အမျိုးသမီးများနှင့် ကလေးသူငယ်များ အပေါ် အဓမ္မပြုကျင့်မှုများသည် တနှစ်ထက် တနှစ် ပိုမို တိုးများလာသည်။ ၂၀၁၇ ခုနှစ်တွင် တိုင်တန်းသည့် မုဒိမ်းမှုပေါင်း ၁၄၀၅ မှုတွင် ၁၆ နှစ်အောက် မိန်းကလေးငယ်များ ကျူးလွန်ခံရခြင်းသည် ၈၉၇ မှု ဖြစ်ပီး အများဆုံး ဖြစ်သည်။
မုဒိမ်းမှုမှ လွတ်ကင်းစေရန် မိဘအသိုက်အဝန်း၏ ရင်အုပ်မကွာ စောင့်ရှောက်မှု အရေးကြီးပြီး၊ လူမှုအသိုင်းအဝိုင်းမှ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြ ပါရန်လည်း ပြည်ထဲရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် လူသားမဆန်မှု၊ အရက်သေစာ နှင့် မူးယစ်ဆေးဝါး သုံးစွဲမှု၊ အသိပညာမဲ့မှုနှင့် လိင်မှုဆိုင်ရာ အချက်အလက်များအား အင်တာနက်မှ အလွယ်တကူ ရရှိနေမှုတို့က အဓမ္မပြုကျင့်မှု ဖြစ်စေရသည့် အကြောင်းရင်းများ ဖြစ်သည်ဟု ဖော်ပြထားပြီး၊ မိန်းကလေးများ၏ ဝတ်စားဆင်ယင်မှုကိုလည်း မိဘ ဆရာသမားများနှင့် မီဒီယာများမှ ဝိုင်းဝန်း တည့်မတ်ပေးရန် တိုက်တွန်းထားသည်။
၂၀၁၈ ခုနှစ် ပထမ နှစ်လ အတွင်းမှာပင် အသက် ၂ နှစ်နှင့်အထက် သမီးငယ်လေးများပင် ကျူးလွန်ခံရသည့် သတင်းများ၊ ယခုလ (ဖေဖော်ဝါရီ ၁၃ ရက်) အတွင်းတွင် အသက် ၂ နှစ် ၅ လအရွယ် သမီးငယ်လေးမှာ အဓမ္မပြုကျင့်ခံရပြီး သေဆုံးသွားရသည့် သတင်းများ၊ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပြီး၊ မုဒိမ်းကောင်များအား သေဒဏ်ပေးရေး လှုပ်ရှားမှုများလည်း ထွက်ပေါ်လာသည်။
မိန်းကလေးငယ်များ အဓမ္မပြုကျင့် ခံရခြင်းမှ ကြိုတင်ကာကွယ်ရန် လိုအပ်ချက်များနှင့် မုဒိမ်းကောင်များအား သေဒဏ် ပေးခြင်းသည် ထိရောက်သော အရေးယူမှု ဖြစ်နိုင်ပါသလားဟူသော အတွေးအမြင်များနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန တာဝန်ခံ ဒေါ်နီလာသိန်းကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ငြိမ်းငြိမ်းက တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ ကလေးသူငယ်တွေ အပေါ် ကျူးလွန်တဲ့ သက်ငယ် မုဒိမ်းမှုတွေကို တော်တော်များများ ဖွင့်ပြောလာကြတယ်။ အရေအတွက် အားဖြင့်လည်း အများကြီး မြင့်တက်လာတယ်။ ဒီအပေါ်မှာ ပြစ်ဒဏ်ပေးတဲ့ အခါကျရင် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ်လိုမျိုး ပေးဖို့ တောင်းဆိုလာကြတာတွေ ရှိတယ်။ ဒီအပေါ်မှာ မုဒိမ်းသမားတွေကို သေဒဏ်ပေးရေး ဆိုတာ အဖြေတခုလား ဆိုပြီး စဉ်းစားချက်တွေ ရှိတယ်။ အမ အနေနဲ့ ဘယ်လို သဘောထားရှိပါလဲ။
