခိုက်ပျက်စီးမှုှုတွေ အတွက်ကို ဘယ်လိုပြင်ဆင်ထားတာရှိပါလဲ။
ဖြေ ။ ။ သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီမှာ ကော်မတီခွဲတွေ ရှိတယ်။ ရှာဖွေကယ်ဆယ်ရေးတို့၊ အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ရေးတို့ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဆိုပြီးတော့ သဘာဝဘေး ကော်မတီကြီး ရှိတယ်လေ။ ဘယ်ဘေးမဆိုလုပ်မှာ။ ကျနော်တို့ဆီမှာဆိုရင် emergency operation center ရှိတယ်။ အဲဒီ စင်တာက တကယ်တမ်း ဘေးကြီးကြီးမားမားဖြစ်ရင် ၂၄ နာရီဖွင့်လိုက်တာ။ ပြီးတော့မှ ဌာနဆိုင်ရာ အားလုံးက ကိုယ်စားလှယ်တွေ လာထိုင်ကြ တယ်။ လက်ရှိကတော့ ကျနော်တို့ ဌာနကပဲ ထိုင်နေတာပေါ့။ ၂၀၁၅ ရေဘေးမှာတုန်းကလည်း အဲဒီလိုပဲ ဖွင့်ခဲ့တာပေါ့။ ဌာနဆိုင်ရာကလူတွေအားလုံး လာပြီးတော့ ချိတ်ဆက် ဆောင်ရွက်တာ။
မေး ။ ။ ဝန်ကြီးဌာနမှာ သဘာဝဘေးကျရောက်လာရင် ပြန်လည်ထူထောင်ရေး လုပ်ငန်းလုပ်ဖို့ အတွက်ကို လုံလောက်တဲ့ ရန်ပုံငွေ ရှိလား။
ဖြေ ။ ။ ပြန်လည်ထူထောင်ရေးဆိုတာကတော့ အကုန်လုံးပေါင်းစပ်ပြီးလုပ်တာ ပြန်လည်ထူထောင်ရေး လုပ်ငန်းမှှာ ရန်ပုံငွေက အစ ကိုယ့်ဝန်ကြီးဌာနတခုတည်း မဟုတ်ဘူး။ ဥပမာ ပြန်လည်ထူထောင်ရေးမှာ လမ်းတံတား ကိစ္စတွေ ပါမယ် ဒါဆို ပို့ဆောင်ဆက်သွယ်ရေးက သွားမှာပေါ့။ နောက်ပြီးတော့ တခြားလျှပ်စစ်တို့ ကျန်းမာရေးတို့ ပညာရေးတို့ ကိစ္စတွေ အားလုံးက ပြန်လည်ထူထောင်ရေးတွေမှာ သူ့ကဏ္ဍနဲ့သူ သွားမှာပေါ့။ နောက်ပြီးတော့မှ ပြန်လည်ထူထောင်ရေး အတွက် ထောက်ပံ့တာတွေ ပေးနိုင်တယ်။ နောက်လူသားချင်း စာနာမှု အကူအညီတွေ ဒါမျိုးတွေ ပေးနိုင်တယ်။ ပြန်လည်ထူထောင် ရေးကတော့ အပိုင်းလိုက်တွေ သွားတယ်။ တဌာနထဲက လုပ်ရတာတော့ မဟုတ်ဘူးပေါ့။
မေး ။ ။ ရှာဖွေကယ်ဆယ်ရေးကကော ဘယ်ဌာနက လုပ်တာပါလဲ။
ဖြေ ။ ။ ရှာဖွေကယ်ဆယ်ရေးကတော့ မီးသတ်နဲ့ ပြည်ထဲရေးကလုပ်တာ။ ကျနော်တို့က စီမံခန့်ခွဲရေးတွေ အကုန်လုံးလုပ် တာပေါ့။ ကျနော်တို့က အကုန်လုံး ပေါင်းစပ်ညှိနှိုင်းရေးတွေ လုပ်တယ်။
မေး ။ ။ ပြည်သူလူထု အနေနဲ့ ငလျင်နဲ့ ပတ်သက်တဲ့ အသိပညာတွေက ဘယ်လောက်ထိရှိနေပြီလို့ ယူဆလို့ရပါသလဲ။
ဖြေ ။ ။ အခုတလောတော့ သူတို့က ပိုပြီး Alert (နိုးကြား) ဖြစ်လာတာပေါ့နော်။ အရင်တုန်းကဆိုရင် ငလျင်က အကြာကြီး နေမှ လှုပ်တဲ့ အခါကျတော့ မေ့မေ့သွားကြတယ်။ ခုတလောတော့ Alert လည်းဖြစ်နေတယ်။ လူတွေကလည်း သိချင်ကြ တယ်။ ကျနော် ထင်ပါတယ်။ တော်တော်များများတော့ ငလျင်နဲ့ ပတ်သက်တဲ့ ပညာပေး အစီအစဉ်လေးတွေတွေ့ နေတယ်။ ဆိုရှယ်မီဒီယာမှာလည်း တွေ့တွေ့နေတယ်။ ကျနော်တု့ိကလည်း တောက်လျှောက် ပညာပေးနေတယ်။
မေး ။ ။ ဒီနှစ်ထဲမှာ ငလျင်ကလည်း အရမ်းကို စိတ်နေတော့။ ရှာဖွေကယ်ဆယ်ရေးအပိုင်းတွေရော အစိုးရက ကြိုတင်ပြင် ဆင်နေတာမျိုးရှိသလား။
မေး။ ။ ရှာဖွေကယ်ဆယ်ရေးပိုင်းက ပြည်ထဲရေးက အဓိက ဆိုတော့ သူတို့လည်း ပြင်ဆင်နေတာပေါ့။ first rescue (ပထမအဆင့်ကယ်ဆယ်ရေး) ငလျင်တင်မကဘူး။ ဘေးအန္တရာယ်တွေ အားလုံးအတွက် ပြင်ဆင်ရတာပေါ့။ ကော်မတီအနေနဲ့လည်း ဖွဲ့စည်းပြီးလုပ်ထားတယ်။ ပုံမှန်အစည်းအဝေးတွေလည်း လုပ်တယ်။ တခုတွေ့ မလားမသိဘူး ။ ဟိုတလောက လုပ်တဲ့ Earthquake response simulation exercise အကြိုလေ့ကျင့်ခြင်းဆိုတာလေ အဲဒီလိုမျိုး ရှာဖွေကယ်ဆယ်ရေးက ဘယ်လိုလုပ်မလဲ။ ပို့ဆောင် ဆက်သွယ်ရေးက ဘယ်လိုလုပ်မလဲဆိုတာကို လုပ်တာ။ ဆွေးနွေး တာ၊ ညှိနှိုင်းတာတွေလည်း တောက်လျှောက်လုပ်နေပါတယ်။
