NCA လမ်းကြောင်းကနေ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကို တက်လှမ်းမယ်

ကျော်ခ
UNFC အထွေထွေ အတွင်းရေးမှူး ခူဦးရယ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင် အဖွဲ့အစည်း ၂ ခုဖြစ်တဲ့ မွန်ပြည်သစ် ပါတီ (NMSP) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အစိုးရ နဲ့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ UNFC အနာဂတ်နဲ့ ပတ်သက် ပြီး အစည်းအဝေး တရပ် ပြုလုပ်ခဲ့ပါတယ်။

ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ချင်းအမျိုးသား တပ်ဦး (CNF)နဲ့ ကချင်အမျိုးသား အစည်းအရုံး (KNO) တို့ကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့ ဆွေးနွေးခဲ့ကြသလို UNFC ရှေ့ဆက် ရပ်တည်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးမှာUNFC အနာဂတ်အရေး ဆွေးနွေးချက်တွေ အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်သွားမယ့် အခြေ အနေနဲ့ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ရဲ့ တနိုင်ငံ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA) ထိုးနိုင်မယ့် အခြေအနေတွေကို UNFC အထွေထွေ အတွင်းရေးမှူးလည်းဖြစ် KNPP ခေါင်းဆောင် တဦးလည်း ဖြစ်တဲ့ ခူဦးရယ် ကို ဧရာဝတီ သတင်းထောက် ကျော်ခ က တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ ဒီ UNFC အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးဖြစ်သလဲဆိုတာ အရင်ဆုံး ရှင်းပြပေးပါဦး။

ဖြေ။ ။ ဒီအစည်းအဝေးကတော့ ကျနော်တို့ ကောင်စီ နှစ်ပတ်လည် အစည်းအဝေးဖြစ်ပါတယ်။ ညီလာခံပြီးတဲ့ နောက်မှာ ဌာနအလိုက် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအားလုံး အရပ်ရပ်တွေ ပါမယ်။ သွားနေတဲ့ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ် ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေလည်း ပြန်လည်သုံးသပ်တာပေါ့။ နောက် ကျနော်တို့ အဖွဲ့အစည်းတွေရဲ့ အခြေအနေ တပ်ပေါင်းစုရဲ့ အခြေအနေ အရပ်ရပ် နှစ်ပတ်လည်မှာ ကျနော်တို့ လုပ်ရိုးလုပ်စဉ် အတိုင်း သုံးသပ်စရာ တင်ပြစရာ အစီရင်ခံစာတွေကို ကျနော်တို့ အဓိကထား ဆွေးနွေးပါတယ်။

အထူးသဖြင့် ကတော့ ကျနော်တို့မှာ ဌာနဆိုင်ရာ လုပ်ငန်းအစီရင်ခံစာတွေ တင်သွင်းတာတွေရှိတယ်။ နောက်တခါ ရှေ့လုပ်ငန်းစဉ် ချမှတ်မယ့်ဟာတွေ ရှိတယ်။

နောက်ပြီးတော့ ကျနော်တို့ အခုသွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်းပဲ ပြန်လည်သုံးသပ်မှုတွေ လုပ်နေတာရှိပါ တယ်။ လောလောဆယ်တော့ အားလုံးလည်း ယဉ်ပါးနေပြီးသား အခြေအနေတွေဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက် လို့ အများကြီးတော့ ပြောစရာမရှိပါဘူး။ သွားနေတဲ့ လမ်းကြောင်းရယ် အခုကျနော်တို့ ဘယ်အခြေအနေ ရောက်နေလဲ အဲဒီလိုသုံးသပ်မှုတွေပဲ ကျနော်တို့ လုပ်ပါတယ်။

မေး။ ။ အခုအချိန်မှာ UNFC ထဲက မွန်ပြည်သစ်နဲ့ လားဟူ တို့က ဒီလ ၁၃ ရက်နေ့မှာပဲ နေပြည်တော်မှာ အစိုးရနဲ့ NCA စာချုပ် လက်မှတ် ရေးထိုးခဲ့ကြတယ်။ ဒီ ၂ ဖွဲ့ လက်မှတ် ထိုးပြီးတဲ့နောက်မှာ UNFC ဘယ်လို ဆက်သွားမလဲ ဆိုပြီးတော့ အများကလည်း စိတ်ဝင်စားနေကြတယ်။ UNFC ထဲက ခေါင်းဆောင်တယောက် အနေနဲ့ ဘယ်လိုပြောချင် လဲ။

