NCA ပျက်သွားမယ့် အနေအထားမျိုးတော့ မဖြစ်စေချင်ဘူး

ဧရာဝတီ
KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း / ဧရာဝတီ

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ မူတြော်ခရိုင် (ဖာပွန်) လူသောမြို့နယ်ရှိ တပ်မဟာ ၅ လှုပ်ရှားနယ်မြေ အတွင်းတွင် တပ်မတော် စစ်ကြောင်းများက ကားလမ်းဖောက်ရန် အတွက် အင်အားအလုံး အရင်းဖြင့် ဝင်ရောက်လာမှုနှင့်ပတ်သက်ပြီး မတ်လ ၅ ရက်နေ့က စတင်၍ ၂ ဘက်အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တပ်မတော်တို့ အကြား စစ်ရေး တင်းမာမှု ဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံ ပြည်သူ ၂၀၀၀ ကျော်မှာလည်း စစ်ဘေးရှောင်ရန် အတွက် အိုးအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေး ပုန်းရှောင်နေကြရသည်။

KNU ကတော့ တပ်မတော်၏ အဆိုပါ လုပ်ရပ်သည် အစိုးရနှင့် ၎င်းတို့အကြား ချုပ်ဆိုထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချိုးဖောက်ခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ်ကို ခွင့်မပြုနိုင်ကြောင်း တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ယုံကြည်မှု တည်ဆောက်ရေးကို လက်တွေ့ပြသရန်အတွက် လမ်းဖောက်နေခြင်း၊ စစ်ရေး လှုပ်ရှားနေခြင်းများကို ရပ်ဆိုင်းပြီး တပ်များ ပြန်ရုတ်သိမ်းပေးရန် မတ်လ ၁၆ ရက်နေ့ ရက်စွဲဖြင့် KNU က သဘောထား ကြေညာချက် တရပ် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက် ပါအကြောင်းအရာများ အပါအဝင် တပ်မဟာ ၅ နယ်မြေတွင် ဖြစ်ပွားနေသော တပ်မတော်နှင့် KNU တို့၏ စစ်ရေးတင်းမာမှု ဖြစ်ပွားနေသော နောက်ဆုံးအခြေအနေ၊ ဒုက္ခသည်များ အခြေအနေနှင့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲနောက်ဆုံး အခြေအနေများနှင့် ပတ်သက်ပြီး KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကို ဧရာဝတီ သတင်းထောက် ကျော်ခက ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ KNU နဲ့ တပ်မတော်တို့အကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အခု နောက်ဆုံး အခြေအနေကို အရင်ဆုံး ရှင်းပြပေးစေချင်ပါတယ်။

ဖြေ ။ ။ ဖြစ်စဉ်ကတော့ မတ်လ ၅ ရက်နေ့က စပြီးတော့ တပ်မတော်က ကျနော်တို့ လယ်မူပလောတို့ ခေးပူတို့ဘက်မှာ ဝင်လာတာပေါ့။ သတင်းအရတော့ ဗျူဟာ ၂ ခုဆိုတော့ တပ်ရင်း ၆ ရင်း အင်အား ၆၀၀ ပတ်ဝန်းကျင်ပေါ့။ သိရသလောက် သူတို့ရည်ရွယ်ချက်ကတော့ သူတို့ လမ်းအူကြောင်းကို ပြန်ရှာပြီးတော့ ရိက္ခာပို့ဖို့အတွက်၊ တဖက်ကသုံးတဲ့ ဝေါဟာရ အရတော့ စစ်ဆင်ရေးလမ်းကြောင်း အတွက်ပေါ့။ အဲလိုလုပ်တဲ့ အပေါ်မှာ ကျနော်တို့ရဲ့ဖြစ်စဉ်အရ အဲဒါမဖြစ်ခင်မှာ တပ်မတော်ဘက်က အဲလမ်းပြန်ပြင်ဖို့ အတွက် တပ်မဟာ ၅ ကို တင်ပြတာရှိတယ်။

တပ်မဟာ ၅ ဘက်ကလည်း လက်ရှိအနေအထားမှာ ယုံကြည်မှု ကလည်း မပြည့်ဝသေး၊ ပြည်သူလူထုကလည်း ယုံကြည်မှု မပြည့်ဝသေးဘဲ စိုးရိမ်မှုတွေရှိနေတဲ့အပေါ်မှာ မူလက သဘောတူ ထားတဲ့ ရိက္ခာ ပို့ဆောင်ရေး ဆိုလို့ရှိရင်လည်း မြင်းနဲ့ပဲ သုံးပါ၊ လူနဲ့ပဲသုံးပါ၊ ကျနော်တို့လည်း အဲမှာ ဘာမှ ကန့်ကွက်မှု မရှိဘူး။ မူလအတိုင်းပေါ့။ သို့သော်လည်း နားလည်မှု မတူတဲ့ အပေါ်မှာ တပ်တွေပို့လာတဲ့ အတွက်တော့ ကျနော်တို့ဘက်က ပြန်လည်ပြီးတော့ သူတို့ကို သတိပေးတဲ့ အနေနဲ့ နို့မဟုတ်ရင်လည်း ကန့်ကွက်တဲ့ အနေနဲ့ ပစ်ခတ်မှု အနည်းငယ်တော့ ဖြစ်တယ်။ တကယ့်တိုက်ပွဲကြီးတွေတော့ မဟုတ်ဘူးပေါ့နော်။