ဖြေ ။ ။ ကျမတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိဖို့ကတော့ နံပါတ် ၁ ပေါ့နော်။ အခု ဖြစ်နေတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်လို့ အမြင့်ဆုံး ပြစ်ဒဏ်ပေးဖို့ လိုအပ်တယ်။ ဒါပေမယ့် သေဒဏ်ပေးရေးဟာ ကျမတို့ အတွက် အဖြေတခု မဟုတ်ဘူး။ ဘာကြောင့် ဒီလိုမျိုးအမှုတွေ အများအပြား ပေါ်ပေါက်လာရလဲ။ အများအပြား ဖြစ်လာရလဲ ဆိုတဲ့ နောက်ဆက်တွဲ အခြေအနေတွေ ပေါ်မှာလည်း ကျမတို့ အများကြီး သုံးသပ်စဉ်းစားဖို့လည်း လိုအပ်လာပါတယ်။
ကျမ ပြောချင်တာက ဒီ ပြစ်မှုကို ကျူးလွန်လာတဲ့ သူကို ကြီးမားတဲ့ ပြစ်ဒဏ်ပေးဖို့ လိုအပ်တယ်။ အဲဒီပေးတဲ့ ပြစ်ဒဏ်က ထိရောက်မှု ရှိရမယ်။ အသက်ဝင်မှု ရှိရမယ်။ ကျမတို့နိုင်ငံမှာ သေဒဏ်ပေးတယ် ဆိုပေမယ့် အချိန်တခုမှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်း ချမ်းသာပေးတဲ့ အခါ ဒီလူတွေ ပြန်လည် လွတ်မြောက်လာတာမျိုးတွေ အများကြီးတွေ့ရတယ်။
လူ့အဖွဲ့အစည်းမှာ သူတို့ ပြန်ရောက်တဲ့အခါ ဆက်ပြီး ပြစ်မှု ကျူးလွန်တာရော လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းကို ဒုက္ခပေးတဲ့ အနေအထားတွေ အဖြစ်မျိုးတွေ ကြုံရတယ်။ အဲလိုမျိုး မကြုံရအောင် ပေးလိုက်တဲ့ ဒီလိုပြစ်ဒဏ်တွေ အသက်ဝင်အောင် ဘယ်လို လုပ်မလဲ ဆိုတာ နံပါတ် ၁ စဉ်းစားရမယ်။
နံပါတ် ၂ အနေနဲ့ ဒီကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး ကျမတို့ လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်း ကနေပြီးတော့ အားလုံးက ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ဖို့လည်း အများကြီး လိုအပ်ပါတယ်။ ဒီကိစ္စကို ရပ်ကျေးကနေ မြို့အထိကို အဆင့်ဆင့် လူမှုဝန်ထမ်းကနေ မလုပ်ဆောင်နိုင်ခဲ့ရင်တောင်မှ ကျမတို့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကနေ လူမှု အသိုင်းအဝိုင်းကနေ ဒီကလေးတွေကို အများကြီး ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်တယ်။
