စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုရင် စီမံကိန်းတွေ မပါလာဖို့ အရေးကြီးတယ်

ဧရာဝတီ
ကရင်မြစ်ချောင်းများကွန်ရက် ဦးစောသာဘိုး / Saw Tha Phoe

ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံ၏ အရေးတကြီး လိုအပ်နေသော အနာဂတ် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ငြိမ်းချမ်း ရေးနှင့် ရည်မှန်းချက်များ အပြီးမသတ်နိုင်သေးသည့်တိုင် ပဋိပက္ခနယ်မြေဖြစ်သည့် သံလွင်မြစ်ကြောင်း တလျှောက် ရေ အားလျှပ်စစ်စီမံကိန်းကြီးများကို လက်ရှိအစိုးရက အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိသည်။

သို့သော်လည်း ပဋိပက္ခနယ်မြေများ ဖြစ်သည့်အလျောက် စီမံကိန်းနယ်မြေအတွင်း လုံခြုံရေးတပ်များနှင့် လက်နက်ကိုင် တပ်များကြောင့် တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံများ ထိခိုက်နေရမှုများလည်း ရှိနေကာ ဒေသခံအခွင့်အရေး ကာကွယ်လှုပ် ရှားသူများနှင့် မြစ်ချောင်းများအရေး စောင့်ကြည့်လှုပ်ရှားသူများကလည်း အဆိုပါ စီမံကိန်းများကို ပြင်းပြင်းထန်ထန် ကန့် ကွက်မှုများရှိနေသည်။

သို့ဖြစ်ရာ အဆိုပါသံလွင်မြစ်တစ်လျှောက် ရေအားလျှပ်စစ်စီမံကိန်းများကို ကန့်ကွက်နေသည့် အဖွဲ့ အစည်းတခုဖြစ်သည့် ကရင်မြစ်ချောင်းများကွန်ရက်မှ အဖွဲ့ဝင် ဦးစောသာဘိုးအား ဧရာဝတီသတင်းဌာနမှ သတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းခဲ့သည်။

မေး ။ ။ အကိုတို့အနေနဲ့ သံလွင်မြစ်တလျှောက် ရေကာတာတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု လုပ်ရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။

ဖြေ ။ ။ အဓိက ရည်ရွယ်ချက်ကပြောရမယ်ဆိုရင် ရေကာတာတွေနဲ့ ပတ်သက်ပြီးတော့ ဒေသခံတွေရဲ့ အသံတွေနဲ့ ပိုပူး ပေါင်းပြီး မြှင့်တင်နိုင်ဖို့ လုပ်တာပါ။ နောက်ပြီး ကြားထဲမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ ဖြစ်နေတယ်။ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားပေမယ့် အောက်ခြေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ တပ်မတော် နယ်မြေတိုးချဲ့လာတဲ့အတွက် တိုက်ပွဲတွေ ဖြစ်နေပြီး ဒေသခံတွေ က ရွှေ့ပြောင်းရတယ်။ ဒုက္ခသည်အနေနဲ့ ဖြစ်တယ်။ ဒါတွေကိုလည်း သိစေချင်တဲ့ အတွက်ရယ် နောက်ဒီနေ့ (မတ်လ ၁၄ ရက်) က ရေကာတာ ဆန့်ကျင်တဲ့နေ့ ဖြစ်တဲ့အတွက် ဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့ ကျင်းပရခြင်း ဖြစ်တယ်။

ရေကာတာ ဆန့်ကျင်ရေး ဆန္ဒပြစဉ် / ကရင်မြစ်ချောင်းများကွန်ရက်

မေး ။ ။ အကိုတို့အနေနဲ့ ဘာကြောင့် ဒီလို ရေကာတာတွေ တည်ဆောက်တဲ့ ကိစ္စကို ဆန့်ကျင်ရတာပါလဲရှင့်။