ဖြေ။ ။ အေးပေါ့။ သတင်းမီဒီယာတွေ အပေါ်မှာတော့ ရေးကြ၊ ဖွကြတာတွေတော့ ကျနော်တို့လည်း တွေ့ပါတယ်။ ကျနော် တို့ UNFC စုဖွဲ့မှုဟာ NCA အခြေခံနဲ့ စုဖွဲ့ကြတာ မဟုတ်ပါဘူး။ ကုန်ကုန်ပြောရရင် ဖက်ဒရယ် ပြည်ထောင်စု ကို စုဖွဲ့ကြတာပါ။ အဲဒီတော့ NCA ဆိုတာက ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ အဆင့်တဆင့်ပဲ ဖြစ်ပါတယ်။ အဲဒါ လည်း တလျှောက်လုံး NCA ဆိုပြီးတော့ ကျနော်တို့ စခဲ့ကြတာလေ။ ဒါက UNFC စခဲ့တာလည်း မဟုတ်ပါဘူး။ တိုင်းရင်းသား အားလုံး UNFC ရော အဖွဲ့မဝင်သေးတဲ့ ဘဝတူ တိုင်းရင်းသား အဖွဲ့အစည်းတွေရော ရေးဆွဲချမှတ်ခဲ့တဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး သဘောတူစာချုပ် မူပါပဲ။

ကွဲပြားနေတာကတော့ ကျနော်တို့ အရင်လက်မှတ် ထိုးနှင့်တဲ့လူတွေနဲ့ လောလောဆယ် လက်မှတ်ထိုးဖို့ အတွက် အဆင် မပြေသေးတဲ့ အဖွဲ့အစည်းရယ်လို့ ကွဲနေတာပဲ ရှိပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတော့ ကျနော်တို့ အဲဒီအပေါ်မှာပဲ စုဖွဲ့ကြတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ လက်ရှိ ကျနော်တို့ ရှိနေတဲ့ အဖွဲ့အစည်းတွေ၊ အရေအတွက် ကျလာတာတွေ၊ နုတ်ထွက်မှုတွေ ရှိခဲ့တာတွေကတော့ တည်ရှိ နေတဲ့ အခြေအနေတွေ၊ အခက်အခဲတွေနဲ့ ဖိအားတွေကြောင့် တချို့ကတော့ မလွှဲမရှောင်သာ နုတ်ထွက် သွားတယ် ဆိုတဲ့ သဘောပါပဲ။ ဆန္ဒ အလျှောက် နုတ်ထွက်သွားတယ် ဆိုတာမျိုး မဟုတ်ပါဘူး။ ဒါအခြေအနေ အကြောင်း ကြောင်း ကြောင့် ဖြစ်တာပါ။

လက်ရှိမှာလည်းပဲ ကျနော်တို့ ဒီရှိနေတဲ့ အဖွဲ့အစည်းတွေထဲက မကြာခင်တုန်းက မွန်ပြည်သစ် ပါတီနဲ့ LDU တို့ NCA လက်မှတ် ရေးထိုးသွားတယ် ဆိုတာက NCA ပဲထိုးသွားတာ ဖြစ်တယ်။ UNFC ရဲ့ မူဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ် ဆိုတဲ့ လမ်းကြောင်းကနေ သွေဖည်တာ မဟုတ်ပါဘူး။ နောက် ကျနော်တို့ UNFC တခုလုံးကလည်း CNA လမ်းကြောင်းသွားမယ် ဆိုတဲ့ အခြေခံ ရပ်တည်ချက်ကလည်း မူလကတည်းက အတူတူဖြစ်ပါတယ်။ ကွဲလွဲတာ တွေတော့ မဟုတ်ပါဘူး။ ဒါကြောင့် အဖွဲ့ဝင် အဖွဲ့အစည်းတွေကတော့ ရှိမြဲအတိုင်းပဲ ရှိနေပါတယ်။

မေး။ ။ ဒီကောင်စီ အစည်းအဝေးမှာ အဖွဲ့ဝင်အသစ်တွေ လက်ခံတာရှိတယ်လို့ သိရတယ်။ အဲဒါဟုတ်လား။ ဟုတ်တယ် ဆိုရင် ဘယ်အဖွဲ့တွေများလဲ ခင်ဗျ။

