လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအနှံ့ လျှပ်စစ်မီးလင်းရေးအတွက် ဆောင်ရွက် လျက်ရှိရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့သည် အဓိကဦးစားပေး မြို့တမြို့ ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင်လည်း လျှပ်စစ်ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း၊ လိုင်းကြိုးများ တပ်ဆင်ခြင်းတို့ အပါအဝင် လျှပ်စစ်မီး ရရှိရေးအတွက် စီမံကိန်းများ နှစ်အလိုက် ဆောင်ရွက် နေကြောင်း သိရှိရသဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဝေရေးအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးသန့်ဇင်ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ ရန်ကုန်မြို့ရဲ့ လျှပ်စစ်ဓာတ်အား ပေးဝေရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါရှင့်။
ဖြေ။ ။ ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရှင်းအနေနဲ့ တနှစ်ထက်တနှစ် ဓာတ်အားတွေ တိုးတိုးပြီးတော့ သုံးလာတဲ့ အပေါ်မှာ ဘယ်လိုပြင်ဆင် ဆောင်ရွက်နေသလဲဆိုတာကို အကြမ်းဖျင်း ရှင်းပြပါမယ်။ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေနဲ့ နှစ်စဉ်မှာ တနှစ်တနှစ်ကို သုံးစွဲတဲ့ပမာဏက ပျမ်းမျှ အားဖြင့်တော့ ၁၅၀ မဂ္ဂါဝပ်လောက် တိုးတိုးပြီးတော့ သုံးလာတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ၁၂၈၅ ဝန်းကျင် လောက်အထိပဲ အများဆုံး သုံးခဲ့တယ်။ ဒီနှစ်တော့ မတ်လထဲမှာ ရာသီဥတုကလည်း ပူလာပြီဆိုတော့ ၁၃၉၃ မဂါ္ဂဝပ် အထိတောင် ရောက်သွားပြီ။ ကျနော်တို့က ဒီနှစ်ကို ၁၅၀၀ မဂ္ဂါဝပ်လောက်အထိ သုံးစွဲမယ်လို့ မှန်းထားတယ်။
ပြီးခဲ့တဲ့ နှစ်က ၁၂၅၀ ကျော် ၁၂၈၅ လောက်ထိအောင် သုံးခဲ့တုန်းက ကျနော်တို့ ပြင်တော့ ပြင်ဆင်ခဲ့ပေမယ့် Transformer တွေ Over Load ဖြစ်တာတို့၊ ဓာတ်အားလိုင်းတွေ Over Load ဖြစ်တာတို့ ရှိခဲ့တယ်။ ရှိခဲ့တဲ့ အတွက်ကြောင့်မို့လို့ ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ လုပ်ငန်းတွေ အများကြီး လုပ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က ၁၂၈၀ ကျော်ဖြစ်တဲ့ အချိန်မှာ ပြဿနာတွေ အများကြီးရှိခဲ့တယ်။ ဓာတ်အားလိုင်းတွေ ပြတ်ကျတာတို့ ဓာတ်အားခွဲ ရုံတွေမှာ ဝန်အားပိုလို့ ထိန်းထိန်းသိမ်းသိမ်း သုံးရတာတွေ ရှိခဲ့တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ရဲ့ 66KV