သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားသည့်အပေါ် သူတို့အမြင်များ (ဒုတိယပိုင်း)

ဧရာဝတီ
နုတ်ထွက်သွားပြီဖြစ်သည့် သမ္မတ ဦးထင်ကျော် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် “လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့်” ဟုဆိုကာ မတ်လ ၂၁ ရက်နေ့ က နိုင်ငံတော် သမ္မတရာထူးမှ နုတ်ထွက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့ပြီး လစ်လပ်သွားသည့် ထိုရာထူး နေရာအတွက် အလုပ်လုပ်ရက် ၇ ရက်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ကြေညာ ထားသည်။

ထို့ကြောင့် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များကို သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားသည့်အပေါ်သဘောထား၊ သမ္မတ သက်တမ်းအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် အသစ်တက်လာမည့် သမ္မတ သစ်အပေါ် မျှော်လင့်ထားချက်များကို ဧရာဝတီ သတင်းထောက်များက ဆက်သွယ်မေးမြန်းထားသည်။

ဦးဇော်ဖေဝင်း (စီးပွားရေးပညာရှင်)

ပြည်သူ့လွတ်တော် စီးပွားရေးဆိုင်ရာ အကြံပေး

သမ္မတက ကျန်းမာရေး မကောင်းတာ တော်တော်ကြာနေပါပြီ။ တိုင်းပြည်ကိုတော့ တရားဝင်တော့ မကြေညာထားသေးဘူး။ သို့သော်လည်းပဲ ရေကင်ဆာ ဖြစ်နေတာလို့ သိရပါတယ်။ ဒါကိုလဲပဲ ဆရာဝန် အသိုင်းအဝိုင်းက အကုန်လုံးသိပါတယ်။ တော်တော်လေး အခြေနေမကောင်းလို့ ထွက်တဲ့ သဘောမျိုးပါ။ ဒါက မူဝါဒနဲ့ ဘာမှ မသက်ဆိုင်လောက်ပါဘူး။ နောက်ပြီးတော့လည်း အဲနေရာကိုရွေးဖို့ လျာထားတာ လွတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်လို့ သိထားပါတယ်။ ဒါကလဲသေချာသလောက်ရှိပါတယ်။ အဲဒီပုဂ္ဂိုလ်ဆိုလို့ ရှိရင်လည်းဘာမှ ထူးထူးခြားခြား ပြောင်းလဲစရာမရှိပါဘူး။ သူကလွတ်တော် ဥက္ကဋ္ဌလည်းလုပ်ခဲ့တာ ဖြစ်တယ်။ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်ဆိုတော့ မူဝါဒတွေက ဘာမှ ထူးထူးခြားခြားပြောင်းလဲမှု မရှိပါဘူး။

တခုရှိတာကတော့ သမ္မတ ဖြစ်လာမယ့်ပုဂ္ဂိုလ်လို့ ယူဆရတဲ့ ပုဂ္ဂိုလ်ကလွတ်တော်မှာတုန်းကတော့ တော်တော်လေးကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တဲ့ ပုံစံရှိတယ်။ အဲလိုဖြစ်တဲ့ အတွက်ကြောင့်မို့ ဝန်ကြီးအဖွဲ့မှာလည်း နိုင်နိုင်နင်းနင်း ကိုင်တွယ်သွားနိုင်မယ် ဆိုရင် အရင်တုန်းက ထက်တောင် ပိုပြီးတော့တောင်မှ စီးပွားရေးကိစ္စတွေမှာ ထိထိရောက်ရောက် ဖြစ်လာနိုင်စရာ အကြောင်းတော့ရှိတယ်။ ကောင်းဖို့ပဲရှိပါတယ်။

နိုင်ဟံသာ (ဥက္ကဋ္ဌ)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)

သူကတော့ ကျန်းမာရေး မကောင်းတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် သိပ်တော့ အဆိုးကြီးမဟုတ်သေးဘူးဗျ။ ဒါပေမယ့် တခုတော့ သံသယ ဖြစ်မိတယ်။ သူ့ရဲ့ သမ္မတ သက်တမ်းမှာ မကျေနပ်တာ တချို့ ရှိတယ်လို့ ထင်တယ်လေ။ သူ့မှာ သမ္မတတာ ဆိုပေမယ့်ပေါ့ဗျာ။ သမ္မတ တာဝန်တွေ ဘာတွေ သိပ်ပြီးတော့မှ တန်ဘိုးမထားလို့လို့ မြင်တယ်။ သူ့သက်တမ်းအတွင်းမှာလည်း အများကြီးတော့ မလုပ်နိုင်ခဲ့ရှာဘူးလေ။ ဒါက သူ့မှာ လုပ်ပိုင်ခွင့်မရှိတာလည်း ပါတာပေါ့။ ဒါကြောင့် သူ့ကိုတော့ မဝေဖန်လိုဘူး။

နောက်တက်မယ့် သမ္မတကိုတော့ ဒီကနေ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ကိစ္စကို စိတ်ပါလက်ပါနဲ့ အမြန်အကောင် အထည် ဖော်နိုင်တဲ့ သမ္မတမျိုး ဆိုရင် တို့နိုင်ငံအတွက် အများကြီးအကျိုးရှိမယ်လို့ မြင်တယ်။ အဲလို သမ္မတမျိုး ဖြစ်စေချင်တယ်။