အခုလူတွေ အားလုံးက အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါး ရှားပါးလာတဲ့ အခါ ကိုယ့်ကိုယ်ကိုပဲ ရုန်းနေရတဲ့အခါမှာ ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ အနေအထားတွေပေါ်မှာ ဂရုစိုက်မှု၊ အာရုံစိုက်မှု၊ ဒါဟာ ငါတို့နဲ့ သက်ဆိုင်တယ် ဆိုတာမျိုး မရှိကြတော့ဘဲ ကိုယ်လွတ် ရုန်းပြီးတော့ အားလုံးက နေထိုင်ကြတဲ့ လူ့အသိုင်းအဝိုင်းမှာ၊ လူ့အဖွဲ့အစည်းမှာ အများကြီး ပျက်စီးယိုယွင်းလာတာ တွေ့ရတယ်။ အဲလိုမျိုးတွေကြောင့်လည်း ဒီလိုမျိုး အနေအထားတွေ ပေါ်ပေါက်လာတာ တွေ့ရတယ်။
မေး ။ ။ အများစုရဲ့ အမြင်မှာ မုဒိမ်းမှု ဖြစ်လာပြီဆိုရင် မိန်းခလေးတွေရဲ့အပြစ်လို့ မြင်တယ်။ မိန်းခလေးတွေရဲ့ ဝတ်စား ဆင်ယင်မှုကြောင့် အနေအထိုင်မတတ်မှုကြောင့် ဖြစ်ရတယ်လို့ ပြောကြတယ်။ တခြားမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ကြည့်ရင် အဲဒါကြောင့် မဟုတ်တာကို တွေ့ရတယ်။ အခုချိန်ထိ လူတွေမှာ စွဲနေတဲ့ အသိ တွေးခေါ်မှု ပြောင်းလဲဖို့ ဘယ်လောက် အရေးတကြီး လိုအပ်နေလဲ။
ဖြေ ။ ။ အဓိကက အသိပညာ ဆင်းရဲတာက လူ့အသိုင်းအဝိုင်းမှာ တကယ့်ပြဿနာ ဆိုးပေါ့နော်။ ဒီ ဝတ်စား ဆင်ယင်မှုဟာ အဓိက ဆိုတဲ့ ဟာကို ရည်ညွန်းပြီး ပြောလို့ မရဘူး။ လူ့အသိုင်းအဝိုင်း လူ့ပတ်ဝန်းကျင်မှာ ဒီလို ပြစ်မှုမျိုးကို ကျူးလွန်တဲ့သူက သာမန်လူ သာမန်စိတ်တော့ မဟုတ်ဘူး။ ဒါကို ကျမတို့ စဉ်းစားရမယ်။ ဒီဖြစ်နေတာ တွေကို မိန်းခလေးတွေရဲ့ ဝတ်စားမှုကြောင့် ဖြစ်နေတယ် လို့ မပြောစေချင်ဘူး။
ကျမတို့ လူမှုအသိုင်းအဝိုင်း ဝန်းကျင်မှာ ပေါ်ပေါ်တင်တင်မှာ လူအများသွားတဲ့ ဘတ်စ်ကားပေါ်မှာတောင်မှ ဘယ်လိုမျိုးပဲ မြန်မာဝတ်စုံပဲ ဝတ်ဝတ် ဘောင်းဘီပဲ ဝတ်ဝတ်၊ အတိုပဲ ဝတ်ဝတ် အရှည်ပဲ ဝတ်ဝတ် ထိထိရောက်ရောက် ကျူးလွန်နေတဲ့ လူတွေ အများကြီးရှိတယ်။ ဒါ စောင့်ထိန်းရမယ့် လူ့ကျင့်ဝတ်ဆိုတဲ့ အရာကို မသိထားတဲ့သူတွေကြောင့်ပဲ။