တပ်မတော်ဘက်ကလည်း ကျနော်တို့ရွာသားတွေ ထွက်ပြေးပြီး သူတို့ ကျေးရွာမှာ ပြန်လာပြီး ရိက္ခာယူတာတို့ လမ်းကို ဖြတ်ပြီးသွားလို့ရှိရင် ပစ်တာ၊ ခတ်တာတို့ ရှိတာပေါ့။ ပြောရမယ်ဆိုလို့ ရှိရင်တော့ တိုက်ပွဲကတော့ အကြီးအကျယ် မဟုတ်ပေမယ့်လည်း တရက်မှာ ၂ ကြိမ်၊ ၃ ကြိမ်ဖြစ်တာပေါ့။ ဒါပေမယ့် ၉ ရက်၊ ၁၀ ရက် နောက်ပိုင်းကြတော့ အဲဒီဘက်မှာ တိုက်ပွဲက ငြိမ်သွားတဲ့ သဘောဖြစ်တယ်။

ဒါပေမယ့် လမ်းအူကြောင်းတို့ လမ်းဖောက်တာ၊ လမ်းပြန်ပြင်တာတွေတော့ ဆက်ပြီးလုပ်နေတဲ့ အနေအထားအပေါ်မှာ ဒါက တဘက်နဲ့ တဘက်တော့ ကျနော်တို့ဘက်ကလည်း စစ်ရေးအရ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ် နို့မဟုတ်ရင်လည်း ဖြစ်စဉ်ကို လက်မခံတဲ့ အနေအထားနဲ့ပဲ ရှိနေသေးတယ်။ ခုချိန်ထိကတော့ တိုက်ပွဲက အကြီးကြီး မရှိသေးဘူး။ တဘက်ကလည်း ကျနော်တို့ Statement (ကြေညာချက်) မှာ ဖော်ပြသလိုပေါ့။ ညှိနှိုင်းချက်မပြီးသေးတဲ့ အချိန် မူလက အနေအထားအတိုင်း ပြန်ပြီး နေရာယူဖို့တော့ ကျနော်တို့ အဲလို တောင်းဆိုထားတာ ရှိတယ်။

မေး ။ ။ ဆိုတော့ ၂ ဘက် ညှိနှိုင်းနေတယ် ဆိုတဲ့ အနေအထားကရော ပြေလည်မှုရရဲ့လား။ ဘယ်လိုညှိနှိုင်းမှုတွေ လုပ်နေကြတာလဲ။

ဖြေ ။ ။ ညှိနေတယ်ဆိုတာက တဘက်က ဆက်သွယ်ပြီးတော့ သူတို့ဘက်ကလည်း စစ်ရေး အရတော့ လှုပ်ရှားမှု မလုပ်ပါနဲ့ သို့သော်လည်းဘဲ စစ်ရေးကာကွယ်မှုကတော့ တို့ကတော့ တပ်မတော် တခုအနေနဲ့တော့လုပ်မှာမဟုတ်ဘူး။ ကိုယ့်ဘက်ကလည်း ကာကွယ်မှုအနေနဲ့ ဆောင်ရွက်ရမှာဘဲ လူချင်းတွေ့ဆုံမှု မရှိသေးပေမယ့်လည်း ဆက်သွယ် ပြောဆိုမှုတော့ ရှိတာပေါ့။ လူချင်းတွေ့နိုင်ဖို့အတွက်လည်း ကျနော်တို့ အခု ကြိုးစားဆောင်ရွက်နေတယ်။

မေး ။ ။ KNU ကြေညာချက်ထဲမှာ တပ်မတော်ရဲ့ အခုလုပ်ဆောင်ချက်ဟာ NCA ကို ချိုးဖောက်တယ်။ KNU အနေနဲ့လည်း ဒါဟာ ခွင့်ပြုနိုင်စရာ အခြေအနေမဟုတ်ဘူးလို့ ပြောတယ်။ ဒါကြောင့် ချိုးဖောက်တယ်၊ ခွင့်ပြုနိုင်စရာ အကြောင်း မရှိဘူးဆိုတာ ဘယ်လိုဟာမျိုးကို ညွှန်းဆိုတာလဲ။