မေး။ ။ ငလျင်ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး တုန့်ပြန်ရေးစနစ်ကောင်း တခုရဖို့ ဆိုပြီး ဆွေးနွေးပွဲ တခုလုပ်ခဲ့တာတော့ တွေ့ရပါတယ်။ တုန့်ပြန်ရေးစနစ် အခု ရေးဆွဲနေပြီလားရှင့်။
ဖြေ။ ။ ဟုတ်ပါတယ်။ Earthquake response simulation exercise က အဲဒီအတွက်လုပ်တာ။ အဲဒီမှာ ဆွေးနွေးပြီးတော့ စနစ်ကောင်းတစ်ရပ် ပေါ်ထွက်အောင်လုပ်တယ်။ အဲဒီစနစ် နဂိုကတည်းကလည်း ရှိပြီးသား။ ကောင်းမွန်အောင်လုပ်မယ်။ အဲဒီရည်ရွယ်ချက်ပါ။
မေး ။ ။ ဌာနနာမည်ကို ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာနဆိုပြီး ပြောင်းလိုက်တယ်။ ဘာကြောင့်လဲရှင့်။
ဖြေ ။ ။ ကျနော်တို့ ဌာနကို နာမည်ပြောင်းလိုက်တာ။ နဂိုကတည်းက ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနကို နာမည်ပြောင်းလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နာမည်အဓိပ္ပာယ်ကောက်လွဲနေတယ်။ ကယ်ဆယ်ရေးက အင်္ဂလိပ်လိုတာ့ relief ပေါ့နော်။ ဒါပေမယ့် ကယ်ဆယ်ရေးလို့ ဘာသာပြန်တော့ rescue ဖြစ်ကြပြန်ရော။ resettlement ကျတော့ ကျနော်တို့က coordination (ညှိနှိုင်းရေး) ပဲ လုပ်ကိုင်တယ်လေ။ အခြား ဝန်ကြီး ဌာနတွေနဲ့ ပေါင်းပြီး လုပ်တာဆိုတော့ နိုင်ငံတကာမှာလည်း ကိုယ်တွေလို ဌာနမျိုးကို Disaster Management / Department (ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဌာန)တွေ အဲဒီလိုမျိုးတွေ ပြန်ကြတယ်။ အဲဒီလို နိုင်ငံတကာနဲ့ ချိန်ထိုး ပြီးတော့ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဆိုပြီး အမည်ပြောင်းလိုက်တာ။
မေး ။ ။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနအနေနဲ့က သဘာဝဘေးအန္တရာယ်အားလုံးကို ကိုင်တွယ် ဖြေရှင်း မှာလားရှင့်။
ဖြေ ။ ။ ကျနော်တို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေမှာ ပါနေတာကိုက သဘာဝဘေးတင်မကဘူး။ လူလုပ်တဲ့ ဘေးတွေပါ ပါနေတယ်။ ရှမ်းတို့၊ ရခိုင်တို့၊ ကချင်တို့မှာ ရှိကြတဲ့ ဘေးအန္တရာယ်တွေလေ။ အဲဒါတွေပါ ပါတဲ့အတွက် ကြောင့် သဘာဝကို ဖြုတ်လိုက်ပြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုလို့ ပြောလိုက်တာ။ အားလုံးပါတာပေါ့။
မေး ။ ။ ငလျင်နဲ့ ပတ်သက်ပြီး စိုးရိမ်နေတဲ့ ပြည်သူတွေကိုရော ဘာများ ပြောချင်လဲရှင့်။
ဖြေ ။ ။ ငလျင်နဲ့ ပတ်သက်လို့က resistance (ကြံ့ခိုင်မှု) က အရေးကြီးဆုံးပေါ့။ နောက်ပြီးတော့ ကျနော် တို့ ထုတ်ပြန်တဲ့ သတင်းတွေ ပညာပေး အစီအစဉ်တွေကို ကြိုတင်ပြီး သိရှိအောင် လုပ်ထားပြီးတော့မှ အမြဲတမ်း ပြင်ဆင်ထားရမယ်။ တကယ်တမ်း ဖြစ်လာရင် ကျနော်တို့က အကြံပေးချက်တွေ ထုတ်ပြန်သွားမယ်။ အဲဒါတွေကို မျက်ခြည် မပြတ်ကြည့်ပြီး တော့ လိုက်နာ၊ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ငလျင်ဘေးတင်မကပါဘူး။ သဘာဝဘေးတွေကို ကျနော်တို့လည်း အတူတကွ ကျော်လွှားသွားနိုင်မှာပါ။