သမ္မတ ဦးဝင်းမြင့် နှင့် တိုင်းရင်းသားတို့၏ မျှော်လင့်ချက်များ

ဧရာဝတီ
မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတ ဦးဝင်းမြင့် / မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အနေဖြင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် နယ်ပယ်၊ ကဏ္ဍများတွင် မည်ကဲ့သို့ တိုးတက်ဖွံ့ဖြိုးစေရန် လုပ်ဆောင်ပေးနိုင်မည်နည်းဟု လူအများ စိတ်ဝင်စားနေကြသကဲ့သို့ တိုင်းရင်းသား ခေါင်းဆောင်များတွင်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး မျှော်လင့်ချက်များရှိနေသည်။

မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတ ဖြစ်လာသည့် သမ္မတ ဦးဝင်းမြင့် အပေါ် မျှော်လင့်ချက်များနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် တိုင်းရင်းသား နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများကို ဧရာဝတီ သတင်းထောက်များက ဆက်သွယ်မေးမြန်းထားသည်။

ဒေါက်တာတူးဂျာ (ဥက္ကဋ္ဌ)

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)

ကျနော် ဦးဆုံးပြောချင်တာက သမ္မတသစ် တက်လာတယ်ဆိုတော့ NLD အနေနဲ့လည်း ပြုပြင်ပြောင်းလဲရေး လုပ်နိုင်အောင် ဝေဝေဆာဆာ လုပ်နိုင်အောင် Reform လုပ်တဲ့ ပုံစံနည်းနည်း ကြားတယ်။ နောက်ဆက်တွဲပြောင်းလဲစရာတွေလည်းတချို့ ရှိကောင်းရှိမယ်။ နောက်ဆက်တွဲပေါ့လေ။ အပြောင်းအလဲလုပ်တာကတော့ အလကားသက်သက်တော့ လုပ်တယ် မထင်ဘူး။ ပြည်သူတွေရဲ့ ဆန္ဒပြည့်ဝရေး၊ ပြည်သူတွေ ကြိုက်နှစ်သက် အောင်၊ အားရစရာကောင်းအောင် လုပ်ပေးချင်တဲ့ ဆန္ဒနဲ့ အပြောင်းအလဲလုပ်တယ်လို့ ယူဆတယ်။

အခြေအနေအရပ်ရပ် ကိုသုံးသပ်ခြင်းအားဖြင့် အခုအသစ်တတ်လာတဲ့ သမ္မတဦးဝင်းမြင့်က ယခင် သမ္မတဟောင်းထက် ပိုပြီးလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ကျနော်တို့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်ဖို့ တပ်မတော်ကိုလည်း သူပြောနိုင်လိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်။ အရေးကြီးတာကတော့ ငြိမ်းချမ်းရေးရဖို့ ဖြစ်တယ်။ ငြိမ်းချမ်းရေးရဖို့ကတော့ တိုက်ပွဲရပ်ဖို့ အဓိက ဖြစ်တယ်။ တိုက်ပွဲမရပ်နိုင်ပဲ ငြိမ်းချမ်းရေးရဖို့ ဆိုတာမဖြစ်နိုင်ဘူး။

ဒါ့ကြောင့် သမ္မတဟောင်း လက်ထက်တုန်းက တိုက်ပွဲရပ်အောင် ကျနော်တို့က မလုပ်နိုင်ခဲ့တာလည်းရှိတယ်။ ဒါလည်း အကြောင်း ကြောင်းကြောင့် စိန်ခေါ်မှုအမျိုးမျိုးကြောင့်ပါ။ အခုလက်ရှိတတ်လာတဲ့ သမ္မတသစ်အနေနဲ့ ဆက်ကြိုးစားပြီး တိုက်ပွဲရပ်နိုင်အောင် KIO နဲ့လည်း ညှိနှိုင်းပြီး အားလုံးပင်လုံညီလာခံမှာ ဆုံနိုင်အောင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းတဲ့ အခါမှာ အားလုံးတတ်စုံလူစုံ ဖြစ်နိုင်အောင် သမ္မတသစ် အနေနဲ့ ကြိုးစားမယ်လို့ မျှော်လင့်တယ်။ ကြိုးလည်း ကြိုးစားသင့်တယ်လို့ ကျနော်တို့ မျှော်လင့်တယ်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပေါ်မှာ မူတည်တာလည်းရှိတယ်။ တာဝန်တွေ ခွဲဝေပေးမယ် ဆိုရင်ပေါ့။ ဒါပေမယ့် အတိုင်ပင်ခံက သမ္မတအထက်က ဖြစ်နေတော့ အတိုင်ပင်ခံကပဲ တာဝန်တွေ အားလုံးယူထားပြီး လုပ်ဆောင်နေမယ်ဆိုရင် သမ္မတက လုပ်စရာ မရှိတော့ဘူး ဖြစ်နေမှာပေါ့။ လာမယ့် ကာလမှာ အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့လည်း သမ္မတကို လုပ်ပိုင်ခွင့် ခွဲဝေပေးလိမ့်မယ်လို့ မျှော်လင့်တယ်။ အဲ့လိုဆိုရင်တော့ ခုဏပြောတာတွေကို သမ္မတအနေနဲ့ လုပ်ဆောင်နိုင်မှာပေါ့။ မဟုတ်ရင် အရင်တိုင်းပဲ ကန့်သတ်ထားမယ် ဆိုရင်တော့ လူသာပြောင်းတာဘာမှ ဖြစ်ပေါ်လာဖို့ ကျနော်တို့ သိပ်မထင်ဘူးဗျ။

ကျနော်မြင်တာကတော့ NLD ခေါင်းဆောင်ပိုင်းမှာ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံရဲ့ စဉ်းစားချက်၊ သူ့ မူဝါဒပေါ့ ။ အရင်ကထက် သမ္မတသစ်က ပိုလုပ်နိုင်အောင် လမ်းဖွင့်ပေးမယ် ဆိုတဲ့ အနေအထားမျိုးသူ့မှာရှိမယ်။ အရင်ကထက် ပိုလုပ်နိုင်တဲ့ သမ္မတဖြစ်လာဖို့ ဘေးကနေ ဖေးဖေးမမရှိလာမယ်လို့ ကျနော်တို့ မျှော်လင့် တယ်။ လူပုဂ္ဂိုလ် အရည်အချင်းပေါ်မှာ မမူတည်ဘူးလားဆိုတော့လည်း မူတည်ပါတယ်။ အခုတတ်လာတဲ့ သမ္မတက သူကအသက်အရွယ် အရလည်းငယ်သေးတယ်။ လုပ်နိုင်ကိုင်နိုင်တာတွေလည်း အများကြီးရှိတယ်။ အတွေ့အကြုံလည်းရှိတော့ နိုင်ငံတော်အတိုင်ပင်ခံလည်း အများအကျိုး မျှော်ကိုးပြီး သူ့ကိုလုပ်ပိုင်ခွင့် တွေ ခွဲဝေပေးလိမ့်မယ်လို့ ထင်ပါတယ်။ အဲ့ခါကျရင် ငြိမ်းချမ်းရေးဆွေးနွေးတဲ့ နေရာတွေမှာ မိန့်ခွန်းပြောတာတို့ ထဲထဲဝင်ဝင် ဝင်ရောက် လုပ်ကိုင်တာမျိုးတို့က ကျနော်တို့ မြင်တွေ့စရာရှိပါတယ်။

နိုင်အောင်မငေး (ဗဟိုကော်မတီဝင်)

မွန်ပြည်သစ်ပါတီ (NMSP)

အခုကျနော်တို့ သမ္မတ အသစ်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပီပီပြင်ပြင် အကျိုးရလာဒ်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ နောက်တော့ ကျနော်တို့ ပိတ်ဆို့နေတဲ့ NCA ထိုးပြီးတဲ့ အဖွဲ့အစည်းတွေရော၊ NCA မထိုးရသေးတဲ့ အဖွဲ့အစည်းတွေရော ဒီငြိမ်းချမ်းရေး အပေါ်မှာ တင်းကြပ်မှုရှိနေတာကို သမ္မတကြီးအနေနဲ့ ဝိုင်းဝန်းဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သမ္မတက ပြီးခဲ့တဲ့ လွှတ်တော်မှာလည်း အတွေ့အကြုံ အများကြီးရှိတယ်။ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း NLD အစိုးရအနေနဲ့ သူ့ သက်တမ်းမှာ အောင်မြင်စေချင်တဲ့ ဆန္ဒက အပြည့် ရှိတယ်ဆိုတော့ ဒီကိစ္စကို သမ္မတကိုယ်တိုင် ဦးစီးပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အတူလုပ်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

NLD အစိုးရသက်တမ်းကျော်ကျရင် ကျနော်တို့ မျှော်မှန်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုက ဘယ်လိုရလဒ်မျိုး ဘယ်လိုအကျိုးဆက်မျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုတာ မပြောနိုင်ဘူး။ ဒါကြောင့်မလို့ ဒီသမ္မတ သက်တမ်းမှာ အစွမ်းကုန် ကြိုးုစားရမယ်လို့ ပြောချင်ပါတယ်။

တပ်မတော်နဲ့ကတော့ အလျှော့အတင်း အပေးအယူတော့ ရှိသင့်တယ်လို့ ကျနော် ထင်တယ်။ ဘာဖြစ်လို့ဆို ရှေ့ဆက် လုပ်ငန်းစဉ်မှာ တပ်မတော်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာတွေ အများကြီး ရှိနေတော့လေ။ ဒါကြောင့် အပေးအယူ မရှိပဲနဲ့ အလျှော့အတင်း မရှိပဲနဲ့ ဘယ်လိုမှ ဒီဖြစ်စဉ်ကိုမကျော် ဖြတ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့်မလို့ အပေးအယူ၊ တဖက်နဲ့တဖက် နားလည်မှု သုံးပွင့်ဆိုင်ပေါ့ နော်။ တပ်မတော်ရော၊ အစိုးရရော၊ ကျနော်တို့ တိုင်းရင်းသား EAOs တွေရောအပေးအယူ မျှမျှတတလုပ်မယ် ဆိုရင် ကျနော်တို့ အခု ဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ပိတ်ဆို့ကိုတော့ ကျနော် ထင်တယ်။ ဒါအပေးအယူလိုပါတယ်။

ဦးကြည်မြင့် ပြောခွင့်ရပုဂ္ဂိုလ်

အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်- မိုင်းလားတပ်ဖွဲ့ (NDAA)

ကျနော့်အနေနဲ့ကတော့ ကြိုဆိုပါတယ်။ သမ္မတကြီးနဲ့အတူ ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ လမ်းပေါ်မှာ အတူတူချီတက်ကြမယ်။ ဒါကြောင့် ကြိုဆိုပါတယ်။ သမ္မတ အသစ်ပဲဖြစ်ဖြစ်ပေါ့။ အားလုံးက တိုင်းပြည်က ငြိမ်းချမ်းရေး ရပြီးတော့မှ ဖွံ့ဖြိုးတိုးတက်တဲ့ စည်ပင်သာယာတဲ့ မြန်မာပြည်ပေါ်လာဖို့လေ။ အဲလိုဆန္ဒရှိပါတယ်။ တပြည်လုံးလည်း ဆန္ဒရှိပါတယ်။ ကျနော်တို့ တိုင်းပြည် ချမ်းသာကြီးထွားအောင်၊ ငြိမ်းချမ်းသာယာတဲ့ ဘဝရောက်အောင် အားလုံးကမျှော်လင့်နေတယ်။ ဆိုတော့ သမ္မတသစ် ပေါ်လာတာလဲ ကျနော်တို့ကို ဦးစီးပြီးတော့မှလည်း ချီတက်သွားမှာပါလို့ အဲလိုပဲ ယုံကြည်တယ်။ မျှော်လလည်း မျှော်လင့်တယ်။

 

ဗိုလ်မှူးကြီး ကြာဆော်လမွန် (ဒုဥက္ကဋ္ဌ)

လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)

သမ္မတ သစ်ကလည်း အသက်အရွယ်အရရော၊ ပညာရေး၊ ကျန်းမာရေး အခြေအနေအရရော သင့်တော်တဲ့ သမ္မတဖြစ်နေတယ်။ ကျနော်တို့နိုင်ငံမှာတော့ တိုင်းပြည် နိုင်ငံရေး၊ ဖွံ့ဖြိုးရေး အတွက် တိုးတက်အောင် သူလုပ်နိုင်မယ်လို့ ကျနော်ကတော့ ယုံကြည် ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့လည်း သူက ကြိုးစားဆောင်ရွက်သွားမယ်လို့ ထင်တယ်။ အပြည့်အဝ ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

နိုင်ငံရေး၊ ငြိမ်းချမ်းရေးကိစ္စတွေကို သူ့အနေနဲ့ သူ့သက်တမ်းအတွင်းမှာ အလေးထားဆောင်ရွက်သွားလိမ့်မယ်လို့ ယုံကြည်တယ်။ မျှော်လည်း မျှော်လင့်ပါတယ်။

ဗိုလ်ချုပ် စောအိုက်ဇက်ဖိုး (ဒုဥက္ကဌ -၁)

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)

အခုရပ်တန့်နေတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ပြေလည်အောင် ဖြေရှင်းပေးစေချင်တယ်။ အဓိက ဖြစ်နိုင်ရင်တော့ နိုင်ငံရေး ညှိနှိုင်းမှုတွေ လုပ်ပေးစေချင်တယ်။ အဲဒီ နိုင်ငံရေးညှိနှိုင်းမှုနေရာမှာလည်း ဆွေးနွေးပွဲတွေကို တက်ဖို့ အခက်အခဲတွေ မရှိစေဖို့လိုတယ်။ ပထမဆုံးတော့ ဖြစ်နေတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ပေါ့။

ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ၂ ဖက်စလုံး တဖက်စီမှာတော့ အားနည်းချက်တွေ ရှိတတ်ကြတာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီဟာတွေကို ဘယ်လို ကျော်လွှားနိုင်မလဲ၊ သဘောကတော့ တကယ်လို့ ကျနော်တို့ ညှိနှိုင်းမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ တကယ်ဖြစ်နေတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်ကိုရှာပြီးတော့ ဘယ်လိုညှိနှိုင်းမယ် ဆိုတာကပိုပြီးတော့ လုပ်စေချင်တယ်။ စေတနာမှန်မှန်နဲ့ ထိုင်ပြီးတော့ ရှင်းကြမယ်ဆိုရင်ပေါ့။

သဘောကတော့ တဖက်နဲ့ တဖက် တိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီးတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းသွားတဲ့ အခင်းအကျင်းကို ဖော်ဆောင်စေချင်ပါတယ်။

ဒေါက်တာရွှေခါးရ် (တွဲဖက်အတွင်းရေးမှူး)

ချင်းအမျိုးသားတပ်ဦး (CNF)

ပထမအနေနဲ့ကတော့ လောလောဆယ် သမ္မတအသစ် တတ်လာတာပေါ့။ အခုလောလောဆယ်မှာ ကျနော်တို့ တွေ့နေရတာက အစိုးရတခုလုံးက နိုင်ငံတော် အတိုင်ပင်ခံကနေ ဦးစီးပြီးတော့ အကောင် အထည်ဖော်နေတာ တွေ့ရတာကိုး။ ဆိုတော့ သူ့အနေနဲ့လည်း တော်တော် အလုပ်များတာ အဲဒါကြောင့် သမ္မတအသစ် တက်လာတယ်ဆိုတော့ တာဝန်နည်းနည်း ခွဲဝေမှုတွေ လုပ်ပြီးတော့ လုပ်စေချင်တာပေါ့။

အတိုင်ပင်ခံဆိုရင် နိုင်ငံခြားရေးရာကိစ္စနဲ့ ငြိမ်းချမ်းရေးကိစ္စကို ဆောင်ရွက်ဖို့ပေါ့နော်။ ပြီးလို့ရှိရင် ကျနော်တို့ အစိုးရ ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းစဉ်တွေကိုတော့ သမ္မတကို တာဝန်ခွဲပြီးတော့ သမ္မတက အဆင့်ဆင့် ကြီးကြပ်တဲ့ ဟာမျိုး အဲဒါမျိုးပုံစံလေးနဲ့ သွားရင်တော့ ပိုကောင်းမယ်လို့ ကျနော်တို့ ထင်တယ်။

ဗိုလ်မှူးချုပ် တာဘုန်းကျော်

ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)

မျှော်လင့်ချက်တော့ အများကြီး မထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ ဘယ်သူပဲ သမ္မတ တက်လုပ်၊ တက်လုပ် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကန့်သတ်မှုတွေများတော့ လုပ်နိုင်ဖို့က တော်တော် ခက်လိမ့်မယ် လို့ပဲ မြင်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုရင် ပိုဆိုးတာပေါ့။ လက်ရှိ ရှိနေတဲ့ အစိုးရက ငြိမ်းချမ်းရေးကိစ္စကို ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်နေသးဘူး။ ဆိုတော့ ဒီအပေါ်မှာ မျှော်လင့်ချက်ထားဖို့ ခက်တယ်လို့ပဲ မြင်ပါတယ်။ NLD အစိုးရ ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်းမှာ ငြိမ်းချမ်းရေးကိစ္စကို ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူးလို့ မြင်တယ်။ တိုက်ပွဲတွေ ပိုပြီးဖြစ်လာတယ်။ ဒီလိုဖြစ်အောင်လည်း မြန်မာ့ တပ်မတော်က လုပ်ဆောင်နေတယ်လို့ မြင်တယ်လေ။

ဦးမန်းအောင်ပြည်စိုး (ဒုဥက္ကဋ္ဌ)

ဖလုံ/စဝေါ်အမျိုးသား ဖွံ့ဖြိုးတိုးတတ်ရေးပါတီ

ဦးဝင်းမြင့်က ပြတ်သားတဲ့ ပုံတော့ ရှိတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေ အပေါ်မှာ ဘယ်လိုသဘောရှိတယ်။ ဘယ်လိုသဘောထားတယ် ဆိုတာကတော့ ခဏလေးတော့ စောင့်ကြည့်ပါဦးမယ်။ ပြောသံဆိုသံအရတော့ သူက ပြတ်သားတယ်။ တိကျတယ်ဆိုတော့ ဒီကတိုင်းရင်းသားတွေ လိုအင်ဆန္ဒကိုတစုံတခုများသတ္တိရှိရှိနဲ့ ဖြည့်ဆည်းပေးနိုင်မလားလို့ မျှော်လင့်တယ်။ စောင့်လည်း စောင့်ကြည့်နေပါတယ်။

ဖာပွန်မှာတပ်မတော်နဲ့ KNU ဘက်ကပစ်ကြခတ်ကြ ကိစ္စမှာညှိနှိုင်းတာလည်း KNU ဘက်ကညှိနှိုင်းဖို့ သွားတော့ တပ်မတော်ဘက်က နိုးပဲ မညှိဘူးကြားတယ်။ ဒီကိစ္စက အခြေခံဥပဒေနဲ့ ပတ်သတ်လာရင် ကာကွယ်ရေးဦးစီးချုပ်ကပဲ တာဝန်ယူဆောင်ရွက်ရမယ် ဆိုတာတွေ ပြောတယ်။ စစ်ရေးစစ်ရာနဲ့ ပတ်သတ်လို့ ဆွေးနွေးစရာမရှိဘူးပြောတယ်။ အဲ့လိုဆိုရင် ကျနော်တို့ NCA က အဓိပ္ပာယ် သိပ်မရှိတော့ဘူး။ NCA အရဆို ညှိနှိုင်းဆွေးနွေးရမယ့် အဖွဲ့တွေ ရှိတယ်။

ကျနော်တို့ တိုင်းရင်းသားဘက်ကနေ ကြည့်မယ်ဆိုရင် နိုင်ငံရေး၊ စစ်ရေးအရ လက်ဦးမှု ယူတယ်လို့ မြင်တယ်။ ကျနော်တို့ တိုင်းရင်းသားနယ်မြေတွေကို ဖွံံ့ဖြိုးရေး အကြောင်းပြပြီး လက်ဦးမှု ရယူတာတွေ မြင်တယ်။ ကျနော်တို့ အဲ့လိုပဲခံစားနေရတယ်။

သမ္မတသစ်မှာဒီလိုကိစ္စတွေ ညှိနှိုင်းပေးတာမျိုးမျှော်လင့်ပါတယ်။ ဦးထင်ကျော် လက်ထက်တုန်းက ဘာဆိုဘာတခုမှ မပြောဘူး။ ဦးဝင်းမြင့်ကတော့ သတ္တိရှိတယ်။ ပြတ်သားတယ် ဆိုတော့ တပ်နဲ့ပတ်သတ်ရင် ပြောများပြောမလားမျှော်လင့် နေပါတယ်။ ပြောပါစေလို့လည်းဆုတောင်းနေပါတယ်။

ဦးညီပလုပ် (ဥက္ကဋ္ဌ)

ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ

သူတတ်လာတာကောင်းပါတယ်။ ကျနော်ကတော့ ကြိုဆိုတယ်။ သမ္မတကြီးဦးဝင်းမြင့်နဲ့ ပတ်သတ်ရင် ကျနော်က ဖွဲ့စည်းပုံရေးဆွဲတဲ့ အမျိုးသား ညီလာခံကတည်းက သူနဲ့ တွေ့ဖူးတယ်။ သိတယ်။ သူ့အနေအထားကမဆိုးပါဘူး။ တော်တော်ကောင်းပါတယ်။ နောက် ရှေ့ဆက် လွှတ်တော် သက်တမ်းမှာလည်း လုပ်လာတော့ အထူးသဖြင့် ငြိမ်းချမ်းရေးကိစ္စ၊ တိုင်းရင်းသားတွေ အပေါ်မှာ စိတ်သဘောထားတွေ ဘယ်လိုပဲ ဖြစ်ဖြစ် နားလည် သဘောပေါက် မှာပါ။

သူ့အနေအထားကလည်း ကောင်းတယ်။ မဆိုးဘူး။ တိုင်းရင်းသားတွေနဲ့လည်း သူတော်တော်လေး တွေ့ဆုံခဲ့တယ်။ ဟိုးအရင် ကတည်းကလေ။ အဲ့တာကြောင့် တိုင်းရင်းသားတွေ အပေါ်လည်းသူနားလည် သဘောပေါက်မှာပါ။ သမ္မတကြီး ဦးထင်ကျော်ကတော့ ပြီးလည်း ပြီးသွားပြီ။ သူ့အနေအထားကလည်း အသက်ကလည်း စကားပြောလာတယ်။ သူကလုပ်ခိုင်းသလိုပဲ သူလုပ်ရတော့မှာလေ။ အခုဦး ဝင်းမြင့်ကတော့ တော်တော်လေး အခြေအနေကောင်းသေးတယ်။ သူအများကြီး ပြောဆိုနိုင်တယ်။ လုပ်နိုင်တယ်။ ကျနော်တို့ကအဲ့လိုပဲ မြင်ပါတယ်။

ဦးဝင်းမြင့်က NLD အစိုးရအနေနဲ့ ထဲထဲဝင်ဝင် ပါနေတော့ ပါတီဆိုက် အနေနဲ့ရော သူခံယူချက်၊ မျှော်လင့်ချက်တွေ အရရောပိုပြီး အလုပ်လုပ်နိုင်မယ်လို့ မြင်တယ်။ ဒါ့ကြောင့် သူတို့ အပြောင်းအလဲ လုပ်တာလည်း ဖြစ်မယ်လို့ ကျနော်တို့ သုံးသပ်တယ်။

တချိန်တခါတုန်းကတော့ တပ်မတော်ကို ပြောဆိုတာရှိမယ်။ အခုကတော့ သူလည်းသမ္မတ ဖြစ်လာပြီဆိုတော့ ချင့်ချိန်ပြီး သူလုပ်ရတော့မယ်လေ။ တပ်မတော်အခန်းကဏ္ဍ၊ တပ်မတော်နဲ့ ပတ်သတ်တာတွေပေါ့။ သူပိုပြီးတော့ ထဲထဲဝင်ဝင် ဖြစ်လာတော့ သူပိုကောင်းအောင် လုပ်ဖို့ လိုမယ်။ သူလုပ်နိုင်မယ်လို့လည်း ကျနော်တို့က ယုံကြည်တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading