ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ်များတွင် ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ် ၁ ခု ဖြစ်သည်။ ထို့ကြောင့် ဒေသဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် ချင်းပြည်နယ် အစိုးရအဖွဲ့က ဆောင်ရွက်လျက် ရှိပါသည်။
ထို့အပြင် ချင်းပြည်နယ်၌ တက္ကသိုလ်များ ဖွင့်လှစ်သွားနိုင်ရေး အတွက်လည်း ပြည်နယ် အစိုးရအဖွဲ့က ကြိုးပမ်း ဆောင်ရွက် လျက် ရှိပါသည်။
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ၏ ချင်းပြည်နယ် ခရီးစဉ်အတွင်း၌ မဖြစ်မနေ ဆောင်ရွက်သင့်သော လုပ်ငန်းများကို လမ်းညွန် ထားကြောင်းလည်း သိရသည်။
ချင်းပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးဆလိုင်းလျန်လွယ် အား ဧရာဝတီ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ချင်းပြည်နယ်မှာ တက္ကသိုလ် ၄ ခုလောက် ဖွင့်ဖို့ ပြောထားတယ်ဆိုတော့ အကုန်လုံးကျနိုင်လား ၁ ခုချင်း ကျနိုင် လား။
ဖြေ။ ။ ၁ ခုချင်းပဲ ကျနိုင်ပါတယ်။ ပထမဆုံးတော့ ဟားခါးမှာ ဖွင့်လှစ်ရမယ့် နည်းပညာ တက္ကသိုလ်ရယ် မင်းတပ်မှာ ဖွင့်လှစ် မယ့် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်။ ပထမတော့ တက္ကသိုလ်က မဟုတ်ဘဲ ကောလိပ်က စတာကို။ အခု ဟားခါးလည်း ဟားခါး ကောလိပ်ပဲ ရှိသေးတယ်။ အဲဒါကြောင့် ဒီနှစ်ခုတော့ အရင်ဆုံး ရမယ်လို့ ထင်တယ်။ ပြည်ထောင်စုဝန်ကြီး ကလည်း အဲဒီ ၂ ခုအတွက် မြေနေရာ ရှာဖို့ ပြောတယ်။
မေး။ ။ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက မဖြစ်မနေ လုပ်ဖို့ လမ်းညွန်ခဲ့တာ ဘာတွေရှိလဲ။
ဖြေ။ ။ အများကြီးရှိတယ်။ ဒေသဖွံ့ဖြိုးရေး အတွက် အဓိက ဘာလိုအပ်သလဲဆိုတော့ ချင်းပြည်နယ်မှာ အဓိက မတိုးတက် တာ မဖွံ့ဖြိုးနိုင်တာက လမ်းပန်း ဆက်သွယ်ရေး မကောင်းဘူး။ လမ်းပန်း ဆက်သွယ်ရေးကို ပထမဆုံး ဦးစားပေး လုပ်မယ်။
တောင်ပိုင်း၊ မြောက်ပိုင်း ဆက်သွယ်ဖို့ တော်တော် ခက်ခဲတယ်။ ဟားခါး – ပလက်ဝ သွားမယ်ဆိုရင် တိုင်းနဲ့ ပြည်နယ် ၅ ခု လောက် ဖြတ်ကျော်ပြီးမှ ပလက်ဝ ရောက်နိုင်တယ်။ အဲဒါကို ဟားခါး – ပလက်ဝ တောက်လျှောက် ပေါက်သွားအောင် လုပ် တာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ ပေါက်သွားပြီ။ ချင်းပြည်နယ် တောင်ဘက်မှာ အစွန်ဆုံးက ပလက်ဝ မြို့ဖြစ်တယ်။