ဆရာတော် ဘဒ္ဒန္တ ပဏ္ဍဝံသ (ပြည်ကျော်)

ရွှေဝါရောင်ပညာဒါနကျောင်း

သမ္မတက ကျန်းမာရေးအရလိုု့တော့ ပြောတာပဲ၊ ပြီးခဲ့တဲ့ကာလအတွင်း သမ္မတ တာဝန်ထမ်းဆောင်တဲ့ နေရာမှာ ခရီးရောက်သင့်သလောက် မရောက်ခဲ့ဘူလို့ ပြောရမယ်၊ နောက်တခုက သမ္မတတွေ ဘယ်လောက်ပဲ ပြောင်းပြောင်း သိပ်တော့ အကြောင်းမထူးဘူးလို့ ပြောချင်တယ်၊ အစိုးရဖွဲ့စည်းပုံမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကနည်းတဲ့အတွက် လူငယ်ထဲကပဲဖြစ်ဖြစ်၊ ဖျက်ဖျက်လက်လက် ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် သိသိသာသာကြီး ဒီမိုကရေစီ တိုးတက်ရာ တိုုးတက်ကြောင်း ဖြစ်လာမှာ မဟုတ်သေးဘူး။

သမ္မတထမ်းဆောင်ခဲ့တဲ့ သက်တမ်းအတွင်းမှာတော့ သူ့ အနေနဲ့ လွှတ်တော်ကို ထိန်းကျောင်းတဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းကျောင်းခဲ့တာ တခုတွေ့ရတယ်၊ နောက်တချက်က ဘူးသီးတောင်- မောင်တော ကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ နဲ့ ဆက်ဆံတဲ့နေရာမှာ ပျော့ပျော့ပြောင်းပြောင်း ညင်ညင်သာသာ ဆက်ဆံသွားတာ၊ ဒါလေးနှစ်ချက်ပဲ သူ့ကိုပြောစရာရှိတယ်ပေါ့။

နောက်တက်လာမယ့် သမ္မတ အပါအဝင် မြန်မာနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံရေး အင်အားစုတွေဟာ တပ်မတော်နဲ့ ညှိနှိုင်းတဲ့နေရာမှာ ရဲရဲဝံ့ဝံ့ ပြောဆိုဆွေးနွေးဖို့၊ အခြေခံဥပဒေမှာ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဖို့ ရဲရဲဝံ့ဝံ့ ဖိအားပေးမှုတွေ လုပ်ရမယ်၊ သမ္မတဖြစ်လာမယ့် သူအနေနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အဝရအောင် ကြိုးပမ်းသင့်တယ်၊ အကြံပေးပုဂ္ဂိုလ်ကြီးပဲ အားကိုးနေလို့တော့မရဘူး၊ လုပ်ပိုင်ခွင့် အပြည့်အဝရှိတဲ့ သမ္မတ မျိုးကို မျှော်လင့်ပါတယ်။

ဦးမြအေး (နိုင်ငံရေးဦးဆောင်ကော်မတီဝင်)

ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု

သမ္မတကြီးကနားတော့မယ် နားတော့မယ်ဆိုတာ ကြာပြီကျနော်တို့ကြားတာ။ ၆ လထက်မနည်းလို့ ထင်တယ်။ မနေ့ကတော့ တကယ်ဖြစ်သွားတာပေါ့။ သိပ်ထူးထူးခြားခြားကြီးတော့ မရှိပါဘူး။ တခုတော့ရှိတာပေါ့ သမ္မတကြီး ဦးထင်ကျော်က အင်မတန် ရိုးတယ်။ အေးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်မှာတောက်လျှောက် သစ္စာရှိခဲ့တယ်ဆိုတာကတော့ မှတ်မှတ်ရရဖြစ်စေတာပေါ့။

တော်တော်များများက သမ္မတကြီးဦးထင်ကျော် ဘာတွေလုပ်ပေးခဲ့လဲ။ တကယ်တမ်း တိုင်းပြည်ရဲ့ လက်တွေ့ အခြေအနေက အဲဒါမဟုတ်ဘူးလို့ ကျနော်က မြင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့အခါမှာ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်တယ်။ ဒါပေမယ့် ၅၉(စ) အစရှိတဲ့ အတားအဆီးတွေကြောင့် အန်တီက သမ္မတမဖြစ်ခဲ့ဘူး။ ဒီတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုတဲ့ရာထူးနဲ့ တိုင်းပြည်ကို ထိန်းကျောင်းတယ်လို့ မြင်တယ်။ မှန်တယ်။ အင်္ဂါစဉ်အရ သမ္မတသည် နံပါတ် ၁ နိုင်ငံတော်ရဲ့အကြီးအကဲ ဖြစ်ပေမယ့်လည်း တကယ်တမ်းတိုင်းပြည်ရဲ့ပေါ်လစီကို Drive လုပ်သွားတာက ဒေါ်အောင်ဆန်းစုကြည် ဆိုတော့ သမ္မတကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လုပ်တဲ့လုပ်ရပ်တွေ အပေါ်မှာ မားမားမတ်မတ် ရပ်တည်သွားတယ်လို့ပဲ သုံးသပ်လို့ရမယ်။ သမ္မတကြီးအနေနဲ့ တိုင်းပြည်ရဲ့ အပြောင်းအလဲ တခုကိုဘယ်လို လုပ်သွားတယ် ဆိုတာထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကောင်အထည် ဖော်ချင်တဲ့ပေါ်လစီတွေကို ကျောထောက်နောက်ခံ ပေးခဲ့တယ်လို့ပဲ မြင်ပါတယ်။

