ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ မယ့်လိမ့်လုံ (သူဌေးမကြီး) ရိုးရာ စားသောက်ဆိုင်တွင် မကြာသေးခင်က ဖြစ်ပျက်ခဲ့ သည့် လိင်တူအဓမ္မပြုကျင့်မှုသတင်းက လူမှုကွန်ရက်စာမျက်နှာပေါ် ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။
မတ်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့သော ထိုဖြစ်ရပ်တွင် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲဖမ်းဆီးခံထားရသူ ဆိုင်ပိုင်ရှင် ကိုအောင် မျိုးထွဋ် (ခ) အက်ဒီသည် HIV Positive တဦးဖြစ်ကြောင်း၊ နိုင်ငံတကာ NGO တခုဖြစ်သည့် International HIV/AIDS Alliance တွင် Program Officer အဖြစ် လုပ်ကိုင်ခဲ့ဖူးကြောင်းဆိုသော သတင်းများက ကြားရသူတိုင်းကို တုန်လှုပ်သွား စေခဲ့သည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြရသည့် လူ့အသိုင်းအဝိုင်း အနှိမ်ခံ LGBT တို့အတွက် မည်မျှအထိ ရိုက်ခတ်မှုဖြစ်သွားသည်၊ မြန်မာနိုင်ငံအတွင်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် NGO အဖွဲ့များ အကြား မည်သို့သော ဂယက်များဖြစ်ပေါ်သွားသည် စသည်တို့ကို လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ လှုပ်ရှားဆောင်ရွက် နေသည့် Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ဧရာဝတီသတင်းဌာန၏ အကြီးတန်းသတင်းထောက် ဇူးဇူးက တွေ့ဆုံမေးမြန်းထားပါသည်။
မေး – မယ့်လိမ့်လုံ စားသောက်ဆိုင်သတင်း ကြားသိရပြီးနောက် ဆရာ့စိတ်ထဲ ဘယ်လိုဖြစ်သွားလဲ။ ဒီအပေါ် ဆရာ့အမြင် ဘယ်လိုရှိလဲ သိချင်ပါတယ်။
ဖြေ – နည်းနည်းတော့ တုန်လှုပ်သွားတယ်။ ဘာကြောင့်ဆို ကျနော်တို့က LGBT အုပ်စုကြားမှာ ၃၇၇ ဆိုတဲ့ ဓမ္မတာမဟုတ် သော လိင်ဆက်ဆံမှုကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတယ်။ အဲဒီမှာ ၃၇၇ နဲ့ တရားစွဲတယ်ဆိုတော့ ပထမ ဘယ်လိုများ ဖြစ်လို့ တရားစွဲသလဲပေါ့။
ကျနော်တို့ ၃၇၇ ကို တောင်းဆိုတဲ့ဟာက အသက်ပြည့်တဲ့သူ နှစ်ဦးသဘောတူ လိင်ဆက်ဆံရင် ဓမ္မတာပဲဖြစ်ဖြစ်၊ ဓမ္မတာ မဟုတ်တာဘဲဖြစ်ဖြစ် နှစ်ဦးသဘောတူဖြစ်လို့ ပြဿနာမရှိဘူးဆိုတာမျိုး။
ဒါပေမယ့် အခု ပြန်ကြည့်လိုက်တော့ ဒီဟာက မကျေနပ်လို့တိုင်တဲ့ကိစ္စမျိုး ဖြစ်နေတယ်။ ပြောမယ်ဆို ဒါက ရာဇဝတ်မှုပဲ။ တဖက်လူရဲ့ သဘောဆန္ဒ မပါဘဲနဲ့ လုပ်ဆောင်တယ်။