အသိပညာဆင်းရဲခြင်းဟာ ကျမတို့ ရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ အရာတခုပဲ။ တခြားနေရာတွေ မပြောနဲ့ ဘတ်စ်ကား ပေါ်မှာတောင် ကျူးလွန်ရဲတဲ့ အဖြစ်မျိုးတွေကို ဒီခေတ်ထဲမှာ ကျမတို့ မိန်းခလေးတွေ အများကြီး ကြုံတွေ့နေရတာပဲ။ အဲဒါ ဘာကြောင့်လဲလို့ အနှစ်ချုပ်လိုက်ရင် အသိပညာဆင်းရဲမှုလို့ ပြောချင်တယ်။
မေး ။ ။ အခုနောက်ပိုင်း ဆိုရှယ်မီဒီယာ ပွင့်လင်းလာတော့ အမျိုးသမီးတွေ ကိုယ်တိုင် အွန်လိုင်းမှာ ထုတ်ဖော် ပြောဆိုတာတွေ ရှိတယ်။ အွန်လိုင်းကြောင့်ပဲ ဒါမျိုး အဖြစ်အပျက်တွေ ပိုသိရသလို အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အွန်လိုင်းရဲ့ ဆိုးကျိုးကရော ဘာတွေ တွေ့ရလဲ။
ဖြေ ။ ။ ကျမတို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အနေအထားကို ပြောရရင် အလွယ်တကူ ဖုန်းတလုံးရှိရုံနဲ့ ဒီလို မဖွယ်မရာ ရုပ်ရှင်တွေ အဲဒါတွေကို ကြည့်ကြတယ်။ ကောင်းတဲ့ အရာကို လေ့လာဆည်းပူးခြင်း ထက် မကောင်းတဲ့အပိုင်းမှာ ဆိုးကျိုးတွေ တော်တော်များများ ဖြစ်ပေါ်လာတယ်။ အရင်တုန်းကဆို ဒီလိုအခွေ ငှားဖို့တောင် ဆိုင်ရှာရသေးတယ်။ ဆိုင်တိုင်း မငှားဘူး။ ဒီလိုမျိုး အခွေမျိုးတင်တဲ့ ဆိုင်ကိုဆို ထိထိရောက်ရောက် အရေးယူမှုတွေ ရှိခဲ့ဖူးတယ်။
ဒါပေမယ့် အခု အွန်လိုင်းပေါ်လာတဲ့ အခါ ဒီအင်တာနက်ကနေ အလွယ်တကူ ကြည့်ပြီး ဒီဟာရဲ့ နောက်ဆက်တွဲက သူ့ ပတ်ဝန်းကျင်က အယုတ် အလတ် အမြတ် မရွေး ကြီးငယ်မရွေးဟာ ဒီလူတွေရဲ့ သားကောင်တွေ ဖြစ်သွားတာကို တွေ့ရတယ်။ ဒါတွေက ဆိုးကျိုးတွေပေါ့။
မေး ။ ။ အခုတော့ လွယ်လွယ်ကူကူပဲ အချက်လက်တွေ ရနေတယ်။ ဒါပေမယ့် ကျမတို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ လူတယောက်ရဲ့ ဖိုမဆိုင်ရာ အသိပညာတွေ ဖြန့်ဝေမှုတွေကလည်း မရှိသလောက်ကို ဖြစ်ခဲ့တာ။ ကျမတို့ လူမှု အသိုင်းအဝိုင်းက ပညာရေးစနစ်က ဒါတွေကို လက်ခံလာဖို့ ဘယ်လောက်ထိ ကြိုးစားရဦးမလဲ။
ဖြေ ။ ။ အများကြီးတော့ ကြိုးစားရဦးမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ ဒီ ကျောင်းစာသင်ခန်း မပြောနဲ့။ အပြင်မှာ ရှိတဲ့ လူ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းမှာ ရှိတဲ့ ရပ်ကျေး မြို့ရွာ အဆင့်မှာတောင် ဒါမျိုးကတော့ မဖြစ်သင့်ဘူး။ ဒါမျိုးက တော့ ရှောင်သင့်တယ် ဆိုတဲ့ စကားကို သွားပြောဖို့တောင်မှ လူတရာမှာ တရာလုံးက လက်ခံဖို့ မလွယ်တဲ့…၊ အဲဒါ ဘာလဲ ဆိုတော့ ခေါက်ရိုးကျိုးနေတဲ့ အရာတွေပေါ့။ ဒီလို အကြောင်းအရာ တွေက အင်မတန်မှ ရှက်စရာကောင်းတဲ့ အကြောင်းအရာပေါ့။