ပလက်ဝ ကနေပြီး ဆမီး၊ မတူပီ၊ ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ သီးကီးရ်၊ ကျီးခါး အဲဒီလမ်းက မိုင် ၅၀၀ ကျော်ရှိတယ်။ အဲဒီ လမ်းမကြီးကို ကျနော်တို့ ၁၂ ရာသီ သွားလာလို့ ရအောင် ပထမဆုံး ဦးစားပေး လုပ်တယ်။ ပလက်ဝကနေ အိန္ဒိယနဲ့ မြန်မာ ၂ နိုင်ငံ သဘောတူပြီးတော့ MOU ထိုးထားတဲ့ ကုလားတန်မြစ်ကူး တံတား ထိုးဖို့စနေပြီ။ အဲဒါပြီးရင် ရခိုင်ကနေ ပလက်ဝ။ ပလက်ဝကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ထွက်မယ့် အဝေးပြေးလမ်းပေါ့။ အဲဒီလမ်း ပေါက်သွားလို့ရှိရင် ပလက်ဝ ကနေ အဲဒီကို တောက်လျှောက် ပေါက်နိုင်တဲ့ ကားလမ်း ၁ လမ်းပေါ့နော်။
နောက်ပြီးတော့ စစ်တွေမှာ ရေနက် ဆိပ်ကမ်း ၁ ခု လုပ်နေတယ်။ အဲဒီ ရေနက် ဆိပ်ကမ်းကနေပြီးတော့ တန် ၃၀၀ လောက် သယ်ဆောင်နိုင်တဲ့ အငယ်စား သဘောင်္လေးတွေနဲ့ ပင်လယ်ရေကြောင်းကနေ တက်လာပြီး ချလာမယ့် ပစ္စည်း တွေကို အဲဒီသဘောင်္နဲ့ ပလက်ဝကို တင်မယ်။ ပလက်ဝကနေ ကုလားတန် မြစ်ကြောင်းနဲ့ သယ်မယ်။ တန် ၃၀၀ သင်္ဘော နဲ့ ၁ နေ့ကို ၆ ခေါက်ပေါ့။ ပလက်ဝကနေပြီးတော့ အိန္ဒိယလမ်း ပေါက်နေတယ်။ အိန္ဒိယက လုပ်သား ၃၀၀ လောက်နဲ့ လမ်းအူကြောင်း ဖောက်နေပြီ။ အဲဒါကို အမြန် အောင်မြင်အောင် ဖောက်နိုင်ရင် ပင်လယ်ပြင် ထွက်ပေါက်လည်း ကျနော်တို့ ရှိနေပြီ။ အရင်တုန်းက ချင်းပြည်နယ်က ကုန်းပိတ်ပြည်နယ်။ ဘယ်မှ ဆက်သွယ်လို့ မရတဲ့ ပြည်နယ်ကနေ ကားလမ်းတွေ ကတဆင့် တောင်အစွန်းကနေ မြောက်အစွန်း ဟိုတီးတိန်၊ ဟားခါးအထိ ပေါက်မယ်။
အဲဒီတော့ ကုန်လမ်းလည်း ပေါက်သွားမယ်။ ရေလမ်းလည်း ပေါက်သွားမယ်။ ပလက်ဝမှာ သင်္ဘောကပ်မယ့် ဆိပ်ခံလည်း ပြီးသွားပြီ။ ဒါပေမယ့် စစ်တွေဘက်မှာ တည်ဆောက်နေတဲ့ ရေနက်ဆိပ်ကမ်းတော့ မပြီးသေးဘူး။ အဲဒါ ပြီးတာနဲ့ ကျနော် တို့ ပလက်ဝ ကနေပြီးတော့ မီဇိုရမ် ပြည်နယ်ကို ကားနဲ့ ဆက်သွယ်မယ်။ မဝေးဘူး မိုင်အားဖြင့် ၆၇ မိုင်ပဲ ရှိတယ်။
