"အခုလုပ်နေတာ UNESCO ဝင်ဖို့ လုပ်နေတာ မဟုတ်ပါဘူး"

ဧရာဝတီ
ရွှေနန်းတော်ကျောင်း ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူ / မြတ်ပြည့်ဖြိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့ရဲ့ အထင်ကရ ရှေးဟောင်းအမွေအနှစ် တခုဖြစ်တဲ့ ရွှေနန်းတော်ကျောင်း (ရွှေကျောင်းကြီး) ကို ၂၀၁၄ ခုနှစ်က အမေရိကန်သံအမတ်ကြီးများ ရန်ပုံငွေနဲ့ ရှေးမူမပျက် ပြုပြင်မွမ်းမံတဲ့ စီမံကိန်းတရပ် စတင် ခဲ့ပါတယ်။

ဒီစီမံကိန်းကို ကမ္ဘာ့အထိမ်းအမှတ် အဆောက်အအုံများ ရန်ပုံငွေအဖွဲ့ (World Monument Fund) က ပညာရှင်တွေနဲ့ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (ရှေး/သု) တို့ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။

စီမံကိန်း ဒုတိယ အပိုင်းကို ရောက်လာတဲ့အခါ  အထက်ပါအဖွဲ့နှစ်ဖွဲ့ အတွင်း ပြုပြင်ရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ သဘောထား ကွဲလွဲမှု ဖြစ်ပေါ်လာခဲ့ပြီး လုပ်ငန်း ကြန့်ကြာမှုတွေ ဖြစ်နေပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ ရွှေနန်းတော်ကျောင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူထားတဲ့ မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူကို ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက  တွေ့ဆုံ မေးမြန်းထားပါ တယ်။

မေး။  ။ ရွှေကျောင်းကြီး ပြုပြင်ရေး လုပ်ငန်းမှာ အဓိက ဘယ်အချက်ကို သဘောထား ကွဲလွဲ နေကြတာလဲ ဆိုတာ အရင်ဆုံး သိပါရစေ။

ဖြေ။  ။ ကျောင်းကြီးရဲ့တောင်ဘက် ဆွေးနေတဲ့ တိုင်ငါးလုံး လဲလှယ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ WMF (World Monument Fund) ဘက်က တိုင်ဟောင်းတွေကိုဖယ်ပြီး တိုင်လုံး အသစ်တွေနဲ့ အစားထိုးချင်တယ်။ ရှေး/သု ကကျ ရှေးဟောင်းတန်ဖိုး ကျမှာစိုးလို့ အဟောင်းနဲ့ရသလောက် ပြန်ပြင်ချင်တယ်။ အဲဒီအပိုင်းမှာ လုပ်ငန်းကြန့်ကြာနေတယ်။ အဓိကကတော့ ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာတွေကို ကိုင်စွဲထားတော့ ညှိနှိုင်းမှု အားနည်းတာကို တွေ့ရတယ်။

မေး။  ။ ရွှေကျောင်းကြီးပြုပြင်ရေး စီမံကိန်းကို ၂၀၁၄ ခုနှစ်ကတည်းက စခဲ့တယ်။ အဲဒီအချိန်တုန်းက ဘာမှ မဖြစ်ခဲ့ဘဲ အခုစီမံကိန်းရဲ့ ဒုတိယပိုင်းကိုရောက်မှ အခုလိုဖြစ်ရတဲ့အပေါ် ဆရာ့အနေနဲ့ ဘယ်လို မှတ်ချက် ပေးချင်ပါသလဲ။

ဖြေ။  ။ ဒီ ပရောဂျက်မှာ သံအမတ်ကြီးများ ရန်ပုံငွေက အကုန်အကျခံပြီး WMF က ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက် တယ်လို့ ဆိုတယ်။ ဒါပေမယ့် အခုကျ ပူးပေါင်း ဆောင်ရွက်တဲ့ပုံ မပေါက်ဘဲ ဖြစ်ချင်တာကို တွန်းလုပ်တဲ့ သဘောဖြစ်နေတယ်။

၂၀၁၄ ခုနှစ်က စခဲ့တဲ့ ပရောဂျက်ဖြစ်လို့ မူလညှိနှိုင်းချက်က ဘယ်လို ရှိခဲ့သလဲ ဆိုတာ ဆရာတို့ သေချာမသိဘူး။ ဒီကြားထဲမှာ ရှေးသု မန္တလေးဌာနခွဲရဲ့ ညွှန်မှူး အပြောင်းအလဲလည်း ရှိခဲ့တယ်။ သူကလည်း အသစ်ဖြစ်တော့ အရင်က အခြေအနေတွေ ခရေစေ့ တွင်းကျ မသိနိုင်ဘူး။ ဒါပေမယ့် သံရုံးဘက်က ဆွေးနွေးတော့ တမျိုး၊ ရှေးသုကလည်း တမျိုး ပြောနေတာမျိုး ရှိတယ်။ ရှေးသု ဘက်ကလည်း သူ့ဥပဒေအရ လျှော့မရတဲ့အပိုင်းတွေ ရှိသလို တဖက် အဖွဲ့ အစည်း ကလည်း ဒီလိုမှ လုပ်ခွင့်မရရင် ပြန်သွားမယ်ဆိုတဲ့ စကားမျိုး မပြောစေချင်ဘူး။ ကိုယ့်ဘက်က မှန်တယ် ဆိုတာချည်း တင်းခံမနေဘဲ အားလုံး ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်ဖို့ လိုတယ်လို့ မြင်တယ်။

မေး။  ။ အဲဒါဆိုရင် ရွှေကျောင်းကြီး ပြုပြင်ရေးအတွက် ရှေ့ဆက် ဘယ်လိုလုပ်သွားဖို့ ရှိပါသလဲ။

ဖြေ။  ။ ဒီရက်ပိုင်းအတွင်း ကော်မတီ ပြန်ထိုင်မယ်။ တောင်ဘက် တိုင် ၅ တိုင်ကို သစ်သားအဟောင်းနဲ့ ဆက်စပ်ပြီး ပြင်လို့ရသမျှ ဖြတ်ညှပ်ပြီး ရသလောက်ပြန်ဆက်မယ်။ အဟောင်းသည် အဟောင်းအတိုင်း ဖြစ်နေရမယ်။ ပြီးတော့ ဘုန်းတော်ကြီး တပါးကလည်း သူ့ဆီမှာ တိုင်လုံး အဟောင်း ၄ လုံးရှိတယ် ဆိုတော့ တတိုင်လောက်ပဲ လိုတော့မယ်။ အဲဒါကတော့ ဘယ်နေရာကဖြစ်ဖြစ် ရှာလို့ရနိုင်ပါတယ်။

မေး။  ။ အကယ်၍ ကြံ့ခိုင်မှု အရမ်းအားနည်းပြီး ပြန်သုံးလို့မရတဲ့ တိုင်ဟောင်းတွေကို ပြတိုက်အနေနဲ့ ထားပြီးပြဖို့ အစီအစဉ်ရှိပါသလား။

ဖြေ။  ။ အဲဒီလို လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီ တိုင်လုံးတွေကတော့ ဘယ်နှခုနှစ်က ဘယ်အဖွဲ့က ပြင်ထားခဲ့တဲ့ တိုင်လုံးတွေပါ ဆိုပြီး ပြသထားဖို့ အစီအစဉ်ရှိပါတယ်။

မေး။  ။ ဆရာခုနက ပြောသလိုပေါ့၊ အကယ်၍ သူတို့ဘက်က သူတို့ပြင်ချင်တဲ့ပုံစံ အတိုင်း ပြင်ခွင့်မရလို့ ပြန်သွားမယ် ဆိုရင် ရွှေကျောင်းကြီး ပြင်ဆင်မွမ်းမံဖို့ တိုင်းအစိုးရ အဖွဲ့အနေနဲ့ ဘတ်ဂျက်ရှိပါသလား။

ဖြေ။  ။ အစည်းအဝေးမှာ ပြောခဲ့သလိုပါပဲ။ ရွှေကျောင်းကြီးကို ကုန်းဘောင်ခေတ် လက်ရာအတိုင်း ဖြိုပြီး ပြန်ဆောက် လို့ရတယ်။ အဲဒီအတွက် ငွေကြေးမရှိလို့လည်း မဟုတ်ဘူး။ ရွှေကျောင်းကြီး ရှေးမူမပျက် မထိန်းသိမ်းနိုင်လို့ ပျက်စီး သွားလို့ လှူဒါန်းကြပါလို့ ကြေညာလိုက်ရင် ပုဂံထက်တောင် အလှူငွေတွေ များဦးမယ်။ ပြီးတော့ ဒါကိုမလုပ်နိုင်တဲ့ ပညာရှင် မရှိလို့လည်း မဟုတ်ဘူး။

အဓိကက အမေရိကန်နဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက်ရယ်၊ ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် ဖြစ်ချင်လို့ရယ် လက်ခံဆောင်ရွက်တာ ဖြစ်တယ်။ အဲဒါကြောင့် အိမ်ရှင်ကို ဧည့်သည်က စော်ကားတဲ့ စကားမျိုးတော့ ကိုယ်တိုင် လည်း မခံစားတတ်ဘူး။

မေး။  ။ ရွှေကျောင်းကြီးကိုရော UNESCO (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့) အသိအမှတ်ပြု အဆောက် အအုံ အဖြစ် ပါဝင်ဖို့ အစီအစဉ် ရှိပါသလား။

ဖြေ။  ။ စောစောက ပြောခဲ့သလိုပါပဲ။ အခုလုပ်နေတာ UNESCO ဝင်ဖို့ လုပ်နေတာ မဟုတ်ပါဘူး။ ၁၉၇၃ ခုနှစ်မှာ ရွှေကျောင်းကြီး ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ အဖြစ် နိုင်ငံတော်က သတ်မှတ် ခဲ့တယ်။ အဲဒီမတိုင်ခင် ကိုလိုနီလက်ထက်က ကျွန်ဖြစ်ခဲ့တော့ ရွှေကျောင်းကြီးကို ဒီအတိုင်း ပစ်ထားခဲ့ ရတယ်။ အဟောင်းအတိုင်း ထားရင် မခိုင်မခန့် ဖြစ်မှာစိုးလို့ အခုလို ပြုပြင်မှုတွေ လုပ်ရတာလေ။

မေး။  ။ အဲဒါဆို ဆရာက ကော်မတီရဲ့ ဥက္ကဋ္ဌတဦး အနေနဲ့ ရွှေကျောင်းကြီးရဲ့ ရှေးမူမပျက်ကို ဦးစားပေး မှာလား၊ ခိုင်ခန့်မှုကို ဦးစားပေးမှာလား။

ဖြေ။ ။ မျှခြေရှိရပါမယ်။ ခိုင်ခန့်မှုကို ဦးစားပေးချင်ရင် ဘယ်နိုင်ငံခြားသားမှ ခေါ်စရာမလိုဘဲ ကိုယ့်ဆီက လက်သမားနဲ့ လုပ်လို့ ရတာပဲလေ။ ဒါပေမယ့် ဒီအဆောက်အအုံကြီးဟာ ကုန်းဘောင်ခေတ် နှောင်းပိုင်း ရတနာပုံခေတ် လက်ရာ အဖြစ် တန်ဖိုးထားကြည့်ရင် ဖြစ်သင့် ဖြစ်ထိုက်တာကို လုပ်ရမယ်လေ။

မေး။  ။ WMF လို အဖွဲ့အစည်းမျိုးက တိုင်လုံးတွေ အသစ်လဲဖို့ တိုက်တွန်းချက်အပေါ် ဆရာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒါကတော့ သူတို့က နိုင်ငံခြားသားဖြစ်တယ်။ ဒါကြောင့် ကိုယ်တန်ဖိုးထားတဲ့ စံချိန်စံညွှန်းချင်း မတူညီဘူးလို့ ဆိုရမှာပေါ့။

မေး။  ။ ဒီလို သဘောထား ကွဲလွဲနေတဲ့ကာလမှာ ဆရာတို့အနေနဲ့ ဒီပြုပြင်ရေး စီမံကိန်းကို ယာယီဆိုင်းငံ့ ထားဖို့ အစီအစဉ် ရှိပါသလား။

ဖြေ။  ။ လုပ်ငန်းခွင်ကို တားဆီးတာမျိုး လုပ်ဖို့မရှိပါဘူး။ လက်ရှိရပ်ထားရတဲ့ လုပ်ငန်းအပိုင်းကို ကာလ ကန့်သတ်ချက် တခုအတွင်း အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ဆရာတို့ဘက်က ကြိုးစား ပေးမယ်။ ဒါပေမယ့် နောင် လုပ် မယ့် လုပ်ငန်းတွေမှာတော့ ရွှေကျောင်းရဲ့အတွင်းပိုင်းမှာ ခွာတာပြုတာတွေ လုပ်ဖို့ ကိစ္စကို ခွင့်ပြုမှာ မဟုတ်ပါဘူး။

မေး။  ။ ရွှေကျောင်းကြီးက သက်တမ်းလည်း နှစ် ၁၆၀ ကျော်တဲ့ ရှေးဟောင်း အဆောက်အအုံ တခု ဖြစ်တယ်။  တခြား နိုင်ငံ မှာဆို ဒီလို အဆောက်အအုံမျိုးကို ပြတိုက်မှာထားပြီး အဝေးကနေပဲ လေ့လာခွင့် ပေးတယ်။ ဒီမှာတော့ ကျောင်းထဲအထိ ဝင်လေ့လာခွင့်ရတော့ နောက်ပိုင်းမှာ ကျောင်းရဲ့ ခိုင်ခန့်မှုအရ ဧည့်သည် ဝင်ရောက်မှုကို ကန့်သတ်ဖို့ အစီအစဉ် ရှိပါသလား။

ဖြေ။  ။ ကျောင်းကြီးရဲ့ ရေရှည်ကြံ့ခိုင်မှုကို ထိန်းတဲ့အနေနဲ့ လူဦးရေ ကန့်သတ်ဖို့ ရှိရမယ်။ အဲဒီအတွက် နောက်ပိုင်းမှာ တော့ အစီအစဉ်တမျိုး လုပ်သွားမှာပါ။

မေး။  ။ ဒီပြုပြင်ရေး စီမံကိန်း မစတင်ခင်မှာ ကျောင်းကြီး အခြေအနေကို လေဆာစကန်နာနဲ့ အကဲဖြတ် သုံးသပ် တာတွေ လုပ်ခဲ့တယ်လို့ WMF က သိရပါတယ်။ သူတို့လေ့လာတွေ့ရသလောက် ရွှေကျောင်းကြီးဟာ မူလ ကုန်းဘောင် ခေတ် လက်ရာ ၅၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ် ဆိုတဲ့ သုံးသပ်ချက် အပေါ် ဆရာ ဘယ်လို မှတ်ချက် ပေးချင်ပါသလဲ။

ဖြေ။  ။ ရွှေကျောင်းကြီးဟာ စစ်ဖြစ်လို့ ဗုံးကြဲလို့ ကုန်ခဲ့တာတွေလည်း ရှိတယ်။ ပြီးတော့ ၁၉၉၀ လောက်၊ နဝတ အကူး အပြောင်း လက်ထက်မှာ ပြုပြင်ခဲ့ရတာတွေလည်း ရှိတယ်။ အဲဒီတုန်းကတော့ အဲဒီခေတ် အခြေအနေအရ လုပ်ခဲ့တာ တွေ ရှိလိမ့်မယ်။ ဒါပေမယ့် အတွင်းပိုင်း အထဲမှာတော့ မူလလက်ရာ အဟောင်း အတိုင်းပဲ ကျန်နေသေးတာပါ။ ဘာမှ မလုပ်ထားဘူး။  ။

Did you find apk for android? You can find new Free Android Games and apps.
Loading