ဖြေ ။ ။ အဲတချက်ကတော့ လမ်းအူကြောင်းအတွက် ဟိုး ကျနော်တို့ Bilateral လက်မှတ်မထိုးသေးခင်ရော NCA လက်မှတ် မရေးထိုးခင် ကတည်းကိုက မူလ လမ်းအူကြောင်း ရှိတာပေါ့။ ဒါပေမယ့် လမ်းကြောင်းဖောက်တဲ့ နေရာမှာကြတော့ အဲဒီမှာ ပြည်သူလူထုတွေ နေတဲ့ ရွာတွေ ဘေးနားပတ်ဝန်းကျင် ဖြတ်သွားတော့ အဲမှာ တိုက်ပွဲကာလဆိုတော့ ပျက်ကုန်တာပေါ့။ သို့သော်လည်း ၂၀၀၈ ပတ်ဝန်းကျင်မှာ ထားခဲ့တယ်။ ဆက်မလုပ်တော့ဘူး။ လမ်းကို ဖောက်ပြီးတော့ အသုံးပြုမှု မရှိတော့ဘူး။

သို့သော်လည်းပဲ အခုက ပြန်လုပ်တဲ့ အပေါ်မှာ ခုန ကျနော်ပြောတဲ့ အပေါ်မှာ အပစ်အခတ် ရပ်စဲရေး မလုပ်သေးတဲ့အပေါ်မှာ ရွာသားတွေက အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့ နောက်ပိုင်းမှာ အခုမှ ယုံကြည်မှု အနည်းငယ် ရရှိပြီး ကိုယ့်ရွာ၊ ကိုယ့်ဒေသကို ပြန်လာပြီး နေထိုင်တယ်။ စိုက်ပျိုးရေးတွေ၊ ဘာတွေ ပြန်ပြီးစလုပ်တယ်။

အခုအဲလိုတွေဖြစ်တော့ ကျနော်တို့ကလည်း စိုးရိမ် တာပေါ့။ လူထုတွေကလည်း လက်မခံသေးတဲ့ အနေအထားမှာတဖက်၊ နောက်တဘက်ကလည်း စစ်ရေး အရပြန်ကြည့်လို့ ရှိရင်လည်း စစ်ဆင်ရေးလမ်းကြောင်းလို့ အမည်နာမသုံးသော်လည်း ဒီဘက်က စိုးရိမ်မှု ရှိမှာပေါ့။ ကျနော်တို့ အချိန်ကာလ တခုမှာတော့ ကျနော်တို့ လုပ်ပိုင်ခွင့် ပေးရင်လည်း ပေးမှာပေါ့။ ယုံကြည်မှုတို့ ကျနော်တို့ တဘက်နဲ့ တဘက် ဆက်ဆံရေးက ကောင်းမွန်တိုးတက်လာတဲ့ အချိန်မှာ အခုလိုအနေအထားကတော့ ကျနော်တို့ကတော့ ခွင့်မပေးနိုင်သေးတဲ့ သဘောပဲ။

နောက်တချက်ကတော့ ဒီလိုပါ။ ဘယ်နေရာမဆို ကျနော်တို့ NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) သဘောတူညီချက် အရ တဘက်ရဲ့ ဒေသတွေကို ဖြတ်သွားမယ်ဆိုလို့ရှိရင် အသိပေး၊ ညှိနှိုင်းတာတို့ ဆောင်ရွက်ရမှာပေါ့။ အခုက ကျနော်တို့ ညှိနှိုင်းမှု မပြီးသေးခင်မှာ တပ်အင်အားနဲ့ လုပ်လာတယ်ဆိုတော့ ဒါက NCA ကို ချိုးဖောက်တဲ့ သဘောလို့ ကျနော်တို့က အဲလို ယူဆတယ်လေ။

မေး ။ ။ ဒီအခြေအနေကြောင့် NCA သဘောတူညီချက်တွေ ကျိုးပျက်သွားနိုင်သလား။ ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်လာနိုင်လဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ အဲဒီ ထုတ်ပြန် ကြေညာချက်ထဲမှာ ပြောထားတဲ့ အတိုင်းပါပဲ။ ကျနော်တို့ကတော့ NCA အပေါ်မှာ ရပ်တည်ပြီးတော့ တဖြည်းဖြည်းညှိနှိုင်းသွားမှာဘဲ NCA ကို တည့်မတ်သွားအောင်လုပ်သွားရမှာဘဲ မလိုက်နာတာကတော့ ကျနော်တို့ရဲ့ အားနည်းချက် မဟုတ်ဘဲနဲ့ မလိုက်နာတဲ့ အဖွဲ့ရဲ့ အားနည်းချက်ဖြစ်တယ်။ လိုက်နာအောင်လည်း ကျနော်တို့က ကျိုးပမ်းဆောင်ရွက်သွားမှာဘဲ။ ဒါက ညှိနှိုင်းပြီး သွားရမှာဘဲ။ NCA ပျက်သွားမယ့် အနေအထားမျိုးတော့ မဖြစ်စေချင်ဘူး။ တည့်သွားအောင် ကျနော်တို့ ဘယ်လိုလုပ်မလဲဆိုတာပဲ ကျနော်တို့ စဉ်းစာနေတယ်။

ဖြေ ။ ။ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ KNU အထဲမှာရော ဘယ်လိုအခြေအနေရှိလဲ။ KNU အတွင်း သဘောထား ကွဲလွဲမှုတွေ၊ တပ်ဗိုလ်၊ တပ်မှူးတွေ ကြားထဲမှာ ထိန်းချုပ်ရခက်တဲ့ အနေအထားမျိုးတွေ ရှိလား။

