အသေးစား နှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်း (SME) နှင့် ပတ်သက်သည့် ချေးငွေကိစ္စကို လက်ရှိအချိန်တွင် လူအများက ရှင်းရှင်းလင်းလင်း သိလိုကြသည်။
SME လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းတိုးချဲ့ လုပ်ကိုင်နိုင်ရန် ငွေချေးလိုကြသော်လည်း မည်သည့်လုပ်ငန်းအတွက် မည်သည့် အခြေ အနေတွင် မည်မျှသော အတိုးနှုန်းဖြင့် ချေးယူနိုင်သည် ဆိုသော အခြေခံအချက်များ၊ ဘဏ်စနစ် ဝန်ဆောင်မှုများကို ရှင်းလင်းစွာ မသိ နိုင်သေးပေ။
ယခုအခါ ရန်ကုန်မြို့တွင် ကမ္ဘောဇ ဘဏ်၏ လက်အောက်ခံ One Stop SME Banking Center ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ရာ ယင်း နေရာတွင် တနေရာတည်း၊ တချိန်တည်း၌ SME နှင့်ပတ်သက်၍ သိလိုသမျှ မေးမြန်းနိုင်သည့် အစီအစဉ် များလည်း ပါဝင်သည်။
ဥပမာ – မိမိစီးပွားရေး တိုးတက် လုပ်ဆောင်နိုင်ရန် အကြံဉာဏ် တောင်းခံနိုင်ခြင်း၊ ရင်ဆိုင်နေရသည့် အခက်အခဲ များကို တင်ပြ ဆွေးနွေး နိုင်ခြင်း စသည့် အစီအစဉ်များကို တနေရာတည်းတွင် ထည့်သွင်းထားကြောင်း သိရသည်။
ထို့ကြောင့် One Stop SME Banking Center ၏ ဝန်ဆောင်မှုများ အပါအဝင် SME ချေးငွေနှင့် ပတ်သက်၍ အသေး စိတ် သိရှိနိုင်ရန် SME Banking ဌာန၏ တာဝန်ခံ ဦးဇော်လင်းအောင်ကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ဒီ One Stop SME Banking Center အနေနဲ့ ဘယ်လို ဝန်ဆောင်မှုမျိုး ပေးသွားမလဲဆိုတာ မိတ်ဆက်ပေးပါ ဦး။
ဖြေ။ ။ ကျနော်တို့ SME Banking Center ရဲ့ အဓိကပေးမယ့် ဝန်ဆောင်မှုတွေကတော့ တနေရာတည်း၊ တချိန်တည်း မှာ SME လုပ်ငန်းရှင်တွေကို အကောင်းဆုံး စီးပွားရေး လုပ်ငန်းကို အကြံပြုတဲ့ လုပ်ငန်းတွေလုပ်မယ်၊ သူတို့ Business ကို နားလည်အောင်၊ သိအောင်လုပ်မယ်၊ သူတို့ရဲ့ လိုအပ်ချက်တွေ၊ ဘဏ်စနစ်နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ၊ ဘဏ် နဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေ၊ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သိအောင်လုပ်ပြီးတော့ သူတို့လုပ်ငန်းနဲ့ သင့်လျော်တဲ့၊ ကိုက်ညီတဲ့ ချေးငွေတင်ပဲ မဟုတ်ဘူး၊ ချေးငွေရော အပ်ငွေရော၊ တခြား Cash management solution ရော၊ ကျန်တဲ့ Transactional Banking Product တွေရော အားလုံးကို Structure လုပ်ပြီး တော့ သင့်လျော်တဲ့ ဖြေရှင်းမှုတွေကို ပေးသွားမှာ ဖြစ်ပါတယ်။