ဖြေ ။ ။ ရေကာတာ စီမံကိန်းက အပစ်အခတ်မရပ်စဲခင်မှာ ကျနော်တို့ ကရင်လူမျိုးတွေ နေထိုင်တဲ့ နေရာမှာ ရေကာတာ ၂ ခုရှိတယ်ဗျ။ သောက်ရေခပ်မြစ်ပေါ်မှာရယ် ရွှေကျင်ချောင်းပေါ်မှာရယ်။ ရေကာတာဆောက်တဲ့ အခါမှာ ကျေးရွာ စုစုပေါင်း ၁၅ ရွာလောက် ရွှေ့ရတယ်။ လူပေါင်းများစွာက ဒီနေ့ချိန်ထိ နေရာကောင်းကောင်း မနေရသေးသလို သူတို့ရဲ့စားဝတ်နေ ရေးကလည်း မပြေလည်သေးဘူး။ သူတို့ မိသားစုတွေရဲ့ ကျန်မားရေး ပညာရေးတွေကလည်း အခုထိ အခြေတကျ မရှိ သေးဘူး။

ဒီလိုအနေအထားမျိုးမှာ NCA လက်မှတ်ထိုးတဲ့ နောက်ပိုင်းမှာ လက်ရှိ အစိုးရအနေနဲ့ ရေကာတာတွေ ပိုဆောက်ဖို့အ တွက် စီမံကိန်းတွေချတယ်။ ဥပမာ ဆိုကြပါစို့ ဘောကထ ရေအားလျှပ်စစ်စီမံကိန်းတွေ ဖြစ်လာတယ်။ နောက်ထပ် စီမံကိန်းဆိုတာလည်း ရှိလာတယ်။ ဘီ်းလင်းချောင်း ပေါ်မှာလည်း စီမံကိန်း ရှိလာတယ်။ သံလွင်ပေါ်မှာ ဟတ်ကြီး စီမံ ကိန်းကို ၂၀၂၀ ကျရင် ပြီးအောင်လုပ်မယ်ဆိုတဲ့ စီမံချက်တွေ ရှိတယ်။

နောက် တပ်မဟာ ၆ ကော့ကရိတ် မြို့နယ်မှာဆိုရင် မက်ကသာချောင်း ပေါ်မှာလည်း ရေအားလျှပ်စစ်စီမံကိန်း တခုလုပ် တယ်။ ပြီးတော့ ထားဝယ် တပ်မဟာ ၄ ဘက်မှာဆိုရင် တနသာင်္ရီ မြစ်ပေါ်မှာလည်း ရေအားလျှပ်စစ် စီမံကိန်းရှိတယ်။ ကျနော်တို့ဆီမှာ အပစ်မရပ်ခင်ကတောင် စီမံကိန်းက ၂ ခုပဲ ရှိတာ အပစ်ခတ်ရပ်စဲရေး နောက်ပိုင်းမှာ ပိုပြီးတော့ တိုးတိုး လာတယ်။ ကျနော်တို့ ဒေသက စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရနိုင်ဘဲ ဒီလူတွေက စီမံကိန်းတွေအပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိ တယ်။ ဒီအပေါ်မှာ ကျနော်တို့တွေရဲ့ ဘဝတွေက လုံခြုံမှု ကင်းမဲ့လာတယ်။ အဲဒါကြောင့် ကျနော်တို့ စိုးရိမ်မိတယ်ပေါ့။

မေး ။ ။ စီမံကိန်းတွေ ရပ်တန့်ဖို့ တောင်းဆိုရတဲ့ အကြောင်းအရင်းတွေမှာ ဒေသခံတွေ ထိခိုက်လို့ ဆိုတာပါရှိတော့ ဆည် တွေရပ်ဖို့ တောင်းဆိုတဲ့အပြင် ပြည်သူလူထု ထိခိုက်မှုတွေကို အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့အတွက် တောင်းဆိုမှုတွေ လုပ် သွားဖို့ ရှိပါသလား။