နဲ့ 33KV ဓာတ်အားခွဲရုံတွေမှာ လက်ရှိ တပ်ဆင်အင်အားထက် တိုးပြီးတော့ Transformer အကြီးကြီးတွေ ထည့်တယ်၊ ဓာတ်အားလိုင်း အသစ်တွေတည်ဆောက်တယ်။ မူလရှိပြီးသား ဓာတ်အားလိုင်းကို ပိုပြီးတော့ သုံးနိုင်အောင် Conductor ဆိုဒ်ကြီးကြီးတွေနဲ့ သုံးပြီးတော့ တည်ဆောက်တာတွေ၊ ဒါတွေ ကြိုပြီးတော့ လုပ်ထားခဲ့ပါတယ်။ ဒီနှစ်ကို ၁၅၀၀ မဂ္ဂါဝပ်အထိ သုံးနိုင်အောင် ကြိုတင်ပြင်ဆင်ထားတယ်။
မေး။ ။ လျှပ်စစ်ဓာတ်အား လုံလောက်ဖို့အတွက် ဘာတွေ ပြင်ဆင်ဆောင်ရွက်နေပါသလဲရှင့်။
ဖြေ။ ။ ဓာတ်အားခွဲရုံတွေ အစားထိုး တပ်ဆင်၊ အင်အား တိုးချဲ့တာနဲ့ ပတ်သက်လို့ အားလုံးပေါင်း မူလရှိပြီးသား Capacity ထဲကို 180 MVA လောက် တိုးပြီး တပ်ဆင်ခဲ့တယ်။ နောက်တခုက အသစ်တည်ဆောက်တာလည်း အလားတူပဲ၊ ၁၇၀ မဂ္ဂါဝပ်လောက် ဓာတ်အားခွဲရုံ အသစ်တွေ တည်ဆောက်ခဲ့တယ်။ ဓာတ်အားလိုင်းတွေလည်း ထိုနည်းတူ တည်ဆောက်ခဲ့တယ်။ ဒါက ကြိုတင်ပြင်ဆင်တဲ့ နည်းလမ်းတွေပါ။ အဓိက ဓာတ်အားခွဲရုံတွေ တိုးချဲ့ တပ်ဆင်တာတွေကို ပြောပြတာဖြစ်ပါတယ်။ ထိုနည်းတူ ဓာတ်အားခွဲရုံတွေကနေ 33KV ကနေ 11 KV တို့၊ 6.6 KV တို့ချပြီး ရပ်ကွက်ထဲထိ ရောက်တဲ့ ဓာတ်အားလိုင်းတွေ တွေ့ပါလိမ့်မယ်။ အဲဒီဓာတ်အားလိုင်းတွေကနေ တခါ၊ အိမ်မှာသုံးလို့ ရတဲ့ အထိရောက် အောင် 0.4 KV ရတဲ့ Transformer တွေကို ခါတိုင်းနှစ်နဲ့ မတူအောင် 200 KV ထက် ပိုပြီး ကြီးတာ မတပ်ဘူး။ 200 KV တွေ ဖြန့်ပြီး တပ်တဲ့ အတွက်ကြောင့် ဗို့အား ကျတာတွေ၊ ဓာတ်အားပြတ်ရင် ဖြူးပြတ်တာတွေ မဖြစ်တော့ဘဲ အိမ်တွေမှာ မီးတွေ ပြည့်ပြည့်ဝဝ သုံးလာရတယ်။ ထိုနည်းတူ မီးပျက်တာလည်း လုံးဝကြီး မပျက်ဘူးလို့ မပြောပါဘူး။ မီးပျက်တာတော့ ရှိကောင်း ရှိပါမယ်။ ခါတိုင်းထက်စာရင်တော့ အများကြီး လျော့နည်းသွားပြီ။ အရင်ကဆို တနေရာပျက်ပြီဆိုရင် အရှည်ကြီး တလျှောက်လုံး ပါသွားတာ။
မေး။ ။ မီးခဏခဏ ပျက်တာမျိုးတွေ လျော့နည်းသွားတာမျိုးတော့ မြင်ရပါတယ်။ ဘယ်လို အပြောင်းအလဲ လုပ်လိုက်တာလဲရှင့်။
ဖြေ။ ။ ကျနော်တို့ စီမံချက်ချပြီး လုပ်နေတယ်။ မြန်မာငွေ ၆ ဘီလီယံလောက် အကုန်အကျခံပြီး လုပ်ဖို့ ရှိပါတယ်။ 400 V လိုင်းတွေမှာ လျှပ်ကာမပါတဲ့ လိုင်းတွေနဲ့ သုံးထားတယ်။ ကြေးကြိုးတွေပေ့ါ။ အဲဒီကြိုးက မတော်တဆ ပြတ်ကျရင် ပြဿနာရှိတယ်။ မတော်တဆ မီးဖြတ်မချနိုင်လို့ ရှိရင် ဓာတ်အားလိုင်းက ကြီးတဲ့ အတွက် အန္တရာယ်များတယ်။ လိုင်းတလျှောက်လုံးမှာ ဓာတ်အားရှိတယ်။ အဲဒါကို Aluminium conductor နဲ့ ပြောင်းထားတယ်။ ကြေးကြိုးထက် သက်သာပါတယ်။ လိုင်းပြတ်ကျရင်လည်း လျှပ်ကာမပါတဲ့ ကြေးကြိုးထက် စာရင် အန္တရာယ် သက်သာတယ်။ ပြတ်ကျတဲ့ ထိပ်ကလေးမှာပဲ ဓာတ်အားရှိတာဆိုတော့လေ။ နောက် တချက်က 400 V လိုင်းက လျှပ်ကာမပါရင် တိုက်ရိုက် ချိတ်ယူသုံးစွဲတာတွေ၊ ခိုးယူသုံးစွဲတာတွေ လုပ်လို့ရတယ်။ လျှပ်ကာပါတော့ အဲဒါတွေလည်း လုပ်လို့ မရတော့ဘူး။ သူနဲ့ ပတ်သက်တဲ့ Accessories တွေတော့ အကုန်လဲရတာပေါ့။ နောက် အသစ် တည်ဆောက်တာတွေကတော့ ကျနော်တို့ ကြေးကြိုးကို မသုံးတော့ဘူး။
မေး။ ။ အစားထိုး လဲလှယ်တဲ့ လုပ်ငန်းက ရန်ကုန်တမြို့လုံးကို လုပ်နေတာလား။
ဖြေ။ ။ ဟုတ်ပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့တွင်း ဧရိယာကို ဦးစားပေး လဲလှယ်နေပါတယ်။ ဒီနှစ်မှာ ပိုပြီး လုပ်နေတဲ့ အကြောင်းက ပစ္စည်းရှိတော့ ပိုပြီး လုပ်နိုင်တယ်။ ADB ချေးငွေနဲ့ အဲဒီ ပစ္စည်း ဝယ်ထားတာကို ၂၀၁၈ ဒီဇင်ဘာ အပြီးလုပ်ရမယ်။ ပစ္စည်းကလည်း ရှိတယ်။ ဒါကြောင့် လဲလှယ်တဲ့ လုပ်ငန်းကို လုပ်နိုင်တာပေါ့။ ပစ္စည်းမရှိဘူး။ ကိုယ့်ဘက်ဂျက်နဲ့ ကိုယ်ဝယ်ရမယ်ဆို မလုပ်နိုင်ဘူး။ မိုင် ၃၀ စာလောက်ကို အရံထားပြီး မိုင် ၁၇၀ စာလောက်ကို အစားထိုးလဲလှယ်ဖို့ စီမံချက်ချပြီး လုပ်နေပါတယ်။
ပထမတုန်းက စမ်းသုံးရာကနေ ကောင်းကျိုး ပိုများတာကြောင့် အဲဒါကို ဦးစားပေး လုပ်လာတာပေါ့။ အဲဒါနဲ့ နောက်ဆုံး ရန်ကုန်မှာ ဒါပဲ သုံးတော့မယ်ဆိုပြီး သုံးဖြစ်သွားတာ။ အရင်တုန်းကတော့ လျှပ်ကာ မပါတဲ့ လိုင်းတွေ ကနေ လျှပ်ကာပါတဲ့ လိုင်းတွေကို ပြောင်းသုံးတယ်။ Transformer ကိုလည်း ခပ်သေးသေးတွေပဲ ဖြန့်သုံးတော့မယ် ဆိုပြီး သုံးဖြစ်လာတယ်။
မေး။ ။ ရန်ကုန်မှာ ဓာတ်အားခွဲရုံ ဘယ်နှရုံလောက် ရှိပါသလဲ။
ဖြေ။ ။ 66 KV ဓာတ်အားခွဲရုံက ၄၂ လုံး၊ 33 KV ဓာတ်အားခွဲရုံကတော့ အများကြီးပဲ။ ဒါပေမယ့် ရန်ကုန် လျှပ်စစ် ကော်ပိုရေးရှင်းပိုင်းကတော့ ၁၆၅ လုံးလောက်ရှိတယ်။
မေး။ ။ ရန်ကုန်တိုင်းဒေသကြီးမှာ လျှပ်စစ်ပေးနေတာက လူဦးရေ ဘယ်နှရာခိုင်နှုန်းလောက်ကို လွှမ်းခြုံမိ ပါသလဲ။
ဖြေ။ ။ အခုပေးနေတာက ၇၄ ရာခိုင်နှုန်းထိအောင် မီးပေးနေပြီ။ ကျန်တာက ကျေးရွာတွေပဲ ကျန်တော့တယ်။ ကျေးရွာပေါင်း ၂၀၀၀ ကျော် ရှိတဲ့အနက်က ကျေးရွာ ၈၀၀ လောက်ပဲ မီးမပေးနိုင်တဲ့ ဧရိယာ ကျန်တယ်။ အဲဒါအတွက်ကလည်း ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ကျေးရွာမီးလင်းရေး လုပ်ငန်းတွေလည်း လုပ်နေ ပါတယ်။ ရှေ့နှစ်ဘတ်ဂျက်မှာဆိုရင် စတော့မှာပေါ့။ ပစ္စည်းဝယ်တဲ့ လုပ်ငန်းတွေ ပြီးသွားပြီ။