မေး ။ ။ ကျနော်တို့ကတော့ တပ်မဟာနဲ့ တိုက်ရိုက် ဆက်သွယ်ပြီးတော့ တပ်မဟာ ရှိတဲ့ အမြင့်ဆုံး ခေါင်းဆောင်တွေရဲ့ သဘောထား ရယူပြီးတော့မှဘဲ ဒီကိစ္စကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ သူတို့ကလည်း ငြိမ်းချမ်းရေးကို လိုလိုလားလားနဲ့ ဆောင်ရွက်တာ ဖြစ်တယ်။ သူတို့က လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းတဲ့ နေရာမှာ တွေ့ဆုံဖြေရှင်းရေးနည်းလမ်းနဲ့ လက်ခံတဲ့ အပေါ်မှာ ကျနော်တို့က မူလက ရပ်တည်မှုအတိုင်း ဆက်လက် ရပ်တည်သွားမှာ ဖြစ်တယ်။

ဖြေ ။ ။ အပစ်ရပ် ၈ ဖွဲ့ထဲမှာဆိုရင် KNU က စံပြ အဖွဲ့အစည်းတခုလိုမျိုး ဖြစ်တယ်။ ဒီအထဲမှာ KNU ခေါင်းဆောင်တွေက တပ်မတော် ခေါင်းဆောင်ပိုင်းနဲ့ အများဆုံး တွေ့ဆုံခဲ့တဲ့ အဖွဲ့အစည်းလို့လည်း ပြောလို့ရတယ်။ ဆိုတော့ ပစ်ခတ်မှုတွေ ပြန်ဖြစ်တဲ့ ကိစ္စတွေမှာရော၊ ညှိနှိုင်းရာမှာရော ဖြေရှင်းရလွယ်ကူမယ်လို့ ပြောလို့ရမလား။ ခုဖြစ်သွားတဲ့ အပေါ်မှာ တော်တော်များများက စောင့်ကြည့်နေကြမှာပဲလေ။

မေး ။ ။ ဒါကတော့ဗျာ။ ပြောကြမှာပေါ့ဗျာနော်။ NCA အပေါ်မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အစုအဖွဲ့ အားလုံး ကတော့ NCA အပေါ်မှာ ရပ်တည်ပြီး လုပ်ဆောင်သွားမှာကိုး ဒီလို အခက်အခဲ ဖြစ်လာတာ၊ ဒီလို ပြဿနာ ဖြစ်လာတာ ကလည်း အထက်က တာဝန်ပေးမှု အရလား။ ဒါမှမဟုတ် အောက်ခြေမှာဘဲ သူတို့အမြင်နဲ့ နို့မဟုတ်ရင်လည်း လိုအပ်မှု အရ ဆောင်ရွက် သလား ဆိုတာကတော့ ကျနော်တို့ ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ကျနော်တို့ ဆန္ဒအတိုင်းနဲ့ ပကတိ ရှိနေတဲ့ အနေအထားနဲ့ မတည်ငြိမ်တဲ့ အပေါ်မှာ ကျနော်တို့ လုပ်ငန်းလုပ်ဆောင်တဲ့ အခါမှာကြတော့ အဲလိုပြဿနာတော့ ဖြစ်တတ်တယ်။ ဒီပြဿနာကို အခြေခံပြီး ပြန်လည်ဖြေရှင်းပြီးတော့ တိုးတက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာက တဘက်ကလည်း အခွင့် အရေး တခုအနေနဲ့ တိုးတက်လာအောင်၊ နားလည်မှု ပိုရှိလာအောင် လုပ်နိုင်တဲ့ အနေအထားလည်း ဖြစ်လာနိုင်တယ်လို့ ပြောလို့ရပါတယ်။

ညှိနှိုင်းနိုင်တယ် ဆိုတာက မူလက ညှိနှိုင်းရတာလောက်တော့ မခက်ခဲဘူးလို့ ထင်တယ်။ တပြည်လုံး အပစ်အခတ် ရပ်စဲရေး ရရှိဖို့ အတွက် ကြိုးစားပြီး ညှိနှိုင်းလာခဲ့တယ်။ နားလည်မှု တည်ဆောက်လာခဲ့တယ်။ အခုက တချို့ လက်တွေ့ ဆောင်ရွက်တဲ့ နေရာမှာ အခြေအနေနဲ့ မကိုက်ညီတဲ့ အပေါ်မှာ နားလည်မှုလွဲတာတို့ ဖြစ်တတ်ပါတယ်။

အခုလောလောဆယ် ဖြစ်တဲ့ တိုက်ပွဲက ဒေသတာဝန်ရှိတဲ့ ခေါင်းဆောင်ရဲ့ ကြီးမားတဲ့ စစ်ဆင်ရေး ပုံစံနဲ့ မဟုတ်ဘဲနဲ့ အသိပေးတာတို့ Warning ပေးတာတို့ နောက်ပြီးရင်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ အနေအထားနဲ့ပဲ ဆောင်ရွက်ကြတယ်လို့ နားလည်ပါတယ်။