ဖြေ ။ ။ ဒီမှာကတော့ လောလောဆယ် ဆုံးဖြတ်ထားတာကတော့ မူလတုန်းက အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်စဲ ထားတဲ့ ချင်းအမျိုးသား တပ်ဦး (CNF) ကိုအဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံတဲ့ ဆုံးဖြတ်ချက်ပဲရှိပါတယ်။ အဖွဲ့ဝင်သစ် ရယ် လို့တော့ မဟုတ်ပါဘူး။ KNO လည်း ပြန်လည် လက်ခံဖို့ ဆိုတဲ့ ဆွေးနွေးချက်တွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ KNO ကြတော့ အခြေအနေ အကြောင်းကြောင်း ကြောင့်ပေါ့နော် ကျနော်တို့ အရေးပေါ် ညီလာခံတခုကျင်းပပြီးတော့ ဒီအရေးပေါ် ညီလာခံမှာ ပြန်လည်လက်ခံသွားမယ် ဆိုတဲ့ သဘောမျိုးကိုတော့ အများသဘောတူ ဆုံးဖြတ်ထားတာမျိုး ရှိပါတယ်။

မေး။ ။ အရေးပေါ် ညီလာခံက ဘယ်တော့လောက် လုပ်ဖြစ်မလဲ ခင်ဗျ။

ဖြေ။ ။ ဒါလည်း ကျနော်တို့ ညီလာခံသက်တမ်းက ၂ နှစ်လေ။ ၂ နှစ်ဆိုတော့ တနှစ်ပြည့်တဲ့ အချိန်မှာ လုပ်ငန်းလိုအပ် ချက် အရ အရေးပေါ် ညီလာခံခေါ်ဖို့ လိုအပ်မလား။ လိုအပ်မယ်ဆိုရင် အဲဒီအချိန်ကြရင် ခေါ်ဖို့ မှန်းထားတာပေါ့။

မေး။ ။ UNFC ထဲက KNPP နဲ့ ရခိုင် အမျိုးသား ကောင်စီ (ANC) က လက်မှတ် မထိုးရသေးဘူး ဆိုတော့ အဲဒီ အတွက်ရော UNFC အနေနဲ့ပဲ ဆက်သွားကြမလား ဘယ်လိုမျိုးရှိလဲ ခင်ဗျ။

ဖြေ။ ။ ကျနော်တို့ ဒီအတိုင်းပဲ ဆက်သွားဖို့ ရှိပါတယ်။ ပြောရရင်တော့ SSPP (ရှမ်းပြည် တိုးတက်ရေး ပါတီ) လည်း ကျနော်တို့ အဖွဲ့ဝင်အဖြစ်က တရားဝင် မရပ်စဲထားပါဘူး။ မထုတ်ပယ်ထားပါဘူး။ ဒါက ကျနော်တို့ ညီလာခံမှာမှ ဆုံးဖြတ်ရမယ့် ကိစ္စတွေဖြစ်ပါတယ်။ SSPP က သူတို့ ကိုယ်စားလှယ်ကိုတော့ ဆက်လက် ထားရှိနေတာပါပဲ။ ကြား ကာလမှာ တရားဝင်လည်း ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလေ။ ညီလာခံကြမှပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အခါကြတော့ ကျနော်တို့ ညီလာခံကိုပဲ ရွှေ့ထားတာဖြစ်ပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ရှေ့ဘယ်လို ဆက်သွားမလဲ ဆိုတာကိုရော ဆွေးနွေးပြီးကြပြီလား။

ဖြေ။ ။ ကျနော်တို့ကတော့ NCA လမ်းကြောင်းကနေ တဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကို တက်လှမ်းမယ်လို့ အခြေခံ သဘောထား မူလကတည်းက ရှိတယ်လေ။ ခုနက ပြောခဲ့သလိုပါပဲ။ NCA ထိုးနှင့်ပြီးသား အဖွဲ့တွေကတော့ ကျနော်တို့ NCA လမ်းပြမြေပုံ ၇ ဆင့် အရ အခြေပြုပြီးတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး မူဘောင်ကလည်း ရေးဆွဲ ထားတာဆိုတော့ အဲဒီမူဘောင် အတိုင်းပဲ လိုက်ပါဆောင်ရွက်ဖို့ ရှိပါတယ်။ လောလောဆယ်မှာ NCA အခင်းအကျင်း ကို မဝင်နိုင်သေးတော့ ဝင်နိုင်တဲ့ အချိန်ကြလို့ရှိရင်လည်း ဒီလမ်းကြောင်းအတိုင်းပဲ သွားမယ့် အနေအထားမျိုးပါ။ ဒါကြောင့်မလို့ လောလောဆယ်မှာကတော့ ကျနော်တို့ ကွဲပြားတဲ့ အမြင်တွေတော့ မရှိပါဘူး။