မိန်းကလေးတယောက်ကို ယောကျ်ားလေးတယောက်က ဆန္ဒမပါဘဲ ကျင့်ကျင့်။ ယောကျ်ားချင်းပဲ ကျင့်ကျင့်၊ ဒါကတော့ မုဒိမ်းမှုမြောက်နေတဲ့ဟာမျိုး ဖြစ်တယ်။ ဒါကြောင့် ဒါကို ဘယ်လိုကိုင်တွယ် ရမလဲ။ တဖက်ကလည်း ၃၇၇ ကို ဖြုတ်ချင်တယ်။ တဖက်က ဒီအမှုအရဆို ၃၇၇ မြောက်နေတယ်။ ဘာကြောင့်ဆို ဆန္ဒမပါဘဲ ဖြစ်နေလို့။ ဘယ်လိုလုပ်ရကိုင်မရလဲဆိုတာ တော်တော်တော့ အခက်အခဲဖြစ်သွားတာပေါ့။
မေး – LGBT တွေအတွက် ဒီသတင်းက ဘယ်လောက်အထိ ရိုက်ခတ်မှု ဖြစ်သွားပါသလဲ။ ပုဒ်မ ၃၇၇ ပြင်ဆင်/ ပယ်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲ။
ဖြေ – LGBT လို့ပြောရင် လူတွေ တော်တော် အထင်သေးပါတယ်။ ခုမှ ကျနော်တို့တွေက ကြိုးစား တုန်း ပဲရှိသေးတယ်။ ဖိနှိပ်ခံရတဲ့ ဘဝကနေ လေးစားခံရဖို့လုပ်နေတဲ့ဘဝမျိုးမှာ သူ့ကြောင့်မို့လို့ ငခုံးမတကောင်ကြောင့် တလှေလုံးပုပ်သွား နိုင်တဲ့ ဟာမျိုးဖြစ်သွားတော့ လုပ်ခဲ့တဲ့ဟာတွေက တခါ နောက်ကြောင်းကနေ ပြန်စရသလို ဖြစ်သွားတာပေါ့။
ကျနော်တို့ LGBT အရေးလုပ်ဆောင်တဲ့အချိန်မှာ ဥပဒေပြောင်းလဲမှု ခုနက ၃၇၇ ပယ်ဖျက်ဖို့က အဓိကဖြစ်ပါတယ်။ ပယ်ဖျက်ဖို့ ဘာကြောင့်ကြိုးစားလဲဆို၊ နှစ်ဦးသဘောတူပြီးတော့ အသက်ပြည့်တဲ့ သူနှစ်ဦး ဆက်ဆံတဲ့ဟာက ဒါသူတို့ ရဲ့လုပ်ပိုင်ခွင့်၊ ဒါကို ၃၇၇ အရ အရေးယူနိုင်တဲ့ပုံစံဖြစ်တဲ့အတွက် ကျနော်တို့ လုပ်ဆာင်တာ။ ဒါပေမယ့် အဲဒီလို လုပ်လိုက်ခြင်းကြောင့် ဆန္ဒမပါဘဲဖြစ်တဲ့ကိစ္စတွေ ဘယ်လိုမှ မကာပေးနိုင်ဘူး။
အခုဆို တချို့က ၃၇၇ ဆိုတာ မရှင်းတဲ့ လူတွေက LGBT က ဒါမျိုးလုပ်ချင်လို့ ၃၇၇ ပယ်ဖျက်ခိုင်း တယ်တို့ ဘာတို့ ဖြစ်သွားတယ်။ ဒါက ကျနော်တို့အပေါ် အဆိုးဝါးဆုံး ထိုးနှက်ချက်ပဲ။
နောက်တခုက LGBT တွေက အမြဲတမ်း အထင်သေးခံရတဲ့ ဘဝကနေ တက်လာကြတာ။ ပြောမယ်ဆို ဘဝတွေက ပေးဆပ်ခဲ့ကြ ရတယ်။ အဲဒီပေးဆပ်ခဲ့တဲ့ဘဝတွေမှာ တဦးတယောက်ရဲ့ ဂုဏ်သိက္ခာကြောင့် LGBT တွေအားလုံးကို သိမ်းကျုံးပြီးတော့ ဒီလိုပဲဆိုရင် ကျနော်တို့ ကြိုးစားခဲ့သမျှအရာတွေဟာ အလဟဿပဲ။ ဒီတော့ Movement ရဲ့ အင်အားတွေ စုဖို့လို အပ်သလို။ တဦးချင်းလည်း ကိုယ်ခံအား ကောင်းဖို့လိုတယ်။ ကိုယ်တိုင်ကမကောင်းဘဲ Movement ဘယ်လိုမှ ထူထောင်လို့ မရဘူး။