မေး။ ။ ပလက်ဝနဲ့ မီဇိုရမ်လမ်းကို ဖောက်နေပြီး နယ်စပ် ကုန်သွယ်မှု လုပ်မယ်ဆိုတော့လေ ရက္ခိုင့် တပ်မတော် (AA) နဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားမှု တချို့လည်း ရှိတော့ ဒီဟာက အနှောင့်အယှက် ဖြစ်နိုင်လား။
ဖြေ။ ။ တချို့နေရာလေးတွေမှာတော့ ဖြစ်နေတယ်။ အကုန်လုံးတော့ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီ ကားလမ်း ဖောက်တဲ့ နေရာ အလယ်တည့်တည့် မိုင် ၄၀ ကျော်မှာ ထရွန်အိုင် ဆိုတဲ့ တပ်မတော် ဗျူဟာ စခန်းရှိတယ်။ အဲဒီ ဗျူဟာ စခန်းရှိ တယ် ဆိုတော့ အဲဒီကနေ လှမ်းပြီးတော့ အကုန်ထိန်းနိုင်တယ်။ လုံခြုံရေးပေးနိုင်တယ်။
အခုလည်း ကျနော်တို့ လမ်းအူကြောင်း ရှာဖွေရေး လုပ်ငန်းတော့ လုပ်နေတုန်းပဲ ကျနော်တို့ ချင်းပြည်နယ် အစိုးရ အနေနဲ့ လည်း သူ့လမ်းအူကြောင်း ရှာတဲ့နေရာမှာ မလွတ်ကင်းတဲ့ သစ်တောတွေရှိတယ်။ အဲဒီ သစ်တောတွေကို ခုတ်ခွင့် တင် ထား တယ်။ ခုတ်လည်း ခုတ်နေတယ်။ ၁ ပင်ကို လျော်ကြေး ဘယ်လောက်ဆိုတော့ အစိုးရ ပေါက်ဈေးနဲ့ ဆိုတော့ နည်းနည်း လေးပဲ။
နောက် အဲဒီမှာ ရှိနေတဲ့ ဒေသခံတွေ ရွာဖျက်တာ ရှိတယ်။ နောက် သူတို့ရဲ့ စိုက်ခင်းလေးတွေပေါ့ တောင်ယာ စိုက်ခင်း လေး တွေ၊ လယ်ကွက်တွေ ဖျက်သွားလို့ရှိရင်လည်း လျော်ကြေးပေးတယ်။ အလကားမဟုတ်ဘူး။ ဒေသခံကလည်း ကျေနပ် တယ်။ ဒေသခံတွေကလည်း အဲဒီလမ်း ပေါက်သွားဖို့ အင်မတန်မှလည်း မျှော်လင့်တယ်။ သူတို့ရဲ့ ဒေသလည်း ဖွံ့ဖြိုးမယ်။ စီးပွားရေး အခွင့်အလှမ်းတွေလည်း ပိုပြီး တွင်ကျယ် လာမယ်ဆိုတော့ ဒေသခံတွေလည်း အများကြီး ကြိုဆို တယ်။ ပြဿနာလည်း ဘာတခုမှ မရှိဘူး။
မေး။ ။ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်လာတဲ့ ၂ နှစ်တာ ကာလမှာ ဝန်ကြီးချုပ်တို့ အစိုးရအဖွဲ့ အနေနဲ့ စိတ်ကျေနပ် တဲ့ လုပ်ဆောင်ချက်က ဘာလဲ၊ လုပ်မပေးနိုင်ဘဲ အားမရဖြစ်တာက ဘာရှိမလဲ။
ဖြေ။ ။ လမ်းပန်းဆက်သွယ်ရေးက အခက်အခဲဆုံး။ အဲဒီကိစ္စကို ကျနော်တို့ အစိုးရလက်ထက်မှာ လေကြောင်းလိုင်း နဲ့ ပြည်တွင်း ပြည်ပကို ဆက်သွယ်လို့ရအောင် လေယာဉ်ကွင်း တည်ဆောက်နေတယ်။ လေယာဉ်ကွင်း တည်ဆောက်ခွင့် ပေးဖို့ သမ္မတကြီး၊ အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ပြည်ထောင်စုဝန်ကြီးတွေကို တင်ပြတဲ့အခါမှာ ခွင့်ပြုတယ်။ ဖလမ်း လေယာဉ်ကွင်း က ပထမတွက်ချက်မှုက ၃၇ ဘီလီယံနဲ့ ၂၅ ဘီလီယံကျပ်လောက် ကုန်မယ်ဆိုပြီးတော့ တွက်ချက်ပြီး တည်ဆောက်နေ တယ်။