ဖြေ ။ ။ လတ်တလော ဖြစ်သွားတဲ့ တပ်မတော်နဲ့ KNU တို့ရဲ့ ပဋိပက္ခကြားမှာ ဒေသခံ ၂၀၀၀ ကျော် အိုးအိမ်စွန့်ပြီး ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ သူတို့တွေအတွက်ရော KNU အနေနဲ့ ဘယ်လိုစဉ်းစားထားလဲဆိုတာ သိချင်ပါတယ်။

မေး ။ ။ ကျနော်တို့ ဒီဒေသမှာရှိတဲ့ လူထုက တောင်ပေါ်သားတွေ ရိုးသားတယ်။ အေးအေးဆေးဆေး နေတဲ့ အလေ့ အကျင့် ရှိတယ်။ တဘက်ကို ရန်မူ ရန်ထောင်တဲ့ အနေအထားမရှိဘူး။ တဘက်က အစိုးရတပ်နဲ့ ထိတွေ့ဆက်ဆံမှု မရှိဘူး။

လွန်ခဲ့တဲ့ ပဋိပက္ခကာလတုန်းကလည်း မလုပ်သင့်တဲ့ ဟာတွေ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံအပေါ်မှာ သူတို့ကလည်း တပ်မတော် အပေါ်မှာ နားလည်မှု ယုံကြည်မှုတို့ ဒါတွေက ဆက်ဆံမှုလည်း မရှိခဲ့တော့ ဖြစ်တဲ့အပေါ်မှာ သူတို့က ထွက်ပြေး တိမ်းရှောင်တာ ပေါ့။ ထွက်ပြေးတိမ်းရှောင်တော့ အဲဒေသတွေက တောင်ပေါ်ဒေသဆိုတော့ အေးကလည်းအေးတယ်။ လုံလုံခြုံခြုံမရှိတဲ့အတွက်ကြောင့်လည်း ကျန်းမာရေး ထိခိုက်တာပေါ့။ အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ နောက် အဲဒီဒေသတွေက အခြေလေး ပြန်ကျတာမှ သိပ်မကြာသေးဘူး။ အပစ်အခတ်ရပ်စဲရေးပြီးမှ သူတို့ကလည်း ပြန်ပြီးတော့ လယ်တွေ၊ ယာတွေလုပ်တာ အခုလိုဖြစ်တော့ သူတို့လည်း ပြန်ပြီးတော့ ထွက်ပြေးတာပေါ့။

ခုန ကျနော်ပြောသလိုပဲ ရိက္ခာတွေက ရွာမှာ ချန်ထားခဲ့တယ်။ တပ်က ရုတ်တရက်ဝင်လာတော့ နိုင်သလောက်သယ်ပြီးတော့ တောထဲမှာ သွားဝင်ပုန်းနေကြတယ်။ ခုတော့ ရိက္ခာ လာပြန်ယူလို့ရှိရင်လည်း တပ်မတော်ဘက်က ရဲဘော်တချို့က ပစ်ခတ်မှုတွေရှိမှာကိုလည်း သူတို့မှာ စိုးရိမ်ကြောက်လန့်မှုတွေ ရှိတယ်။ ရိက္ခာပြဿနာ၊ ကျန်းမာရေး ပြဿနာ၊ ဆေးဝါး ပြဿနာ နောက်ပြီး ကလေးတွေရဲ့ ပညာရေးပဲ အခုလောလောဆယ်က စာမေးပွဲစစ်တဲ့အချိန်ရောက်ပြီဆိုတော့ စာမေးပွဲလည်း မစစ်အားဆိုတော့ ကလေးတွေရဲ့ ပညာရေးလည်း ထိခိုက်တာပေါ့။

အခုလောလောဆယ်တော့ အဲဒီဒေသမှာ ရှိတဲ့ ခရိုင်နဲ့ မြို့နယ်တာဝန်ခံတွေက ဝိုင်းဝန်း ကူညီတယ်။ ဝိုင်းဝန်း ကာကွယ်တယ်။ နောက်တချက်ကတော့ ကျနော်တို့ KNU မှာရှိနေတဲ့ သက်ဆိုင်ရာ လူမှုဒုက္ခနဲ့ ပတ်သက်တဲ့ လူမှုရေး အထောက်အကူပြုတဲ့ အဖွဲ့အစည်း တွေအနေနဲ့လည်း တာဝန်ပေးပြီးတော့ ဆက်လက်ကူညီနိုင်ဖို့ အတွက်နဲ့ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့ အတိုင်း နိုင်ငံတကာ အကူအညီတွေ တတ်နိုင်သလောက် ကူညီပေးဖို့ တောင်းဆိုထားတာရှိပါတယ်။

