ပြည်ထဲရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ပြန်ကြေညာခဲ့သည့် မုဒိမ်းမှုများ ဖြစ်ပွားခဲ့ရသည့် အခြေအနေ၊ ဖြစ်ပွားရသည့် အကြောင်းအရင်း၊ ရှောင်ကျဉ်ရမည့် အချက်များထဲမှ အချို့သော အချက်များဖြစ်သည့် “၁၆ နှစ်အထက် မိန်းကလေးများ ပြုကျင့်ခံရသည့် မုဒိမ်းမှုများ ဖြစ်ပွားရခြင်းမှာ” ဆိုသည့် ကြေညာချက်အပေါ် ဝေဖန်မှုများရှိခဲ့သည်။
ထိုကြေညာချက်တွင် တချို့သော အချက်များဖြစ်သည့် မိန်းကလေးများ အရက်သေစာ သောက်စားခြင်း၊ ကာမရာဂ စိတ်ကြွဆေးပြားများကို လွယ်လင့်တကူ ဝယ်ယူသုံးစွဲရရှိခြင်း၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်လာ၍ လက်ကိုင်ဖုန်း၊ Tabalet များတွင် ညစ်ညမ်းဗီဒီယို၊ ညစ်ညမ်းပုံများအား လွယ်လင့်တကူ ကြည့်ရှု၍ ရရှိခြင်း၊ အခြေခံ လူတန်းစားများ နေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများရှိ ဖုန်းဆိုင်များမှ ညစ်ညမ်းဓာတ်ပုံများနှင့် ရုပ်ရှင်များကို လက်ကိုင်ဖုန်းများထဲသို့ ထည့်ပေးခြင်း၊ Internet ညစ်ညမ်း Website များမှနေ၍ လိင်မှုကိစ္စရပ်များကို အလွယ်တကူ ဖော်ပြနေခြင်း ဆိုသည့် အချက်များအပေါ် ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။
ထို့ပြင် မုဒိမ်းမှုများကျူးလွန်ရသည့် အဓိက အကြောင်းအရင်းများတွင် “မိန်းကလေးများ ဝတ်စားဆင်ယင်မှုကို ဆရာသမား၊ လူကြီးမိဘနှင့် မီဒီယာများမှ ဝိုင်းဝန်း တည့်မတ်ပေးကြရမည် ဖြစ်ပါသည်”ဆိုသည့် အချက်အပေါ် ပြည်သူများက တရား ဥပဒေ စိုးမိုးရေးကို မေးခွန်း ထုတ်ခဲ့ကြသည်။
ထိုအကြောင်းအရာများနှင့် ပတ်သက်ပြီး ဘက်စုံ ကဏ္ဍစုံမှ အမျိုးသမီးများကို ဆက်သွယ်၍ ဧရာဝတီ သတင်းဌာနမှ သဲကို က ဆက်သွယ် မေးမြန်းထားသည့် သဘောထား မှတ်ချက်များကို ဖော်ပြ ပေးလိုက်ပါသည်။
ဒေါ်မမလေး
လွှတ်တော်ကိုယ်စားလှယ်
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၈) ၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ
အဓိကက ပြုလုပ်တဲ့သူတွေကို ပြောရမှာပါ။ မိန်းကလေး ဘယ်သူက ပြုခံချင်မလဲနော်။ ဝတ်စားဆင်ယင်မှုက ခေတ်နဲ့ အညီ ဝတ်စားဆင်ယင်ကြတယ် ဆိုပေမယ့် ဝတ်စားတိုင်းလဲ အဲဒီလို မဖြစ်နိုင်ဘူးလို့ ကျမ မြင်ပါတယ်။ ထုတ်ပြန်ချက်မှာ ဆိုရင် ပြုကျင့်တဲ့သူ ဘက်ကို မပြောဘဲ ပြုကျင့်ခံရတဲ့ ဘက်ကို ပြောထားတာကို ကျမ သိပ်လက်မခံချင်ပါဘူး။ ဒီထုတ်ပြန် ချက်က အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှမှု မရှိဘူးလို့ မြင်ပါတယ်။ အခုက ပြုကျင့်ခံရတဲ့ မိန်းကလေးတွေကပဲ ထိန်းသိမ်းရမယ် ဆိုတာမျိုး ဖြစ်နေတယ်။ အမျိုးသားတွေကို ပိုပြီး သတိပေးစကား ပြောရမှာပါ။ အခုပုံစံက ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး။ ဒါက မုဒိမ်းမှုဖြစ်တယ် ဆိုတာ မိန်းကလေးမှာပဲ ပိုပြီး တာဝန်ရှိနေသလို ဖြစ်နေတယ်။ ထုတ်ပြန်ချက် ထုတ်ပြန်မယ်ဆိုရင် နောင်အခါတွေမှာ တန်းတူညီမျှတဲ့ ပုံစံမျိုးပဲ ဖြစ်သင့်ပါတယ်။ အမျိုးသမီးတွေ ဆေးသုံးတယ်၊ ဝတ်စား ဆင်ယင်မှုကြောင့်ဖြစ်တယ် ဆိုတာတွေက ဒါတွေက အဓိက ပြစ်မှုဖြစ်ရခြင်း အကြောင်းပြချက်လို့ မမြင်ပါဘူး။
ဒေါ်ဆွေဇင်ထိုက်
ရုပ်ရှင်သရုပ်ဆောင်
မုဒိမ်းမှုကို မဖြစ်ခင်မှာ ကာကွယ်ရမယ်။ ဖြစ်ပြီးသွားရင်လဲ ဘယ်လို ပြန်လည်ကူညီမလဲဆိုတာ လုပ်ပေးရမှာပါ။ မုဒိမ်းမှု ဖြစ်တယ်ဆိုတာ တဖက်ကနေပြီးတော့မှ မြှူဆွယ်သည် ဖြစ်စေ၊ မမြှူဆွယ်သည်ဖြစ်စေ ကျင့်ဝတ်သိက္ခာ အနေနဲ့ စောင့်ထိန်းရမှာပေါ့။ မလုပ်သင့်တဲ့အလုပ်ကို လုပ်တာကတော့ တရားနည်းလမ်းအားဖြင့် အရေးယူရမှာပဲ။ ကိုယ့်လူမျိုးတွေ၊ ကိုယ့်သားသမီးလေးတွေ ကိုယ့်အနားပတ်ဝန်းကျင်က ရှိတဲ့လူတွေကို စောင့်ရှောက်ရမှာလေ။ အဲဒီလို မစောင့်ရှောက်ဘဲနဲ့ ကျူးလွန်တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဘာအကြောင်းပြချက်နဲ့ပဲ ဖြစ်နေဖြစ်နေ ကျူးလွန်တာ ကျူးလွန်သူအပြစ်ပဲ။ သက်ငယ်မုဒိမ်း ကတော့လေ လုံးဝမဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ အဲဒီဟာအတွက် ကာကွယ်ရမယ်။ ကျူးလွန်တဲ့သူတွေကို ကြည့်တာ အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ လက်တကမ်းက လူတွေ ဖြစ်နေတာကိုး၊ အဲဒါကိုကြည့်ခြင်းအားဖြင့် စိတ်ဓာတ် က အဓိကပဲ။ အခွင့်အရေးရလို့ ငါ ကျူးလွန်လိုက်မယ် ဆိုတာထက်စာရင် ငါစောင့်ရှောက်လိုက်မယ် ဆိုတဲ့ ယောကျ်ား ကောင်း ပီသတဲ့ စိတ်ဓာတ်၊ မြန်မာယောကျ်ားကောင်း စိတ်ဓာတ် မရှိတာတော့ အံ့သြတယ်။
ဒေါ်ခင်ခင်ကျော်
တရားလွှတ်တော်ရှေ့နေ
ပြည်ထော်စု ရှေ့နေများ နှင့် ဥပဒေ အထောက်အကူပြုသူများ အဖွဲ့
