လူပေါင်း သန်းနှင့်ချီပြီး အသုံးပြုလျက်ရှိသည့် ရန်ကုန်မြို့တွင်း ဖြန့်ဝေပေးလျက်ရှိသည့် ရေပိုက်များအတွင်း မစင်ဓာတ်များ ပျံ့နှံ့လျက်ရှိပြီး ကျန်းမာရေးအတွက် မသင့်လျော်ကြောင်း သတင်းများ ထွက်ပေါ်ပြီး နောက်ပိုင်း ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများ မြင့်တက်လျက် ရှိသည်။
သို့ဖြစ်ရာ အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့ကို ဖြန့်ဝေပေးလျက်ရှိသည့် ရေပေးဝေရေးစနစ်နှင့် သန့်ရှင်းမှုအတွက် စီမံဆောင်ရွက်ထားမှုတွင် အဓိက တာဝန်ရှိသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဌာနမှူး ဦးအောင်ဆန်းဝင်းနှင့် ဧရာဝတီမှ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး ။ ။ ရန်ကုန်မြို့ကို ရေဖြန့်ဝေပေးတဲ့ ဂျိုးဖြူပိုက်လိုင်းက ရေတွေမှာ မစင်ဓာတ်တွေ ပျံ့နှံ့နေတယ်လို့ ပြောပါတယ်။ အဲဒီပေါ်မှာ မြို့တော်စည်ပင်အနေနဲ့ ဘယ်လိုများ တုန့်ပြန်ပြောဆိုချင်လဲရှင့်။
ဖြေ ။ ။ ပျံ့နှံ့တာတွေ၊ မပျံ့နှံ့တာတွေ မပြောခင်မှာ ရန်ကုန်မြို့ရဲ့ ရေပေးဝေရေး စနစ်ကို နည်းနည်းလေး ရှင်းပြချင်တယ်။ ရန်ကုန်မြို့ကို ရေပေးတာက ဂျိုးဖြူ ရေကန်တခုတည်း မဟုတ်ပါဘူး။ အခုလူတွေက စည်ပင် ရေရယ်လို့ ပြောလိုက်ရင် ဂျိုးဖြူရေလို့ ပြောကြတယ်။ တကယ်တမ်းကျ ရန်ကုန်မြို့ကို ရေ source ၂ မျိုးကနေ ပေးပါတယ်။
တမျိုးကတော့ Service water လို့ ခေါ်တဲ့ ရေလှောင်ကန်တွေပေါ့။ နောက်တမျိုးကတော့ Ground Water လို့ ခေါ်တဲ့ အဝီစိတွင်းက ရေကို ပေးတာပါ။ Service Water မှာ ရေလှောင်ကန် လေးခုက ပေးပါတယ်။ ဂျိုးဖြူရေလှောင်ကန်၊ လှော်ကားရေလှောင်ကန်၊ ဖူးကြီးရေလှောင်ကန်နဲ့ ငမိုးရိပ် ရေလှောင်ကန်က နေပေးတာပါ။ အဲဒီက ပေးတဲ့ ရေဂါလံ သန်းပေါင်း ၁၈၅ သန်း ပေးပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီက တူးထားတဲ့ ကော်မတီပိုင် ရေတွင်းတွေက ဂါလံ သန်း ၂၀ ပေးပါတယ်။
အဲဒါကြောင့် ရန်ကုန်မြို့ကို ရေပေးနေတာ ၂၀၅ သန်းမှာ ရေလှောင်ကန်ကြီးတွေက ၁၈၅ သန်းပေးပြီး အဝီစိတွင်းတွေကနေ ဂါလံသန်း ၂၀ ပေးတာ ဖြစ်တဲ့အတွက် ဒီရန်ကုန်မြို့မှာ သုံးစွဲနေတဲ့ စည်ပင်ရေက ဂျိုးဖြူရေ တခုတည်း မဟုတ်ပါဘူး။ ဂျိုးဖြူရေက ခုနက ပြောတဲ့ တနေ့ကိုပေးတဲ့ ဂါလံ ၂၀၅ သန်းထဲကမှ တနေ့ကို ဂါလံ ၂၇ သန်းပဲ ပါတာ ဖြစ်ပါတယ်။ ရေလှောင်ကန် အသီးသီး ကနေပေးတာ ဖြစ်ပါတယ်။