မေး ။ ။ လက်ရှိဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ KNU အကြားက ပဋိပက္ခ အခြေအနေ မူလအတိုင်း ပြန်လည်ပြီး ပြေလည်မှု ရရှိဖို့ အတွက်ဆိုလို့ရှိရင် ဘယ်လို အခြေအနေမျိုးတွေရှိဖို့ လိုမလဲ။

ဖြေ ။ ။ အခု တပ်က အဲလိုမျိုးတွေရှိနေလို့ ရှိရင်တော့ ရွာသားတွေက ပြန်လာဖို့တော့ အခက်အခဲရှိတယ်။ တိုက်ပွဲ မဖြစ်ပေမယ့်လည်း လူထုက သူ့တို့ရွာမှာ ပြန်လာနေဖို့ တော့ အခက်အခဲတခုပေါ့။ ခုနပြောတဲ့ ကျနော်တို့ တောင်းဆိုထားတဲ့ တပ်ကလည်း မူလအနေအထားနဲ့ ပြန်ပြီးတော့ တွေ့ဆုံညှိနှိုင်းမယ်။ ညှိနှိုင်းပြီးလို့ရှိရင် ရရှိလာတဲ့ သဘောတူညီချက် အပေါ်မှာ ဆက်လက်ပြီးတော့ အကောင်အထည်ဖော်ခြင်းသာ ကျနော်တို့ လူထုတွေအတွက်လည်း အာမခံချက် ပေးနိုင်တဲ့ သဘောတူညီမှု ဖြစ်နိုင်မှာပေါ့နော်။

အခုလောလောဆယ်တော့ ကျနော်စပြောဖို့ ခက်ပါတယ်။ ပထမတောင်းဆိုတဲ့ အတိုင်း မူလအနေအထားကို ရောက်ဖို့ အတွက် မူလအနေအထားမှာ ပြန်နေဖို့ နောက်တဆင့်က ကျနော်တို့ တွေ့ဆုံညှိနှိုင်းပြီးတော့ ဘယ်လို ဆက်ဆောင်ရွက်မလဲဆိုတာကို နှစ်ဘက်က နားလည်မှုရလို့ရှိရင်လည်း ကျနော်တို့ ဆက်လက်ပြီးဆောင်ရွက်သွားရမှာပေါ့။

ယုံကြည်မှုကတော့ မူလကတည်းက အားနည်းနေတဲ့အပေါ် ဒီလိုလုပ်လိုက်တော့ အထူးသဖြင့်ပေါ့ ကျနော်တို့ အဖွဲ့အစည်းအတွင်းထဲမှာရော နောက်တခါ ပြည်သူလူထု ကြားမှာရော ယုံကြည်မှု ထိခိုက်တာပေါ့။

မေး ။ ။ ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး ပြေလည်မှုပြန်ရရေးအတွက် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကိုရော ဖြေရှင်းနိုင်ရေး အသိပေး အကြောင်းကြားထားပြီးပြီလား။

ဖြေ ။ ။ ကျနော်တို့ကတော့ သဘောထားထုတ်ပြန်ချက်ထဲက အတိုင်း တွေ့ဆုံညှိနိုင်းသွားမယ်။ တွေ့ဆုံညှိနှိုင်းတဲ့ နေရာမှာ ဘယ်ကစရမလဲဆိုတာ ဆက်သွယ်မှုအပေါ်မှာ မူတည်တာပေါ့။ အခုကတော့ အဲကိစ္စ ဒေသမှာ ဖြစ်တဲ့ ဒေသခံတွေနဲ့။ ဒေသခံဆိုတာ တပ်ကရယ်၊ ကျနော်တို့ဘက်ကတော့ တွေ့ဆုံညှိနှိုင်းနိုင်ဖို့ ကျနော်တို့ဆောင်ရွက်နေပါတယ်။ ဘယ်အတိုင်း အတာထိလဲဆိုတော့ ညှိနှိုင်းရမယ့် အနေအထားပေါ် မူတည်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အကုန်လုံးကတော့ ကျနော်တို့ သဘောထားထုတ်ပြန်ချက်ကတဆင့်တော့ ရောက်သွားမှာပါ။ ဒါက သတင်းပို့တာတို့ ဆက်သွယ်မှု နည်းလမ်းတခုပေါ့။

မေး ။ ။ သီးခြားဆက်သွယ်ထားတာတော့ မရှိဘူးပေါ့။

ဖြေ ။ ။ သီးခြားကတော့ သက်ဆိုင်ရာတပ်မတော်ကို ပို့ထားတာတော့ရှိတာပေါ့။ နှုတ်နဲ့ ပြောတာလိုမျိုး ဖြစ်တာပေါ့။

မေး။ ။ ထုတ်ပြန်ကြေငြာချက်ထဲမှာ NCA ငြိမ်းချမ်းရေဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ လုပ်ကိုင်နေတဲ့အထဲမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှု ကိစ္စရပ်တွေမှာ အခြေခံအယူအဆတွေမှာ နားလည်မှု ကွဲလွဲပြီးတော့ လိပ်ခဲတည်းလည်း အခြေအနေတွေ ဖြစ်နေတယ်ဆိုတာမျိုး ပြောထားတာတွေ့ရပါတယ်။ အဲဒါက ဘယ်လိုအခြေအနေမျိုးဖြစ်နေတာလဲခင်ဗျ။