မေး။ ။ စက်မှုဇုန်တွေကိုရော ၂၄ နာရီအပြည့် မီးပေးနိုင်နေပါပြီလားရှင့်။
ဖြေ။ ။ စက်မှုဇုန်တွေကို မီးအပြည့်ပေးနိုင်တာက ဒီနှစ်ပါနဲ့ဆို ၄ နှစ်ရှှိသွားပြီ။ အရင်က နွေရာသီဆိုရင် ခွဲတမ်းနဲ့ ပေးရတာတွေ ဘာတွေရှိတယ်။ သို့သော် အကြောင်းကြောင်းကြောင့် ပင်မဓာတ်အားခွဲရုံကြီးက ထရန်စဖော်မာ ချို့ယွင်းသွားတယ်၊ ဝန်အားပြည့်နေတယ်၊ ဒါမျိုးတွေ အရင်က ရှိခဲ့ဖူးတယ်။ ရှိခဲ့ဖူးသော်လည်း အခုမှာ အဲဒီ ပင်မဓာတ်အားခွဲရုံုကြီးတွေကြောင့် စက်မှုဇုန်တွေ မီးမပေးနိုင်ဘူးဆိုတာ မရှိပါဘူး။ သို့သော် စက်မှုဇုန်တွေက ပြောပါလိမ့်မယ်။ မီးပျက်နေဆဲပဲလို့။ ဒီအကြောင်းတွေ ကတော့ နောင် ရှေ့ဆက်လုပ်ရမယ့် အပိုင်းပါ။
ဓာတ်အား ဖြန့်ဖြူးတဲ့ လျှပ်ကာမပါတဲ့ ဓာတ်အားလိုင်းတွေနဲ့ စက်ရုံတွေ အများကြီးကနေ သုံးကြတဲ့အခါမှာ စက်ရုံတခုခုက အပြစ်ဖြစ်ရင် တလိုင်းလုံးကြီး ပါသွားတယ်။ ဓာတ်အားလိုင်းက သစ်ပင်တွေဘာတွေ ထိရင်လည်း ပါသွားတယ်။ နောက် ငှက်ကြောင့် တခုခုဖြစ်ရင်လည်း ပါသွားတယ်။ အဲဒါတွေကြောင့် မီးပြတ်တာတွေက ရှိနေပါတယ်။ ရှိနေဆဲပါ။ ဒါတွေ ပပျောက်အောင်ကတော့ ဆက်ပြီးလုပ်ရမှှာပါ။
ဓာတ်အား ထုတ်လုပ်မှု မနိုင်လို့ဆိုပြီး အရင်တုန်းကလို ဝန်အားလျှော့နေရတာမျိုး မရှိတာ ဒီနှစ်ရော၊ ပြီးခဲ့တဲ့ ၃ နှစ် ကတည်းကပါ။ ဒီနှစ်လည်း ဓာတ်အားထုတ်လုပ်မှု လျော့နည်းလို့ဆိုပြီး စက်မှုဇုန်ကို မီးဖြတ်ရတာမျိုး မရှိနိုင်ပါဘူး။ သို့သော်၊ ဥပမာ – ဂတ်စ်ပေးတဲ့ စနစ်တခုခု ချို့ယွင်းသွားခဲ့ရင် ဂတ်စ်တာဘိုင် ဓာတ်အားတွေ မလှည့်နိုင်တဲ့ ကာလတွေမှာ အခိုက်အတန့်လေးပါ၊ အကြာကြီး မဟုတ်ဘူး။ အဲဒီ ကာလလေးမှာ မီးဖြတ်ရတာပေါ့၊ မနိုင်လို့ပါ။ ရန်ကုန်မှာ ထူးခြားချက်က ဓာတ်အားစနစ်ကြီးက ဘယ်လောက် ကောင်းနေနေ၊ ရှိတဲ့ စက်တွေ မလည်နိုင်ရင်၊ စက်နဲ့ National Grid နဲ့ ပေါင်းပြီးပေးရတာတွေရှိတယ်။ အဲဒီလို ပေးရတဲ့ အခါမှာ စက်က မလည်နိုင်ရင် မဟာ ဓာတ်အားလိုင်းကြီးက ဘယ်လောက်ကောင်းနေနေ အဲဒီနေရာမှာ Overload ဖြစ်လို့ ဝန်အားလျှော့ရတာတွေ အနည်းအကျဉ်းရှိတာပေါ့။ ဒါက အထူးကိစ္စရပ်မှာပဲ ရှိတာ၊ ပုံမှန်အားဖြင့်ကတော့ မီးပေးမှာ ဖြစ်ပါတယ်။ ပေးလည်းပေးနေပါတယ်။ နောင်လည်း ပေးပါ့မယ်။ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်ကတော့ ပြောထားပြီးသား ဖြစ်ပါတယ်။