ကျနော်တို့ပေးတဲ့ ရေလှောင်ကန်တွေထဲမှာလည်း ဥပမာ ငမိုးရိပ် ရေလှောင်ကန် ထပ်ဆင့်ရေ ယူပြီးတော့မှ ညောင်နှစ်ပင် ရေတွန်းစက် စက်ရုံကနေ ပထမအဆင့်၊ ဒုတိယအဆင့်ဆိုပြီး ဂါလံ ၄၅ သန်းစီဆိုတော့ သန်း ၉၀ စီရှိပါတယ်။ အဲဒါကို သန့်စင်တဲ့စနစ်နဲ့ သန့်စင်ပြီးတော့မှ ရန်ကုန်မြို့ထဲကို ပေးတာ ဖြစ်ပါတယ်။
အလားတူပဲ ဂျိုးဖြူရေလှောင်ကန်ဆိုရင် စတင် တည်ဆောက်တဲ့ ၁၉၄၀ ကတည်းက စတင် တည်ဆောက်စဉ်ကတည်းက အဆင့်ဆင့် အနည်ထိုင်တယ်။ လိုအပ်တဲ့အချိန်တွေမှာ ကျောက်ချဉ်ခပ်တယ်။ အဲဒီလိုတွေ လုပ်ပြီးမှ ရန်ကုန်မြို့ကို ပေးတာဖြစ်ပါတယ်။
ပြောချင်တာကတော့ ရန်ကုန်မြို့ကို ပေးနေတဲ့ ဒီရေလှောင်ကန်ကြီးတွေကနေ လူကို အန္တရာယ်ဖြစ်စေတဲ့ ရောဂါပိုး မရှိပါဘူး။ မရှိဘူးဆိုတာကိုလည်း အကြောင်းမဲ့ ပြောတာ မဟုတ်ပါဘူး။ ကျနော်တို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေသန့်ဌာနမှာ ဓာတ်ခွဲခန်းတွေ ရှိပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကျနော်တို့မှာ ကိုယ်ပိုင် ဓာတ်ခွဲခန်းရယ်လို့ မရှိပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ ဓာတ်ခွဲခန်းတွေ သွားပြီးတော့ ရေနမူနာ စစ်ရပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ ၅ နှစ် ပတ်ဝန်းကျင်ကတည်းက ဓာတ်ခွဲခန်းတွေ ကိုယ်ပိုင်လည်း တည်ဆောက်ထားပါတယ်။ အခုရောက်ရှိနေတဲ့ ဒီရုံးချုပ်မှာကို Lab (ဓာတ်ခွဲခန်း) ခန်းရှိပါတယ်။ လေ့လာလို့ရပါတယ်။ ရေလှောင်ကန်တွေ အသီးသီးမှာလည်း ဓာတ်ခွဲခန်းတွေ ရှိပါတယ်။ အဲဒီဓာတ်ခွဲခန်းတွေကနေပြီးတော့မှ ကျနော်တို့က နေ့စဉ် ရေနမူနာယူပြီးတော့မှ လစဉ် ဓာတ်ခွဲစမ်းသပ်တာ ရှိပါတယ်။ အဲဒီမှာ စုစုပေါင်း Parameter ၂၆ မျိုး လစဉ် စစ်ပါတယ်။