ဖြေ ။ ။ အခုက ကျနော်တို့အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအပိုင်းပေါ့နော်။ နိုင်ငံရေးဆွေးနွေးမှုအပိုင်းမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးမှုအပိုင်းမှာ တချို့တိုင်းရင်းသားလက်နက်ကိုင်အစည်းတွေ လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေရဲ့ ဒေသမှာ လူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လွတ်လွတ်လပ်လပ်လုပ်ခွင့်မရတဲ့အပေါ်မှာ အဲဒါက ပြသနာတခုပေါ့နော်။

အဲဒီပြသနာက ကျနော်တို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ခံယူမှု၊ နားလည်မှု မတူတဲ့အပေါ်မှာ ညှိနှိုင်းမှု လိုအပ်တယ်ဆိုတာကို ဖော်တာပါ။ အခုက ကျနော်တို့ တပ်မဟာ ၅ ဘက်မှာဖြစ်တယ်ပြောတာနဲ့ နိုင်ငံရေး ပြဿနာထက် စစ်ရေးပြသနာလို့ ပြောရမှာပေါ့နော်။ သို့သော်လည်း တကယ့်ကြီးမားတဲ့ လက်နက်ကိုင် ပဋိပက္ခတော့ မဖြစ်သေးဘူး။ ဒီတခုက နိုင်ငံရေးပြသနာကို ဖြေရှင်းလို့ မပြီးသေးတဲ့အချိန်မှာ ကျနော်တို့ဒေသကို နားလည်မှုလွဲတာ၊ စစ်ရေး ပဋိပက္ခဖြစ်လာလို့ရှိရင် မဖြစ်သင့်တဲ့အရာလို့ ကျနော် အဲလိုဘဲ ပြောချင်ပါတယ်။

မေး ။ ။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေ၊ JMC ညှိနှိုင်းဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ အကောင်အထည်ဖို့ လိုတယ်ဆိုတာ ဘာကိုညွှန်းတာလဲခင်ဗျ။

ဖြေ ။ ။ ကျနော်တို့ ၂ နှစ် JMC ထွက်ပြီးတဲ့ နောက်ပိုင်းမှာ ပြန်ကြည့်မယ်ဆိုရင် JMC ရဲ့ ဆောင်ရွက်ရမယ့်လုပ်ငန်းနဲ့ တကယ့် Monitoring ဆိုတာက လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဘက်နှစ်ဘက်ကနေပြီးတော့ Monitor ပြန်လုပ်နေတယ်ဆိုတော့ လက်တွေ့မှာ အခက်အခဲရှိတာပေါ့။ လက်တွေ့မကျတဲ့ သဘောဖြစ်တယ်။ ဒါကြောင့်မို့လို့ အမှန်အားဖြင့် JMC ဆိုတာက နှစ်ဖက်တပ်ရဲ့ သဘောတူညီမှုအပေါ်မှာ အခြေခံပြီးတော့ JMC ဆိုတဲ့ ဒီတပ်နှစ်ဖက်ရဲ့ လိုက်နာမှု၊ ချိုးဖောက်မှုကို Monitor လုပ်ရမှာ။ အခုက ဒီ Monitor က ဒီတပ်နှစ်ဖက်ရဲ့ သဘောတူညီမှု ဘာမှ မရှိသေးဘဲနဲ့ Monitor လုပ်မယ်ဆိုတော့ လက်တွေ့မကျတဲ့သဘောအနေနဲ့ ကျနော်တို့ တင်ပြခြင်းဖြစ်ပါတယ်။ ဒါတွေကလဲ ဆက်လက်ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားရမယ့် ကိစ္စဖြစ်ပါတယ်။

မေး ။ ။ တပ်မတော်နဲ့ KNU ကြား ဖြစ်တဲ့ ပဋိပက္ခအခြေအနေက အပစ်မရပ်သေးတဲ့ အဖွဲ့တွေ လက်မှတ်ထိုးရေး အတွက် တွန့်ဆုတ်သွားစေနိုင်မလား။

ဖြေ ။ ။ ဒါကတော့ အပစ်မရပ်တဲ့အဖွဲ့တွေမှာလဲ ပြောရမယ်ဆိုရင် အပစ်သာမရပ်တာ ဆက်သွယ်မှုကတော့ ရှိနေတာဘဲ။ ကျနော်တို့တွေက အပစ်အခတ်တွေက အပစ်အခတ်ရပ်စဲရေးကာလ မရှိသေးတဲ့အချိန်နဲ့ နှိုင်းယှဉ်ရင်တော့ ပစ်ခတ် တိုက်ခိုက်မှုတို့ မရှိသလောက်ဘဲ။ အခုလို ကြိုကြား ဟိုနေရာပစ်၊ ဒီနေရာပစ်တော့ ရှိနေမှာဘဲလို့နော်။