မေး။ ။ တိုးတက်လာမယ့် ရန်ကုန်မြို့ရဲ့ လူဦးရေအတွက် လျှပ်စစ်ဓာတ်အား လုံလောက်ဖို့ ဘယ်လိုတွေ စီစဉ်ထားပါသလဲ။
ဖြေ။ ။ နှစ်အလိုက် စီစဉ်ထားတာ ရှိတယ်။ ၂၀၃၀ အထိတောင် စီမံချက်ချထားတာ ရှိတယ်။ ဘယ်လို ချဲ့မလဲ၊ ဘယ်လိုတိုးမလဲဆိုတာ အသေးစိတ် ရေးဆွဲထားပြီး ဖြစ်တယ်။ ၅ နှစ်စီမံကိန်း ရှိတယ်။ ၅ နှစ်ပြီးတော့ နောက် ဆက်ဆက်ပြီး လုပ်ထားတာ ၂၀၃၀ အထိ ဆွဲထားပြီးဖြစ်တယ်။ ကျနော်တို့ ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသည် နိုင်ငံတော်က ၁၀၀ ရာခိုင်နှုန်းပိုင်တယ်။ အများပြည်သူကို ဖြန့်ပြီး ရောင်းလို့ ရလာတဲ့ အကျိုးအမြတ်ဆိုတာက နိုင်ငံတော် ထည့်ဝင်ငွေ ရှိတယ်၊ အခွန်ဆောင်ရတာတွေ ရှိတယ်။ တနှစ်တနှစ်ကို ကျနော်တို့ရဲ့ Net profit က ၁၈ ဘီလီယံလောက်ပဲ ရှိပါတယ်။
တနှစ်တနှစ်ကို တိုးတဲ့ ပမာဏက ၁၅၀ မဂ္ဂါဝပ်လောက် တိုးတိုးပြီးတော့ ဖြန့်နေတဲ့ ကျနော်တို့ရဲ့ တကယ် လိုအပ်ချက်က ၁၅၀ ဘီလီယံ လိုတာ ဖြစ်ပါတယ်။ ၁၅၀ ဘီလီယံ သုံးနိုင်မှ၊ နိုင်ငံခြားကလိုပေါ့၊ လျှပ်စစ်က ဒီဘက် ပြတ်ရင် ဟိုဘက်က လှည့်ထိုး၊ ဟိုဘက်က ပြတ်ရင် ဒီဘက်က လှည့်ထိုး၊ အဲဒီလို ဓာတ်အား မပြတ်အောင် လုပ်သွားလို့ရတယ်။ အခုကတော့ ဒါကို အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်နေတယ်။ ၁၇၊ ၁၈ ဘီလီယံနဲ့ လုပ်တယ်၊ လိုတဲ့ပိုက်ဆံကို ချေးငွေနဲ့ လုပ်တယ်။ ဒီလိုမျိုးသွားနေတာပေါ့။
မေး။ ။ အခုပေးနေတဲ့ မဂ္ဂါဝပ် ၁၃၉၀ ဆိုတာ ရန်ကုန်မြို့ရဲ့ တကယ့်လိုအပ်ချက်ကို ဖူလုံရဲ့လား။
ဖြေ။ ။ ဖူလုံလို့ မီးပေးလို့ ရတာပေါ့။ မီးပျက်နေတယ် ဆိုတာက ဓာတ်အားလိုင်းတွေကြောင့် ဖြစ်တာရှိတယ်။ နှစ်ကြာနေတဲ့ မြေအောက် ဓာတ်ကြိုးတွေ၊ တချို့ကြိုးတွေဆို နှစ် ၉၀ လောက် ရှိပြီ။ အဲဒီကြိုးတွေက ပေါက်တာ မျိုးတွေရှိတယ်။ အကြောင်းအမျိုးမျိုး ရှိတယ်။ မြေအောက်ဓာတ်ကြိုးဆိုရင် တူးမိဆွမိတာ မျိုးတွေရှိတယ်။ နှစ်ကြာလာတဲ့အခါ ပေါက်တာရှိတယ်။ မြေကြီးထဲ ချထားတဲ့ ကြိုးက လျှပ်ကာသတ္တိတွေ လျော့သွားတာမျိုးတွေ ရှိတယ်။
မေး။ ။ ခုနက ပြောသွားသလို ကောင်းကင်ဓာတ်ကြိုးတွေ လဲလှယ်နေတယ်ဆိုတော့ ဒီမြေအောက် ဓာတ်ကြိုး တွေရော မလဲဘူးလား။
ဖြေ။ ။ လဲချင်တာပေါ့။ ဒါလည်း အတိုင်းအတာ တခုအရပဲ။ မြေအောက် ဓာတ်ကြိုးလဲတယ်ဆိုတာက ကုန်ကျစရိတ် များတယ်။ အများကြီးတော့ မလုပ်နိုင်ဘူး။ ရန်ကုန်မှာက 33 KV ဆိုတာရှိတယ်၊ 66 KV ဆိုတာ ရှိတယ်။ 33 KV တွေကို 66 KV အဆင့်မြှင့်တဲ့ လုပ်ငန်းတွေလည်း လုပ်နေတယ်။ ရပ်ကွက်ထဲ ဖြန့်နေတဲ့ 11 KV တွေလည်း ချနေတဲ့အတွက် ပိုပြီး တည်တည်ငြိမ်ငြိမ် မီးပေးလာနိုင်မယ်။