ဖြစ်စဉ်ထဲမှာ အခုလောလောဆယ် အကောင်အထည်ဖော်ဖို့ ပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ လောလောဆယ် အကောင် အထည် ဖော်တဲ့ အပိုင်းမှာ မပါဝင်သေးတဲ့ အဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေအပေါ် ကျနော်တို့ကြားထဲမှာ ညှိယူပြီးတော့ အားလုံးရဲ့ သဘောထား ပါဝင်တယ်ဆိုတဲ့ သဘောထားနဲ့ပဲ အကောင်အထည်ဖော်ဖို့ သဘောထား ချမှတ်ပါတယ်။

မေး။ ။ UNFC ကရော အသွင်သစ် ပုံစံမျိုးနဲ့ ဖြစ်လာမလား။ ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်လာမယ်လို့ ပြောလို့ရမလဲ။

ဖြေ။ ။ ဘာမှ မဖြစ်သေးခင်မှာကတော့ ဘာဖြစ်မယ်လို့ ကြိုပြောတာမျိုးတွေ သိပ်လက်တွေ့ မကျဘူးလို့ ထင်ပါတယ်။

မေး။ ။ UNFC ထဲက မွန်ပြည်သစ်နဲ့ LDU တို့ NCA လက်မှတ်ထိုးတဲ့ အခါမှာ KNPP နဲ့ ANC တို့က ဘာလို့ ပါမလာကြ တာလဲ ဆိုပြီး မေးခွန်း ထုတ်လာကြတာလည်း ရှိပါတယ်။ ဒီအပေါ်မှာ ဘာပြောချင်လဲ။

ဖြေ။ ။ ကျနော်တို့ကတော့ ကုန်ကုန်ပြောရလို့ရှိရင် အားလုံး ပါဝင်ရေးလို့လည်း ကျနော်တို့ ပြောနေကြတာပေါ့နော်။ အားလုံး ပါဝင်ရေးကလည်း မူလတုန်းကတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံး ပါဝင်ရေးပေါ့။ ဒါကတော့ မူလက အားလုံးအတူတကွ ချခဲ့တဲ့ မူပါပဲ။ ဒါပေမယ့် နောက်ပိုင်း UNFC အဖွဲ့ အစည်း အတွင်းမှာ ဆွေးနွေးပြီး ချမှတ်တာကတော့ UNFC အဖွဲ့ဝင် အားလုံး ပါဝင်ရေးပေါ့။ ဒါပေမယ့် အခုအချိန်မှာက ကျနော်တို့ အနေနဲ့ မွန်ပြည်သစ်နဲ့ LDU ကတော့ ထိုးသွားတယ်ဆိုတဲ့ သဘောမျိုးပေါ့နော်။

အားလုံးပါဝင်ရေးနဲ့ ပတ်သက်ပြီးတော့ အချိန်ကာလ တခုအထိ ကျနော်တို့ ဆောင်ရွက်တဲ့ အခါမှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေမျိုး ရောက်တော့ အဖွဲ့ဝင် အဖွဲ့အစည်း ၂ ခုက အခြေအနေ တွန်းပို့အရ လက်မှတ် ထိုး လိုက်ရတဲ့ အခြေအနေမျိုးပါ။ ကျနော်တို့ အနေနဲ့လည်းပဲ ဆက်လက်ပြီးတော့ ညှိနှိုင်း ဆောင်ရွက်သွားဖို့ သဘောထား ရှိပါတယ်။ အခုလည်းပဲ ဆက်လက် ညှိနှိုင်း ဆောင်ရွက်နေဆဲပါ။ ဒီအပေါ်မှာကတော့ အခက်အခဲမရှိပါဘူး။

မေး။ ။ အခုကြားနေတာက KNPP အနေနဲ့ ဒီကြားကာလမှာ bilateral ထိုးသွားမယ်ဆိုတဲ့ သတင်း ကြားနေပါတယ်။ အဲဒါ ဟုတ်လား။

