ဒုက္ခသည်အဖြစ်နဲ့ ခိုလှုံခွင့် လျှောက်ထားတဲ့ မြန်မာနိုင်ငံသားအချို့ကို အမေရိကန် လူဝင်မှု ကြီးကြပ် ရေး ဌာနက ပြန်လည် စိစစ်မှုတွေ ပြုလုပ်ဖို့အတွက် ဆင့်ခေါ်နေတယ်လို့သိရပါတယ်။ ဒီလို ဆင့်ခေါ် ခံနေရသူတွေဟာ မလေးရှားနိုင်ငံ ဒုက္ခသည် စခန်းတွေကတဆင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ခွင့်ပြုချက်နဲ့ ရောက်ရှိလာကြသူတွေ ဖြစ်ကြောင်းသိရပါတယ်။
ဒုက္ခသည်အနေနဲ့ ရောက်ရှိလာသူတွေတချို့ဟာ အမေရိကန်နိုင်ငံသား အဖြစ်လျှောက်ထားရာမှာ နာမည်တူ၊ မွေးသက္ကရာဇ် တူတဲ့အပြင် မိဘ အမည်တွေပါ တူနေတာကြောင့် လိမ်လည်လှည့်ဖြားတဲ့ အမှုအဖြစ် အမေရိကန်ဘက်က သတ်မှတ်ပြီး ပြန်လည် စိစစ်မှုတွေလုပ်ဆောင်မှာ ဖြစ်တယ်လို့သိရပါ တယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့အတွက် မြန်မာဒုက္ခသည်အရေး ကူညီဆောင်ရွက် ပေး နေတဲ့ အင်ဒီယားနား ပြည်နယ် အခြေစိုက် Burmese American Community Institute (BACI) အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ရိုဒင်းဂါကို ဧရာဝတီ သတင်းဌာနရဲ့ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ အခု အမေရိကားမှာ ရွေ့ပြောင်း ဒုက္ခသည်တွေရဲ့ အချက် အလတ်တွေကို စိစစ်သွားမယ် ဆိုတာဘယ်လို အခြေအနေရှိပါသလဲ။
ဖြေ ။ ။ အမေရိကန်မှာ ရွေ့ပြောင်း ဒုက္ခသည်တွေရဲ့ အချက်အလတ်တွေကို စိစစ်ဖို့ အင်တာဗျူး အခေါ်ခံရသူတွေ အနည်းငယ်လောက်ပဲ ရှိပါတယ်။
ကျနော်တို့ ထင်တာက မလေးရှား UNHCR မှာ မှတ်ပုံတင်ကြတုန်းက လူတဦးတည်းရဲ့နာမည် အချက်အလက်ကို ၂ နေရာ၊ ၃ နေရာမှာ စာရင်းပေးခဲ့တယ်။ အဲဒီနာမည် တခုနဲ့ အဲဒီလူက U.S.A ဝင်လာတယ်။ သူစာရင်း ပေးခဲ့တဲ့ သူရဲ့နာမည်နဲ့ UNHCR မှာ စာရင်းပေးခဲ့တာကိုး။ သူကိုယ်တိုင်ပဲ ငွေရဖို့ ရောင်းစားခဲ့တယ်။ UNHCR ဝန်ထမ်းတွေက ရောင်းစားတယ်။
ဒုက္ခသည် အဖွဲ့အစည်း ဥပမာ ချင်းဒုက္ခသည် ကော်မတီ (CRC)၊ အမေရိကန် ဒုက္ခသည် ကော်မတီ (ARC) တွေက နောက်မှ မြန်မာပြည်ကနေ မလေးရှား ရောက်လာသူတွေကို အဲဒီနာမည်နဲ့ ထည့်ပေး တယ်။ U.S.A ရောက်လာတယ်။
U.S.A မှာနာမည်၊ မွေးနေ့၊ မိဘနာမည်တူ ၂ ယောက်ရောက်လာတယ်။ အဲဒီမှာ U.S.A နိုင်ငံသား လျှောက်တော့ ပြဿနာ ဖြစ်လာတယ်။ ဒီနေ့အထိ Interview ပြန်ခေါ်ထားတဲ့ သူတွေရဲ့ အခြေအနေ အမေရိကန် အစိုးရက ဘယ်လို ဆက်လုပ်မယ် ဆိုတာ တိကျစွာမသိရသေးပါဘူး။ Interview ပြန်ခေါ် ခံရသူတွေ အများစုက မတ်လ ပထမပတ်လောက်မှာ စမှာဖြစ်တယ်။ အခုထိ အခြေအနေကို ခန့်မှန်း ပြီးဘဲ စဉ်းစားပြောဆိုနေရတယ်။
မေး ။ ။ အဲဒီလို စိစစ်မှုက မြန်မာနိုင်ငံသားတွေကိုပဲလား တခြားသော နိုင်ငံကဒုက္ခသည်တွေ ကိုရော ပါလား။
ဖြေ ။ ။ တခြား နိုင်ငံသားတွေ ပါမပါ မသိရသေးဘူး။
မေး ။ ။ဘယ်နိုင်ငံက ဝင်လာတဲ့ ဒုက္ခသည်တွေကို ဘယ်လိုပုံစံမျိုးစိစစ်နေတာလဲ။
ဖြေ ။ ။ ကျနော် သိသလောက် မြန်မာနိုင်ငံကနေ အမေရိကန်ကို ဝင်လာတဲ့ ဒုက္ခသည် နာမည်၊ မွေးနေ့၊ မိဘ အမည်တူသူတွေကို Green Card Citizen လျှောက်တဲ့အခါ စိစစ်ဖို့ ခေါ်တယ်လို့ မြင်ပါ တယ်။ အဲဒီ Identity တူကိစ္စကို Fraudulent Case (လိမ်လည်လှည့်ဖြားတဲ့အမှု) လို့ အမေရိကန် က သတ်မှတ်တယ်။
မေး ။ ။ အဲလိုစိစစ်မှုက လက်ရှိအမေရိကမှာ နေနေတဲ့ မြန်မာနိုင်ငံသားတွေ အတွက် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ။
ဖြေ ။ ။ အကျိုးဆက် ဘယ်လိုရှိမယ် ခန့်မှန်းလို့ မရသေးဘူး။
မေး ။ ။ ဆရာတို့ အနေနဲ့ရောဘယ်လိုမျိုး အကူအညီပေးနေပါသလဲ။
ဖြေ ။ ။ ကျနော်တို့ BACI ကနေ Interview သွားတဲ့ သူတွေကို စကားပြန် လုပ်ပေးဖို့၊ ရှေ့နေ လိုအပ်သူတွေကို အခမဲ့ ဒါမှမဟုတ် ဈေးနည်းစွာနဲ့ ငှားပေးဖို့၊ ဝါရှင်တန်ဒီစီ သွားပြီး ဒီကိစ္စကို USA အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းဖို့ အစီအစဉ်ရှိပါတယ်။