တရားဥပဒေစိုးမိုးမှု မရှိတဲ့ အပေါ်မှာ အခွင့်အရေးတွေ ယူကြတာပါ။ အခုဆိုရင် မိန်းကလေးတွေမှာ ပိုတောင် မလုံခြုံတဲ့ အခြေအနေဖြစ်လာတယ်။ ဝတ်စားဆင်ယင်မှုနဲ့လည်း မဆိုင်ပါဘူး။ အင်တာနက်တို့ ဘာတို့က ညစ်ညမ်းရုပ်ပြတွေ ဗီဒီယို တွေဆိုတာလည်း အမျိုးသားတွေ အသုံးပြုကြတာ များတာပါ။ ဒါဟာ မိန်းကလေးတွေကြောင့်လို့ လာပြောလို့ မရပါဘူး။ ကျမတို့ဆီမှာ ပညာရည် အဆင့်အတန်း နိမ့်တာတွေ စီးပွားရေးအရ ကြပ်တည်းတာတွေ စာရိတ္တပိုင်း ဆိုင်ရာမှာလည်းပဲ အစဉ်အဆက် စနစ်တကျကို ဖျက်ဆီးခံထားရတာလေ။ အခုလဲ တရားဥပဒေစိုးမိုးမှု မရှိတဲ့အပေါ်မှာ ဒါမျိုးတွေ ဖြစ်ဖို့ လွယ်ကူလာတာပါ။ ဥပဒေက ရှိနေပေမယ့် တကယ် တရားစီရင်ရေး စနစ်က ထိထိမိမိနဲ့ ပြစ်ဒဏ်တွေပေးဖို့ လိုသလို တိုင်ကြားချက်တွေ အပေါ်မှာလည်း နစ်နာမှုမရှိအောင် မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် အရေးယူ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ အခုက facebook ပေါ်မှာ တက်လာတာလောက်ပဲ လူတွေ သိကြတာပါ။ တကယ်က လူမသိ သူမသိနဲ့ ဖြစ်နေတဲ့ အမှုတွေ အများကြီး ရှိနေပါသေးတယ်။ တချို့အမှုတွေဆို ရဲဌာနရောက်မှ သေသေချာချာ မစိစစ်ဘဲ ပုဒ်မတွေ ပြောင်းသွားတဲ့ အမှုတွေလည်း အများကြီးရှိတယ်။ အားလုံး ခြုံပြောမယ်ဆိုရင် တရားစီရင်ရေးမှာ အဂတိလိုက်စားမှုတွေ အကျင့်ပျက် ခြစားမှုတွေ ရှိတယ်။ ကျမတို့တွေ လိုက်နေတဲ့ အမှုတွေမှာကို ကြုံတွေ့နေရတာပါ။ အဓိက တရားဥပဒေ စိုးမိုး အောင်သာ လုပ်ဆောင်ရမှာပါ။
နော်အုန်းလှ
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ
ပြစ်မှုကျူးလွန်တာ ဘာကြောင့်ဆိုတာကို ဒီလိုမျိုး မပြောသင့်ပါဘူး။ အန်တီတို့ နိုင်ငံမှာ မုဒိမ်းမှုထဲမှာမှ သက်ငယ်မုဒိမ်းမှု တွေ အများကြီးဖြစ်တယ်။ ဒီလိုဖြစ်နေချိန်မှာ ဒီလိုမျိုး မပြောသင့်ဘူး။ ဒါက အမျိုးသမီးတွေကို ပိုဖိနှိပ်တာ၊ တကယ်တမ်း ကျရင် သုံးနှစ်ခွဲ၊ လေးနှစ်ခွဲ ဒီလိုမျိုးဖြစ်ရတယ် ဆိုတာ လူတွေရဲ့ စရိုက်နဲ့ ပြုကျင့်သူတွေရဲ့ စိတ်နဲ့ပဲဆိုင်တယ်။ ဒီလို ထုတ်ပြန်တယ် ဆိုတာ အမျိုးသမီးတွေကို ထပ်ပြီး စော်ကားတာ။ အမျိုးသမီးတွေကို နှိပ်ကွပ်တဲ့ စကားတွေပဲ။ သက်ငယ် မုဒိမ်းဆိုရင် သေဒဏ်ချပါလို့ ဝိုင်းတောင်းဆိုကြတယ်။ တကယ်လဲ စိတ်တအားဆိုးတယ်။ သေဒဏ်ကို အန်တီတို့လည်း နိုင်ငံ လူ့အခွင့်အရေးအရ လက်မခံဘူး။ ဒါပေမယ့် ဒီလို သက်ငယ်မုဒိမ်း ကျူးလွန်တဲ့သူတွေကို အဲဒီလို ပြင်းပြင်းထန်ထန် အပြစ်မပေးရင် ဒီထက်ပိုဆိုးလာလိမ့်မယ်။ အခုဆို မကြားဝံ့ မနာသာတွေကြားနေရတယ်။ တရားဥပဒေ စိုးမိုးရေးကို အစိုးရ အနေနဲ့ ထိထိရောက်ရောက် လုပ်ပေးစေချင်ပါတယ်။
ဒေါ်ကလျာပြည့်ဝေသျှန်
Managing Director
Pyi Wai Shan Group of Companies၊ ပြည့်ဝေသျှန် ရတနာရွှေဆိုင်
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်တွေကတော့ မုဒိမ်းမှု ဖြစ်ပွားရတဲ့ အကြောင်းတရား တွေ့ရှိချက်များလို့ ယူဆပြီး ထုတ်ပြန်တာ ဖြစ်မယ်ထင်ပါတယ်။ တကယ့်မုဒိန်းမှု ဖြစ်ပွားတဲ့ အဓိက အချက်တွေထဲမှာ အင်တာနက် Website များ၊ ဖုန်းများမှ ညစ်ညမ်းဓာတ်ပုံနှင့် လိင်မှုကိစ္စတွေကို အလွယ်တကူ ကြည့်ရှုခြင်းကြောင့် ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အချက်က ရာခိုင်နှုန်း ဘယ်လောက်ထိ ပါရှိတယ်ဆိုတာကို ဖော်ပြသင့်ပါတယ်။ ကျမတို့ ပတ်ဝန်းကျင်က အရွယ်ရောက် အမျိုးသား တော်တော်များများက လိင်မှုကိစ္စတွေကို ခေတ်မီ နည်းပညာရပ်တွေနဲ့ အလွယ်တကူ ကြည့်ရှုတဲ့ အလေ့အကျင့်တွေ ရှိကြပေမယ့် မုဒိမ်းမှု ကျူးလွန်ခဲ့တာကိုတော့ ခုချိန်ထိ ကျမ မတွေ့မြင်ဖူးပါဘူး။ အမျိုးသမီးတွေ အရက်သေစာ သောက် စား လို့ ဆိုတဲ့ အချက်ကလည်း မုဒိမ်းမှုကျူးလွန်ခံရတဲ့ ရာခိုင်နှုန်း ဘယ်လောက် ရှိတယ်ဆိုတာကို ကျမ မသိပေမယ့် အဲဒီ အချက်ကလည်း ကျူးလွန်ခံရမှုအတွက် အဓိကအချက်လို့ မထင်ပါဘူး။ ကျူးလွန်ချင်သူရဲ့ အကြောင်းပြချက်လို့ပဲ ယူဆ ပါတယ်။ အမျိုးသမီးများရဲ့ ဝတ်စားဆင်ယင်မှုကြောင့် မုဒိမ်းမှု ကျူးလွန်ခံရကြောင်း ယူဆပြီး ကျူးလွန်ခံရတယ် ဆိုတဲ့ အချက်ကိုတော့ ကျမ လုံးဝလက်မခံနိုင်ပါဘူး။ မလုံခြုံတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားတိုင်းသာ ကျူးလွန်ခံရမယ် ဆိုရင် တချို့သော လူမျိုးစုရဲ့ အဝတ်အစား ပုံစံကြောင့် အဲဒီလူမျိုးစုရဲ့ အမျိုးသမီးတိုင်း မုဒိမ်းမှု ကျူးလွန်ခံရမှာပေါ့။
Ellie Swindon (အဲလီ)
Gender Advisor
IMS-Fojo in Myanmar