ဒါကြောင့် LGBT အဖွဲ့တွေကိုလည်း ကျနော်ပြောချင်တယ်၊ ဆန္ဒကို သိက္ခာနဲ့ထိန်းကြပါ။ ကိုယ့်ရဲ့ လုပ်ဆောင်မှုကြောင့် LGBT တခုလုံးကို ထိခိုက်နိုင်တဲ့ အရာအားလုံး ရှောင်ရှားကြပါ။
နောက်တခါ လူထုကို ပြောချင်တာက လူတိုင်းလူတိုင်းမှာ ယောကျ်ား ဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ဥပဒေကျူးလွန်တဲ့ သူက ရှိမှာပါပဲ။ LGBT အားလုံးကောင်းတယ်လို့ ပြောလို့မရသလို ယောကျ်ားတိုင်း၊ မိန်းမတိုင်း အားလုံးစင်းလုံးချော ကောင်းတယ်လို့ ပြောလို့မရဘူး။
ဒါကြောင့် ကျူးလွန်တဲ့သူကို ကျူးလွန်တဲ့သူလို့မြင်ပေးပါ။ ကျူးလွန်တာ မှန်ကန်တယ်ဆို ဥပဒေအတိုင်းဖြစ်အောင် လုပ်ဆောင်ပေးပါ။ အားလုံးကို ဝိုင်းအထင်သေးတဲ့ စိတ်မျိုး မဖြစ်ပါစေနဲ့လို့ ပန်ကြားလိုပါတယ်။
မေး – ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူဟာ ဆရာတို့ NGO လောကအတွင်းမှာလည်း လူသိများတယ်လို့ သိရတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ NGO လောကအတွင်းမှာ ဘာတွေပြောကြလဲ။
ဖြေ – ပထမတခုကတော့ လူ့အခွင့်အရေးအရ ဘယ်သူ့ကိုပဲ ကျူးလွန်ကျူးလွန် ဆန္ဒမပါဘဲလုပ်လို့ ရှိရင် မုဒိမ်းမှုဖြစ်တယ်။ ဒီလိုဆန္ဒမပါဘဲ ဖြစ်သွားတဲ့အချိန်မှာ လုံးဝလက်မခံနိုင်ဘူး။ နောက်တခု ကတော့ ကြားသမျှသတင်းအရ သူ့မှာပိုးရှိလျက်နဲ့ အကာအကွယ်မရှိဘဲ ဒီလိုမျိုးလုပ်ဆောင်တဲ့ဟာက ပိုပြီး ထိတ်လန့်တုန်လှုပ်စရာဖြစ်တယ်။ အမှန်တော့ လူတွေမှာ ဆန္ဒတွေ ရှိကြတယ်။
ဆန္ဒကိုသိက္ခာနဲ့ထိန်းရတာ။ ဒါမှ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းဖြစ်မှာ။ စိတ်ကလည်း ထိန်းသည့် တိုင်အောင် လူတွေကို HIV ပိုး မပျံ့ပွားအောင်လုပ်တဲ့ သူကိုယ်တိုင်က သူ့ရဲ့လုပ်ရပ်ကြောင့် တခြားသူတယောက်ကို ကူးစက်နိုင်တဲ့အနေအထားမျိုး တွန်းပို့ခြင်းက လုံးဝ လက်မခံနိုင်ဘူးဆိုတဲ့အသံတွေ ပိုကြားရတယ်။ မသိလို့ ကူးစက်တာ ဆိုတာ တမျိုး။
သိရဲ့သားနဲ့ ကူးစက်တယ်။ ဒါမျိုးလုပ်လို့ရှိရင် ကူးနိုင်တယ်ဆိုတာသိလျက်နဲ့ အထူးသဖြင့် ဒါနဲ့ပတ်သက်ပြီး ပညာပေးမှုတွေ တက်တက်ကြွကြွ ဒေသဆိုင်ရာမှာ လုပ်ဆောင်တဲ့သူတဦးရဲ့ လုပ်ရပ်အပေါ်မှာ တော်တော်ကြီးကို ပြောစရာ ဖြစ်သွားတယ်။ ဒါ လူမဆန်ဘူးလို့တောင် ပြောကြတာပေါ့နော်။
မေး – ဆရာ့ရဲ့နိုင်ငံတကာ အတွေ့အကြုံအရပေါ့နော်၊ ဒီလိုပိုးရှိရဲ့သားနဲ့ တခြားသူကို ကူးစက်နိုင်တဲ့အနေအထားမျိုး ပြုလုပ်တဲ့သူကို နိုင်ငံတကာမှာ ဘယ်လို အရေးယူဆောင်ရွက်မှုမျိုးတွေ ရှိပါသလဲ။
ဖြေ – အမေရိကားနဲ့ ဥရောပနိုင်ငံတွေမှာတော့ ကိုယ့်ဆီမှာ ပိုးရှိတာသိရက်နဲ့ တခြားသူတယောက် ကူးစက်အောင် ရည်ရွယ်ချက်ပါတယ်၊ သို့မဟုတ် သိရဲ့သားနဲ့ အကာအကွယ်မယူရင် ဒါ ရာဇဝတ်မှုပဲ။
ဒါက ဆန္ဒပါသည့်တိုင်အောင် တဖက်လူက ဒါမျိုးလုပ်ဆောင်လို့ရှိရင် ကူးစက်နိုင်တဲ့ရည်ရွယ်ချက်မျိုး ဖြစ်တဲ့အတွက် အရေးယူတဲ့ဟာမျိုး ရှိတယ်။ ဒါက နိုင်ငံတော်တော်များများမှာ ရှိပေမယ့် ကျနော်တို့ တိုင်းပြည်မှာတော့ မရှိသေးဘူး။ ခုဖြစ်ရပ်မှာ ပိုဆိုးတာက ကူးစက်ရုံတင် မကဘူး။ မကျေနပ်ဘဲ၊ ဆန္ဒမပါဘဲနဲ့ ဖြစ်သွားတော့ အမှုက နှစ်ခုပိုမြောက်သွားတာပေါ့။
တချို့နိုင်ငံတွေမှာတော့ ဒါကို ရာဇဝတ်မှုအနေနဲ့ လုပ်ဆောင်တယ်။ တရားရုံးမှာလည်း တိုင်ကြားတဲ့အမှုတွေရှိတယ်။ အရေးယူမှုတွေ အများကြီး ရှိပါတယ်။
မေး – မြန်မာနိုင်ငံမှာရော ဒါကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သင့်သလား။
ဖြေ – ခု HIV Law ကတော့ ဆွဲနေတာရှိတယ်။ အထူးသဖြင့် HIV ပိုးကူးစက်ခံနေရတဲ့သူတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ အဆင့်တော့ရှိလာတယ်။ နောက်တခါ ကျန်းမာရေးမှာ Access to Medicine ဆေးဝါးရရှိပိုင်ခွင့်ကိုတော့ တော်တော်များ များ ပြောလာကြတယ်။ ဒါပေမယ့် ဒီအပိုင်းကိုတော့ ကျနော့်စိတ်ထင် ဥပဒေထဲ မပါသေးဘူး။ သူတို့ကိုယ်တိုင်က သိသိကြီးနဲ့ ကူးစက်စေလို့ရှိရင် ဒါကို ရာဇဝတ်မှုအဖြစ် သတ်မှတ်မလား။ ဒီအပိုင်းက မပါသေးဘူး။ ခု Alarm တော့ ဖြစ်သွားတာပေါ့။
HIV ဖြစ်တဲ့သူတွေကို လူသားအဖြစ် ကာကွယ်ပေးရမယ်။ မခွဲခြားရဘူး။ ဒီဘက်က လူသားရှုထောင့် အရ ကောင်းတယ်။ ဒါပေမယ့် အပေါ်ကလို ကိစ္စမျိုးတွေဖြစ်လာရင်ရော ရာဇဝတ်မှု လုပ်သင့်သလား ဆိုရင် ကျနော်ကတော့ လုပ်သင့်တယ်လို့ ပြောချင်တယ်။ ယောကျ်ားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် လိင်တူချစ်တဲ့သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့လုပ်ဆောင်မှုကြောင့် တခြားသူ ထိခိုက်နစ်နာမှု ဖြစ်မယ်ဆိုရင် ဒါကို ကာကွယ်ပေးတဲ့ဥပဒေ ဖြစ်သင့်တယ်။ ရာဇဝတ်ဥပဒေ ဖြစ်သင့်တယ်။