အဲဒီ လေယာဉ်ကွင်း အောင်မြင်သွားပြီ ဆိုရင်တော့ ပြည်တွင်း ပြည်ပ သွားလာနိုင်မယ်ဆိုတဲ့ အခါကျတော့ ချင်းပြည်ဟာ ကုန်းပိတ် အနေအထားကနေ ပင်လယ် ထွက်ပေါက်လည်း ရှိမယ်။ လေကြောင်းလိုင်းကလည်း အိန္ဒိယ၊ တရုတ်၊ ထိုင်း စသဖြင့် နိုင်ငံတကာနဲ့ ဆက်သွယ်နိုင်မယ်။ နောက် ရန်ကုန်၊ မန္တလေး၊ ကလေး စသဖြင့်ပေါ့ ဆက်သွယ်ခွင့်ရမယ် ဆိုရင် အဲဒီအပေါ်မှာ တော်တော်လေးကို ကျနော်တို့ အားတက်တယ်။ ကျနော်တို့ အစိုးရ လက်ထက်မှာ အမြန်ဆုံး ပြီးအောင် လည်း ကြိုးစားနေတယ်။ အဲဒါ မကြာခင်တော့ ဖွင့်နိုင်မှာပါ။ ၂၀၂၀ -၂၀၂၁ နောက်ဆုံး အဲဒီ့ မတိုင်ခင်မှာလည်း ပြီးနိုင် တယ်။
နိုင်ငံတော်က ဘတ်ဂျက် မြန်မြန်ချပေးနိုင်ရင် ၂၀၂၀-၂၁ ထက် စောပြီး ပြီးအောင် လုပ်လို့ရတယ်။ ဘတ်ဂျက် အပေါ်မှာ မူတည်တယ်။
အားမရတာက ဥပမာ ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်တွေ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ဇယား ၂၊ ၅ တို့အရ ကျနော်တို့ကို လုပ်ပိုင်ခွင့် ပေးထားတာ ရှိတယ်။ ပထမ လမ်းပန်း ဆက်သွယ်ရေး၊ ဒုတိယက လျှပ်စစ် လုပ်ငန်းကလည်း အင်မတန် အရေးကြီးတယ်။ လျှပ်စစ်ဓာတ်အား မရနိုင်ဘဲနဲ့ တိုးတက် ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုရင် မဖြစ်နိုင်ဘူး။ မဖြစ်နိုင် သလောက် ပဲ။
ဥပမာ အားဖြင့် ဟိုတယ်နဲ့ခရီး ဒီမှာ တောတောင် သဘာဝ အလှတွေ ရှိတယ်။ လာမကြည့်ကြဘူး။ ဟိုတယ်နဲ့ ခရီးသွား တိုးတက်အောင် မြှင့်တင်မယ် ဆိုကတည်းကိုက အဓိက ဘာလိုအပ်လဲဆို လမ်းပန်းဆက်သွယ်ရေးက ပထမ၊ ဒုတိယက လျှပ်စစ်မီး။ လျှပ်စစ်မီး မရှိရင် ဟိုတယ်ကောင်းကောင်း တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး။ ရေပူ ရေအေး လိုအပ်တာတို့၊ ကွန်ပျူတာတွေ လိုတာတို့ လုပ်နိုင်ဖို့ လျှပ်စစ်မီး မရှိဘဲနဲ့ မရဘူး။ လျှပ်စစ်ဓာတ်အားကို မီဂ္ဂဝပ် ၃၀ ထိတော့ တိုင်းနဲ့ ပြည်နယ် တိုင်းကို ဖွင့်ပေးတယ်။ လုပ်ခွင့်တော့ ရှိတယ်။