မေး။ ။ ရန်ကုန်မြို့ မီးလောင်မှုက ဝါယာရှော့ခ်တွေကနေ အဖြစ်များနေတယ်ဆိုပြီး တွေ့နေရပါတယ်။ ဘာကြောင့်လို့ ထင်လဲ။
ဖြေ။ ။ ဝါယာရှော့ခ်ဆိုတာက အလွယ်လုပ်တာပေါ့။ အဓိအားဖြင့် ဝါယာရှော့ခ်ဆိုတော့ အပြစ်လွတ်တာပေါ့။ Internal Wiring ဆိုတာ ဝါယာကနေ ထွက်လာပြီး Fuse သို့မဟုတ် ဘရိတ်ကာ ခံထားတာရှိတယ်။ ပြီးတော့မှ အိမ်ထဲမှာ ရှိတဲ့ ဝါယာရင်းသုံးတယ်။ အဲဒါကို အရည်အသွေးနိမ့်တဲ့ဟာ၊ ဈေးပေါပေါကြိုး သုံးတဲ့အခါ သုံးစွဲတဲ့ ဝန်အားကို မခံနိုင်ရင် ပူလာပြီး သူ့ရဲ့ လျှပ်ကာက ကျွမ်းသွားတဲ့ အခါ ကာဗွန်ဖြစ်ပြီး ကြိုးနှစ်ချောင်း တိုက်ရိုက်ပူးသလို ဖြစ်မယ်၊ အတိုင်းအဆမရှိ စီးသွားတော့ PVC လျှပ်ကာ ကိုယ်တိုင်က လောင်စာဖြစ်မယ်။ နံရံတလျှောက် မီးလောင်တယ်။ အဲဒါက အမှန်တကယ် ဖြစ်တဲ့မီးလောင်တာ။
တကယ်တမ်း ပြောရင် စောစောကပြောတဲ့ Protection တွေပေါ့။ Fuse ကို သူ့ရဲ့ အတိုင်းအတာ အထိပဲ ခံထားမယ်၊ Breaker တပ်ထားမယ်ဆိုရင် သူ့ရဲ့ Breaker က ကျသွားတဲ့အတွက် ဘာမှ မဖြစ်ဘူး။ တခါတလေ ကျတော့လည်း တခြားအကြောင်းကြောင့် လောင်ရင် ဝါယာကြိုးပါ ဟပ်ပြီးလောင်တော့ ဝါယာကြိုးကပဲ ရှော့ခ် ဖြစ်သလိုလို လောင်တဲ့ ပုံစံမျိုး လုပ်တာပေါ့ ဝါယာရှော့ခ်ဆိုတော့ အပြစ်လွတ်တာပေါ့။
မေး။ ။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုက အရှုံးပေါ်နေတယ်ဆိုတာ ဘယ်လိုအခြေအနေမျိုးလဲရှင့်။
ဖြေ။ ။ အများ ပြောပြောနေတာ ရှိပါတယ်။ ဓာတ်အားတွေ ပျောက်ဆုံးတယ်၊ ဓာတ်အားတွေ ခိုးနေကြတယ်။ အဲဒါကလည်း တပိုင်းပါပါတယ်။ ဒါပေမယ့် ထုတ်လုပ်မှု စရိတ်ကိုပဲ ပြောနေတာ။ ထုတ်လုပ်မှု စရိတ်က ၁၀၀ လောက် ရှိနေတယ်။ ရေးအားလျှပ်စစ် ကတော့ ဈေးအပေါဆုံးပေါ့။ သဘာဝ ဓာတ်ငွေ့ သုံးမှာတော့ ၂ မျိုး ရှိတယ်။ နိုင်ငံတော်က ထုတ်တာနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ ကနေပြီးတော့ ဝယ်ရတာရှိတယ်။ အဲဒါတွေ အကုန်လုံး ပေါင်းလိုက်တဲ့ အခါမှာ ဈေးနည်းတာရော၊ ဈေးကြီးတာရော ရှိတယ်။ နိုင်ငံတော်က ရောင်းနေတဲ့ ဓာတ်အားက ထုတ်လုပ်မှုစရိတ် ၁၀၂ ကျပ်ရှိတာကို ရန်ကုန်ဆိုရင် ၆၀ နဲ့ ရောင်းရတယ်။ ရန်ကုန်ကို ၁၀၂ ကျပ်နဲ့ ရောင်းရင် ဘယ်လိုမှ မီးဖြန့်လို့မရဘူး။