ရေအားပေးတဲ့ အဝီစိတွင်းတွေကနေ ဆို ၄ လတကြိမ်စစ်ပါတယ်။ ဒဂုံတောင်မှာ တူးထားတဲ့ အဝီစိတွင်း Well fed စနစ်နဲ့ ပေးထားတဲ့ဟာတွေ နောက်တစ်ခါ ထန်းတပင်မြို့နယ်က သဲဖြူရေပေးစခန်းမှာ ရှိတဲ့ အဝီစိတွင်းတွေ၊ ဒလမြို့နယ်မှာ ရှိတဲ့ ရေပေးစခန်းတွေကို လစဉ် စစ်ပါတယ်။ ရေကူးရေတွန်းစက်မှာ ဆိုရင် တပတ်တကြိမ် ဓာတ်ခွဲ စမ်းသပ်ပါတယ်။ အဲဒီဓာတ်ခွဲစမ်းသပ်မှုတွေရဲ့ အဖြေအရ ယခု ဖြစ်ပေါ်နေတဲ့ လူကို ကျန်းမာရေး ထိခိုက်စေတဲ့ ရောဂါပိုး ယခုအချိန်အထိ မတွေ့ရဘူးလို့ ပြောလို့ရပါတယ်။
မေး ။ ။ ဒါဆိုရင် ဆိုလိုချင်တဲ့အဓိပ္ပါယ်က ပိုက်လိုင်းတွေက ရေတွေမှာ မစင်ဓာတ်ရှိတယ်ဆိုတာ မဟုတ်ဘူးလို့ ပြောချင်တာလားရှင့်။
ဖြေ ။ ။ ဟုတ်ပါတယ်။ ခုနက ပြောသလိုပါပဲ တောက်လျှောက် ဓာတ်ခွဲပြီးတော့ ကြည့်တဲ့အတွက် ဒီထဲမှာ မပါပါဘူး။ မရှိလည်း မရှိပါဘူး။
မေး ။ ။ ဒီကိစ္စကို ပြောသွားတဲ့ အသည်းရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက ရေလှောင်ကန်က ရေကို မဟုတ်ဘဲနဲ့ ပိုက်လိုင်းတွေကို ဖြတ်သန်းပြီးရောက်လာတဲ့ နေအိမ်တွေက ရေတွေကို စစ်ဆေးတယ်လို့ ပြောပါတယ်။ စည်ပင်အနေနဲ့ရော အဲဒီလို စစ်ဆေးမှုတွေရော လုပ်ဖြစ်သလားရှင့်။
ဖြေ ။ ။ ခုနက ပြောသလို ကျနော်တို့က Transmission လိုင်းကြီးတွေ၊ ရေဖြန့်ဝေတဲ့ ပိုက်လိုင်းတွေက စမ်းသပ်တဲ့ အထဲ ပါပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့တော် ရေသန့်ဌာနက ဖြန့်ဝေနေတဲ့ ရေ connection ပေါင်း အားလုံး ပေါင်း သုံးသိန်းကျော် ရှိပါတယ်။ လူဦးရေမဟုတ်ပါဘူး။ လူဦးရေက သန်းနဲ့ ချီပြီးတော့ သုံံးစွဲနေတာပါ။ connection ပေါင်း သုံးသိန်းကျော်ကနေပြီး တအိမ်ချင်းရဲ့ tab ကနေပြီး ထွက်လာတဲ့ဟာကိုတော့ စစ်တဲ့ အနေအထား မရှိပါဘူး။ တအိမ်ချင်းက သွယ်တဲ့ ပိုက်တွေက ကျနေ်ာတို့ရဲ့ Distribution လိုင်းတွေ ကနေ ကာယကံရှင်က သွယ်ထားတဲ့ ပိုက်လိုင်းတွေမှာ ၁၀၀ ရာခိုင်နှုန်း လိုက်စစ်တာမျိုး မရှိပါဘူး။
မေး ။ ။ မြို့နယ်အလိုက် စစ်တာမျိုးရော ရှိလား။
ဖြေ ။ ။ အဝီစိတွင်းတွေကို လေးလ တစ်ကြိမ် စစ်တာမျိုးတွေမှာလည်း ပါပြီး ဖြစ်ပါတယ်။ ကျနော်တို့ ထုတ်ပေးလိုက်တဲ့ ရေတွေ ပြန်စစ်ဆေးပါတယ်။
မေး ။ ။ ရေလှောင်ကန်တွေမှာ ကျောက်ချဉ်ခပ်တာ၊ အနည်ချတာတွေ လုပ်တယ်လို့တော့ ခုနက ပြောသွားတာ ရှိပါတယ်။ ရေလှောင်ကန်တွေရဲ့ သန့်ရှင်းမှု ဆောင်ရွက်ပုံတွေကို အသေးစိတ် ထပ်ရှင်းပြပေးနိုင်မလားရှင့်။