ဒီလိင်ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီး ပညာပေး ဟောပြောမယ် ဆိုရင်တောင် ဒါတွေက နားမထောင်သင့်ဘူး။ ဒါတွေက မိန်းကလေးတွေ နားထောင်ဖို့ မလိုအပ်ဘူးလို့ လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းမှာ စွဲနေတဲ့ အရာတခုကို ကျမတို့ အရင်ဦးဆုံး ချွတ်ရဦးမယ်။ အင်မတန်မှ ခေါက်ရိုးကျိုးနေတဲ့ ကျမတို့ နိုင်ငံရဲ့ အဖြစ်ဆိုးတွေပေါ့နော်။ အဲဒါတွေရဲ့ နောက်ဆက်တွဲက ကျမတို့ နောင် ၁၀ နှစ်တာလောက် ပြင်ဆင်လုပ်ဆောင်သွားရင်တောင် အောင်မြင်ဖို့ အတော် ခက်ခဲဦးမယ်။
မေး ။ ။ သက်ငယ်မုဒိမ်းလို့ ဆိုရင် အမျိုးသမီးလေးတွေ ကလေးငယ်တွေကို ကာကွယ်ရေး ဦးစားပေး ပြောကြတယ်။ သားယောက်ျားလေးတွေမှာရော ဒီလို သက်ငယ်မုဒိမ်းကျင့်ခံရတဲ့ အခြေအနေ မရှိဘူးလား။ သူတို့တွေရော ဘာတွေ ကြုံရနိုင်လဲ။ ဘယ်လောက်ထိ စိုးရိမ်နေရလဲ။
ဖြေ ။ ။ သက်ငယ်မုဒိမ်းလို့ ပြောရင် ကျမ အနေနဲ့ကတော့ ယောကျ်ားလေး မိန်းကလေး မခွဲခြားစေချင်ဘူး။ ယောကျ်ားလေးချင်း ဖြစ်သွားတာပဲ ဆိုပြီး ပစ်ထားလို့ မရဘူး။ ယောကျ်ားလေး ချင်းပဲ ဖြစ်မှာ မဟုတ်ဘူးလို့လည်း တွေးလို့ မရပါဘူး။ တကယ်လို့ ဒီအမှုကိစ္စကို ကျူးလွန်ခဲ့ရင် မိန်းကလေးကိုပဲ ကျူးလွန် ကျူးလွန်…၊ ယောကျ်ားလေးကိုပဲ ကျူးလွန် ကျူးလွန်… ထိရောက်တဲ့ ပြစ်ဒဏ်မျိုး ရှိတယ် ဆိုတာ ကျမတို့ ချပြဖို့တယ်။ ပွင့်လင်း မြင်သာဖို့ လိုတယ်။ ဒါ ငါ့သားလေးပဲ ယောကျ်ားလေးချင်းမို့ ဘာမှ မဟုတ်ပါဘူး။ ဒီအတိုင်းပဲ ရေငုံနှုတ်ပိတ်နေလိုက်မယ်၊ ကြောက်ရွံ့စိတ် ထားလိုက်မယ်။ မလိုအပ်ပဲ ရှက်နေတာ ဆိုလို့ရှိရင် သူဟာ တယောက် တယောက်ကနေပြီးတော့ ဒီမိန်းကလေးတွေ ကျူးလွန်ခံနေရ သကဲ့သို့ အခြေအနေဆိုး တရပ်လိုမျိုး ဒီကိစ္စက ပေါ်လာပါလိမ့်မယ်။
မေး ။ ။ လက်ရှိ ရှိနေတဲ့ ဥပဒေတွေက တချိန်လုံး ပြောင်းဖို့ တွန်းအားပေးနေပေမယ့် တကယ်တမ်းကျတော့ ပြည်သူ့ အစိုးရခေတ် မှာလည်း မပြောင်းနိုင်သေးတဲ့ အပေါ် ဘယ်လိုသုံးသပ်ပါလဲ။