လျှပ်စစ်ဓာတ်အား မထွက်နိုင်တော့ ကျနော်တို့ ပြည်နယ်က ဝယ်ဖို့ ဘတ်ဂျက်မရှိဘူး။ ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးမယ်။ ဒါပေမယ့် ဓာတ်အား ရောင်းဖို့ကျတော့ နိုင်ငံတော်က ဝယ်မှရတာကိုး။
ဥပမာ မဏိပူရ ပြည်နယ်ဆီက လျှပ်စစ် ကျနော်တို့ လုပ်နိုင်မယ်။ ပိုက်ဆံလည်း အပြည့်အစုံ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ကို လုပ်ခွင့်ပေးမယ်။ ဘီလီယံ အများကြီးကုန်မယ်။ ဒီဓာတ်အားခကို ချင်းပြည်နယ်အစိုးရ အနေနဲ့ ဘယ်လောက်ထိ ပေးနိုင် မလဲ။ ဘယ်လောက် ဈေးနဲ့ ဝယ်မလဲ စာချုပ်ချုပ်ဖို့ လိုလာပြီ။ အဲဒါ ကျနော်တို့ လုပ်ခွင့်မရှိဘူး။ ပြည်ထောင်စုက သဘောတူမှ အခါကျတော့ တခြမ်းတော့ ပြည်နယ်က လုပ်ပိုင်ခွင့် ရှိသလိုလိုနဲ့ နောက်ဆုံးမှာတော့ ပြည်ထောင်စု အစိုးရနဲ့ နိဂုံးချုပ်သွားတယ်။
မေး။ ။ လျှပ်စစ်နဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးချုပ်အနေနဲ့ ပြည်ထောင်စုအစိုးရနဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိလဲ
ဖြေ။ ။ သူတို့က ထောက်ခံပေမယ့် အပြီးအပိုင် စာချုပ်ချုပ်ဖို့ဆိုတာ တကယ်တမ်း လုပ်ငန်းစဖို့ဆိုရင် သူတို့ ငွေတွေ အများကြီး ရင်းနှီးမြှုပ်နှံပြီးတော့ ဒီကုန်ကျတဲ့ငွေကို သူတို့ကလည်း ဘယ်လောက်ပြန်ရမလဲ ဆိုတာ။ နောက် စက်ရုံ အလုပ် ရုံ လုပ်ငန်းက မရှိသးဘူး။ အမြဲတမ်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်တယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် ဖို့ လိုတယ်။ လေယာဉ်ဆင်းနိုင်မှ ကတ္တရာလမ်းတွေ ကောင်းကောင်း လုပ်နိုင်မှ လျှပ်စစ်မီးတွေ ဘာတွေနဲ့ ဟိုတယ် အဆင့် မြှင့် ထားနိုင်မှ။ စက်ရုံအလုပ်ရုံဆိုတာ အသေးစား၊ အလတ်စား စက်မှုလက်မှုကို တည်ထောင်ပြီးတော့ ဝဥ ချွေစက်တို့ အခြောက် လှမ်းဖို့တို့ လုပ်ဖို့က အရင်းအနှီး တအားများလာတယ်။ နောက် ရောင်းရေးကျတော့ ကိုက်မှ။ ကုန်ထုတ်လုပ်ဖို့ သက်သက်သာသာနဲ့မှ ကျနော်တို့အတွက် အမြတ်ကျန်မှာဖြစ်တယ်။