ဖြေ ။ ။ ညောင်နှစ်ပင် ရေတွန်းစက်ရုံကို လာပြီး လေ့လာစေချင်ပါတယ်။ ငမိုးရိပ် ရေလှောင်ကန်ကနေ တူးမြောင်းတွေနဲ့ သယ်လာတယ်။ အဲဒီရောက်တဲ့အခါ အဆင့်ဆင့် အနည်ထိုင်ပြီးတော့ အခုဆိုရင် ကျောက်ချဉ်ထက်ပိုပြီး အဆင့်မြင့်တဲ့ ACH ခပ်တယ်။ အဆင့်ဆင့် သဲတွေ၊ ကျောက်တွေနဲ့ စစ်ပြီးတော့မှ ပေးတဲ့ စနစ်ကို လုပ်ပါတယ်။ ကျောက်ချဉ် တခုထဲ ခပ်တယ်ဆိုတာက ဂျိုးဖြူရေလှောင်ကန်ပါ။ ကျောက်ချဉ်ခပ်ရတဲ့ အကြောင်းက ဘာလဲဆိုတော့ ဒီမှာပါလာတဲ့ အနည်တွေကို ထိုင်သွားအောင်လို့ပါ။
မေး ။ ။ နောက်တခုက ကလိုရင်းလည်း ခပ်တယ်လို့ ကြားရပါတယ်။ ဘယ်လို အစီအစဉ်နဲ့များ ခပ်သလဲရှင့်။
ဖြေ ။ ။ ကလိုရင်းခပ်တာ ရှိပါတယ်။ ရေကူးရေတွန်းစက်ရုံမှာ ၂၄ နာရီ ကလိုရင်း ခပ်ပါတယ်။ ဘာဖြစ်လို့ ရေကူးရေတွန်းစက်ရုံ တခုတည်းလို့ မေးစရာရှိပါတယ်။ ရေကူးရေတွန်းစက်ရုံကို ဂျိုးဖြူ ရေလှောင်ကန်က လာတာရှိတယ်။ ဖူးကြီး ရေလှောင်က လာတာရှိတယ်။ လှော်ကားရေလှောင်ကန်က လာတာ ရှိတယ်။ ဒီကန်တွေက ဟိုတုန်းကတည်းက တည်ဆောက်ခဲ့ပြီးတော့ Treatment ပိုင်း အဆင့်မြင့်တဲ့ သန့်စင်တဲ့ စနစ် မရှိသေးတာကြောင့်ပါ။

နောက် ခုနကပြောတဲ့ ငမိုးရိပ်ရေလှောင်တမံက ရေဂါလံ သန်း ၉၀ ကကျတော့ အဆင့်ဆင့် စစ်ပြီးမှာလာတယ်။ အဲဒီကလာတဲ့ ရေက ဘယ်ကို အများဆုံး သွားလဲဆိုတော့ အရှေ့ပိုင်းခရိုင်မြို့နယ်တွေ ဖြစ်တဲ့ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ မြောက်ဒဂုံမြို့နယ်တွေကို အများဆုံး သွားပါတယ်။ အဲဒီက ရေတွေကို လောလောဆယ် ကလိုရင်း ခပ်တဲ့ အနေအထား မရှိပါဘူး။ ဂျိုးဖြူတို့ ဖူးကြီးတို့ လှော်ကားတို့က ရေတွေဆုံတဲ့ နေရာဖြစ်တဲ့ ရေကူးမှာ ကလိုရင်းခပ်ပါတယ်။ နောင်ကျလို့ရှိရင် ကလိုရင်းခပ်ဖို့ နေရာ ၅ နေရာကိုလည်း ထပ်တိုးချဲ့ဖို့ စီစဉ်ထားပါတယ်။
မေး ။ ။ ဒီကလိုရင်း ခပ်တာ ကုန်ကျစရိတ် များပြားတယ်လို့ သိရပါတယ်။ ဘယ်လိုမျိုး ခပ်သလဲရှင့်။
ဖြေ ။ ။ ကုန်ကျစရိတ်ကတော့ များပြားပါတယ်။ ဒါပေမယ့် ကလိုရင်းခပ်တဲ့ ပမာဏပေါ် မူတည်ပါတယ်။ သူကတော့ များတယ်ဆိုပေမယ့် ကျနော်တို့ဆီမှာ ကလိုရင်းက လူတွေသုံးဖို့ ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ကုန်ကျစရိတ်လည်း မများပါဘူး။