One stop Banking Center မှာ လုပ်ငန်းရှင်တွေ ဆုံးရှုံးနိုင်တာကို တားဆီးနိုင်အောင်အတွက် အာမခံနဲ့ ပတ်သက်တဲ့ ဖြေရှင်းမှုတွေ ကိုလည်း ပေးသွားမယ်။ ဒါ့အပြင် အစိုးရအဖွဲ့အစည်းတွေနဲ့ One Stop SME Banking Center က အရာထမ်း ဝန်ထမ်းတွေကို ထားပြီးတော့ SME Development Center ရဲ့ ဖြေရှင်းချက်တွေကို မျှဝေ ပေးမယ်။ နောက် သူတို့တတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်း မှတ်ပုံတင်တဲ့ ကိစ္စတွေကိုလည်း တနေရာတည်းမှာ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။
မေး။ ။ ချေးငွေပေးသွားမယ် ဆိုတာလည်း သိရပါတယ်ဆရာ၊ ဘယ်လိုလုပ်ငန်းတွေမှာ ဘယ်လိုအတိုးနှုန်းတွေနဲ့ ပေးသွားမယ် ဆိုတာလေး ပြောပြပေးပါ။
ဖြေ။ ။ ချေးငွေလုပ်ငန်းကတော့ SME လုပ်ငန်းတွေကို အောင်မြင်အောင် သူတို့အတွက် ငွေကြေး လိုတယ်ဆိုရင် ငွေ ထုတ်ပေးသွားမယ်။ ငွေ မဟုတ်တဲ့ တခြား ဝန်ဆောင်မှု လိုရင်လည်း တခြားဝန်ဆောင်မှု ပေးသွားမယ်။ ကျနော်တို့ရဲ့ Credit ပေါ်လစီကတော့ ကမ္ဘောဇ ဘဏ် က ချမှတ်ထားတဲ့ Credit ပေါ်လစီအတိုင်း သွားမှာဖြစ်ပါတယ်။ ကျနော်တို့ လုပ်ဆောင်ချက် အပိုင်းတွေက ပိုမြန်သွားမယ်။ သူတို့ ဒီကြားထဲမှာ တပြိုင်နက်တည်းနဲ့ သူတို့သိချင်တဲ့ သတင်း အချက်အလက်တွေကို သူတို့သိရမယ်။ ကျနော်တို့ သိချင်တဲ့ သတင်း အချက်အလက် တွေကို သူတို့ဖြေလို့ရမယ်။ သူတို့တင်ချင်တဲ့ ချေးငွေလျှောက်လွှာ တွေကို တနေတည်းမှာ တင်လို့ရတဲ့ အတွက်ကြောင့် မို့လို့ လုပ်ဆောင်ချက် တိုင်း ကတော့ အများကြီး မြန်သွားမယ်လို့ ကျနော် ယုံကြည်ပါတယ်။
မေး။ ။ ချေးငွေအတွက် အတိုး ဘယ်လောက် သတ်မှတ်ထားသလဲ၊ ပြန်ဆပ်ရမယ့် ကာလကရော။
ဖြေ။ ။ ချေးငွေ အတွက်ကတော့ ကျနော်တို့ဆီမှာ JICA (ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ) ရဲ့ Funding တွေရှိတယ်။ ကိုယ့် ကိုယ်ပိုင်ဘဏ်ရဲ့ Funding တွေရှိတယ်။ JICA Funding နဲ့ ရမယ်ဆိုရင်၂ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ချေးသွားမှာ ဖြစ်ပါတယ်။ ကိုယ့် Own Fund နဲ့ ချေးမယ်ဆိုရင်တော့ ပုံမှန်ချေးနေတဲ့အတိုင်း ၁၃ ရာခိုင်နှုန်းနဲ့ ချေးသွားမှာဖြစ်ပါတယ်။ ချေးမယ့် ကာလကတော့ ကျနော်တို့ ၅ နှစ်အထိ ချေးသွားမှာဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်ပြီးတော့ သင့်လျော်တဲ့ ကာလအပိုင်းအခြားနဲ့ ချေးသွားမှာပါ။ ဥပမာ – ပမာဏ အားဖြင့် သန်း ၅၀၀ အထိ တဦးချင်းကို ချေးသွားမှာ ဖြစ်ပါတယ်။
မေး။ ။ One Stop SME Banking Center ကို လုပ်လိုက်ခြင်းအားဖြင့် ဒီ SME လုပ်ငန်းတွေကို တိုးတက်ဖို့ ဘယ်လောက် အထိ အထောက်အပံ့ ပေးနိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ One Stop SME Banking Center က ရန်ကုန်ရဲ့ ပထမဦးဆုံး Center ၊ ဒါကျနော်တို့ရဲ့ Pilot Project ပေါ့။ ကျနော်တို့ရဲ့ Pilot Project က တကယ့်ကို အလုပ်ဖြစ်တယ်၊ ကျနော်တို့ မှန်းထားတဲ့အတိုင်းပဲ။ အခု ကျနော်တို့က Private Public Partnership Model နဲ့ သွားတယ် ဒီအစိုးရအဖွဲ့ကလည်း ပါတယ်။ နောက်တခုက GIZ ကလည်း ပံ့ပိုးကူညီ ပေးတယ်။ ဒါလေးတောင် အောင်မြင်တယ်ဆိုရင် ကျနော်တို့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစုံမှာရှိတဲ့ ကျနော်တို့ SME လုပ်ငန်းရှင်တွေကို ပံ့ပိုးပေးဖို့၊ SME One Stop Banking Center တွေ အများကြီး ဖွင့်လှစ်နိုင်ပြီး တော့ သူတို့ရဲ့ လုပ်ငန်းတွေကို အများကြီး ပံ့ပိုး ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသမီး စွမ်းဆောင်ရှင်တွေကို SME လုပ်ငန်းတွေ လုပ်ပေးသွား မယ် ဆိုတာ၊ အဲဒါလေး နည်းနည်းလောက် ရှင်းပြပေးပါ။
ဖြေ။ ။ ကျနော်တို့ ကမ္ဘောဇဘဏ်ရဲ့ SME Banking Center မှာ အမျိုးသမီးတွေအတွက် သီးခြားလုပ်ထားတဲ့ Section လေးပေါ့၊ Department တခုရှိတယ်၊ Banking or Women in Business ဆိုပြီးတော့။ အဲဒီမှာကျနော်တို့ ဌာနစိတ် တခု ထားထားတယ်။ အဲဒီ ဌာနစိတ်က အမျိုးသမီး လုပ်ငန်းရှင်တွေ အတွက် သီးခြား ပရိုရမ်တွေ၊ သီးခြား ကမ်ပိန်း တွေ ကျနော်တို့ ပြုလုပ်သွားဖို့ အားလုံး စီစဉ် ထားပြီးသား ရှိပါတယ်။ အခုဆိုလည်း ကျနော်တို့ NWEA တို့၊ NYEA တို့ အဲဒီမှာရှိတဲ့ အမျိုးသမီး လုပ်ငန်းရှင်တွေနဲ့ စတင်ပြီးတော့ ဆွေးနွေးနေပြီ။ သူတို့လိုအပ်ချက်တွေက ဘာတွေလဲ၊ ဘဏ် ဘက်က လုပ်ပေးရမှာတွေက ဘာတွေလဲ ကျနော်တို့ သိအောင်လုပ်ပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် ပံ့ပိုး ကူညီမှုတွေတော့ ကျနော်တို့ One Stop Banking Center က ကူညီပံ့ပိုး ပေးဖို့ စီစဉ် ဆောင်ရွက် ထားတာတွေ ရှိပါတယ်။
မေး။ ။ ချေးငွေချေးချင်တယ် ဆိုရင် လုပ်ငန်းရှင်တွေဘက်က ဘာတွေလိုအပ်မလဲ။
ဖြေ။ ။ အဓိကကတော့ ချေးငွေချေးချင်တဲ့ Customer တွေက အဓိက ချေးငွေမချေးခင်မှာ ကျနော်တို့ဘဏ် ဘက်က မူဝါဒကတော့ ကျနော်တို့ လုပ်ငန်းကို ဦးစားပေးပြီးတော့ ချေးပါတယ်။ သူ့လုပ်ငန်းက တကယ့်ကို အောင်မြင်ပြီးတော့ အလားအလာရှိမယ့် လုပ်ငန်း မျိုးလား၊ သူလက်ရှိ လည်ပတ်နေတဲ့ လုပ်ငန်း ဘယ်လို အခြေအနေမျိုးရှိသလဲ၊ သူ့ရဲ့ လက်ရှိ လုပ်ငန်းမှာ Production Capacity ကို တိုးချင်တာလား၊ ဒါမှမဟုတ် သူ့ရဲ့ လိုတဲ့ချေးငွေက ဘယ်နေရာမှာ သုံးချင်တာလဲ၊ အဲဒီဟာကို သေသေချာချာသိအောင် လုပ်ပြီး သွားပြီ ဆိုရင် အဲဒီချေးငွေကို လိုအပ်ချက်နဲ့ ကိုက်ညီ မယ့် ဒီဘက်က Credit Product တွေကို ဒီဘက်က အကြံဉာဏ်ပေးမယ်။ အဲဒီ အချိန်မှာလည်း အဲဒီ ချေးငွေတွေကို ပြန်ဆပ်နိုင်ဖို့အတွက် ဘယ်လိုဝင်ငွေနဲ့ ဒီချေးငွေကို ပြန်ဆပ်မှာလဲ၊ ပြီးရင် လုပ်ငန်းတိုးချဲ့ဖို့ လိုအပ်မယ့် ချေးငွေဆိုရင် လည်း အဲဒီလုပ်ငန်းတိုးချဲ့ဖို့ အတွက် ဘယ်လောက်လိုအပ်သလဲ၊ အဲဒီလိုအပ်တဲ့ ပမာဏကို ဘဏ်ကနေ ဘယ်လောက် ထုတ်ပေးရမှာလဲ၊ သူ့ရဲ့ Own capital ကနေ ဘယ်လောက် ရင်းနှီးမြှုပ်နှံမှု လုပ်မှာလဲ၊ ဒါတွေ အကုန် လုံး က စဉ်းစားပြီးသား ဖြစ်ပါလိမ့်မယ်။
အဲဒါတွေ အကုန်လုံး စဉ်းစားပြီးရင် ကျနော်တို့အနေနဲ့ ကြည့်တာက လုပ်ငန်းကောင်းတယ်ဆိုရင် လုပ်ငန်းရှင်က အဲဒီ လုပ်ငန်း အပေါ်မှာ ဘယ်လောက် အတွေ့အကြုံရှိသလဲ။ သူ့ရဲ့ လုပ်ငန်းပတ်ဝန်းကျင်မှာ နာမည်ကောင်းက ဘယ်လောက် ရှိတာလဲ၊ ဒီလုပ်ငန်းအပေါ်မှာ ကျွမ်းကျင်မှုတွေ၊ ယုံကြည်စိတ်ချမှုတွေ၊ နောက် ကျနော်တို့ ကမ္ဘောဇနဲ့ သူ့ရဲ့ Trade Record က ဘယ်လိုကောင်းတာလဲ၊ ဘယ်လောက်အထိ ရှိခဲ့ပြီလဲ၊ ဘယ်လို တည်ဆောက်ထားတဲ့ ဆက်ဆံ ရေးလဲ အဲဒီအချက်တွေကို ကြည့်ပြီး နောက်ဆုံးကျမှ သူဘယ်လိုမျိုး အပေါင် ပစ္စည်းမျိုး ပေးနိုင်မလဲ၊ အပေါင် ပစ္စည်းက ကျနော်တို့ နောက်ဆုံးအဆင့်မှ စဉ်းစားတာပါ။
ပထမဦးဆုံး ကျနော်တို့ စဉ်းစားတာက သူ့ Business ကို ကြည့်တယ်။ သူ့ရဲ့ Cash Flow ကိုကြည့်တယ်၊ သူ့ရဲ့ Business အပေါ်မှာ သူ့ရဲ့ လုပ်ငန်းကျွမ်းကျင်မှုကို ကြည့်တယ်၊ သူပြန်ဆပ်ရမယ့် Source of income က ဘယ်က ရမှာလဲ ဆိုတာကို ကြည့်တယ်။ ဒါတွေကိုကြည့်ပြီးတော့မှ ကျနော်တို့က ချေးငွေကို ချေးမှာဖြစ်ပါတယ်။ ။