မတော်မတရား ပြုကျင့်သူတွေဘက်ကို တာဝန်သိပ်မရှိသလို ပြောပြီး နစ်နာရသူတွေကြောင့်ပဲ ဖြစ်ရသလို ဦးစားပေး ဖော်ပြထားတော့ ထုတ်ပြန်ချက်က စိတ်ပျက်ဖွယ်ဖြစ်ပါတယ်။ မုဒိမ်းမှုကိစ္စကို မူးယစ်ဆေးနဲ့ အရက်၊ နစ်နာသူရဲ့ ဝတ်စား ဆင်ယင်မှုနဲ့ ညစ်ညမ်းဓာတ်ပုံ၊ ဗီဒီယိုပြန့်ပွားလာမှုတွေကြောင့် ကျူးလွန်သူတွေ ကျူးလွန်ရသလို ကာကွယ်ဖော်ပြထား တယ်။ အမျိုးသမီးတွေကို လူ့အဖွဲ့အစည်းရဲ့ ဒုတိယနိုင်ငံသား အဖြစ် သတ်မှတ် နေတဲ့သဘောက ပြဿနာပါ။ ဒါကို ဖော်ပြခြင်းမရှိဘဲ အမျိုးသမီးတွေဆိုတာ အမျိုးသားအတွက် လိင်ပျော်ပါးစရာ ဆိုတဲ့ အမြင်မျိုးဖြစ်နေတယ်။ ထုတ်ပြန်ချက် မှာ အကြံပြုထားသလို မီဒီယာနဲ့ လူ့အဖွဲ့အစည်းတွေက မုဒိမ်းမှုနဲ့ လိင်ကိစ္စ မတော်မတရားမှုကို လျော့ကျစေဖို့ လုပ်ဆောင် ပါဝင်ရမယ်။ အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှုကို ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ဖော်ပြထားတယ်။ တကယ် တမ်း တိုက်တွန်းသင့်တာက အများပြည်သူမြင်ကွင်းမှာ အမျိုးသမီးတွေရဲ့ အသံကို မြှင့်တင်ပေးဖို့နဲ့ လူသားချင်း လေးစား စွာ ပြုမူဆက်ဆံတတ်ဖို့၊ အမျိုးသမီးတွေဆိုတာ လိင်ကိစ္စအတွက် အရာဝတ္ထု မဟုတ်ဘူးဆိုတာ အမျိုးသားတွေကို တိုက်တွန်း သင်ကြားပေးသင့်တာပါ။
ဒေါ်အေးအေးဇင်
Media Trainer
Myanmar Journalism Institute
ထုတ်ပြန်ချက်ထဲမှာ ပါတဲ့ မုဒိမ်းမှုဟာ ဝတ်စားဆင်ယဉ်မှုနဲ့ ပတ်သက်တယ်ဆိုတဲ့ အချက်ဟာ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ အဝတ်အစားနဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့ အတွေးအခေါ် အစဉ်အလာကို ပိုပြီး အားပေးရာ ရောက်သလိုဖြစ်နေတယ်။ မုဒိမ်းမှုကို ဝတ်စားဆင်ယဉ်မှုနဲ့ ချိတ်ဆက် ဖော်ပြလိုက်တာဟာ အဝတ်အစား တိုတိုဝတ်ထားတဲ့ ကောင်မလေးတွေဆို မုဒိမ်းကျင့်ခံရမှာပဲ၊ မုဒိမ်းကျင့်လို့ရတာပဲ၊ မုဒိမ်းကျင့်ခံရရင်လည်း ဒီလိုဝတ်ထားတာကို ကျင့်ခံရမှာပေါ့ဆိုပြီး မုဒိမ်းမှုကို ပိုပြီး အားပေးရာတောင် ရောက်စေတယ်။ ဆိုလိုတာက မုဒိမ်းကျင့်တဲ့ သူတွေဟာ အဝတ်တိုတို ဝတ်ထားတဲ့ ကောင်မလေး တွေ ကို Auto ကျင့်ပိုင်ခွင့် ရသွားသလိုဖြစ်သွားတယ်။ တကယ့်မုဒိမ်းမှုတွေကို ကြည့်ကြည့်ပါ။ အဝတ်ကြောင့် မုဒိမ်းကျင့်ခံရတဲ့ သူတွေ အရမ်းနည်းပါတယ်။ ဘယ်လိုကြိုတင် ကာကွယ်ရမယ် ဒါတွေကို ဗဟုသုတပိုပေးဖို့လိုသလို၊ လူ့အဖွဲ့အစည်းကြီးရဲ့ ပညာရေး အခြေအနေကိုလည်း တိုးတက်လာအောင် လုပ်ပေးဖို့လိုပါတယ်။ ဒီလို အဝတ်အစားကို မုဒိမ်းမှုနဲ့ ချိတ်ဆက်နေ တယ်ဆိုတဲ့ ထုတ်ပြန်ချက်ကတော့ မုဒိမ်းမှု မဖြစ်အောင် ကြပ်မတ်တဲ့ အဖွဲ့အစည်းတွေ ကိုယ်တိုင်က မုဒိမ်းမှု ဖြစ်ရတဲ့ အကြောင်းအရင်းကို သေချာ နားမလည်သေးဘူးလို့ မြင်တယ်။
ဒေါ်နန်ပူ
Director
Htoi Gendar
ကျား မ အခြေပြုပြီး အကြမ်းဖက်မှု အမြင်သဘောထား မရှိတဲ့ ထုတ်ပြန်ချက်ပါ။ ဒီစာက ရိုးရာ အစွဲအလမ်းအရ အမျိုးသမီး တွေကိုု ခွဲခြားဖိနှိပ်ထားမှုကိုု ပိုုမိုုခိုုင်မာအားကောင်းလာစေတယ်။ အမျိုးသမီးတွေကိုု ပိုုပြီး အကြမ်းဖက်ခံရဖို မဒိမ်းကျင့်ခံရဖို ဖြစ်စေတယ်။ ကျူးလွန်သူက မှန်တယ်လို ပြောတဲ့ သဘောတရား သက်ရောက် သွားတယ်။ သူတို့တွေမှာ Gender Base Violence(GVB) နဲ့ ပတ်သက်တဲ့ Concept မရနေဘူးဆိုတာ သိသာစေတယ်။ အကြမ်းဖက်မှုကို ကျူးလွန်သူကို ဘယ်လို မျိုး ဖြေရှင်းမလဲ ဆိုတာကို သူတို့ သိမနေဘူး။ ကျမတို့ မြစ်ကြီးနားမှာဆို မုဒိမ်းမှုတွေ၊ ကလေး မုဒိမ်းမှုတွေ အများကြီးပဲ။
ဒါတွေဟာ အဝတ်အစားကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ ကျမတို့နိုင်ငံမှာ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တော့ Control လုပ်ဖို့ ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး စီရင်တဲ့အခါမှာ ကျူးလွန်တဲ့သူက ဘယ်သူလဲ ဆိုတာ မရွေးချယ် တတ်ဘူး။ အဲဒါရဲ့ Concept က GBV မရှိတာကြောင့်ဖြစ်ပါတယ်။
ပြီးတော့ ဒီလို ထုတ်ပြန်လိုက်ခြင်းဟာ ဟိုတချိန် ကတည်းက ရှိနေတဲ့ ခွဲခြားဆက်ဆံထားခဲ့တဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း တွေ၊ အတွေးအခေါ်တွေကို ထပ်ပြီး အရောင်တင်ပေးလိုက်သလိုပါပဲ။ ကျားမ ခွဲခြားဆက်ဆံမှုကို ပြုပြင်ပြောင်းလဲပေးရမှာ ကို မလုပ်ဘဲနဲ့ ပိုပြီးတော့ ပြင်းထန်လာအောင်၊ ခိုင်မာလာအောင် လုပ်နေတဲ့ အခြေအနေဆိုတာ ပြည်ထဲရေး ထုတ်ပြန်ချက် က ပြနေပါတယ်။ အမှန်က ကျူးလွန်သူ မုဒိမ်းကောင်ကို ပြင်းထန်စွာ အပြစ်ပေးဖို့ အကျင့်စာရိတ္တ ပြုပြင်ထိန်းသိန်းရေး လုပ်ပေး ဖို့၊ အခုကြီးလာတဲ့ ယောကျ်ားလေးတွေကို အကျင့်စာရိတ္တ ကောင်းအောင်သင်ပေးဖို့ ဆိုတာတွေ ဖြစ်ရမှာပါ။ ။