ဖြေ ။ ။ ဒီဥပဒေတွေ ပြောင်းတယ် ဆိုတဲ့ နေရာမှာလည်း အများကြီး အခက်အခဲတွေ ရှိတယ် ဆိုတာ ကျမတို့ နားလည်တယ်။ အဓိကက ကျမတိုု့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို တောက်လျှောက် တောင်းဆိုလာခဲ့တယ်။ အစိတ်သား လွှတ်တော်ထဲမှာ ဝင်ထိုင်နေခြင်း အားဖြင့် ပြောင်းလဲလို့ မရဘူးဆိုပြီး ကျမတို့ ဒီအတိုင်း နေလို့ မရဘူး။ ရတဲ့နည်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲဖို့ကိုလည်း တဖက်ကနေ ကြိုးစားသွားရမယ်။
နောက် တည်နေတဲ့ ရှိရင်းစွဲဥပဒေ၊ ပြောင်းလဲလာတဲ့ ဥပဒေပဲ ဖြစ်ဖြစ် အသက်ဝင်နေဖို့ လိုတယ်။ စာအုပ်ထဲမှာ အမှတ်စဉ်နဲ့ ပြောင်းလဲ သွားပြီးတော့ စာသားပြောင်းလဲသွားရုံနဲ့ အဓိက မကျဘူး။ ကျမတို့ နိုင်ငံမှာ ဥပဒေတွေ အသက်မဝင်မှုက အဓိက ဆိုးကျိုး ပြဿနာဖြစ်နေတယ်။ အဲဒါကြောင့်လည်း တရားဥပဒေ စိုးမိုးမှုကလည်း မရှိဘူး။ အဲဒီ နောက်ဆက်တွဲ ပြဿနာတွေမှာ အင်မတန်မှ လူရိုက်တာလည်း လွယ်တယ်။ လူသတ်တာလည်း လွယ်တယ်။ ဒီ မကောင်းမှုတွေ ပြစ်ဒဏ် ကျူးလွန်ရတာ လူတွေက အရမ်း လွယ်ကူနေကြတယ်။
သူတို့ ဒီလိုမျိုးလုပ်လို့ရှိရင် ဒီပြစ်ဒဏ် ကျခံရနိုင်တယ် ဆိုတဲ့ ကြောက်ရွံ့တဲ့ စိတ်၊ ငါတို့ ဒီလို မလုပ်ရဘူး။ ငါတို့ ဒီ ပြစ်မှုကို ကျူးလွန်ရင် ဒီပြစ်ဒဏ် ခံရမှာပါလား ဆိုတဲ့ ကြောက်ရွံ့စိတ် ရှိနေအောင် လုပ်ရမယ်။ ဥပဒေက အသက်ဝင်ရမယ်။ အဲလို မရှိတဲ့ အခါကျတော့ လူတိုင်းဟာ လူရိုက်ဖို့လည်း ဝန်မလေးဘူး။ လူသတ်ဖို့လည်း ဝန်မလေးဘူး။ ဒီလိုမျိုးဟာ အင်မတန်မှ စိတ်မကောင်းစရာ ဖြစ်ရပ်တွေ။ ဒီကလေး သူငယ်လေးတွေကို အဓမ္မပြုကျင့်တာတွေ လွယ်လင့်တကူ လုပ်ဆောင်လာတာ တွေရဲ့ အဓိက အကြောင်းရင်း ကတော့ ဒီကိစ္စကြောင့်ပဲ။
မေး ။ ။ လူမှုပတ်ဝန်းကျင်မှာ သူတို့ရဲ့ အသိပညာတွေ၊ အတွေးအခေါ်တွေ တိုးမြင့်လာဖို့ ကမ်ပိန်း (Campaign) လှုပ်ရှားမှုတွေကို တချို့အဖွဲ့တွေက လုပ်နေတာတော့ ရှိတယ်။ ဒီထက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ ဘယ်လိုအခက်အခဲ အတားအဆီးတွေ ရှိနေလဲ။