မေး ။ ။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုအနေနဲ့လည်း ဒီကိစ္စအပေါ်မှာ စိုးရိမ်ပူပန်နေကြတဲ့အတွက် စည်ပင်အနေနဲ့လည်း ထပ်ပြီး စစ်ဆေးဖို့များ ရှိပါသလား။
ဖြေ ။ ။ အရင်ကလည်း ပုံမှန် စစ်ဆေးမှုတွေရှိပါတယ်။ အခုအခြေအနမှာ ထပ်ပြီး တိုးမြှင့်စစ်ဆေးဖို့လည်း ရှိပါတယ်။ Message ပေးချင်တာကတော့ ကျနော်တို့ပေးတဲ့ ရေတွေဟာ လူကို ကျန်းမာရေး ထိခိုက်စေတဲ့ ရောဂါပိုး မရှိဘူးလို့ ရဲရဲကြီး အာမခံပါတယ်။
မေး ။ ။ ဒါဆိုရင် သောက်သုံးရေအတွက် ယုံယုံကြည်ကြည် သောက်လို့ရတယ်ဆိုတဲ့ အနေအထားလား။
ဖြေ ။ ။ ရပါတယ်။ ဒါပေမယ့် တခုတော့ရှိတယ် ကျနော်တို့ဖြန့်ဝေတဲ့ ရေက Drinking Water မဟုတ်ပါဘူး။ Drinking Water ဆိုတာ တိုက်ရိုက်သောက်လို့ရတယ်။ တကယ်တော့ ညောင်နှစ်ပင်ကပေးတဲ့ ရေတွေသည် Drinking Water အနေနဲ့ သောက်လို့ရပါတယ်။ သုံးရေအနေနဲ့က ဘာမှပြဿနာမရှိပါဘူး။ Drinking Water အဆင့်မရသေးဘူးဆိုတာက ဘာကိုပြောချင်တာလဲဆိုတော့ ကျန်းမာရေးနဲ့ မညီညွတ်လို့ မဟုတ်ဘူး။ လိုအပ်တဲ့ ကလိုရင်းခပ်တဲ့ဟာတွေ ဒီအဆင့်တွေကို ဆောင်ရွက်နေတဲ့ ကာလမို့လို့ Drinking Water လို့ ပြောလို့မရဘူး ပြောတာပါ။
မေး ။ ။ စိတ်ချလက်ချ သောက်သုံးနိုင်ဖို့ဆိုရင် ဘယ်လိုတွေ လုပ်ဆောင်ရမယ်လို့ အကြံပေးချင်ပါသလဲ။
ဖြေ ။ ။ သောက်မယ်ဆိုရင်တော့ သောက်လို့ရပါတယ်။ အဓိကကတော့ စစ်ပြီးမှသောက်ပေါ့။ ရေစစ်နဲ့ စစ်ပြီးသောက်မယ်ဆိုရင် သောက်လို့ ရပါတယ်။ ညောင်နှစ်ပင်က ရေတွန်းစက်ရုံဆိုရင် အဆင့်ဆင့် သဲတွေဘာတွေ စစ်ပြီးတော့မှဆိုတော့ အနည်တွေ လုံးဝ မပါတော့ပါဘူး။ ဂျိုးဖြူတို့ လှော်ကားတို့ဆိုတာက အနည်ထိုင်တဲ့ စနစ်နဲ့ပဲ ပို့တာဖြစ်တဲ့အတွက် အန္တရာယ်ဖြစ်စေတဲ့ဟာ မဟုတ်တဲ့ အနည်အမှုန်လေးတွေတော့ ပါကောင်းပါနိုင်တယ်။ ဒါလေးတွေက ရောဂါပိုးနဲ့ ဘာမှမဆိုင်ဘူး။ အဲဒါတွေကို စစ်ပြီးသောက်မယ်ဆိုရင်တော့ သောက်လို့ရပါတယ်။ ဦးတို့အိမ်မှာလည်း စစ်ပြီး သောက်ပါတယ်။
မေး ။ ။ ရေလှောင်ကန်က ရေတွေ မသန့်ရှင်းဘူးလို့ ဆိုလိုတာထက် ရေပိုက်သွယ်စနစ်တွေကြောင့် ဖြစ်တယ်လို့ ပြောထားတယ်။ အဲဒါကြောင့်ရော မဖြစ်နိုင်ဘူးလား။
ဖြေ ။ ။ Distribution လိုင်းတွေ Transmission တွေကတော့ ရောဂါပိုး မရှိနိုင်ပေမယ့် ခုဏကပြောတာ မှတ်မိမလား မသိဘူး။ ရေဆက်သွယ်မှုပေါင်း သုံးသိန်းကျော်ရှိတယ်။ တအိမ် တအိမ်ချင်း သွယ်တာက ကျနော် တို့ပိုက်ကနေပြီးတော့မှ သွယ်တဲ့ပိုက်ကလေးတွေပေါ့။ အဲဒီမှာမှ ၆ ထပ်တိုက်ဆိုရင် တစ်ပိုက် သွယ်ထားတယ်။ ပြီးရင် အခန်းတွေခွဲပြီးတော့ အများကြီးတွေ ရှိဦးမယ်။
ကျနော်တို့ပိုက်က လမ်းဘေးမှာ ရှိမယ်။ ပြီးရင်ရေမြောင်းရှိမယ်။ ရေသွယ်တဲ့အခါမှာ ရေမြောင်းတွေကို ဖြတ်ပြီးတော့မှ သွယ်ကောင်းသွယ်ရမယ်။ တချို့ကျတော့လည်း အောက်မြေကြီးထဲမြုပ်တာရှိတယ်။ အဲဒီအချိန်မှာ သူတို့ရေသွယ်ပိုက်တွေက ပေါက်နေတာ ရှိကောင်းရှိနိုင်တယ်။ ပေါက်နေတာကို အိမ်ရှင်တွေ သတိမထားမိလို့ မပြင်မိတာရှိမယ်။သတိထားမိသော်လည်းပဲ ဒါနဲ့ပတ်သက်ပြီးတော့ သိပ်အရေးမကြီးဘူးဆိုပြီး မပြင်တာ ရှိကောင်းရှိနိုင်တယ်။ ဒီလိုနဲ့ ပေါက်နေတဲ့ ပိုက်လိုင်းထဲကို ရေမြောင်းထဲက မလိုလားအပ်တဲ့ ရေဆိုးတွေ ဝင်ရောက်နိုင်တဲ့ အနေအထား ရှိကောင်းရှိနိုင်တာပေါ့။
မစင်တွေ ဝင်တယ်ဆိုတာကတော့ တိုက်ရိုက်မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ရေပိုက်သွယ်တန်းတဲ့ စနစ်က တကယ်တမ်းက အိမ်ရှေ့မှာပါ။ မိလ္လာလိုင်းက အိမ်နောက်မှာပဲ ရှိတာဖြစ်တဲ့အတွက် ဒီနှစ်ခုကတော့ တိုက်ရိုက်မဆက်စပ်နိုင်ပါဘူး။ ဒါပေမယ့် တခုစဉ်းစားမိတာကတော့ နောက်ဖေးလမ်းကြားတွေမှာ စွန့်ပစ်တဲ့ မိလ္လာတွေလျှံနေမယ်၊ ဒီမိလ္လာတွေကို စုပ်ထုတ်တာတွေ ပြည်သူတွေက မလုပ်နိုင်ဘူး။ မိလ္လာတွေလျှံပြီးတော့ မြောင်းတွေထဲကိုရောက်မယ် ဒီမြောင်းတွေကနေပြီတော့ ရှေ့နဲ့ ဆက်သွယ်နေတဲ့ မြောင်းထဲကို ပြန်ရောက်ပြီးတော့ အဲဒီလို မလိုလားအပ်တဲ့ ရေဆိုးတွေတော့ ရောက်ကောင်းရောက်နိုင်ပါတယ်။
မေး ။ ။ Main ရေပိုက်တွေက သွယ်တန်းထားတာ နှစ်လည်း ကြာပြီဆိုတော့ ပျက်စီးမှုတွေ မရှိဘူးလား။
ဖြေ ။ ။ ရှိတာပေါ့။ ဒါပေမယ့် သတိထားမိမယ်ဆိုရင် စည်ပင်က နှစ်အလိုက်နှစ်အလိုက်ကို ပြောရရင် ရေသန့်ဌာနက ပြည်သူတွေဆီကနေရတဲ့ ရေဖိုးငွေတွေရဲ့ အဆပေါင်းများစွာကို အကုန်အကျခံပြီးတော့ ရေပိုက်လိုင်းတွေ အသစ်တိုးချဲ့တာရှိတယ်။ ပိုက်လိုင်းအဟောင်းတွေကို ပြန်ပြင်တာရှိတယ် ပြုပြင်လို့မရတော့တဲ့ ပိုက်လိုင်းတွေကိုလည်း အသစ်အစားထိုးတာ အများကြီးပါ။