NLD ပါတီက ရွေးကောက်ပွဲ ဝင်တဲ့အခါမှာ ရွေးကောက်ပွဲကြေညာချက် အထဲမှာပါတဲ့ အတိုင်း သုံးချက်ကိုင်ခဲ့တယ်။ နံပါတ် ၁ က ပြည်တွင်း ငြိမ်းချမ်းရေး။ ၂ က တရားဥပဒေ စိုးမိုးရေး။ ၃ က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး။ ဒါ ၃ ခုစလုံးက ပေါ်လစီပိုင်း ဆိုင်ရာ အပြောင်းအလဲတွေ။ ၂ နှစ်အတွင်းမှာတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီး ဘာမှမမြင်ဘူး။ ကျန်ရှိတဲ့သက်တမ်း ၃ နှစ်အတွင်း မှာတော့ NLD အစိုးရအနေနဲ့ ပြောထားတဲ့ ရွေးကောက်ပွဲ ကြေညာချက်ပါ အချက်တွေ အတိုင်းပေါ်လစီပိုင်း ဆိုင်ရာအပြောင်းအလဲတွေကို ဦးဆောင်ပေးနိုင်မယ့် သမ္မတမျိုးဆိုကောင်းတယ်လို့ ကျနော် မျှော်လင့်ပါတယ်။

မုံရွာအောင်ရှင် (ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)

သမ္မတကြီးက အဓိကကတော့ ကျန်းမာရေးကြောင့် အနားယူတဲ့ သဘောပါပဲ။ တခြား နိုင်ငံရေး ပြဿနာဘာမှမရှိပါဘူး။ ကျနော် သဘောပေါက်တာကတော့လေ။ ကျန်းမာရေးကြောင့် အနားယူတဲ့သဘောပဲလို့ အဲဒါပဲပြောချင်ပါတယ်။

ကျနော်ကတော့ ၂ မျိုးမြင်တယ်။ နံပါတ်၁ ကတော့ သူ့ရဲ့ပင်ကိုယ် အရည်အသွေးပေါ့ ပြောချင်တယ်။ နံပါတ် ၂ ကတော့ တိုင်းပြည်ပေါ်မှာ ထားတဲ့စေတနာနဲ့ လုပ်အားပေါ့။ သူ့ပင်ကိုယ်အရည်အသွေးကတော့ အားလုံးသိကြလိမ့်မယ် သူက တကယ့် ခေတ်ပညာတတ် တယောက် နောက်ပြီးတော့ စာဆိုတော် ဆရာကြီးမင်းသုဝဏ် ရဲ့သားဖြစ်တယ်။ ခေတ်ပညာတတ် တယောက်ဖြစ်တဲ့ အတွက် တည်တည်ငြိမ်ငြိမ် အေးအေး ဆေးဆေးနဲ့ အရာရာကို ကြည့်တတ်မြင်တတ်၊ ဆုံးဖြတ်တတ်တဲ့ ပုဂ္ဂိုလ်ပါ။ နောက်တခု ထပ်ပြောချင်တာ သူကအစိုးရအဖွဲ့ကို Check and Balance ကောင်းကောင်း ထိန်းနိုင်တဲ့ ပုဂ္ဂိုလ်၊ သည်းခံစိတ်ရှည်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ စိတ်ကောင်းလည်းရှိတယ်။ သူ့ဘဝမှာဘာကိုမှ အစွန်းအထင်းမရှိအောင် နေသွားနိုင်တဲ့ ပုဂ္ဂိုလ်လို့ ပြောချင်ပါတယ်။

နောက်တက်လာမယ့် သမ္မတကတော့ အများကြီးပိုပြီးတော့ အားထုတ်ရမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ အနေအထားက အစိုးရက နှစ်နှစ်ကျော်လာပြီဆိုတော့ ဖိအားနဲ့ စိန်ခေါ်မှုတွေကပိုများလာတယ်။ များလာတဲ့ အခါမှာနောက်တက်လာတဲ့ သမ္မတအနေနဲ့ကပိုပြီးတော့ အားစိုက်ရမယ် ပိုပြီးတော့ အမျှော်အမြင်ကြီးရမယ်လို့ပဲ မြင်ပါတယ်။

ဦးစိုင်းညွန့်လွင် (အထွေထွေအတွင်းရေးမှူး)

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)

အခုသမ္မတအပြောင်းအလဲနဲ့ ပတ်သက်ပြီး ကျွန်တော့် အမြင်ကိုဘောလုံးပွဲတစ်ခုနဲ့ နှိုင်းယှဉ်ပြီး မြင်မိတယ်။ ကစားသမား တယောက်နာလို့ ထွက်သွားခဲ့ရင် နောက်တယောက်ကိုမလွဲမသွေ ထပ်ထည့်ရတော့မယ်။ အဲဒီလိုထည့်တဲ့အခါ ထည့်ရမဲ့ နေရာနဲ့ သင့်တော်တဲ့လူ ဖြစ်ရပါမယ်။ လူလွဲရင်တော့ အဲဒီပွဲ နိုင်ဖို့ လွယ်မှာမဟုတ် တော့ဘဲလူမှန်ခဲ့ရင် အနိုင်ရနိုင်ပါတယ်။ နည်းပြအပေါ်မှာ အများကြီးမူတည်ပါတယ်။ လူအသွင်းအထုတ်မှန်ဖို့ အရမ်းအရေးကြီးတယ်လို့ မြင်ပါတယ်။

ဂုဏ်ထူးဆောင် လုပ်ငန်းတွေ လုပ်သွားတယ်လို့ မြင်ပါတယ်။ နိုင်ငံရေးအရ တကယ်အရေးကြီးတဲ့ကိစ္စတွေကိုတော့ သိပ်မတွေ့ရပါဘူး။ ကပ်ပီနက် (အစိုးရအဖွဲ့)မှာတော့ သူကခေါင်းဆောင်ရတာမို့ လုပ်သင့်လုပ်ထိုက်တာတွေတော့ လုပ်သွားမှာပါ။ သမ္မတစစ်စစ် ဖြစ်စေချင်ပါတယ်။ တိုင်းပြည်အတွက် လုပ်စရာတွေကအများကြီးပါ။

ကျော်ကိုကို (ဥက္ကဋ္ဌဟောင်း)

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ ဘယ်သူပဲ သမ္မတဖြစ်ဖြစ်၊ ဘယ်သူပဲ အစိုးရဖြစ်ဖြစ် လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ရှိတယ်လို့ ကျနော်တို့က မယူဆဘူး။ ကိုယ့်ရဲ့သက်တမ်းမှာ အပြည့်နေဖို့ ကြိုးစားလို့ ရချင်မှရမယ်။ တနည်းအားဖြင့် ပြောရင် ဒီသက်တမ်းအပြည့် တာဝန်ထမ်းဆောင်ရင်း လုပ်ချင်တာတွေကို ကိုယ့်သဘောနဲ့ကိုယ် စီမံခန့်ခွဲပိုင်ခွင့် ရှိချင်မှရှိလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သဘောတရားအရ Power က အရပ်သား အစိုးရလက်ထဲမှာ မထားဘူး။ စစ်တပ်လက်ထဲမှာပဲရှိတယ်။ ဒါကြောင့်မို့လို့ ဦးထင်ကျော်နှုတ်ထွက်ရတဲ့ ကိစ္စနဲ့ ပြောမယ်ဆိုရင် ကျနော်တို့ မြင်တဲ့ အမြင်ကတော့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို စီမံခန့်ခွဲပိုင်ခွင့် အမှန်တကယ်ရှိနေတဲ့ စစ်တပ်ရဲ့ ကစားကွက် တစ်ခုလို့ ကျနော်တို့ကယူဆတယ်။

သူ့နေရာမှာ ဘယ်သူပဲအစားထိုးထိုး ဘယ်နိုင်ငံရေးပါတီအင်အားစုက လာတဲ့သူကိုပဲ တာဝန်ပေးပေး ကျနော်အထင်က ထူးထူးထွေထွေ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသဘောကိုက စစ်တပ်ကပဲ အရာရာကို ချုပ်ကိုင်လွှမ်းမိုး နေတယ်လို့ပဲယူဆတယ်။

အစိုးရအဖွဲ့တစ်ခုမှာ သမ္မတရှိတယ်။ ဒီအစိုးရအဖွဲ့မှ ထူးခြားချက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာရှိတယ်။ ဒီထူးခြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သမ္မတအပေါ်မှာပိုပြီးတော့ သြဇာညောင်းတာကို တွေ့ရတယ်။ ပိုပြီးတော့ လွှမ်းမိုးမှုရှိတာလည်းတွေ့ရတယ်။ သမ္မတက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ အောက်ကပဲသွားနေရတဲ့ သဘောကိုတွေ့ရတယ်။ သမ္မတဆိုတာရာထူးသာရှိတယ် တကယ်တမ်းပိုပြီးတော့ Power ကြီးတာက ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်တဲ့အတွက် သူ့အနေနဲ့ ထူးထူးထွေထွေ ဘာမှမလုပ်နိုင်ဘူး။ အထူးသဖြင့် ဦးထင်ကျော် ဘာမလုပ်နိုင်တာလဲဆိုတော့ ထပ်ပြီးတော့ တိတိကျကျ ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် ဘာမှမလုပ်နိုင်ဘူး။ စစ်တိုက်နေတဲ့ စစ်တပ်ကိုဟန့်တားနိုင်တဲ့ Power လည်းလုံးဝမရှိဘူး။

နောက်တက်လာတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကသမ္မတလုပ်ရမယ်ဆိုဘာမှ အရာရောက်မှာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုအလိုကျဖွဲ့စည်းပုံအသစ်ဖြစ်အောင်လို့ ဒီဟာကို ဖျက်သိမ်းပြီးတော့ ပြန်လည်ရေးဆွဲတဲ့ လုပ်ငန်းကို လုပ်တဲ့သူကိုလည်း ကျနော်တို့ကမျှော်လင့်တယ်။ အဲဒီလိုလုပ်တဲ့ သူမရှိမချင်း အစိုးရအဖွဲ့တွေ သမ္မတတွေသည် ဘာရာထူးတွေ၊ ဘာနာမည်တွေပဲ ခန့်ထားခန့်ထားတကယ်တမ်း နိုင်ငံရေး လုပ်ပိုင်ဆောင်ရွက်ခွင့်က စစ်တပ်မှာပဲရှိနေသမျှ ဒီမိုကရေစီတိုင်းပြည်လို့ ခေါ်လို့မရဘူး။

ဦးကျော်မင်းလိူင် (အတွင်းရေးမှူး)

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း

အခုလိုသမ္မတ နူတ်ထွက်သွားကတော့ စိတ်တော့မကောင်းဘူး။ ပြည်သူအပေါ် ကောင်းတဲ့ သမ္မတ အနေနဲ့ နူတ်ထွက်သွားတာ ဘယ်သူမှလဲ ထင်မထားဘူး။ ပြည်သူတွေ အားလုံးကိုယ်စား တော်တော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။

ကျနော်တို့ရဲ့ နိုင်ငံရေးက နိုင်ငံရေး၊ စီးပွားရေး ကစီးပွားရေး၊ လူမှုရေးက လူမှုရေးဆိုတော့ အကုန်လုံးက သူအစီစဉ်အလိုက် ရှိပြီးသားဆိုတော့ ဘာမှတော့ သိပ်ပြောင်းလဲမှု မရှိပါဘူး။ အဲအတွက်တော့ ကျနော်တို့ အောက်ခြေ လူတန်းစားပေါ့ ကျနော်ဆို အခု မြိတ်၊ ကော့သောင်းခရီးသွားနေတာ ဒီကသူတွေဆိုမသိကြဘူး။

နောက်တက်လာမည့် သမ္မတကတော့ ပြည်သူကို အကျိုးပြုတဲ့ သမ္မတဖြစ်စေချင်တယ်။ စီးပွားရေးမှာတော့ သမ္မတနဲ့ သိပ်တော့ မဆိုင်ဘူး ခန့်အပ်ထားတဲ့ ဝန်ကြီးတွေ သူတို့မကောင်းရင် သူတို့ကို ထုတ်ပြစ်ရမယ်။ ဒါပွင့်ပွင့်လင်းလင်း ပြောတာ။ နောက်တက်လာမယ့် သမ္မတက အဲလူတွေကို လဲဖို့လိုတယ်။ ကျနော်ရဲ့ Massage ကတော့ အဲဒါပဲ။ စီးပွားရေးနဲ့ ပတ်သတ်တဲ့လူ၊ ဘဏ္ဍာရေးနဲ့ ပတ်သတ်တဲ့ Plan (အစီအစဉ်) တွေနဲ့ ပတ်သတ်တဲ့သူတွေ အဲဝန်ကြီးတွေပေါ်မှာမူတည်တယ်။ သူတို့သာဘာမှ မလုပ်တတ်လို့ရှိရင် သူတို့က အဆင့်ဆင့် အမိန့်တွေ စောင့်နေရင် ရာထူးကထွက်သင့်တယ်။ ကျနော် အခုပြောချင်တာကတော့ဗျာ သမ္မတကနေ ဒါမျိုးတွေကို ပြန်ချိန်းဖို့ ချိန်းသင့်တဲ့ သမ္မတဖြစ်ဖို့ ကျနော်မျှော်လင့်ပါတယ်။ အပြောင်းအလဲကို ချိန်းပေးနိုင်မယ့် သမ္မတမျိုး။ သမ္မတက ဒါတွေကိုမညှာဖို့ လိုတယ်။ ကိုယ့်လူတွေ ကိုယ်မညှာဖို့လိုတယ်။

ဦးထွန်းကြည် (ဦးဆောင်ကော်မတီဝင်)

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ – (FPPS)

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကြိုက်သည် ဖြစ်စေမကြိုက်သည်ဖြစ်စေ အခန်း(၃)မှာ ပုဒ်မ ၇၃ (က) (ခ) (ဂ) (ဃ) အရဆိုရင် ၇၃ အပိုဒ်ခွဲ (က) မှာပြောထားတာ ရှင်းတယ်။ ကျန်းမာရေးကြောင့်ပဲ ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် အနားယူမယ်ဆိုရင် ဒုသမ္မတ (၁) က ယာယီသမ္မတ ဖြစ်မယ်ပေါ့။ အဲ့မှာကျနော်တို့ ဘာစိတ်ပူလည်းဆိုတော့ ယာယီသမ္မတကတပတ်။ တပတ်ပဲ ဖြစ်ဖြစ် ၇ ရက်ပဲ ဖြစ်ဖြစ် ၇ နာရီပဲ ဖြစ်ဖြစ် အဲ့မှာအပြောင်းအလဲတွေ အများကြီး ဖြစ်သွားနိုင်လို့ စိတ်ပူတယ်။ ဒါက ပြည်သူကိုကိုယ်စားပြုပြီးပြောတာပါ။ ဘာကိုစိတ်ပူတာလည်းဆိုတော့ ကာလုံကို ခေါ်ခဲ့သည်ရှိသော် သို့တည်းမဟုတ် အရေးပေါ် အခြေအနေ ကြေငြာခဲ့သည်ရှိသော်ပေါ့။ အဲ့လုပ်ပိုင်ခွင့်တွေကို ဒီ ၇ ရက်အတွင်းမှာ လုပ်ခဲ့သည် ရှိသော် ပေါ့။

မြန်မာ့နိုင်ငံရေးကလည်း ပကတိအခြေအနေကို သုံးသပ်ရတာဘာမှ အားရကျေနပ်ဖွယ် မရှိဘူး။ ကဏ္ဍအစုံမှာ အထွေထွေ အကျပ်အတည်းနဲ့ နိုင်ငံရေးလမ်းဆုံလမ်းခွကို ရောက်နေတဲ့ အချိန်မှာဒီလို ဖြစ်သွားတဲ့ ကိစ္စပေါ် မူတည်ပြီးတော့ လက်ရှိ ဒုသမ္မတ (၁) က ယာယီ သမ္မတဖြစ်တဲ့ အပေါ်မှာ ကျနော်တို့ကတော့ စိုးရိမ်ပူပန်တယ်။

သေချာသလောက်ကတော့ ဦးဝင်းမြင့်က သေချာတယ်။ ကျန်နေသေးတဲ့ သက်တမ်းကိုဘယ်သူပဲ ဖြစ်ဖြစ် ဦးဝင်းမြင့်ပဲ ဖြစ်ဖြစ် ပြည်သူအကျိုးစီးပွားကို ဦးထိပ်ထားတဲ့ သမ္မတဖြစ်ဖို့ပဲလိုပါတယ်။ နိုင်ငံတကာကလည်း အာရုံစိုက်နေတဲ့ အချိန်မှာ သမ္မတသစ်က ဘယ်လိုနည်းနာတွေ ဗျူဟာတွေနဲ့ ကျော်လွှားမလည်းဆိုတာကတော့ သမ္မတသစ်ကို ရွှေရောင်ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမယ်။

တို့ သမ္မတကြီးဦးထင်ကျော်ကတော့ ရိုးသားမှု ရှိတယ်။ သူ့မျိုးရိုးစဉ်ဆက်ကလည်း ဆရာကြီးမင်းသုဝဏ်ရဲ့ သားဖြစ်တဲ့ အတွက်ကြောင့် သူက အရည်အချင်းရှိပါတယ်။ သူက ကျန်းမာရေးနဲ့ လုံးလည်ချာလည်လိုက်နေလို့ တိုင်းပြည်အပေါ်မှာ လုပ်ချင်ပေမယ့် မလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ ၂ နှစ်တာကို ခြုံငုံပြီးပြောရမယ် ဆိုရင်တော့ ကျနော်တို့ အားရ ကျေနပ်စရာတော့ မရှိပါဘူး။ တိုင်းပြည်တပြည်ရဲ့ သမ္မတက ပြယုဒ်အနေနဲ့ အမျိုးသားရေးလက္ခဏာ အနေနဲ့ဖြစ်ဖြစ် စံချိန်စံညွှန်းတွေ ပြည့်တယ်။ ဒါပေမယ့် တိုင်းပြည် ဖွံ့ဖြိုးအောင်လို့တော့ သမ္မတကြီး ဦးထင်ကျော် လက်ထက်မှာတော့ အားရကျေနပ်စရာမရှိခဲ့ပါဘူး။

ဒေါ်ညိုညိုသင်း (ရန်ကုန်စောင့်ကြည့် အဖွဲ့တည်ထောင်သူ)

အားလုံးလည်းသိတယ်။ အန်တီတို့ နိုင်ငံကို တကယ်ခေါင်းဆောင်နေတာက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်နေတာဖြစ်တဲ့ အတွက်ကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးထင်ကျော်ရဲ့ ကျန်းမာရေးကြောင့်ရယ် တခြားသော နိုင်ငံရေးအရကိစ္စ တွေလည်းရှိမှာပေါ့။ ဒါတွေကြောင့် နုတ်ထွက်ခွင့်ပေးလိုက်လို့ နုတ်ထွက်လိုက်တယ်လို့ပဲ ယူဆတယ်။ ဒီသမ္မတကြီးကတော့ အေးတယ်။ စကားနားထောင်တယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သစ္စာရှိတယ်။ သစ္စာရှိလူယုံတယောက်က လုပ်သင့်လုပ်ထိုက်တာတွေကို သူလုပ်သွားတယ်။ သူ့ရဲ့သက်တမ်း တလျှောက်မှာ အေးအေးချမ်းချမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ကူညီပံ့ပိုးပေးသွားတယ်။ သစ္စာရှိရှိ နေသွားတယ်လို့ပဲ အန်တီသတ်မှတ်တယ်။

နောက်တက်တဲ့ သမ္မတကို သမ္မတတယောက်ရဲ့ လုပ်ပိုင်ခွင့် အာဏာကို အပြည့်အဝအသုံးချနိုင်တဲ့ သမ္မတမျိုးဖြစ်စေချင်တယ်။ ပြတ်ပြတ်သားသား ဦးဆောင်မှုကိုလည်း ပေးစေချင်တယ်။ ဘာကြောင့်ဆို အန်တီတို့နိုင်ငံက ဒီလိုမျိုးအရပ်သား သမ္မတ တယောက်ရတဲ့ ကာလက သိပ်ပြီးမကြာတော့ဘူးလေ။ ဒါမျိုးအခွင့်အရေးရဖို့လည်း အကြာကြီးစောင့်ခဲ့ရတာ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အရပ်သားသမ္မတ အုပ်ချုပ်တာက မြန်မာပြည်မှာ ဒီသုံးနှစ်လောက်ပဲ ကျန်တော့တယ်လို့ ပြောလို့ရတယ်။ ၂၀၂၀ ကျရင် အရပ်သားသမ္မတကို တင်ဖို့ဆိုတာ အရမ်းကိုခဲယဉ်းသွားပြီ။ မဖြစ်နိုင်တော့ဘူး။

အခုဟာက သမ္မတပြောင်းလိုက်တာ။ လူပြောင်းတာပေါ့။ လူပြောင်းတာထက် မူလေးကိုပြောင်းစေချင်တယ်။ မူဆိုတဲ့နေရာမှာ အန်တီတို့ နိုင်ငံကဆင်းရဲတွင်း နက်နေတဲ့ နိုင်ငံဖြစ်တယ်။ ပြည်သူလူထုကို ဆင်းရဲတွင်းထဲကနေ ကယ်ထုတ်နိုင်တဲ့ အခွင့်အလမ်းက သမ္မတကြီးမှာ အပြည့်အဝရှိနေတယ်။ တပ်မတော်သား ၂၅ ရာခိုင်းက လွှတ်တော်ထဲမှာ ဘယ်လောက်ပဲ ထိုင်နေထိုင်နေ။ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို သမ္မတကဆောင်ရွက်နိုင်တဲ့ အာဏာသူ့မှာ အပြည့်အဝရှိတယ်။ ဒါကြောင့် နောက်တက်တဲ့ သမ္မတကြီးကို ဒီဆင်းရဲတွင်းနက်နေတဲ့ နိုင်ငံကို အကောင်းဆုံးဖြစ်အောင် ပြန်လည်တည်ဆောက်နိုင်မယ့်၊ စစ်မှန်တဲ့ဒီမိုကရေစီမျိုးစေ့ချပေးနိုင်မယ့် နိုင်ငံမျိုးကို တည်ဆောက်နိုင်မယ့် တကယ်ထက်မြက်တဲ့ ဦးဆောင်မှုတွေကို ပေးစေချင်တယ်။

ဦးသိန်းသန်းဦး (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)

ကျနော်ထင်တာကတော့ ဦးထင်ကျော် နှုတ်ထွက်သွားတာက သမ္မတကြီးက ကျန်းမာရေးအရလို့ ထင်တယ်။ သူ့ရဲ့မူလသမ္မတ တာဝန်ထမ်းဆောင်စဉ်က ပုံနဲ့ခုက တော်တော်လေး ကွာသွားပြီ။ အသားအရေတွေမဲသွားပြီ။ ကြားတဲ့အရသူ့မှာ ရေရှည် ကုသရမယ့် ရောဂါတစ်မျိုး ခံစားနေရတယ်လို့ ကြားရတယ်။ အဲဒီအခြေအနေအရ သူ့ကျန်းမာရေးအရ ဆန္ဒအရ နှုတ်ထွက်သွားတယ်လို့ပဲ ထင်မြင်ပါတယ်။

သမ္မတကြီး ဦးထင်ကျော် အစိုးရအဖွဲ့က အဓိကဦးဆောင်တာ ဒေါ်အောင်ဆန်းကြည်ပေါ့။ သူ့ကို ၅၉ စ နဲ့ တားမြစ် ပိတ်ပင်ခံရတဲ့ အတွက် ဒီသမ္မတနေရာမှာ သူ့ရဲဘော်တွေက တာဝန်ယူပြီး သူ့လမ်းညွှန်ချက်နဲ့ လုပ်ကြရတာပေါ့။ ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ သစ္စာရှိရှိနဲ့ လိုက်ပါသွားနိုင်တယ်။ သူ့အစိုးရအဖွဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေက အရမ်းကြီးမားပါတယ်။ အဲဒီမှာ ကျွန်တော်တို့က ပြောမယ်ဆိုရင်တော့ သမ္မတကြီး ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ ပြောရမယ်ဆိုရင် ထင်ရှားတဲ့ အချက်က ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းပြီးနောက် တက်လာတဲ့ အစိုးရအဆက်ဆက်မှာ အဂတိလိုက်စားမှု အကင်းစင်ဆုံး၊ အနည်းဆုံးအစိုးရလို့ ပြောချင်ပါတယ်။

နောက်တက်လာမယ့် သမ္မတကလည်းပဲ။ ပါလီမန်ထဲကအနေအထား အရခန့်မှန်းကြတာပေါ့။ တကယ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင်တော့ သမ္မတတွေ၊ ဒုတိယသမ္မတတွေက လွှတ်တော်ကိုယ်စားလှယ် မဖြစ်ရဘူး။ နိုင်ငံဝန်ထမ်း မဖြစ်ရဘူးဆိုတော့ ဦးဝင်းမြင့်နှုတ်ထွက်သွားပြီ။ အဲဒါကတိုက်ဆိုင်နေတယ်။ သူဟာလည်းပဲသမ္မတဖြစ်နိုင်တဲ့သူတစ်ဦးပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာသမ္မတရာထူးနဲ့ ထိုက်တန်တဲ့သူတွေရှိပါတယ်။ လုပ်နိုင်တဲ့သူတွေ ရှိပါတယ်။ နောက် မကွေးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့ မန္တလေးဝန်ကြီးချုပ်တို့က လူကြိုက်များတဲ့သူတွေပဲ။

နောက်တက်လာမယ့် သမ္မတကတော့ သူခေါင်းဆောင်မယ့် အစိုးရအဖွဲ့ဟာ တကယ့်ကိုတိုင်းပြည်မှာ ပြဿနာကြီးတွေနဲ့ ရင်ဆိုင်ရမယ့် အချိန်နဲ့ တိုက်နေတယ်။ စီးပွားရေးကတုံ့ဆိုင်းနေတယ်လို့ ပြောတယ်။။ တစ်ဖက်မှာလည်း ရခိုင်ထောင်ချောက်ကြီးထဲမှာ ကူးခတ်နေရတယ်။ နိုင်ငံတကာမှာတကယ့်ကိုမျက်နှာမလှဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကလည်း သိပ်မအောင်မြင်လှတဲ့အခြေအနေ၊ ငြိမ်းချမ်းရေးသွားရာမှာအဟန့်အတားအနှောက်အယှက်တွေ ရှိနေတဲ့အချိန်ဆိုတော့ ဒီသမ္မတသည် ကြံ့ခိုင်တည်ငြိမ်ပြီးခေါင်းရှိတဲ့သမ္မတ ဖြစ်ဖို့လိုတယ်လို့ ကျနော်ယူဆတယ်။ ကြံ့ကြံ့ခိုင်ခိုင် တည်တည်ငြိမ်ငြိမ်နဲ့ နိုင်ငံရေးအယူအဆအမျှော်အမြင်ကြီးတဲ့ သမ္မတမျိုးဖြစ်သင့်တယ်။

ဦးမောင်မြင့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP)

အခုသမ္မတကြီးက သာမန်အားဖြင့်ကတေ့ာ နုတ်ထွက်တယ်ဆိုတာ ကျန်းမာရေးလည်းသူ့ အနေနဲ့ တော်တော်လေး ကျသွားတယ်ဆိုတာ တီဗီသတင်းတွေမှာ ကြည့်ရင် တွေ့နိုင်ပါတယ်။ ဒီဟာကျန်းမာရေးအရ အငြိမ်းစားယူသွားတယ်လို့ပဲ ယူဆပါတယ်။ သူသွားရင် သူ့ထက်ကောင်းမယ့်သူ ပိုပြီးတေ့ာမှ လုပ်နိုင်စွမ်းတဲ့သူ ဒီလိုမျိုးကို ပြည်သူတယောက် အနေနဲ့ မျှော်လင့်ပါတယ်။

သူ့ သက်တမ်းအတွင်းမှာ ဘာတွေ လုပ်ခဲ့သလဲဆိုတာကတေ့ာ ကပ်ဘိနက်ကို သမ္မတဦးဆောင်တာဆိုတေ့ာ ကပ်ဘိနက် လုပ်ဆောင်မှုဟာ သမ္မတရဲ့ လုပ်ဆောင်မှု လို့ ပြောလို့ရပါတယ်။ သမ္မတကိုယ်တိုင်က ရှေ့ထွက်ပြီးလုပ်ချင်မှ လုပ်မှာပေါ့။ ကပ်ဘိနပ် ရဲ့ ဆောင်ရွက်မှု အားလုံးကို သမ္မတရဲ့ ဆောင်ရွက်မှု လု့ိပဲကျနော်ကတေ့ာ မြင်ပါတယ်။

သမ္မတအသစ်နဲ့ ပတ်သက်ရင်တေ့ာဒါထက် ပိုပြီးလုပ်နိုင်တဲ့ သမ္မတ ဖြစ်စေချင်တယ်။ ပြည်သူတွေနဲ့ ပိုပြီးတေ့ာ ထိတွေ့စေချင်တယ်။ လူတွေရဲ့ အသံတွေကို နားထောင်စေချင်တယ်။ လူတွေ ဘာတွေ ခံစားနေရလဲဆိုတာကို သမ္မတကိုယ်တိုင်က သိမြင်ကြုံတွေ့ရမယ်ဆိုရင်တေ့ာ ပိုပြီးတေ့ာမှ နားလည်နိုင်မှာ ဖြစ်ပါတယ်။

သမ္မတကြီး အနေနဲ့ ခရီးသွားတာနည်းပါတယ်။ ခရီးသွားစေချင်တယ်။ လူတွေနဲ့ ထိတွေ့စေချင်တယ်။ ဖော်ရှိုးမဟုတ်ဘူး။ အောက်ခြေအထိ တကယ်ဆင်းစေချင်တယ်။ တော်လှန်ရေးကောင်စီ ခေတ်တုန်းက ဗိုလ်ချူပ်ကြီးနေဝင်းတို့ဆိုတာ အဲ့ချိန်တုန်းက လယ်သမားတွေနဲ့ ဒူးတိုက်ပြီးတေ့ာမှ ဆွေးနွေးပွဲတွေ လုပ်ပြီးလယ်သမားတွေရဲ့ အသဲ နှလုံးကိုဆုပ်ယူနိုင်ခဲ့တယ်။ နောက်ပိုင်းကျတေ့ာမှ အဖက်ဖက်က ပေါ်လစီတွေ မှာယွင်းခဲ့ပြီးတေ့ာမှ စီးပွားရေး ချွတ်ခြုံကျလို့ တိုင်းပြည်က ချွတ်ခြုံ ကျသွားတာပါ။ တကယ်တမ်းတေ့ာ လူထုကိုစည်းရုံးနိုင်တာ တော်လှန်ရေးကောင်စီကို ဘယ်သူမှ မမှီဘူးလို့ ပြောရဲတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading