မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကကျတဲ့ ကဏ္ဍတွေထဲမှာမှ စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးက အရေး ကြီးတဲ့ အခန်းကဏ္ဍမှ တခုအဖြစ် ပါဝင်နေပါတယ်။
၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံအနှံံ့အပြားမှာ စက်မှုဇုန်တွေ ထူထောင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း စက်မှု ဇုန်တော်တော်များများ လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ မြေဈေးနှုန်းကြီးမြင့်မှု၊ နည်းပညာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ သယ်ယူပို့ဆောင်မှု စရိတ်ကြီးမြင့်နေမှု အစိုးရရဲ့ ပံ့ပိုးမှုတွေ လိုအပ်တဲ့အပြင် ဈေးကွက်ဝယ်လိုအားနည်းနေတဲ့ အတွက်ကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ကြပါဘူး။
လက်ရှိအခြေအနေမှာလည်း စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရန် အခက်အခဲများ ကြုံတွေ့နေရပြီး စက်ရုံအချို့မှာလည်း ပြီးခဲ့သည့်နှစ်အတွင်း ရပ်ဆိုင်းသွားခြင်းမျိုးတွေရှိခဲ့ပါတယ်။
အဲဒီအခြေအနေများနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ အဆင့်မြင့်တင်ရေး ကော်မတီက ပူးတွဲ ကော် မတီ ဥက္ကဋ္ဌ လည်းဖြစ် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (ရွှေလင်ဗန်းစက်မှုဇုန်) ဥက္ကဋ္ဌ လည်းဖြစ်သူ ဦးအေးသောင်းကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် မျိုးပပစန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ လက်ရှိ စက်မှုဇုန်တွေမှာ စက်ရုံ အလုပ်ရုံတွေ လည်ပတ်ဖို့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ အဲဒီ အခက်အခဲတွေက ဘာတွေလဲရှင်။
ဖြေ။ ။ အခက်အခဲတွေကတော့ ကျနော်တို့ စက်မှုဇုန်တွေ စထောင်တော့ နိုင်ငံတော်က မြေတွေပေးပါတယ်။ ၃ လ အ တွင်း အုတ်တံတိုင်းခတ်၊ ၁ နှစ်အတွင်း စက်ရုံဆောက်ဆိုပြီး လုပ်ခဲ့ကြတယ်။ ဒီလိုလုပ်နေရာကနေ ၂၀၁၀ လောက်မှာ နိုင်ငံတော်က စက်မှုဇုန်မှာရှိတဲ့ ဇုန်သန့်ရှင်းလုပ်တာတွေနဲ့ ပတ်သက်ပြီး ဒါတွေ မတတ်နိုင်တော့တဲ့ အတွက်ကြောင့် စီမံခန့်ခွဲရေးကော်မတီက တာဝန်ယူပါဆိုပြီး ဖြစ်လာတယ်။
ဇုန်သန့်ရှင်းရေးလုပ်တာ၊ အမှိုက်ကျူံးတာက အစပေါ့။ ကျနော်တို့က ဝင်ငွေမရှိဘူး။ ကိုယ့်ပိုက်ဆံ ကိုယ်စိုက်လုပ်နေရတဲ့ သူတွေ ဖြစ်တယ်။ လမ်းရှင်းဖို့က ဘယ်လိုဆိုပြီး အများဆန္ဒနဲ့ ကောက်ခံကြတယ်။ ဒါပေမယ့်လည်း တကယ့် တကယ် ပြောရရင် မလောက်ပါဘူး။ အဲဒါကစပြီး အစ/အဆုံးတာဝန်ယူရတဲ့ ဘဝရောက်သွားတယ်။
မှန်တာပြောရရင် ဒါတွေ ကျနော်တို့ မလုပ်ချင်တော့ပါဘူး။ မလုပ်တတ်တဲ့အတူ ခိုင်းရတာက ကျနော်တို့အတွက် ငွေ ကုန်တယ်။ လူကုန်တယ်။ အမှိုက်နဲ့ ပတ်သက်ရင် စည်ပင်ဌာနကတာဝန်ယူလိုက်ပေါ့။ လျှပ်စစ်နဲ့ ပတ်သက်ရင် YESC (ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း) က တာဝန်ယူလိုက်ပေါ့။ အခွန်ကောက်နေတာပဲလေ။ အဓိကတော့ ကျနော်တို့က လုပ်ငန်းရှင်လည်း လုပ်ရတယ်။ ဒီအလုပ်တွေပါ လိုက်လုပ်နေရတယ်ဆိုတော့ မလိုလားအပ်တဲ့ ဝန်ထုပ်ဝန်ပိုး တွေ ဖြစ်လာတယ်။
ကျနော်တို့ စက်မှုဇုန် လုပ်ငန်းရှင်အားလုံးကတော့ ကိုယ့်အားကိုယ်ကိုးတဲ့ စနစ်နဲ့ သွားနေကြတယ်။ ဒါလေးတွေကို တာဝန် ရှိတဲ့ ဌာနဆိုင်ရာတွေက လိုအပ်တဲ့အချိန်မှာ ပြန်ယူပေးပါ။ ဒါမှသာလျှင် ကျနော်တို့က စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင်မှာပါ။
နောက် အခက်အခဲတွေ အနေနဲ့ကတော့ ကျနော်တို့ သွားနေရင်းနဲ့ အထည်ချုပ်လုပ်ငန်းဆိုရင် အနှစ် ၃၀ ပြည့်တော့မယ်။ ဖိနပ်ချုပ်လုပ်ငန်းဆိုရင် နှစ် ၂၀ ပြည့်တော့မယ်။ အခုထက်ထိ ရှေ့ကို တလှမ်းတိုးဖို့ ခက်နေတယ်။ ဒါတွေကလည်း ပေါ်လ စီတွေမငြိမ်လို့။ ပေါ်လစီတွေမငြိမ်ရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ခက်တယ်။
မေး။ ။ ဆန်ရှင် (စီးပွားရေးပိတ်ဆို့မှု) ကရော တကယ်လွတ်မြောက်နေပြီလို့ ပြောလို့ရပါသလားရှင့်။ ဒါကရော ဆရာ တို့အတွက် အဆင်ပြေအောင် ဘယ်လိုမျိုးလုပ်ဆောင်သင့်ပါသလဲရှင်။
ဖြေ။ ။ မှန်တာပြောရင် အမေရိကန် ဆန်ရှင်မလွတ်သေးပါဘူး။ ဒါပေမယ့် ထူးထူးခြားခြား အမေရိကန်ကနေပြီးတော့ GSP (အထူးကုန်သွယ်မှု အခွင့်အရေး) အနေနဲ့ ပေးထားပြီး ဖြစ်လို့ ဥပမာ ပြောရရင်တော့ – ကျောင်းသားကို ကျောပိုးအိတ်တွေ ပေးလိုက်တဲ့သဘောပေါ့။ အခု ခက်နေတာက အမေရိကန်ကနေ တိုက်ရိုက်ရင်းနှီးမြှုပ်နှံတဲ့သူ မြန်မာမှာ မရှိတာကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှာ တော်တော် ဒုက္ခရောက်သွားပါတယ်။
ဒီမှာ စက်ရုံလာလုပ်မယ်ဆိုရင် စက်ရုံကို ၆ လ Free လုပ်ခွင့် MIC ကချပေးမှ ဖြစ်မယ်။ ဒီလိုလုပ်ရင် နောက်လူတွေ အ များကြီးလာဖို့ ရှိတယ်။ အခုလာ စစချင်း စက်ရုံလုပ်ရင် လူက ထောင်နဲ့ချီ အလုပ်ရတော့မယ်။ သူဌေးပိုက်ဆံရတာ မရတာ အရေးမကြီးဘူး အလုပ်သမား အလုပ်ရသွားရင် မင်္ဂလာတပါးပဲ။ ဒီအချိန်မှာ အလုပ်သမားတွေ အလုပ်ရှားနေတဲ့ အချိန် စက်ရုံတခုဖွင့်ဖို့ ဆိုတာ အလွန်ခက်တယ်။
တခါတလေကျတော့ မြန်မာပြည်မှာ မှားနေတာပေါ့။ ဘယ်လိုခေါ်မလဲ ဥပဒေမရှိသေးဘူး။ ဒါလုပ်ရင် ဌာနဆိုင်ရာတွေရဲ့ အားပေးမှု မရှိတဲ့အပြင် ညစ်ချင်တဲ့ စိတ်လေးတွေပေါ့နော်။ ဒါမျိုးလေး တွေက အခက်အခဲတွေရှိပါတယ်။ အလုပ်လုပ် ချင်တဲ့သူတွေကို အရင်ဆုံး အဆင်ပြေအောင်လုပ်ပေးရမှာပါ။ သူတို့ အဆင်ပြေသွားမှ ကောက်စရာ ရှိတာ ကောက် တောင်းစရာရှိတာတောင်းပါ။ ဘယ်သူမဆို အဆင်ပြေသွားရင် ပေးချင်တာပဲ ရှိအောင်အရင် လုပ်ပေးလိုက်ပါ။ ရှိရင် ပေးမှာပဲ။
မေး။ ။ လက်ရှိအစိုးရ လက်ထက်မှာ စက်မှုဇုန်တွေကို အဆင့်မြှင့်တင်မယ်။ စက်မှုဇုန် ကဏ္ဍတွေမှာ ကူူညီမယ်လို့ ပြော တာတွေရှိပါတယ်။ လက်ရှိအနေအထားမှာတော့ ဆရာတို့ လုပ်ကိုင်နေတဲ့အပေါ် ထောက်ပံ့ပေးမှုက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ စတက်လာကထဲက ပြည်သူ့အစိုးရကိုး။ ကျနော်ကတော့ ကြိုဆိုပါတယ်။ ပြောတာကတော့ အစည်းဝေးမှာ အရမ်း နားထောင်လို့ ကောင်းတယ်။ လက်တွေ့ပိုင်းမှာ အားတော်တော်နည်းသွားပါတယ်။ ဒါကြောင့်မို့ တကယ်အားနည်းလို့ ရုံးကို သွားကြည့်ပြန်တော့လည်း အရင်အစိုးရလက်ထက်က ဝန်ကြီးချုပ်အပါအဝင် ၁၆ ယောက်ရှိပါတယ်။ အခု ဝန်ကြီးချုပ်အပါ အဝင် ၉ ယောက်ပဲ ရှိတယ်။ ဝန်ကြီးကိုယ်တိုင်က မိတ္တူကိုယ်တိုင်စကူးနေရရင်တော့ လိုအပ်တဲ့ နေရာတွေမှာ လျှော့လွန်း အားကြီးတယ်လို့ ကျနော်မြင်ပါတယ်။
အဲဒီတော့ သူ့ကို အကြံပေးမယ့်သူမရှိဘူး။ သူပြောသာ ပြောသွားတယ်။ အကောင် အထည်ဖော်တဲ့ နေရာမှာ အားနည်း ချက်လေးတွေ များလာတော့ အခုဆိုပြောလာပြီ။ လေထဲက စကားလုံးလေထဲမှာပဲ ပျောက်သွားတာဆိုတာ ဖြစ်လာတဲ့ အခါကျတော့ ကာယကံရှင်အတွက်လည်း နစ်နာပါတယ်။ အရည်အချင်းရှိလို့သာ ခန့် ထားတယ်လို့ပဲ ကျနော်တို့က ယူဆ ပါတယ်။ သူ့ကိုပံ့ပိုးပေးမယ့် အဖွဲ့အစည်းတွေ လိုလာပြီ။
အကောင်ထည်ဖော်မယ့် အဖွဲ့အစည်းတွေ၊ နောက်က ပံ့ပိုးမှုလုပ် ပေးမယ့်အဖွ့ဲတွေ လိုတဲ့အပြင် ပညာရှင်တွေ၊ လုပ်ငန်းရှင် တွေ တကယ်လုပ်တဲ့ သူတွေနဲ့ ပူးပေါင်းလိုက်ပါ။ ရန်ကုန်မှာနေလို့ ရန်ကုန်ကို တိုးတက်စေချင်တာ မဟုတ်ပါဘူး။ ရန်ကုန် က အဓိက နေရာဖြစ်တယ်။ ရန်ကုန်မှာ အဆင်မပြေရင် နယ်မှာ ပိုဆိုးပါတယ်။ ဒါကြောင့်မို့ ရန်ကုန်ကို အဆင်ပြေအောင် လုပ်ပေးပါ။
ဝန်ကြီးချုပ် တယောက်မရရင် ၂ ယောက်ပေါ့ဗျာ။ တကယ်လုပ်နိုင်တဲ့ သူကို တကယ်နေရာပေးပေးပါ။ ဒါဆိုရင် တက်သွား မှာ။ တကယ်လုပ်မယ့်သူတွေက ရန်ကုန်မှာ စုနေတယ်။ အစိုးရတခုထဲ လက်ညိုးထိုးတာ မဟုတ်ပါဘူး။ ပုဂ္ဂလိကရောပါ။ အခု ကျူးကျော်ကိစ္စ အစိုးရမတတ်နိုင်ရင် ကျနော်တို့ ပါပါ့မယ်။ ဘယ်နေရာက ပါရမလဲသာပြော။ ဘာလို့လဲ အစိုးရ၊ ပြည် သူ၊ လုပ်ငန်းရှင်လည်း မချမ်းသာဘူးဆိုရင် လမ်းပေါ်မှာ နေတဲ့သူက ပိုဆိုးပါတယ်။
ဒါပေမယ့် အဖြေတခုရအောင်ရှာပြီးတော့ လုပ်ကိုလုပ်ရမယ့်အချိန်မှာ လုပ်ရမယ်။ ဒါတွေကြည့်ပြီးတော့ လက်ညိုးထိုးနေတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အဖြေကောင်းတခု ပေးရမယ်။ ဒါတွေမရှိရင် ကျနော်တို့ ပြောစရာမလိုဘူး။ ကျူးကျော်တွေလည်း နေချင်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် စနစ်တကျလေး ဖြစ်သွားရင် ရပြီ။
မေး။ ။ ဆရာတို့ စက်မှုဇုန်လုပ်ငန်းရှင်တွေ အနေနဲ့ အဓိက တောင်းဆိုချင်တဲ့ အချက် ဘာတွေဖြစ်မလဲဆိုတာ ပြောပြ ပေးပါ။
ဖြေ။ ။ အခု သီလဝါ SEZ (အထူးစီးပွားရေးဇုန်) ပေါ်လာပြီ။ ထို့နည်းတူ ကျနော်တို့လို စက်မှုဇုန်တွေကိုလည်း ပြင်ပေးပါ။ သူတို့တော့ ပေးလို့ရတယ်။ ကျနော်တို့ရော ပေးလို့ မရဘူး။ ကျနော်တို့လည်း ပြည်သူထဲက ပြည်သူပါပဲ။ အခွင့်အရေးကို ပိုပြီးတော့ မတောင်းပါဘူး သူတို့ပေးတဲ့အတိုင်း ပေးပါ။ သူတို့ SEZ သာ ပြောတယ်။ စက်ရုံ ဘယ်နှစ်ရုံ လည်ပတ်နေပြီလဲ သွားကြည့်လိုက်ပါ။ သူတို့ အထူးစီးပွားရေးဇုန် ဥပဒေထွက်ပြီ။ ကျနော်တို့ကိုလည်း စက်မှုဇုန် ဥပဒေထွက်ပေးပါ။
နောက်တခုက ဒီမှာ လုပ်နေတဲ့ လုပ်ငန်းရှင်၊ အလုပ်သမား၊ ပညာရှင်တွေရောကို လုံခြုံရေးလေးရှိအောင် ဥပဒေလေးနဲ့ အ ကာအကွယ်ပေးပါ။ ကျနော်တို့ ပိုင်ရှင်တွေ ချမ်းသာတဲ့ သူတွေကတော့ ကားရှိလို့ ပြဿနာ မရှိဘူး။ အလုပ်သမားတွေ နေ့ခင်းကြောင်တောင် ဆိုင်ကယ်စီးသွားလို့မရဘူး။ ဖုန်းပြောလို့မရဘူး။ လုယက်တာတွေ ရှိလာတယ်။
ဘာကြောင့်လဲဆိုတော့ လူတွေ ဆင်းရဲလာတဲ့ အခါကျတော့ အရလွယ်တဲ့ အလုပ်ကို ကလေးတွေ၊ လူငယ်တွေ သုံးချင် ဖြုန်းချင်တဲ့ လူငယ်တွေ လမ်းမှားရောက်နေတဲ့ လူငယ်တွေက ဒါလေးတွေ လုပ်လာကြ အတင့်ရဲလာကြတယ်။ မိန်းက လေးတွေနဲ့ နိုင်ငံခြားသားတွေအတွက် အင်မတန် စိုးရိမ်ရတဲ့ အခြေအနေတွေ ဖြစ်လာပါပြီ။ ဒါလေးတွေကို ဥပဒေရှိပေးပါ။ အခုလိုသာ ဆက်သွားနေမယ်ဆိုရင် ဒီစက်ရုံတွေ မကြာခင်မှာပိတ်ရမယ်။
စက်ရုံလုပ်ငန်းရှင်တွေက စက်ရုံလုပ်လို့ ရူံးသွားတာကို မကြောက်ဘူး။ သူတို့အသက်အန္တရာယ်ကို ထိခိုက်လာမှာကိုတော့ ကြောက်တယ်။ အသက်တချောင်းပဲ ရှိကြတာဖြစ်တယ်။ ဒါကို ကာကွယ်ပေးနိုင်ရင်တော့ကောင်းပါတယ်။
မေး။ ။ ရွှေလင်ဗန်းစက်မှုဇုန်ထဲမှာ ယခုနှစ်အတွင်း စက်ရုံတွေ ပိတ်လိုက်ရတာမျိုးရော ရှိပါသလားရှင့်။ ရှိရင် ဘာကြောင့် ပိတ်လိုက်ရပါသလဲ။
ဖြေ။ ။ ဒီနှစ်အတွင်း စက်ရုံ ၄၊ ၅ ရုံလောက်ပိတ်လိုက်ရတာ ရှိပါတယ်။ အဓိကတော့ အထည်ချုပ်လုပ်ငန်းလေးတွေပါ စက် ရုံသေးတယ်။ လူ ၂ ရာ ၃ ရာရှိတဲ့ တဆင့်အော်ဒါယူပြီး လုပ်တဲ့သူတွေ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ အော်ဒါကြီးကြီး မား မားက မရတဲ့အခါမှာ တဆင့်ခံ အော်ဒါသမားလေးတွေမှာ မရပ်တည်နိုင်ဘူး။
ဒါကြောင့် လုပ်ငန်းလုပ်ကိုင်သူတွေ အနေနဲ့ သေးသေးကြီးကြီး အရည်အသွေးသတ်မှတ်ချက် မှတ်တမ်းယူထားဖို့ လိုပါ တယ်။ ဥပမာ ကျနော်တို့ အကျီင်္တထည် ချုပ်တယ်။ တဆင့်ခံအော်ဒါဖြစ်တဲ့အတွက် ၁၅ ပြားပဲရတယ်။တကယ်လို့သာ အရည်အသွေး သတ်မှတ်ချက် ရှိတဲ့သူကို အပ်မယ်ဆိုရင် ၁ ကျပ်နဲ့ ပြား ၆၀ ရတယ်။ လေးဆလောက်ကွာတယ်။ တနှစ်၊ နှစ်နှစ်ထဲနဲ့ မရဘူး။ ၃ နှစ်၊ ၄ နှစ် အချိန်ယူရတယ်။ အချိန်ပြည့် မျက်လုံးဒေါက်ထောက် ကြည့်နေတယ်။ ဘာလို့လဲဆိုတော့ အမှတ်တံဆိပ် ပစ္စည်းတွေ ဘာကြောင့် ဈေးကြီးလဲ အရည်အသွေးကောင်းလို့ပဲ။ ကမ္ဘာနဲ့ချီပြီး နာမည်ကြီးတဲ့ တံဆိပ်တွေ များများလာလေ ကျနော်တို့သူတွေ အရည်အချင်းပိုရှိလေ ပိုက်ဆံများများရလေပဲ။ ကိုယ့်မှာသာ အရည်အချင်းရှိပါစေ။ ကိုယ်ရှိတဲ့ စက်ရုံကို သူတို့လာလိမ့်မယ်။
၂၀၁၇ ခုနှစ် နှစ်စထဲကနေ အခုထိဆိုရင် ကျနော်တို့ ရွှေလင်ဗန်းမှာဆိုရင် စက်ရုံ ၅ ရုံ ပိတ်လိုက်ရပြီ။ နောင်လာမည့် စက်ရုံ တွေလည်း ပိတ်မယ့် အလားအလာရှိသေးတယ်။ အဓိကတော့ အထည်ချုပ်လုပ်ငန်းကတော့ အော်ဒါပါပဲ။ ဦးသိန်းစိန် အစိုး ရလက်ထက် နောက်ပိုင်းမှာမှ ဒီဇယ်၊ ဓာတ်ဆီက ဝယ်ရတာဆိုတော့ ဒါတွေသိပ်မပြောတော့ဘူူး။ မီးမလာဘူးလား မမေး ဘူး မီးစက်ပဲ မောင်းလိုက်တော့တယ်။ ဒါက ပြဿနာမရှိတော့ဘူး။ ကျနော်ပြောချင်တာက မီတာခ တွေတက်မလား တက် ပါ။ တက်သလို သူများလို မီးပေးနိုင်မယ်ဆိုရင် တက်ပါ။
မေး။ ။ တခြားရော ဆရာဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ကို စက်မှုဇုန် ဥပဒေထွက်ပေးပါ။ လက်ရှိဖြစ်နေတဲ့ အခက်အခဲလေး တွေကို သိစေချင်ပါတယ်။