ဖြေ ။ ။ လောလောဆယ်တော့ ကျနော်တို့ သဘောထား ထုတ်ပြန်ချက်မှာ တောင်းဆိုထားတာရှိတယ်။ ဒုက္ခသည်တွေ အများကြီးရှိတယ်။ ဥပမာဆိုကြပါစို့ မြိုင်ကြီးငူမှာဆိုရင် လူ ၂ထောင်ကျော် ရှိနေတယ်။ အခု လောလောလတ်လတ် တိုက်ပွဲဖြစ်တယ် ဖာပွန်မြို့နယ်မှာ ၁၇၀၀ လောက်ပြေးနေရတယ်။ ဒီလို အခြေအနေမျိုးမှာ မီဒီယာမှာလည်း မပေါ်နိုင်သလို တကယ့် အစိုးရတာဝန်ရှိသူတွေမှာ အရေးတယူနဲ့ ဒီကိစ္စတွေကို စကားပြောဆွေးနွေးနေတာ မရှိဘူးဗျ။ ဒါပေမယ့် သေချာ တာကတော့ အောက်ခြေမှာ ဒီလိုမျိုးတွေ ဖြစ်နေတယ်။ ဒီတော့ ကျနော်တို့ အနေနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဒီလို မျိုးတွေ စီမံကိန်းတွေကို ဦးစားပေး မလုပ်ဘဲနဲ့ ငြိမ်းချမ်းရေးကို စကားပြောဖို့ လက်ရှိချုပ်ဆိုထားတဲ့ NCA ကို လေးစားလိုက် နာဖို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အတူတကွ အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းထားပါတယ်။

ရေကာတာ ဆန့်ကျင်ရေး ဆန္ဒပြစဉ် / ကရင်မြစ်ချောင်းများကွန်ရက်

မေး ။ ။ ဒေသခံတွေ ထိခိုက်မှု ရှိနေတယ်ဆိုတော့ ဒေသခံမိသားစု ဘယ်နှစ်စုလောက် ထိခိုက်နစ်နာမှုရှိနေလဲ။ အဓိက ဘယ်လိုအကြောင်းအရာတွေကြောင့် ထိခိုက်မှု ရရှိနေတာလဲ။

ဖြေ ။ ။ ရှင်းအောင် ပြောရမယ်ဆိုရင် ၂၀၁၇ သြဂုတ်လ ၁၈ ရက်မှာ အစိုးရရဲ့ စွမ်းအင်မဟာဗြူဟာ စီမံကိနျး (Energy Master Plan) ထွက်တယ်ဗျ။ အဲဒီ စီမံကိန်းအရဆိုရင် ဟတ်ကြီးက ၂၀၂၀ – ၂၀၂၁ မှာ ပြီးမယ်ဆိုပြီးတော့ ဖော်ပြထားတယ်။ ဒီတော့ စက်တင်ဘာလ ၁ရက် ကနေ စပြီးတော့ တိုက်ပွဲတွေ ဖြစ်တယ်။ ဟက်ကြီးရေကာတာ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်တာက ဒီနေ့ ဒီအချိန်ထိဆို ၁ နှစ်ကျော်ပြီပေါ့။ ဒီတော့ ၁ နှစ်ကျော်နေပြီဖြစ်တဲ့ လူဦးရေ ၂၀၀၀ က ဒီနေ့ဒီအချိန်ထိ အိမ်မပြန်နိုင် သေးဘူး။ ဒီလိုမျိုးရှိနေတဲ့ အခြေအနေမှာ အစိုးရကသော်လည်းကောင်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အများကြီး သော်လည်းကောင်း အရေးတယူနဲ့ လာပြီးတော့ သူတို့ရဲ့ စားဝတ်နေရေး ၊ကျန်းမာရေး၊ ပညာရေး တွေကို လာပြီးတော့ လုပ်ပေးတယ်ဆိုတာ အကြိမ်ရေက လက်ချိုး ရေလို့ ရသလို အရမ်းကို နည်းတယ်လို့ ပြောလို့ရတယ်။ မလုပ်သလောက် ကို ရှားပါးတယ်လို့ ပြောလို့ရတယ်။ လျစ်လျူရှုခံထားရတယ်။

မေး ။ ။ တိုက်ပွဲတွေက ဘာကြောင့် ဖြစ်ပွားတာလဲ။ ရေကာတာအတွက်ကြောင့် ဖြစ်တာလား။

ဖြေ ။ ။ ဒီဒေသက ကရင်အမျိုးသား အစည်းအရုံး (KNU) လည်း ရှိတယ်။ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) လည်းရှိတယ်။ ခွဲထွက်အဖွဲ့တွေလည်း ရှိတယ်။ ဒီလိုအနေအထားမျိုးမှာ သွားဆောက်မယ်ဆိုရင် လုံခြုံရေးလိုတယ်။ လုံခြုံရေးလိုတော့ တပ်ကသွားတော့ လမ်းဖောက်ရတယ်။ တိုက်ပွဲဖြစ်တယ်။ အခုဆိုရင် စီမံကိန်းနားအထိ လမ်းဖောက် ထားတယ်။ Energy Master Plan ထုတ်ပြန်တယ်။ စစ်တပ်ရောက်လာတယ်။ တိုက်ပွဲဖြစ်တယ်။ တဆင့်ချင်းဆီလာနေ တာပါပဲ ခင်ဗျ။

ရေကာတာ ဆန့်ကျင်ရေး ဆန္ဒပြစဉ် / ကရင်မြစ်ချောင်းများကွန်ရက်

မေး ။ ။ အကြောင်းကြောင်းကြောင့် အကိုတို့လို ကန့်ကွက်နေတဲ့သူတွေ ရှိနေသလို တဖက်မှာလည်း အမြင်မတူတဲ့ အခြမ်းက ရှိနေပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားစီမံကိန်းလို ဖွံ့ဖြိုးရေး စီမံကိန်းတွေက မလိုအပ်ဘူးလားရှင့်။ ဘယ်လိုထင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ ကန့်ကွက်နေတာက ဖွံ့ဖြိုးရေးကို မလိုချင်လို့ မဟုတ်ဘူးဗျ။ ကျနော်တို့က ဖွံ့ဖြိုးရေးကို လိုချင်တယ်။ အရင်ဆုံး ဖွံ့ဖြိုးရေးဆိုတဲ့ အဓိပ္ပာယ်ကို နားလည်စေချင်တယ်ခင်ဗျ။ ဖွံ့ဖြိုးရေးလို့ပြောလိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ကြီးထွား လာမှုတွေကိုပဲ မြင်ရတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးသွားတာ မတွေ့ရဘူး။ ကျနော်တို့ ဒေသတွေမှာ အကြမ်းဖက် မှုတွေ အများကြီး ဖြစ်တယ်။ လူတွေက မလုံခြုံတော့ဘူး။ မြို့ပြတွေ ဖြစ်လာလေ လူတွေက မလုံခြုံမှုတွေ အများကြီးဖြစ် လာတယ်။ ဒါတွေက ပြောမယ်ဆိုရင် အရင်ကနဲ့နှိုင်းယှဉ် မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာတွေပဲ များလာပြီး တကယ့်အရေးကြီး တဲ့ စိတ်ပိုင်းဆိုင်ရာ မဖွံ့ဖြိုးလာဘူးပေါ့။ ဒီတော့ ကျနော်တို့ ဒေသက ဆင်းရဲနေတာတော့ မဟုတ်ဘူး။ လူတွေရဲ့ စားဝတ် နေရေးက ဖူလုံမှုတော့ ရှိကြတယ်။ ကျနော်တို့မှ အဓိက လိုအပ်နေတာက ငြိမ်းချမ်းရေးလိုတာ။

တကယ့်ဖွံ့ဖြိုးဖို့အတွက် မီးတွေလိုမယ်ဆိုတာတော့ မငြင်းပါဘူး။ မီးတွေရဖို့အတွက်လည်း နိုင်ငံတကာ နည်းပညာနဲ့ တခြားရွေးချယ်စရာ စွမ်းအင်တွေရှိလာတော့ ကမ္ဘာမှာကိုက Trend ပြောင်းသွားပြီပေါ့နော်။ ရေကာတာတို့ ကျောက်မီး သွေးတို့ဆိုတာ သူတို့ မသုံးတော့ဘူးပေါ့။ အခုက ပြည့်မြဲစွမ်းအင်တွေက သုံးစွဲနေကြပြီ။ သုံးစွဲနေကြတဲ့အပြင် မူဝါဒတွေ ချမှတ်ပြီးတော့ ပြောင်းလဲနေကြတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဖွံ့ဖြိုးဖို့လိုတယ် ဆိုပြီး စီမံကိန်း အကြီးကြီးတွေ ဆောက် ဖို့အတွက် နိုင်ငံတကာကနေ ချေးငွေတွေယူ ကျနော်တို့နိုင်ငံက အကျင့်ပျက်ခြစားမှုက ခပ်များများဆိုတော့ တိုင်းပြည်က အကြွေးသံသရာ လည်ပြီးတော့ ပြည်သူတွေက ပိုပိုပြီးတော့ ဆင်းရဲသွားတယ်။ အချို့လူတွေကတော့ ပြောကြတယ် ဖွံ့ဖြိုးဖို့ စီမံကိန်း အကြီးကြီးတွေ လုပ်တယ်ဆိုပြီး တကယ်တော့ တိုင်းပြည်ကို နစ်နာအောင် ကြွေးထူအောင် လုပ်တယ်လို့ပဲ ကျနော်က မြင်တယ်ဗျ။

ကျနော်တို့ လက်ရှိမှာ ဝေးဝေး မကြည့်ဘူးဗျာ။ နေပြည်တော်နဲ့ အနီးဆုံး ပေါင်းလောင်းမှှာ သွားကြည့်မယ်ဆိုရင်တောင်မှ ရေကာတာဆောက်လိုက်တယ်။ လျှပ်စစ်ရလားဆိုတော့ လိုအပ်တဲ့ လျှပ်စစ်ပမာဏ မရဘူး။ ဘာကြောင့်မရလဲဆိုတော့ Climate Change ပေါ့ ကမ္ဘာကြီးမှာက ရာသီဥတုပြောင်းလဲမှု အများကြီး ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ရေအားလျှပ်စစ် ကို ကောင်းကောင်း မလည်နိုင်ဘူး။ ကုမ္ပဏီကတော့ မြတ်တယ်။ ဘယ်သူကရှုံးလည်း ဆိုတော့ နိုင်ငံတော်က ရှုံးနေတယ်။ နိုင်ငံတော်က စိုက်ထုတ်ရတာများနေတယ်။ ဒါမျိုးတွေ ရှိတာပေါ့။ ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကျနော်တို့နိုင်ငံမှာ မူဝါဒတွေ ပေါ်လစီတွေ ဘာမှ ကောင်းကောင်းမွန်မွန် မရှိတဲ့အချိန်မှာ ခုနကလို ရေကာတာကြီးတွေပဲ လှိမ့်ဆောက်နေရင် ချေးငွေတွေက ခြစားမှုတွေကြောင့် တခြားမလိုလားအပ်တဲ့ နေရာတွေကို ရောက်သွားမှာပေါ့။ ဒါက တကယ့်စစ်မှန်တဲ့ ဖွံ့ဖြိုးမှု မဟုတ်ဘူးဆိုတာ ပြောချင်တာဗျ။

မေး ။ ။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းဇယားကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံရဲ့ ၃၅ ရာခိုင်နှုန်းလောက်ပဲ လျှပ်စစ်မီး ရရှိနေတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေမှာ တကယ်ပဲ လျှပ်စစ်စီမံကိန်းတွေ မလိုဘူးလား။

ဖြေ ။ ။ တကယ်တော့ လျှပ်စစ်မီးမရဘူးလားလို့မေးရင် ကျနော်တို့ ကျေးရွာတွေမှာ မီးရနေတယ်ဗျ။ ဒါပေမယ့် နိုင်ငံ တော်က တွက်ချက်ပုံက သူတို့ရဲ့ National grid အပိုင်းကြီးက သွားမှ ရတယ်လို့ သတ်မှတ်တာကိုး။ တကယ်တော့ ဒေသခံမှာ ကိုယ်စီကိုယ်ငှ သူ့ကိုယ်ပိုင်စနစ်တွေ ဆိုလာနဲ့ သုံးတာရှိတယ်။ တိုက်ရိုက် national grid ကြီးနဲ့တော့ မချိတ်ဘူး အဲဒါကြောင့် မီးရတယ်လို့ မတွက်ဘူး။ တကယ်တော့ ဒီမှာလည်း မီးရှိနေတယ်ပေါ့။ ဒီလိုမျိုး တနိုင်တပိုင် လုပ်တဲ့အရာတွေကို မူဝါဒ ပေါ်လစီအရ အားပေးမယ်။ ပြီးတော့မှ ရင်းနှီးမြုပ်နှံသူတွေနဲ့ ချိတ်ဆက်ပြီးတော့မှ ဒီထက် ပိုမိုကောင်းမွန်တဲ့ သုတေသနတွေ လုပ်ပြီး ပံ့ပိုးမယ်ဆိုရင် ကျနော်တို့ နိုင်ငံက ဖွံ့ဖြိုးမှုကို ခဏလေးနဲ့ရသွားမယ်လို့ ထင်တယ်။ အဓိကကစနစ်လို့ ထင်တယ်ဗျ။ ကျနော်တို့ တောတောင်တွေမှာ နေတဲ့သူတွေက အမှောင်ထဲနေတာတော့ မဟုတ်ကြဘူးဗျ။ မီးရှိပါတယ်။ ဒါပေမယ့် အစိုးရက ပေးတာမဟုတ်တဲ့မီးတွေ အများကြီးရှိတာဗျ။

မေး ။ ။ ဆိုတော့ အကို ဆိုလိုတာက စီမံကိန်းတွေ မလိုဘူး။ စီမံကိန်းတွေက ပဋိပက္ခတွေပဲ ဖြစ်စေတယ် စသဖြင့် ပြောနေတယ်ဆိုတော့ တကယ်ပဲ စီမံကိန်းတွေရပ်သွားမယ်ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ အစ်ကိုတို့ လိုချင်တဲ့ ငြိမ်းချမ်းရေး ရနိုင်မလား။

ဖြေ ။ ။ ကျနော် ယုံကြည်ယူဆတာကတော့ ဒီလို အခြေအနေမျိုးမှာ ငြိမ်းချမ်းရေးကို ဦးစားပေး ဆွေးနွေးပြီးတော့ အကောင် အထည်ဖော် ဆောင်ရွက်မယ်ဆိုရင် တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရနိုင်တယ်။ ငြိမ်းချမ်းရေးကို အကြောင်းပြုပြီးတော့ စီမံကိန်းနဲ့ တွဲဖက်ဝင်လာတာတွေ ဆိုရင်တော့ အကျိုးအမြတ် ခွဲဝေမှုဆိုတာ ပါလာပြီ။ ဒီအကျိုးအမြတ် ခွဲဝေမှုတွေမှာ တိကျခိုင်မာတဲ့ မူဝါဒတွေ မရှိဘူး၊ ရှင်းရှင်းလင်းလင်း မရှိတဲ့ အခါကျတော့ အကျင့်ပျက်ခြစားမှု ဆိုတဲ့ ပြဿနာအမြဲတမ်း ရှိတယ်။ တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်ဆိုရင် စီမံကိန်းဆိုတာတွေ မပါလာဖို့တော့ အရေးကြီးတယ်။ အဲဒါဆိုရင်တော့ ငြိမ်းချမ်းရေးကို အမြန်ရနိုင်မယ်လို့ ယုံကြည်ထားတယ်။

Loading