ဒါပေမယ့် မိန်းမမို့လို့ ယောကျ်ားမို့လို့ LGBT Gay ဖြစ်လို့ဆိုတဲ့ သက်သက်မျိုးချည်းတော့ မဖြစ်သင့်ဘူး။
မေး – International HIV/AIDS Alliance မှာ လုပ်ခဲ့ဖူးတဲ့သူတယောက်အနေနဲ့ ခုလိုပြစ်မှုကျူးလွန်လိုက်တဲ့အပေါ်ရော ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ – လုံးဝမလုပ်သင့်တာပါ။ လူ့အခွင့်အရေးရှုထောင့်ကပဲ ကြည့်ကြည့်၊ ဘာသာရေးအမြင်အရ ပဲကြည့်ကြည့် ဘယ်လိုမှကို မလုပ်သင့်တာ။ လူ့အခွင့်အရေးရှုထောင့်အရ ဆန္ဒမပါဘဲလုပ်တဲ့ဟာက ဘယ်လိုမှ လက်မခံနိုင်ဘူး။ နောက်တခု၊ ဘယ်လို ကြောင့်ပဲဖြစ်ဖြစ် ကိုယ်က ဖြစ်လာခဲ့ပြီးပြီ။
ကိုယ့်ရဲ့ အနေအထိုင်ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်၊ အသက်ရှည်အောင် နေထိုင်ပြီး လူတန်းစေ့နေနိုင်အောင် ကြိုးစားတဲ့အချိန်မှာ တားဆီးလို့ရရဲ့သားနဲ့ တခြားလူ တယောက်ကို ကူးဖို့ဖြစ်အောင်လုပ်တာ ဘာသာရေးအရလည်း လက်မခံနိုင်တဲ့အရာမျိုး။ လူမှုရေးရှုထောင့် ဘက်က လည်း ဘယ်လိုမှ မဖြစ်သင့်တဲ့ အရာမျိုး ဖြစ်တယ်။
တခါတလေ ကိုယ့်ကိုယ်ကိုယ် ပိုးရှိမှန်းမသိလို့ ဆက်ဆံတဲ့အချိန်မှာ အကာအကွယ်မယူခဲ့ဘူး။ ဒါကြောင့် ကူးစက်သွား တယ်။ ဒီလိုကူးစက်နေတာတွေလည်း အများကြီးပဲ။ အထူးသဖြင့် အမျိုးသမီးငယ်တွေဆိုရင် ယောကျ်ားက ပိုးရှိမှန်းမသိ ဘူး။ အပြင်မှာဖြစ်လာခဲ့တယ်။
ဒီယောကျ်ားကို လင်မယားပဲဆိုပြီး ယုံကြည်လို့ လိင်ဆက်ဆံတယ်။ ကူးသွားတယ်။ ဒါတွေ ဟာ ဘယ်လောက်ထိ နစ်နာသလဲ။ မသိလို့ အခြေအနေမှာတောင် မဖြစ်သင့်လို့ အကာအကွယ်ယူကြပါ။ ကိုယ်ကျင့်တရား ထိန်းကြပါလို့ ပြောကြတယ်။ ခုလို သိသိကြီးနဲ့ လုပ်တဲ့ဟာကတော့ တော်တော်ကြီး ကို ဆိုးပါတယ်။ ခံရတဲ့သူမှာရော ဘယ်လိုနေမလဲ။ ဆန္ဒမပါတဲ့အပြင် ပိုးကိုပါ သယ်ဆောင်ရမယ်ဆိုရင် သူ့စိတ်ထဲဘယ်လောက်ထိ ထိခိုက်နစ်နာသွားမလဲ။
မေး – အစောပိုင်းလောက်က ဆရာ့အနေနဲ့ လူမှုကွန်ရက်မှာ ဒီလိုအမှုမျိုးကို သတိပေးစကား တင်ထားဖူးတာတွေ့ရ တယ်။ ဒီအမှုနဲ့ ပတ်သက်လို့ တစုံတခု ကြိုသိထားတာမျိုးများရှိလို့လား။
ဖြေ – ဒီလိုကိစ္စတော့ ကြားနေတယ်။ သူ့တော့ သီးသန့်မဟုတ်ပါဘူး။ တခြားနေရာမှာ ဟိုတယ်ပိုင်ရှင် တွေ အဲဒီလိုမျိုး ဖြစ်တယ် ဆိုတဲ့ဟာ ကျနော်တို့ကို လာတိုင်တယ်။ ကိုယ်တွေဘက်က အဲဒီကလေးတွေ ကို ဖြစ်လာလို့ရှိရင်၊ မကျေနပ်ရင် တိုင်ကြားလို့ရတယ်။ ဒါ ၃၇၇ ကို အလွဲသုံးစားလုပ်တာ မဟုတ်ဘူး။
၃၇၇ ကို အသုံးပြုပြီး အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ကာကွယ်တာမျိုးတော့ ထောက်ခံအားပေးတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ သူတို့က လာမတိုင်ဘူး။ လာပြီး ပြောပြတာမျိုးပဲရှိ တယ်။ တခြားတယောက်က ပြောပြတာရှိတယ်။
LGBT တချို့တွေမှာ ပညာတတ်တွေများတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ နေရာရထားကြတယ်။ အဲဒီလိုရထားတဲ့နေရာမျိုး မှာ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က ပိုက်ဆံချမ်းသာတယ်၊ စီးပွားရေးမှာ အောင်မြင်တယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့လက်အောက်ငယ် သားတွေကို ဒါမျိုးလုပ်တတ်တဲ့သဘော ရှိတယ်။
ကျနော်ဆို အစောကြီးကတည်းက ပြောပါတယ်။ LGBT အရေးလုပ်မယ်။ ဒါပေမယ့် နှစ်ခုတော့ လက်မခံနိုင်ဘူး။ အသက် မပြည့်သေးတဲ့ ကလေးတွေကို လိင်စော်ကားတာ ဘယ်လိုမှလက်မခံနိုင်ဘူး။ နောက်တခါ ဆန္ဒမပါဘဲ အတင်းအကျပ် လုပ်တဲ့ဟာမျိုး လက်မခံနိုင်ဘူး။ ဒါ ကျနော် စပြီးလုပ်ကတည်းက ပြောထားတယ်။ သင်တန်းတွေမှာလည်း အမြဲတမ်း ပြောတယ်။ LGBT ဖြစ်လို့ လုပ်သမျှကို လိုက်ကာကွယ်ပေးမယ့် အထဲမှာတော့ ကျနော် ပါမှာမဟုတ်ဘူး။
မေး – ခုလို NGO အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေကို ကာဗာယူသလိုဖြစ်ပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ သာဓက မျိုးတွေ ရှိတာကြောင့် အမှန်တကယ် လူ့အဖွဲ့အစည်းအကျိုးအတွက် ဆောင်ရွက်နေကြတဲ့ အရပ်ဖက်အဖွဲ့တွေ၊ ပရဟိတ လုပ်ကိုင်သူတွေအတွက် ဘယ်လိုအကျိုးဆက်တွေ ရှိလာနိုင်မလဲ။
ဖြေ – တဖက်ကတော့ ထိခိုက်တယ်။ သေချာတယ်။ လူတိုင်းက ဒါမျိုးဆို ဒါမျိုးဖြစ်တတ်ပါလားဆိုပြီး တော့၊ အထူးသဖြင့် ဂုဏ်သိက္ခာတက်ဖို့ လုပ်နေတဲ့အချိန်မှာ ဂုဏ်သိက္ခာကျစေတဲ့အဖြစ်တွေကြောင့် လုပ်ငန်းထိခိုက်တယ်။ နောက်တဖက်မှာ ကျပြန်တော့လည်း သတိပေးသလို ဖြစ်သွားတယ်။ လူတိုင်းကို ယုံလို့မရဘူး။ ဒါမျိုးကိစ္စတွေ ရှိတယ်။ ဒါမျိုးဖြစ်ရင် တိုင်ကြားလို့ ရတယ်ဆိုတဲ့ အသိတရားရမယ်။ တဖက်မှာ သိက္ခာကျသလို၊ တဖက်မှာလည်း အသိတရားပေးလိုက်ရာ ရောက်တဲ့အတွက် အဆိုးထဲက အကောင်းတခုပေါ့နော်။
ဒီလိုကျူးလွန်နိုင်ဖို့အတွက် အခြေအနေမျိုးရှိတဲ့ သူတွေကို သတိထားဖို့ လိုအပ်ပါတယ်။ ဘယ်အရာမျိုးကိုမှ အကြောင်းပြ ပြီးတော့ သူများကို စော်ကားဖို့၊ ခုတုံးလုပ်တာတွေ မရှိဖို့လိုအပ်တယ်။ ကိုယ့်ရဲ့အရှိန်အဝါ၊ ကိုယ့်ရဲ့ထင်ပေါ်ကျော်ကြားမှု၊ ငွေကြေး ဒါကိုအသုံးချပြီးတော့ ဘယ်သူ့ကိုမှ မစော်ကားဖို့အတွက် ပြလိုက်တာတခုက ကောင်းတယ်။
နောက်တခုက တရားစီရင်ရေးစနစ်သာ ကောင်းမယ်ဆိုရင် လူတိုင်းက လုံခြုံမှာပါ။ ခုနက မယ့်လိမ့်လုံလိုမျိုးကိစ္စမှာ သူ့ဘက်ကလည်း မှန်ရင်မှန်မယ်၊ ဟိုဘက်ကလည်း မှားရင်မှားမယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးအရ မှန်ကန်မယ်ထင်ရင် တိုင်ကြားလို့ရတယ်။
ငွေများတရားနိုင် ဆိုတဲ့စနစ်မျိုး မဟုတ်ဘဲနဲ့ လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်။ ကူညီပေးတဲ့အဖွဲ့တွေလည်း ရှိတယ်ဆိုတာ သိလာလို့ရှိရင် သူ့လိုတိုက်ရိုက်အဖြစ်ပျက် မဟုတ်သည့်တိုင်အောင် ငွေမရှိလို့ မတိုင်ရဲတာ၊ ရှက် ကြောက်လို့ မတိုင်ရဲတာ၊ အရှိန်အဝါကို မလွန်ဆန်နိုင်လို့ မတိုင်ရဲတဲ့ကိစ္စမျိုးတွေကို တိုင်လို့ရတယ် ဆိုတဲ့စိတ်ဓာတ်မျိုး တိုးတက်လာမယ်။ ဒါဟာ အဆိုးထဲက အကောင်းပါ။
မေး – အခုဆို မြန်မာနိုင်ငံမှာ ကလေးငယ်သူတွေ အပါအဝင် ကဏ္ဍအသီးသီးမှာ ကူညီဆောင်ရွက်နေ ကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ တကယ်လုပ်နေတဲ့သူတွေကို ကာဗာယူ ဗန်းပြပြီး တချို့သောလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက အလွဲသုံးစားမှုတွေ မပြုလုပ်နိုင်အောင် ဘာတွေဆောင်ရွက်ဖို့ လိုအပ်မယ်ထင်လဲ။
ဖြေ – အသက်မပြည့်သေးတဲ့ကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ မရှိရဘူး။ သူတို့အပေါ်မှာ အကြမ်းဖက်မှုတွေ မရှိရဘူးဆိုတာ လက်ရှိရေးဆွဲနေတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းမှာ ပါပြီးသား။
အဲဒီတော့ ဂေဟာတွေ၊ ကျောင်းတွေ နောက်တခါ လူငယ်တွေ စောင့်ရှောက်တဲ့နေရာ ဘုန်းကြီးကျောင်း တွေမှာတောင် ဒါတွေကို စနစ်တကျ ကာကွယ်ပေးမယ်။ ဒါနဲ့ပတ်သက်လို့ ကလေးကို စောင့်ရှောက်မှုပေါ်လစီ ချမှတ်ရမယ်ဆိုတာ လူကယ်ပြန်ကနေ လုပ်ဆောင်နေတယ်။ ကျနော်တို့လည်း ပါနေတဲ့အတွက် ဝိုင်းဝန်းရေးဆွဲနေတယ်။
ဒါက ဥပဒေ အကာအကွယ် ပေးတဲ့အပိုင်း။ ဒါပေမယ့် တခါတလေ ဒီလိုမျိုးကာကွယ်ပေးသည့် တိုင်အောင် ဒါတွေက အစိုးရကစောင့်ကြည့်နေတဲ့၊ အစိုးရဆီမှာ မှတ်ပုံတင်ထားတဲ့ အဖွဲ့ တွေလောက်ပဲ သက်ရောက်မှာ။ မှတ်ပုံမတင်ထားတဲ့အဖွဲ့ဆို မသိတဲ့ကိစ္စမျိုးရှိမယ်။ ဒီတော့ ဥပဒေသက်ရောက်မှု အတွက် မှတ်ပုံတင်တာနဲ့ပတ်သက်လို့ စနစ်တကျဆောင်ရွက်ဖို့ လိုအပ်တယ်။
နောက်တခု အသိစိတ်ဓာတ်က အရေးကြီးပါတယ်။ ကျနော်တို့ CSO ဆိုရင် အကောင်းမြင်တဲ့လူရှိ သလို အကောင်းမမြင်တဲ့ လူရှိမယ်။ ဒေါ်လာစားပြီး ချမ်းသာနေတယ်လို့ မြင်တဲ့လူရှိမယ်။ CSO တွေက ငွေရဖို့ပဲလုပ်တယ်၊ တိုင်းပြည်အတွက် အကျိုး မရှိဘူးလို့ ယူဆသူ ရှိမယ်။
ဒီတော့ ကိုယ့်သိက္ခာကိုယ်ထိန်းဖို့ တော်တော်လိုအပ်ပါတယ်။ အထူးသဖြင့် ပိုမိုပြီး အပြောအဆိုခံရ နိုင်တဲ့ အနေအထားမှာ၊ ဥပမာ – သူများအထင်သေးတဲ့အုပ်စုထဲမှာ ပါဝင်နေတဲ့ LGBT တို့လို CSO တွေက ပိုပြီး သတိထားဖို့လိုအပ်တယ်။ အဖွဲ့အစည်းတိုင်းရဲ့ လုပ်ထုံးလုပ်နည်း စည်းကမ်းတွေကို ပါဝင်သူ တဦးတယောက်ချင်းက စပြီး တဖွဲ့လုံး စနစ်တကျနဲ့ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ မဟုတ်ရင် သူများတံထွေးခွက် ပက်လက်မျောဖို့ပဲ ရှိပါ လိမ့်မယ်။
မေး – ဆရာ့အနေနဲ့ ဖြည့်စွက်ပြောချင်တာများ ရှိပါသေးလား။
ဖြေ – မယ့်လိမ့်လုံအမှုကတော့ အခုအချိန်အထိ တရားစွဲတုန်းပဲ။ အမှန်ဘယ်မှာ တွေ့ကြမလဲဆိုတော့ တရားရုံးမှာ တွေ့ကြမှာပါ။ စွပ်စွဲတဲ့ဘက်ကလည်း ခုခံကာကွယ်ပိုင်ခွင့်ရှိသလို၊ စွပ်စွဲခံရသူဘက်က လည်း ခုခံကာကွယ်ပိုင်ခွင့် ရှိမှာပါ။ ဒီတော့ အမှန်တရားကို တရားရုံးကနေ ဖော်ထုတ်မယ်။ ဒါပေမယ့် ဖော်ထုတ်မယ့်အချိန်မှာ ငွေများတရားနိုင် ငွေနည်းတရား ရှုံးမဖြစ်စေချင်ဘူး။
အရှိန်အဝါကြောင့်မို့ မဖြစ်စေချင်ဘူး။ နှစ်ဖက်စလုံး ဘယ်သူမှ ပုဂ္ဂိုလ်ရေးအရ ချစ်ခင်တာတွေ မုန်းတီး တာတွေမပါဘူး။ အမှန်အတိုင်းဖြစ်စေချင်တယ်။ ထိခိုက်နစ်နာမှုအတိုင်း ထိရောက်စွာ အမှုမှန် ပေါ်ပေါက်စေချင်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်အားကောင်းပါစေလို့ပဲ ဆုတောင်း ပါတယ်။ အဲဒီအတိုင်းဖြစ်အောင်လည်း ဘေးကနေ ပံ့ပိုးသွားမှာပါ။