မေး ။ ။ ရန်ကုန်မြို့ရဲ့ မိလ္လာပိုက်လိုင်းတွေ စနစ်ကတော့ လုံခြုံ စိတ်ချရတဲ့ အခြေအနေရှိရဲ့လား။
ဖြေ ။ ။ မိလ္လာပိုက်စနစ်က ဘာမှပြဿနာမရှိဘူး။ နှစ်ပေါင်း တရာကျော်ကြာပြီ ဖြစ်ပေမယ့် မိလ္လာ Main ပိုက်လိုင်းတွေက ဘာမှမဖြစ်ဘူး။ အခုဖြစ်နေတာတွေက ဘာလဲဆိုရင် အိမ်တွေကနေထွက်လာတဲ့ မိလ္လာပိုက်တွေ ရှိတယ်။ အဲဒီ မိလ္လာပိုက်ကနေ Main ပိုက်ကို သွားဖို့ ဆက်သွယ်ရတယ်။ တချို့က အဲဒီ နှစ်ခု ဆက်သွယ်တဲ့ ကြားထဲမှာ ပေါက်ပြဲနေတာတွေကို မပြင်ခဲ့ဘူးဆိုရင်တော့ Main မိလ္လာပိုက်လိုင်းထဲကို မရောက်ဘူး။ မရောက်တဲ့အခါမှာ ကြားထဲမှာ ရေမြောင်းထဲတွေကို ရောက်သွားတာ ရှိကောင်းရှိနိုင်ပါတယ်။
မိလ္လာပိုက်လိုင်းစနစ်က မြို့တွင်း ၆ မြို့နယ်မှာ ရှိတယ်။ အရင် ၂၀၀၃ ခုနှစ်မတိုင်ခင်တုန်းကဆိုရင် မြို့တွင်း ၆ မြို့နယ်မှာ သွားစွန့်လိုက်တဲ့ မိလ္လာတွေက ဘယ်မှာသွားစွန့်လဲဆိုရင် သံလျက်စွန်းမှာ စုတယ်။ သန်လျက်စွန်းနဲ့ ရန်ကုန်မြစ်ထဲကို တိုက်ရိုက်စွန့်ခဲ့တဲ့ အနေအထား ဒါက ၂၀၀၃ ခုနှစ်မတိုင်မီပေါ့။ ၂၀၀၃ ခုနှစ်နောက်ပိုင်းမှာ ရေဆိုးသန့်စင်စက်ရုံဆိုတာ မြန်မာပြည်မှာ တခုတည်းပဲ ရှိပါသေးတယ်။ အဲဒီရေဆိုးသန့်စင်စက်ရုံကို တည်ဆောက်ခဲ့တယ်။ တည်ဆောက်ပြီးတော့မှ မြို့တွင်း ၆ မြို့နယ်က လာတဲ့ မိလ္လာပိုက်လိုင်းနဲ့ သွယ်ထားတဲ့ ဟာတွေကို အဲဒီမှာသန့်စင်တယ်။ ပြီးတော့မှ အရည်ကြည်ပဲ ရန်ကုန်မြစ်ထဲ စွန့်တဲ့စနစ်ကို ဆောင်ရွက်နေတာပါ။ ဒီလိုပဲ နောက်ထပ်ဟာတွေလည်း ဆက်ပြီး ဆောင်ရွက်ဖို့ ရှိပါတယ်။
မေး ။ ။ ပြောသွားသလို အိမ်တွေကထွက်လာတဲ့ မိလ္လာပိုက်တွေ ကနေ Main ပိုက်ကိုသွားဖို့ ဆက်သွယ်တာတွေက ပြဿနာဖြစ်နေတယ်ဆိုရင် ဒီပိုက်လိုင်းတွေရဲ့ ပြဿနာက ဘယ်သူ့မှာတာဝန်ရှိပါသလဲ။
