မွန်ပြည်သစ်ပါတီ (NMSP) သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က လက်မှတ်ထိုးခဲ့သည်။
ထို့နောက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (မွန်) ကို ကျင်းပခွင့်ရရှိခဲ့သည်။ ထို ဆွေးနွေးပွဲ မကျင်းပခင် လူထုအကြို တွေ့ဆုံပွဲများ ကျင်းပရန် မွန်ပြည်သစ်ပါတီ (NMSP) က ပြင်ဆင်နေစဉ် တပ်မတော်ဘက်က တားဆီးမှုများ ပြုလုပ်လာခဲ့သည်။
အလားတူ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် NMSP တို့အကြား တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ်၊ အလယ်စခန်း ကျေးရွာအနီးတွင် ၂၀၁၈ ခုနှစ်၊ မတ် ၄ ရက်နေ့က တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသလို၊ မတ် ၉ ရက်နှင့် ဖေဖော်ဝါရီ ၂၄ ရက်နေ့တို့ကလည်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ထို ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းအပေါ် တချို့က NMSP သည် တပ်မတော်ဆီမှ အထောက်အပံ့များ ရရှိသွား ခြင်းကြောင့် စစ်ရေး လှုပ်ရှားလာခြင်း ဖြစ်ကြောင်း၊ တပ်မတော်၏ မွေးစားချင်းကို ခံလိုက်ရပြီ ဖြစ်ကြောင်း ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။
ထို့အပြင် NMSP နှင့် KNU အကြား တိုက်ပွဲများက မွန်နှင့်ကရင် ဘုရားသုံးဆူတွင် ဖြစ်ပွားခဲ့ဖူးသော အဓိကရုဏ်းများ ကို ပြန်ပြောင်း အမှတ်ရ လာစေခြင်းကြောင့် တဖန် ပြန်လည် ဖြစ်ပွားလာမလားဟူသည့် စိုးရိမ်မှုများလည်း ရှိလာခဲ့ကြသည်။
အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ (NMSP) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဝင်းလှကို ဧရာဝတီသတင်းဌာန၏ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တိုက်ပွဲဖြစ်နေတာ ဘာကို အခြေခံပြီး ဖြစ်တာလဲ။
ဖြေ။ ။ သစ်ခိုးထုတ်တာနဲ့ ပတ်သက်ပြီး အခြေခံဖြစ်တာပါ။ ကျနော်တို့ ထိန်းချုပ် နယ်မြေထဲမှာ လာရောက် ပြီးတော့ သစ်ထုတ်လို့ပါ။ ဒါပေမယ့် KNU လို့ ကျနော်တို့ တိုက်ရိုက် မပြောနိုင်ဘူး။ ကရင်လူမျိုးတွေတော့ ဟုတ် တယ်။ KNU ဟုတ် မဟုတ်တော့ သေချာမပြောနိုင်ဘူး။ သူတို့က သူတို့လူမျိုးကို ကာကွယ်ပေးတာပဲလား၊ သူတို့ ကိုယ်တိုင်ပဲလား မသိဘူး။
မေး။ ။ မွန်ပြည်သစ်က NCA ထိုးပြီးမှ အခု KNU ကို တိုက်လာတယ်။ အထောက်အပံ့ ရသွားလို့ဆိုပြီး ပြော နေကြတယ်။ ဒီအပေါ် ဘာများ မှတ်ချက်ပြုနိုင်မလဲ။
ဖြေ။ ။ မဟုတ်ပါဘူး။ အဲဒီလို အထောက်အပံ့ရတာ မရှိပါဘူး။ နယ်မြေ အငြင်းပွားမှုတို့၊ ဟိုပြဿနာ ဒီပြဿနာတို့နဲ့ ပဋိပက္ခ ဖြစ်တာလည်း ကြာပြီလေ။ ကြာပြီဆိုတာ ဟို ၁၉၈၈ တုန်းကဆိုရင် အကြီးအကျယ်ပေါ့။ ၁ လ နီးပါးပဲ ပဋိပက္ခဖြစ်တာ။ တိုက်ကြခိုက်ကြ။ အဲဒါလည်း NCA နဲ့ မဆိုင်ပါဘူး။ ဒီကြားထဲမှာလည်းပဲ မကြာ မကြာ ဖြစ်ကြတာပဲ။ NCA ကြောင့်လို့ ပြောလို့မရဘူး။
NCA လည်း ကျနော်တို့ ထိုးခဲ့တာပဲ။ KNU က NCA မထိုးခင် ကတည်းက ကျနော်တို့ ငြိမ်းချမ်းရေးကို၊ အပစ်အခတ် ရပ်စဲရေးကို လုပ်လာခဲ့တာပဲ။ အဲဒီအခြေခံနဲ့တော့ မဆိုင်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။
မေး။ ။ မွန်နဲ့ ကရင် ဟိုတုန်းက ဘုရားသုံးဆူမှာ အဓိကရုဏ်းတွေ ဖြစ်ခဲ့ဖူးတယ်။ အခု NMSP နဲ့ KNU တိုက်ပွဲဖြစ်တော့ ဒါကို အမှတ်ရသွားစေတယ်ဆိုတာ ပြောနေကြတယ်။ မွန်နဲ့ ကရင် အဓိကရုဏ်းတွေ ပြန်ဖြစ် သွားနိုင်တဲ့ အခြေအနေရှိလားဗျ။ အဲဒါကို ဘယ်လိုထိန်းသိမ်းသွားဖို့ လုပ်နေပါသလဲ။
ဖြေ။ ။ အဲဒီ သဘောဆောင်တယ်လို့တော့ ကျနော်တို့ မမြင်ဘူး ခင်ဗျာ။ အခု ဖြစ်တဲ့ ပြဿနာ ကျတော့လည်း ကျနော်တို့နဲ့ KNU ပြဿနာ ဖြစ်တယ်လို့လည်း ကျနော်တို့ မမြင်ဘူး။ သစ်ခိုးထုတ်တဲ့ အဖွဲ့နဲ့ပဲ ဆိုင်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါပေမယ့်လည်း သစ်ခိုးထုတ်တဲ့ အဖွဲ့က ကရင်အမျိုးသားတွေ ဖြစ်တော့ KNU က ပါဝင် ဖြေရှင်းရတဲ့ သဘောပေါ့လေ။ အဲဒီလိုပဲ ကျနော်တို့ ယူဆပါတယ်။ အဲဒီ သဘော (မွန်နဲ့ ကရင် အဓိကရုဏ်း) အထိလည်း မဆောင်ပါဘူး။
မေး။ ။ NMSP နဲ့ KNU က NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ ဖြစ်တော့ အခု တိုက်ပွဲဖြစ်ပွားမှုက ပူးပေါင်း ဆောင်ရွက်ရေးမှာ အားနည်း သွားစေသလား။
ဖြေ။ ။ ကျနော်တို့ အချင်းချင်းကြားမှာ အဲဒီ NCA နဲ့ မဆိုင်ဘူး။ ကျနော်တို့ NCA မထိုးဖြစ်ခင်ကလည်းပဲ ကျနော်တို့ အချင်းချင်းကြားမှာ ပဋိပက္ခတွေဖြစ်ရင်၊ ပြောစရာ ဆိုစရာရှိရင် ကျနော်တို့ ဆက်သွယ် ညှိနှိုင်းရမယ့် အဖွဲ့တွေ ကျနော်တို့ ဖွဲ့ထားတာရှိပါတယ်။ အကောင်အထည်ပေါ်တာ မပေါ်တာ နောက်ထား အသက်ဝင်ဖို့က တပိုင်းပေါ့။
နောက် မြို့နယ်အထိ သော်လည်းကောင်း၊ ဆက်ဆံရေးရုံးချင်း သော်လည်းကောင်း၊ ခရိုင်အဆင့်၊ နောက် ဗဟို အထိပေါ့လေ။ ကျနော်တို့ မကြာမကြာ တွေ့ကြဖို့ သဘောထားရှိကြပါတယ်။ မကြာမကြာမှာလည်းပဲ ဖြစ်ပေါ် လာတဲ့ ပြဿနာတွေကို ကြီးတဲ့ဟာ သေးအောင်၊ သေးတဲ့ဟာ ပျောက်အောင် ကျနော်တို့ ၂ ဖက် တွေ့ပြီး ညှိနှိုင်းနိုင်အောင် အဲဒီလို သဘောရှိတယ်။
မေး။ ။ NMSP က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (မွန်) ကို ကျင်းပဖို့ လူထုအကြို တွေ့ဆုံပွဲ လုပ်တာမှာ တားဆီးခံရတယ်။ ဒါကို ငြိမ်းချမ်းရေးကော်မရှင် (PC) က ညှိပေးလို့ အဆင်ပြေ သွားတယ် ပြောတယ်။ ဘယ်လို အဆင်ပြေသွားတာလဲ၊ ဘယ်လိုပုံစံနဲ့ လူထုအကြို တွေ့ဆုံပွဲတွေ လုပ်သွားဖို့ လျာထားပြီလဲ။
ဖြေ။ ။ အင်း သူတို့ (PC) ပဲ ပြေတယ်လို့ ပြောတာပဲ။ ကျနော်တို့ ဘက်မှာကျတော့ တားဆီးခံရတဲ့ အနေ အထား ကတော့ နဂိုအတိုင်းပဲ ရှိနေတယ်။ ကျနော်တို့လည်းပဲ ပြေလည်အောင် ကြားထဲက အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တို့၊ PC တို့ကို တင်ပြထားတာ ရှိပါတယ်။
သူတို့ တရားဝင် ပြောလာမယ့် အဖြေကို သိရမှပဲ ပြောနိုင်မယ်။ ဒါက သူတို့က မီဒီယာကနေ တဆင့် ပြောတာ တော့ ကျနော်တို့လည်း ကြားပါတယ်။ ဒါပမယ့် တရားဝင် ဘာမှလည်း ရောက်မလာတော့ ကျနော်တို့ နားလည်ရ ခက်နေတယ်။
မေး။ ။ ဒါဆို အဲဒါနဲ့ ပတ်သက်ပြီး အန်ကယ်တို့ဘက်က ပြန်ပြီးတော့ အကြောင်းကြားပြီး ဘယ်လို ခွင့်ပြုချက် ရတာလဲ၊ ဘယ်လို သဘောတူညီချက် ရတာလဲ မေးတာ ရှိလာဗျ။
ဖြေ။ ။ အခုထိတော့ ဘာမှ အကြောင်းမကြား သေးဘူး၊ ဘာမှ မရသေးဘူး။ ကျနော်တို့က ထပ်ပြီးတော့ အဆိုတင်ထားတာပေါ့။ အဆိုတင် ထားတယ်ဆိုတာက အဲဒီနေရာ (NMSP တပ်ချုပ် ဧရိယာထဲ က ၅ နေရာ) တွေကို ကျနော်တို့ လူထု အကြိုတွေ့ဆုံပွဲ ကျင်းပချင်တယ်။ အတည်ပြုပေးဖို့ ဆိုပြီးတော့ ထပ်ပြီးတော့ ပြောထားတာ ရှိတယ်။ အဲဒါ တရားဝင် ပြန်အကြောင်းကြားလာမှပဲ ပြေလည်တယ်လို့ ယူဆလို့ရမှာ။