အများပြည်သူအတွက်က ခုနက ပြောသလို ၃၅ ကျပ်ကနေ ၄၀၊ ၄၀ ကနေ ၅၀ အထိပဲ အများဆုံးရတယ်။ စက်မှု လုပ်ငန်းသုံးကတော့ ၇၅ ကျပ်က စတယ်။ ၁၅၀ အမြင့်ဆုံး တက်တယ်။ တက်ပြီးတော့ ပြန်ဆင်း သွားတယ်၊ ဒါမျိုးသွားတာကိုး။ အဲဒါကြောင့်မို့လို့ ၆၀ နဲ့ရောင်းရတယ်။ နိုင်ငံတော်က ရှုံးနေတယ်။ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက မြတ်နေတယ်ဆိုတာ ၆၀ နဲ့ပေးလို့ ၁ ယူနစ် ပျမ်းမျှရောင်းဈေးနဲ့ တွက်လိုက်တဲ့ အခါကျတော့ ရန်ကုန်က မြတ်နေတယ်။ မြတ်နေတယ် ဆိုတာလည်း အိတ်ထဲထည့်လို့မရဘူး။ အဲဒါကို ပြန်ရင်းပြီး ကောင်းသထက် ကောင်းအောင် ပြန်လုပ်ရတယ်။ အဲဒါကို လုံလောက်မှု မရှိဘူး။ မရှိတဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံခြား ချေးငွေတွေ ချေးရတယ်။
မေး။ ။ ရင်းနှီးမြှုပ်နှံသူ အများစု အရင်ကတည်းက ပြောလာတဲ့ အခက်အခဲမှာဆိုရင် မြေတို့၊ လျှပ်စစ်တို့က အမြဲပါနေတယ်၊ အခုချိန်ထိလည်း ပါနေတုန်းပဲ ဆိုတော့ လျှပ်စစ်ဆိုတဲ့ အခက်အခဲ ပျောက်သွားဖို့ဆိုရင် ဘာတွေ လုပ်ဆောင်ရမလဲ။
ဖြေ။ ။ ရင်းနှီးမြှုပ်နှံတဲ့ လူတိုင်းကို ပြည်ထောင်စုဝန်ကြီးကလည်း ပြောပြီးပါပြီ။ MIC ကိုလည်း ပြောထား ပါတယ်။ ရင်းနှီးမြှုပ်နှံချင်သူများ ကြိုက်သလောက် လာပါ။ ဓာတ်အားပေးဖို့ရာ အတွက် အာမခံတယ်။ အရင်တုန်းကလို နိုင်ငံတော်ကချည်းပဲ ဓာတ်အားထုတ်မှာ မဟုတ်တော့ဘူး။ ပုဂ္ဂလိကတွေကိုလည်း ထုတ်ခိုင်းတယ်။ ၁ ယူနစ် ရောင်းဈေးကတော့ တဖြည်းဖြည်း ပြောင်းလဲလာမှာပဲ။ အခု မပြောင်းသေးတာက ဝန်ဆောင်မှုအပြည့်၊ ပြည်သူတွေ မီးလည်း မပြတ်ဘူး၊ မီးကလည်း အမြဲတမ်း ပြည့်နေတယ်။ ဗို့အားကလည်း တည်တည်ငြိမ်ငြိမ်ရှိတယ် ဆိုတဲ့ အဆင့်ထိ ရောက်အောင် မလုပ်နိုင်သေးဘူး။ မလုပ်နိုင်သေးတော့ တိုးပေး ရမယ့် သူတွေကလည်း တိုးမပေးချင်ဘူး။ ခုနက ပြောသလို ဝန်ဆောင်မှုတွေ အပြည့်ပေးနိုင်မယ် ဆိုရင်တော့ ဓာတ်အား သုံးစွဲသူများကလည်း ဒါနဲ့လျော်ညီတဲ့ ဓာတ်အားခကို ပေးဖို့ ဝန်လေးမယ်လို့ မထင်ပါဘူး။ ဒါကလည်း တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပေါ့။
မေး။ ။ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ပေးရေးအတွက် နှစ်စဉ် ကုန်ကျစရိတ်က ဘယ်လောက် ရှိနေပါသလဲ။
ဖြေ။ ။ အဓိကကတော့ ဓာတ်အား ဝယ်ယူစရိတ်က မြင့်တာ။ ဘီလီယံပေါင်း အများကြီး ကုန်ကျတယ်။ ဓာတ်အား ဝယ်ယူစရိတ်က အမြင့်ဆုံးပါ။ ဒုတိယကတော့ ထိန်းသိမ်းပြုပြင်တဲ့ လုပ်ငန်းတွေ လုပ်ရတယ်။ အသစ် တည်ဆောက်တာ၊ ဓာတ်အားခွဲရုံတွေ တိုးချဲ့တည်ဆောက်တာက တိုးချဲ့ရင်းနှီးမြှုပ်နှံမှုလို့ ခေါ်တယ်။ အဲဒါက ဘယ်ထဲကနေ ကျခံရလဲ ဆိုတော့ အသားတင် အမြတ်ပေါ့၊ ၁၈ ဘီလီယံလောက်ပဲ သုံးလို့ရတယ်။ ချေးငွေနဲ့ ပေါင်းလိုက်မှ တနှစ်တနှစ်ကို ဘီလီယံ ၃၀ လောက်ပဲ သုံးလို့ရတယ်။ ကျနော်တို့ လိုတာက ၁၅၀ ဘီလီယံလောက် လိုနေတာ။ ပိုက်ဆံပိုက်ဆံလို့ ဘာကြောင့် ပြောရသလဲဆိုရင် ပိုက်ဆံမရှိဘဲနဲ့ ဘာမှ လုပ်လို့မရဘူး။ ပစ္စည်းတခု ဝယ်လို့ဆိုရင် ဒီတိုင်းပြည်က လျှပ်စစ်ဓာတ်အား ပစ္စည်းနဲ့ ပတ်သက်ပြီး ထုတ်နိုင်တာ ဆိုလို့ ကွန်ကရစ်တိုင်လောက် ထုတ်နိုင်တာပဲ ရှိတယ်။ ကျန်တာ အကုန်လုံး နိုင်ငံခြားကနေ ဝယ်ရတာ။ ကြိုးလည်း မထုတ်နိုင်ဘူး ခလုတ်တွေလည်း မထုတ်နိုင်ဘူး။ အကုန်လုံးက နိုင်ငံခြားငွေနဲ့ပဲ ဝယ်ရတာ။
မေး။ ။ မီတာခတွေ တိုးကောက်ဖို့ အစီအစဉ်ကော ရှိပါသလား။
ဖြေ။ ။ တိုးကောက်ဖို့ဆိုတဲ့ အစီအစဉ်က ကျနော်တို့ အပိုင်းက လုပ်လို့ရတာ မဟုတ်ဘူး။ တိုးကောက် သင့်တယ် ဆိုတာတော့ လူတိုင်းက သိနေပြီ။ နိုင်ငံတော်က ၁၀၂ ကျပ်ကျတာကို ခုနကပြောခဲ့တဲ့ နှုန်းတွေနဲ့ ရောင်းနေတယ်။ တိုးကောက်သင့်လား၊ မကောက်သင့်လားဆိုတာ လူတိုင်းက ဂဏန်း တွက်တတ်နေတာပဲ။ တိုးကောက်ဖို့ဆိုတဲ့ ကိစ္စကိုလည်း ချိန်ရတာပေါ့။ စက်မှု လုပ်ငန်းတွေပဲ အခက်တွေ့ မလား၊ လူတွေကပဲ ဒုက္ခရောက်သွားမလား။
မေး။ ။ အခုမေးသွားတဲ့ လျှစ်စစ်ဓာတ်အားပေးမှုတွေနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်ပါ သလဲရှင့်။
ဖြေ။ ။ ကျနော်ခဏခဏ ပြောနေတာရှိပါတယ်။ နိုင်ငံတော်ကနေပြီးတော့ စိုက်ထုတ်သုံးစွဲပြီးတော့ မီးပေးနေတာ ဖြစ်ပါတယ်။ အဲဒီတော့ လစဉ် ဓာတ်အားသုံးစွဲတဲ့ ဓာတ်အားခကို သတ်မှတ်တဲ့ ရက်အတွင်းမှာ မှန်မှန် ပေးချေတာ လုပ်ပေးကြပါ။ နောက် ဓာတ်အားသုံးစွဲတဲ့ ဓာတ်အားခသည် အင်မတန်မှကို သက်သာတဲ့ နှုန်းထားနဲ့ ပေးထားတာဖြစ်ပါတယ်။ အဲဒါကိုမှ လူတိုင်းကိုတော့ မဆိုလိုပါဘူး၊ တချို့တွေကျတော့ ဒီထက် သက်သာချင်လို့ လျှပ်စစ်ကနေ ထွက်သွားတဲ့ လူသော်လည်းကောင်း၊ လျှပ်စစ်ဝန်ထမ်း အကျင့်ပျက်တချို့ ကသော်လည်းကောင်း လာဆွဲလို့ ဆိုတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါမျိုးတွေနဲ့ ပတ်သက်ရင် လုံးဝလုံးဝ ငြင်းပြီးတော့ တကယ်တမ်း သုံးတဲ့ ဓာတ်အားခအတိုင်း ပေးချေတာလေးကို နိုင်ငံသား တယောက် အနေနဲ့ တာဝန်ကျေကျေ ဆောင်ရွက်ပေးပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။