ဖြေ ။ ။ နေထိုင်သုံးစွဲသူတွေမှာ တာဝန်ရှိပါတယ်။ နေထိုင်သုံးစွဲသူတွေက ခုနက ပြောခဲ့သလို ရှေ့မှာသွယ်ထားတဲ့ ပိုက်လိုင်းပေါက်နေတာတွေကို သူတို့ မပြင်မိတာတွေ သတိမထားမိတာတွေ နောက်ဖေး လမ်းကြားတွေလည်း ဒီလိုပါပဲ။ မိလ္လာပိုက်တွေ ပေါက်နေတာတွေပေါ့။ အကောင်းဆုံး အကြံပေးချင်တာကတော့ သူတို့မှာ တာဝန်ရှိတာ မှန်တယ်။ သို့သော် မိလ္လာပိုက်လိုင်းဆိုတာက ပြည်သူတွေက ပြင်ရဖို့ဆိုတာလည်း တော်တော်လေး ခက်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အခက်အခဲရှိတယ်ဆိုရင် ကျနော်တို့ဌာနကို ဆက်သွယ်ပါ။
ကျနော်တို့ဌာနကိုက ရေနှင့် သန့်ရှင်းမှုပါ။ သန့်ရှင်းမှုဆိုတာက မိလ္လာစနစ်ကို ခေါ်တာပါ။ အရင်တုန်းက ခေါ်တာက ရေနှင့် မိလ္လာလို့ခေါ်တာပါ။ မိလ္လာနဲ့ပတ်သက်ပြီးတော့လည်း တက်ကျွမ်းတဲ့ အင်ဂျင်နီယာတွေ စုဖွဲ့မှုလည်း ရှိတာဖြစ်တဲ့အတွက် ဆက်သွယ်ပြီးတော့ အကြောင်းကြားမယ်ဆိုရင် အချိန်နဲ့ တပြေးညီ ပြည်သူတွေနဲ့ ပေါင်းစပ်ပြီးတော့ ပြင်ပေးပါ့မယ်။
မေး ။ ။ ရန်ကုန်မြို့တော် စည်ပင်သာယာအနေနဲ့ အိမ်ထောင်စုပေါင်း ဘယ်လောက်ကို ရေပေးဝေနေလဲ။
ဖြေ ။ ။ ရန်ကုန်မြို့ရဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းနဲ့ ၆၀ ရာခိုင်နှုန်းကြား ပေးနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ အိမ်ထောင်စုနဲ့ကတော့ ပြောဖို့ခက်ပါတယ်။
မေး ။ ။ သောက်သုံးရေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်နေကြတဲ့ ပြည်သူတွေကို ဘာများပြောချင်ပါသေးသလဲ။
ဖြေ ။ ။ ကျန်းမာရေးကို ထိခိုက်စေတဲ့ ရေမျိုးမဟုတ်ပါဘူး။ ဒီရေကို ယုံကြည်စွာ စိတ်ချက်လက်ချနဲ့ သုံးစွဲလို့ရပါတယ်။ အကြံပေးချင်တာကတော့ ကိုယ့်အိမ်ကရေ မသင်္ကာဘူး တခုခု သံသယရှိတယ်ဆိုရင် ကျနော်တို့ စည်ပင်ကို ဆက်သွယ်ပါ။ ဓာတ်ခွဲစမ်းသပ်ပြီးတော့ စစ်ဆေးပေးပါ့မယ်။
နောက်ဆုံး တခု ပြောချင်တာကတော့ ရေပိုက်တွေပေါ့နော်။ သုံးစွဲတဲ့ လူတွေကလည်း ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်။ အိမ်သွယ် ရေပိုက်တွေ ပေါက်နေလို့ ပြင်ဖို့ အခက်အခဲရှိရင် ကျနော်တို့ ဌာနကို ဆက်သွယ်ပေးပါ။ လမ်းသွားရင်းနဲ့ မတော်လို့များ ရေပိုက်တွေ ပေါက်နေတာတွေ့ရင် မြို့နယ်မှာ ရှိတဲ့ ရေသန့် အင်ဂျင်နီယာရုံးတွေကို အကြောင်းကြားပေးပါ။ သူတို့ကတဆင့် ရုံးချုပ်ကို အကြောင်းကြားပြီး အချိန်နဲ့ တပြေးညီ ဆောင်ရွက်ပေးပါ့မယ်။