လုံးဝတိတ်ဆိတ်သွားတဲ့ အနေအထားရောက်ဖို့ ယုံကြည်မှု တည်ဆောက်ရမယ်။ တဖက်နဲ့ တဖက်က စောင့်ထိန်းရမယ့်ဟာ မစောင့်ထိန်းဘူးဆိုလို့ရှိရင်လည်း သေနတ်သံက ဖောက်တတ်တာဘဲ။ သေနတ်သံဖောက်တိုင်းလည်း တိုက်ပွဲမဖြစ်ဘူးလေ။ တိုက်ပွဲဖြစ်နိုင်လည်း စစ်ပွဲတော့မဖြစ်ဘူးလေ။

မေး။ ။ တဆက်တည်း မွန်ပြည်သစ်နဲ့ KNU ကြားက ပဋိပက္ခ အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ဒီနှစ်ဖွဲ့ အကြားမှာ မကြာသေးခင်က ပစ်ခတ်မှု နှစ်ကြိမ် သုံးကြိမ်ထက်မနည်းဖြစ်တယ်လို့ သိရတယ်။ အဲဒီ ဖြစ်စဉ်တွေရဲ့ နောက်ဆုံး အခြေအနေတွေ ကရော ဘယ်လိုရှိနေပြီလဲ။

ဖြေ။ ။ နောက်ဆုံးကတော့ သက်ဆိုင်ရာ ခရိုင်တာဝန်ရှိသူတွေက အထူးသဖြင့် ကျနော်တို့ တပ်မဟာ ၆ ခရိုင်ဥက္ကဋ္ဌနဲ့ မွန်ပြည်သစ်ပါတီက တာဝန်ရှိတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ ညှိနှိုင်းပြီးတော့ ပူးပေါင်းပြီး နားလည်မှုနဲ့ မကြာခဏ တွေ့ဖို့တော့ ဆုံးဖြတ်ချက်ရှိခဲ့တယ်။

နောက်ပြီးတော့ သူတို့ရဲ့ အဓိက ပြသနာဖြစ်တဲ့ ကိစ္စ တွေကိုလည်း နှစ်ဖက်နားလည်မှုရှိရှိနဲ့ ဖြေရှင်းသွားဖို့ သဘောတူညီမှုရတယ်လို့တော့ တင်ပြမှုအရ သိရတယ်။ သဘောကတော့ အမြင်မတူတာတွေပေါ့နော်။ နယ်မြေအနေအထားလဲဖြစ်မယ်။ နယ်မြေပြသနာလည်း ဖြစ်မယ်။ စီးပွားရေးလုပ်ငန်းတွေဖြစ်မယ့်အပေါ်မှာလည်း လက်နက်ကိုင်နည်းနဲ့ မရှင်းကြဘဲနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ လမ်းညွှန်ချက်နဲ့အညီ သူတို့ အကောင်အထည်ဖော်နေတာပါ။

မေး ။ ။ အရင်တုန်းက KNU နဲ့ မွန်ပြည်သစ်ကြားမှာ ဒီလိုပဋိပက္ခတွေရှိခဲ့ဖူးတော့ တစ တစကြီးထွားလာမှာ စိုးရိမ်နေကြတဲ့အနေအထားလည်း ရှိပါတယ်။ နှစ်ဖက်တပ်ပိုင်းဆိုင်ရာတင်မက နိုင်ငံရေးပါတီတွေဘက်အခြမ်းကပါ စိုးရိမ်မှုတွေ ရှိတယ်။ ဒီလိုအခြေအနေမျိုးတွေဖြစ်မလာအောင် ဘယ်လိုပြင်ဆင်မှုတွေ၊ ဆောင်ရွက်မှုတွေ ပြုလုပ်သွားဖို့ရှိလဲ။

ဖြေ ။ ။ တချို့နယ်မြေဆက်စပ်တဲ့ဒေသမှာ ပူးတွဲကော်မတီတွေတော့ ဖွဲ့ထားတာဘဲ။ သို့သော်လည်း ဒီကော်မတီတွေက အသက်ရှင်ဖို့ လှုပ်ရှားမှုရှိဖို့အတွက်ကတော့ ကျနော်တို့ နှိုးဆော်ရမှာပေါ့။ အမြင်မတူတာတော့ ဘယ်နေရာမဆို ရှိတာပါ။ ပြသနာက မိသားစုတစုထဲမှာတောင် ပြသနာရှိတာဘဲ။ အခုက နယ်မြေကလည်း ဆက်စပ်နေတယ်။ တချို့ကိစ္စတွေမှာလည်း အမြင်မတူတာတွေရှိနေတဲ့အပေါ်မှာ အမြင်မတူတိုင်း၊ ပြသနာရှိတိုင်း အကြမ်းဖက်တဲ့နည်းနဲ့ မရှင်းဖို့အတွက်တော့ သက်ဆိုင်ရာ ခေါင်းဆောင်တွေက ကျင့်သုံးသွားမယ်။

Loading