ဖြေ ။ ။ လူထုအများ သိအောင် ကမ်ပိန်းတွေ လုပ်တဲ့အခါ လူထုရဲ့ စိတ်ပါဝင်စားမှုက အဓိက ကျတယ်။ ခုနက ကျမ ပြောခဲ့သလိုပဲ။ ဒီခေါင်းစဉ်က ငါတို့နဲ့ မဆိုင်ပါဘူး၊ အရေးလည်း မကြီးပါဘူး ဆိုတဲ့ အခါ လုပ်ဆောင်ပေးမယ့်သူ အသိပညာ ပေးမယ့်သူက ဘယ်လောက်ပဲ စိတ်အား ထက်သန်နေပါစေ။ ဒီဟာ အောင်မြင်မှာ မဟုတ်ဘူး။ အဲဒီတော့ သူတို့ စိတ်ဝင်စားလာအောင် ကျမတို့ ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ နည်းလမ်းကို ရှာရမယ်။
လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်း အကုန်လုံးက ဒါဟာ သိသင့်တယ်။ ဒါဟာ ရှက်ရမယ့်အရာ မဟုတ်ဘူး။ ဒါ ငါတို့ အားလုံး လုပ်ဆောင်ရမယ့် အရာဖြစ်တယ် ဆိုတာ သူတို့ သိနားလည်အောင် ကျမတို့ အတော်လေး စိတ်ရှည်ထား လုပ်ဆောင်မှ ရမယ်။
ဥပမာ ရပ်ကွက်လိုက်ကနေ စရမယ်။ ရပ်ကွက်၊ ကျေးရွာ၊ မြို့အထိ အဆင့်ဆင့် လုပ်ဆောင်သွားမှ အဆင်ပြေမယ်။ ကျမတို့ ရန်ကုန်မြို့ လူတစု လူ့အသိုင်းအဝိုင်း တစုတည်း သိနေလို့ မရဘူး။ လုပ်နေလို့လည်း မရဘူး။ ကျမတို့ လူ့အသိုင်းအဝိုင်းကြီး လူ့ အဖွဲ့အစည်းအားလုံးကို ဒီလိုမျိုး အကြောင်းအရာတွေကို သိစေချင်တယ်။ မြင်စေချင်တယ်။ အားလုံး သိနားလည်တဲ့ အခါမှ ကျမတို့ အားလုံးက ဝိုင်းဝန်းပြီးတော့ လုပ်ရမယ်။ ကာကွယ်မှု ထု(ဒု) ကြီးလာလေ ကျူးလွန်မယ့် သူကလည်း တဖြည်းဖြည်း လျော့သွားလိမ့်မယ်။
မေး ။ ။ မြန်မာပြည်မှာက ဘာပဲဖြစ်လိုက် ဖြစ်လိုက် အုန်းအုန်းကြွက်ကြွက် ပြောကြဆိုကြပီး နောက် ၄-၅-၆ လ တနှစ်လောက် ဆို ပြန်ငြိမ်သွားပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်တယ်။ ရေချိန် မညီဘူးပေါ့။ ဒီလို ကိစ္စတခုကို ပြီးမြောက်တဲ့ အထိ ဆောင်ရွက်နိုင်ဖို့ ဘယ်လို တွန်းအားတွေ ရှိသင့်လဲ။ ဘယ်လို စိတ်ခံယူချက်မျိုးနဲ့ သွားသင့်လဲ။
ဖြေ ။ ။ ကျမတို့က ခဏတာ ဖြစ်တဲ့ အစ်ရှုး (Issue) နောက်ကို လိုက်လို့တော့ မရဘူး။ ကျမတို့ အများဆုံး အဓိက လုပ်ဆောင်တဲ့ လူ့အခွင့်အရေးအပိုင်းနဲ့ ဆုံးရှုံးနစ်နာရမှု အပိုင်းတွေမှာ ကျမတို့ အဖွဲ့အနေနဲ့ အဓိက လုပ်ဆောင်တယ်။ ဒီရုံးမှာ လာတိုင်တဲ့ အမှုတွေအပေါ် နောက်ဆုံးအထိ ပြီးမြောက်သွားအောင် လုပ်ဆောင်တဲ့ အခါမှာ လူတွေက ဘာလဲ ဆိုတော့ တရားရုံးကို သွားဖို့ကို လူတွေက အင်မတန်မှ စိတ်ညစ်ကြတယ်။ စိတ်ပျက်ကြတယ်။ အဲဒါဘာကြောင့်လဲ။
ကျမတို့ နိုင်ငံရဲ့ ဥပဒေ စိုးမိုးမှုက နိုင်ငံသားအပေါ်မှာ ကာကွယ်စောင့်ရှောက်တဲ့ အနေအထားမှာ မရှိဘူး။ အမှု တော်တော်များများမှာ ကာယကံရှင်က စိတ်ပျက်သွားတဲ့ အနေအထားမှာရှိတယ်။ ငွေများတရားနိုင် ဖြစ်သွားတယ်။ အဲဒါ အင်မတန်မှ စိတ်မကောင်းစရာ အဖြစ်တွေ နော်။ တချို့အဖြစ်တွေမှာ။ လိုက်ရင်း လိုက်ရင်း နဲ့ အောင်မြင်သွားတဲ့ ဟာတွေလည်း ရှိခဲ့ပါတယ်။
အဲဒါတွေ အားလုံးကို ကျမတို့ အနှစ်ချုပ် ပြောမယ် ဆိုရင် တချို့သော အကြောင်းအရာတွေမှာ ကျမတို့ အမြဲတမ်း သတိထားရမယ်။ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေမှာ အခု လူကုန်ကူးခံထိတဲ့ ကိစ္စပဲ ဖြစ်ဖြစ်၊ ကလေးတွေ ဖမ်းပီးတော့ ရောင်းတဲ့ ကိစ္စပဲ ဖြစ်ဖြစ်၊ ကလေးသူငယ်တွေကို အဓမ္မပြုကျင့်နေတဲ့ ကိစ္စပဲ ဖြစ်ဖြစ် နေရာတိုင်းမှာ ရှိနေပါတယ်။
တချို့ကို လူမသိ သူမသိ ဖြစ်ပေါ်နေပြီး အဖြစ်ဆိုးတွေ ကြုံသွားရတာတွေ ရှိတယ်။ ဒါပေမယ့် အစ်ရှုး (Issue) အလိုက် အချိန်တွေထဲမှာ ပေါ်ပေါ်လာတယ်။ ဒီ အစ်ရှုး (Issue) တခုတည်းပဲ ဟိုက်လိုက် (High Light) လုပ်ပီး ပေါ်လာတဲ့အခါ နိုင်ငံရေး အရ သတိထားဖို့ လိုအပ်တယ်။ ဒီအပေါ်မှာ တကယ်ကို စိတ်စေတနာကောင်းနဲ့ ကျမတို့ လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းက ဝိုင်းဝန်းပြီးတော့ တကယ်ကို ကာကွယ်ပေးကြမယ် ဆိုတဲ့ စိတ်စေတနာ တခုနဲ့ လုပ်တယ် ဆိုရင် အင်မတန်မှ ကောင်းတဲ့ အရာပါ။
အဲလို မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ နိုင်ငံရေး ကစားကွက် တခုအနေနဲ့ ဒီအရာတွေပေါ်မှာ ပစ်မှတ်တခု အနေနဲ့ ကစားတာတွေ မပြုလုပ်ဖို့တော့ အင်မတန်မှ လိုအပ်ပါတယ်။ အခုဆိုရင် ကျမတို့ လူထုဟာ အရာရာကို အင်မတန်မှ စဉ်းစားချင့်ချိန် တွေးတော နိုင်တဲ့ အနေအထား တခုကို ရောက်သွားပြီ။ ဘယ်အရာပဲ ဖြစ်ဖြစ်၊ ကိုယ့်အချိန်အဆနဲ့ ကိုယ်ပြောကြတယ်။ တချို့ပေါ့ နော်။ လူတိုင်းတော့ မဟုတ်ဘူး။ ဖြစ်ပေါ်လာတဲ့ အနေအထားကို သုံးသပ်နိုင်တဲ့ အနေအထားကို ရောက်လာ တယ်။ တဖက်က ပုံဖျက်ချင်နေတဲ့ လူတစု လုပ်တိုင်း ဒီဘက်မှာ လိုက်ပြီး မပါတဲ့ အနေအထား တခုကိုလည်း ကျမတို့ တွေ့နေရပါတယ်။ ။