အဲဒါကြောင့် ဘာပဲလုပ်လုပ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနဲ့ နောက် ရေ။ ရေပြဿနာက ချင်းပြည်နယ် ၁ ပြည်လုံး က ရွာတွေက တောင်ထိပ်မှာ ရေက ဟိုးတောင်ခြေ ပေ ၃ ထောင်၊ ၅ ထောင်အောက်မှာ အဲဒါကို (ပန့်) လုပ်ဖို့ရှိတယ်။ စီမံကိန်းလုပ်နေတယ်။ ၁၃ ဘီလီယံလောက်ကို ကုန်တော့မယ်။ အခုထိ ရေမပေးရသေးဘူး။ ဘာလို့ဆိုတော့ အနိမ့်ကနေ အမြင့်တင်မယ် ဆိုတော့ အားကလည်း အများကြီး နီးစပ်တယ်။ အဲဒီနိုင်တဲ့ မီးအားက ကျနော်တို့ဆီမှာ မရှိဘူး။ ဘာလို့ဆို တော့ ကိုယ့်မှာ အဆက်အသွယ်မရှိဘူး။ Grip လိုင်း (မဟာဓာတ်အား) တော့ ရောက်လာတယ်။ ဒါပေမယ့် မီးလင်းရုံ လောက်ပဲ။ စက်ရုံကြီးကြီးမားမား လည်ပတ်နိုင်ဖို့ အနေအထားက မရှိသေးဘူး။ လျှပ်စစ်မီးက မလုံလောက်သေးဘူး။
မေး။ ။ နတ်မတောင် မှာ ကမ္ဘာလည့် ခရီးသွားတွေကို ညအိပ်နားခွင့် မပြုဘူးဆိုပြီး ကြားရတယ်။ ဘာကြောင့် တားဆီးရ သလဲ။
ဖြေ။ ။ ကျွန်တော်တို့ လက်ရှိ အခြေအနေအရ ပြောရမယ်ဆိုရင် ခေါနူးစုမ် (နတ်မတောင်) မှာ ညအိပ်ခွင့်ပေးမယ် ဆိုရင် ညအိပ် ကတည်းကိုက မီးက ပါလာပြီ။ ညအိပ်ပြီဆိုရင် မီးဖိုကြမယ်။ အဲဒီတော့ တောမီးလောင်မှာလည်း စိုးတယ်။
တောမီး လောင်ရင် တောပျက်စီးမယ်။ အဲဒါလည်းပါတယ်။ နောက်တောင်ပေါ်မှာ နေခွင့်ပြုရင် အညစ်အကြေး စွန့်တာက အစ အမှိုက်တွေရှိလာရင် အဲဒါတွေက ညစ်ပတ်တယ်။ အဲဒါကြောင့် တောမီးမလောင်အောင် နောက် သဘာ၀ ပတ်ဝန်း ကျင် လည်း မထိခိုက်အောင် နောက်တော့ တောရိုင်း တိရစ္ဆာန်တွေ ကျေးငှက်တွေက အဲဒီလို လူတွေအဖွဲ့လိုက် ဆိုရင် မနေရဲတော့ဘူး။ ထွက်ပြေး ကြတယ်။
အောက်ချင်း ငှက်တို့၊ ကမ္ဘာမှာ ရှားပါးငှက် ဖြစ်တဲ့ မျက်ခုံးဖြူ ချောက်ငှက် ဆိုတဲ့ဟာတွေက ဆူညံသံတွေကြောင့် ကြောက် လန့်ထွက်ပြေးကြတဲ့ အတွက် အဲဒီငှက်တွေတောင် သိပ်မတွေ့တော့ဘူး။ လူဖြတ်သွားတဲ့ နေရာတွေမှာ ဂျီဟောက်သံတွေ လည်း မကြားရတော့ဘူး။
ဂေဟစနစ် ဆုံးရှုံးသွားနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့ ကားလမ်း မဖောက်ဖို့ ဆိုင်ကယ်လည်း မတက်ဖို့ ဥပဒေနဲ့အညီ ပိတ် မယ်ဆိုရင် ဒေသခံတွေက အလုပ်မရှိတော့တဲ့ အတွက် ဝင်ငွေလျော့သွားနိုင်တယ်။ သူတို့က ဆိုင်ကယ်ကို အကြွေးနဲ့ ဝယ်ပြီးတော့ တောင်ထိပ်ကို ဆိုင်ကယ်စီးပြီး ပို့နေတာနဲ့ ထမင်းစားရတာ။ ဒါပိတ်ရင် ဆန္ဒပြတာတွေ ဖြစ်မှာစိုးလို့ လုံးဝကို မပိတ်ဘဲ တဖြည်းဖြည်းချင်းပဲ ခဏခဏ ကျနော်တို့ ဆွေးနွေးပြီးတော့ ရှိပြီးသား ဆိုင်ကယ်၊ ကားလမ်းကို ပြန်ပိတ်လိုက် တယ်။
ကျနော်တို့ အာရှအမွေအနှစ်လည်း ခေါနူးစုမ်တောင်က ရနေပြီ။ အဲဒီတော့ နိုင်ငံတကာက သူရဲ့သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဘောင်အရ ဒါတွေက ဆိုင်ကယ်လည်း မတက်နဲ့ ကားလည်း မတက်နဲ့ မီးလည်း မဖိုနဲ့ဆိုတဲ့ ထိန်းသိမ်း မှုက ကျနော်တို့ ချင်းပြည်နယ် အစိုးရထံကို အကြံပေးစာတွေ ခဏခဏ လာတယ်။ ဒီလို ညအိပ်ခွင့် မပေးတာက စီးပွား ရေး လုပ်ငန်း မဆုံးရှုံးနိုင်ပါဘူး။ကျနော်တို့က တောင်ခြေကနေ ၁၀ မိုင်အထိက ကားလမ်း တက်ခွင့်ပေးတယ်။ အပေါ် တောင်ထိပ်ကို ကားတက်ခွင့် ဆိုင်ကယ် တက်ခွင့်မပေးတဲ့ဟာက ၃ မိုင်ခွဲပဲ ရှိတယ်။ တကယ်တမ်းကျတော့ ပိတ်ဖို့ပဲ စိတ်ကူးတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ စံနှုန်း မူဘောင်နဲ့လည်း ဒါအဆင်ပြေတယ်။ ကျနော်တို့က သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးကို လိုက်နာဖို့ ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။
ပိတ်ပင်မှုနဲ့ ပတ်သက်ပြီးတော့ စာတော့ ထုတ်ထားတယ်။ တဖက်ကလည်း ကြီးကြပ်ရေး ကော်မတီတွေ ဖွဲ့ပြီးတော့ ကြီးကြပ်တယ်။ အရေးယူတာ မဟုတ်ဘဲ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးတို့ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးတို့၊ အဲဒီလို ခရိုင်အုပ်ချုပ်ရေးမှူး မြို့နယ် အုပ်ချုပ်ရေးမှူး၊ နောက်သစ်တော စသဖြင့် ဆက်စပ်တဲ့ ဌာနပေါင်းစုံနဲ့ ကော်မတီ ဖွဲ့ပြီးတော့ ထိန်းသိမ်းတယ်။
အခက်အခဲ တစ်ခုတော့ရှိတယ်။ အဲဒီတောင်ပေါ်မှာ ဘုရား ၁ ဆူရှိတယ်။ သက်ကြီး ရွယ်အိုတွေ ဘုရားဖူးဖို့ အတွက်နဲ့ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းရှိဖို့ကို တဖြည်းဖြည်း စည်းရုံး လုပ်ဆောင် သွားမယ်။ ကျနော်တို့ကတော့ ၁၀ မိုင် အထိ ဆိုင်ကယ်တက်ခွင့် ပေးလိုက်ရင်တော့ အဆင်ပြေမယ် ထင်တယ်။ အဲဒီ ၁၀ မိုင်အထိ ဖွံ့ဖြိုးတဲ့နေရာအထိ ဈေးသည် များများ ရောက်လာဖို့က အဓိကပါ။ အဲဒါမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မယ်။ ။