ဖြေ။ ။ ဒါကတော့ တိတိပပ ကံသေ၊ ကံမ ပြောလို့မရပါဘူး။ ကျနော်တို့က တပ်ပေါင်းစုထဲမှာ အဖွဲ့ဝင် အနေနဲ့ ရှိနေ တာ လေ။ ဒါပေမယ့် ကျနော်တို့ အခုတွေ့ဆုံ ညှိနှိုင်းမှုကတော့ အစိုးရဘက်က ကျနော်တို့ကို ဘယ်လိုပုံစံနဲ့ လက်ခံ တွေ့ဆုံမလဲ ဆိုတဲ့ အပေါ်မှာမူတည်ပါတယ်။ ကျနေ်ာတို့ကတော့ တပ်ပေါင်းစုအနေနဲ့ နဂိုကတည်းက အတူတူ သွား နေ တာလေ။ ခုကတော့ ကျနော်ထင်တာကတော့ ကျနော်တို့နဲ့ တသီးတခြား တွေ့မယ်ဆိုတဲ့ အခြေအနေ ဖြစ်ပေါ်လာ တာကတော့ မကြာသေးခင်တုန်းက မွန်ပြည်သစ်နဲ့ LDU လက်မှတ်ထိုးတဲ့ အခင်းအကျင်းမှာ ANC ပါဝင် လက်မှတ် ထိုး မယ်လို့ အခင်းအကျင်း ပြင်ကြတယ်လို့ ကျနော်တို့ အဲဒီလို နားလည်တာပေါ့နော်။ ဒါပေမယ့် ကပ်တဲ့ အခါကြမှပဲ အဆင်မချောလို့ ANC က လိုက်မပါနိုင်ဘူး ဆိုတဲ့ အခြေအနေ ပြောင်းသွားတာဖြစ်ပါတယ်။

အဲဒီအပေါ်မှာကတော့ အစိုးရရဲ့သဘောထားအပေါ် ဘာလဲ ဆိုတာ တိတိပပ ပြောထားတာမရှိပါဘူး။ ဒါပေမယ့် ကျနော် တို့ ကလည်း ကိစ္စရပ် တခုတည်း မဟုတ်ဘူးလေ။ မကြာခင်တုန်းကလည်း ကျနော်တို့ ရဲဘော် ၃ ဦးနဲ့ အရပ် သား တဦး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့လည်း ညှိနှိုင်းဆောင်ရွက်ဖို့ ရှိတော့ ပြောရရင်တော့ ဒီကိစ္စရပ်ဟာ လည်း ကျနော်တို့ အတွက် ဒီငြိမ်းချမ်းရေး ညှိနှိုင်းမှု ဖြစ်စဉ်အတွက် ဝင်ပြီးတော့ အဟန့်အတား ဖြစ်သွား သလိုလည်း ပါပါတယ်။ ဒါကြောင့်လည်း ကောက်ခါ၊ ငင်ခါ လက်မှတ်ထိုးပွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ချက် ချဖို့ မဖြစ်နိုင်တာပါ။

မေး။ ။ KNPP ထဲမှာရော NCA ထိုးရေး၊ မထိုးရေး ကိစ္စနဲ့ပတ်သက်ပြီး သဘောထား ဘယ်လိုရှိကြလဲ။

ဖြေ။ ။ လောလောဆယ်ကတော့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ ဖြစ်ပေါ် တိုးတက်မှု အပေါ်မှာ လည်း မူတည်တာပေါ့။ ညှိနှိုင်းရဦးမှာလေ။ ညှိနှိုင်းရလာတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ အားလုံးကတော့ ထိုးမယ် မထိုးဘူး ဆိုတဲ့ သဘောထား ကွဲလွဲတာတော့ မရှိပါဘူး။ ကျနော်တို့ကတော့ NCA လမ်းကြောင်း သွားမယ် ဆိုတဲ့ အခြေခံနဲ့ ညှိနှိုင်းဆွေးနွေးတာလေ။ အဲဒီတော့ ထိုးမယ်၊ မထိုးဘူးဆိုတဲ့ သဘောထားကိုမေးရင် ကျနော်တို့က ဘယ်သူ မှ မပြော ဘူး။ ထိုးမယ်လို့ ယူဆလို့ သဘောထားကျလို့လည်း ညှိနှိုင်းနေတာလေ။ အဲဒီတော့ ညှိနှိုင်းတဲ့ ဖြစ်စဉ်က ရလဒ် အပေါ်မှာ ပဲ မူတည်ပြီးတော့ ပြောရမှာပဲ ဖြစ်တယ်။

မေး။ ။ မကြာခင်ရက်ပိုင်းမှာ ကျင်းပမယ့် KNPP ၆ လပတ် အစည်းအဝေးမှာ NCA ထိုးရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် တစုံတရာ ကျလာနိုင်မယ့် အနေအထားရှိလား။

ဖြေ။ ။ ဒါလည်း ကျနော်တို့ မပြောနိုင်ပါဘူး။ ခုနပြောသလို တွေ့ဆုံဆွေးနွေးမှုက ကျလာမယ့် ရလဒ် အပေါ်မှာ မူတည် ပါတယ်။ ဒါပဲ ပြောဖို့ ရှိပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading