မတ်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ပွဲ စင်မြင့်ထက်မှာ စန္ဒရားတင်ဝင်းလှိုင် ပြောကြားခဲ့တဲ့ စကားများအပေါ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက မတ်လ ၂၈ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ်ခဲ့ပါတယ်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက စန္ဒရားတင်ဝင်းလှိုင်အား ပြောခဲ့တဲ့စကားများအပေါ် ပြန်လည် တောင်းပန်ရန် အတွက် ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဘက်မှ ပြန်တောင်းပန်ခိုင်းတဲ့အပေါ် စန္ဒရား တင်ဝင်းလှိုင် အနေနဲ့ ဘယ်လို တုန့်ပြန်သွားမလဲဆိုတာ ဧရာဝတီ သတင်းထောက် ယုဖြူဟန်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဆရာနဲ့ ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းအပေါ် ဘယ်လို ပြန်လည် တုံ့ပြန်ချင်ပါသလဲ။
ဖြေ။ ။ ကျနော် တုံ့ပြန်မှုက လွန်ခဲ့တဲ့ ၂ ရက် ၂၈ ရက်နေ့ကတည်းက ကျနော့်ကို လာတွေ့တဲ့အဖွဲ့ ၅ဖွဲ့လား ၆ဖွဲ့လား ရှိတယ်။ အဲ့ဒီမှာ ကျနော် တသံတည်းအနေနဲ့ ပြောထားတယ်။ သူတို့လည်း လူတွေဖြစ်တဲ့အတွက် ကျနော်လည်း လူဖြစ်တဲ့အတွက် ချွတ်ချော်တာ ရှိနိုင်ပါတယ်။ ကျနော်စင်ပေါ်မှာ ပြောလိုက်တဲ့ ကိစ္စက ကျနော်ကိုယ်တိုင် ကြုံတွေ့ ခဲ့တာ ဖြစ်တဲ့အတွက် ကျနော် မြန်မာ့အသံနဲ့ ၁၃ နှစ်သားတည်းက ထိတွေ့တာဖြစ်ပါတယ်။ အသက် ကြီးလာတော့ မြန်မာ့အသံက လူကြီးတွေရဲ့ အကြောင်းကို ပိုသိလာပါတယ်။ သူတို့နဲ့ နှစ်အကြာကြီး ပေါင်းခဲ့ပြီးသား ဖြစ်တဲ့အတွက် ကျနော်ရဲ့ အားနည်းချက် တွေကို လည်း သူတို့ထဲက လူတွေကသိပါတယ်။
သူတို့လည်း ပုထုဇဉ်ဖြစ်တဲ့အတွက် ဒီလို ကိစ္စလေးကိုတော့ ကျနော်ပြောတဲ့အပေါ်မှာ ကျနော်ကသာ မှန်တယ် ပြောနေ ပေမယ့် သူတို့ကတော့ သတင်းစာထဲမှာ မမှန်မကန် စွပ်စွဲပုတ်ခတ် တိုက်ခိုက်တယ်လို့ ဒီလိုပဲ တောက်လျှောက် သုံးနေတယ်ပေါ့။ အဲ့ဒီအသုံးလေးကို ပြင်ပေးဖို့ အတွက် ကျနော်ကပြန်ပြီး တောင်းပန်ပါရစေ။ ကျနော်ချွတ်ချော်တဲ့ဟာကို အချက်အလက်အနေနဲ့ပဲ လက်ခံပေးပါ။ အမျက်သင့်မနေပါနဲ့။ သူတို့က အမျက်သဘော နဲ့ တမင်တကာကို ရည်ရွယ်ချက် အပြည့်နဲ့ လုပ်မိတယ် ဆက်လုပ်တယ်ထားဦး ရပ်လိုက်ပါတော့။ ကျနော့်ဘက်က အမျက်ဖြစ်စရာ တုံ့ပြန်လို့ရပေမယ့် တုံ့ပြန်တယ်ဆိုတဲ့ စကားကို လက်မခံပါဘူး။ ကျနော်က စခဲ့တာ ဖြစ်တဲ့အတွက် ကျနော် စခဲ့တဲ့ ချွတ်ချော်မှုကို တာဝန် ယူပါတယ်။ ကျနော့် အချက်အလက်တွေကတော့ ငယ်ငယ်ကတည်းက ခံစားခဲ့ရတာ ဖြစ်တဲ့ဟာတွေပါ။ ကျနော် နားလည်သလို ကျနော့်ကို ပြန်ပြီးနားလည်ပေးကြပါလို့ ပြောချင်ပါတယ်။
မေး။ ။ ဆရာပြောခဲ့တဲ့ စွပ်စွဲချက်တွေက မမှန်ကန်ဘူးလို့ ပြောတဲ့အပေါ်မှာရော ဘာပြောချင်ပါသလဲ။
ဖြေ။ ။ အဲ့ဒါတွေ အကုန်လုံးဟာ သူတို့ဘက်ကနေ ကြည့်ရင် မှန်ပါတယ်။ သူတို့က ဟိုဘက်ကနေ ကျနော့်ကို မီးထိုးပြီး ကြည့်ထားတာကို ကျနော် မီးထိုးခံရတဲ့ ဘက်ကနေ တယောက် နှစ်ယောက်လောက် လာရပ်လိုက်မယ်ဆိုရင် ကျနော် မီးထိုးခံထားရတာကို သိသွားမှာပါ။ ကျနော်ကလည်း ငယ်ငယ်တည်းက ခံထားရတာဆိုတော့ အဲ့ဒီကိစ္စကို ရင်ထဲမှာ အကျိတ်အခဲအနေနဲ့ ထားပြီးတော့ ဘာလို့ မဖြေရှင်းလဲဆိုရင် ၅၃ နှစ်၊ ကျနော်တို့က အသားကျနေတဲ့ အတွက် ဘာကိုမှ ကျနော်တို့ဘက်က ချွန်ထွက်သွားတာ မလုပ်ရဲပါဘူး။ သူတို့ရိုက်ပေးတာကိုပဲ ကျေးဇူးတင်နေရတာ။ သူတို့ဘက်က ရိုက်တဲ့အခါမှာ တခါမှပျက်တာ မရှိပါဘူး။ အဲ့ဒါတော်တော် အံ့အားသင့်စရာ။ ကျနော်တို့ဘက်ကလည်း ကျေးဇူးတင်ပြီးသား ဖြစ်ပါတယ်။ သို့သော် လုပ်တဲ့ကိုင်တဲ့အခါမှာတော့ အဖုအထစ်ကလေးတွေတော့ ရှိပါတယ်။ ကျနော်ကို ချီးမြှင့်တဲ့ငွေ ဒီထက်ပိုပြီးတော့ ပေးဖို့ ကျနော့်ဘက်က မခံနိုင်ဖြစ်နေတဲ့ လူတွေလည်း ရှိပါတယ်။ အဲ့ဒီအခါ ကျရင် အဲ့ဒီလူတွေကို ပြေငြိမ်းအောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ ကျနော့်ဘက်က ပြေငြိမ်းချင်ပါတယ်။ ကျနော် အနုပညာ အလုပ်ကို နေကောင်းတဲ့အထိ လုပ်သွားချင်ပါတယ်။
မေး။ ။ ဟိုဘက်က တောင်းပန်ပါလို့ ပြောတဲ့ကိစ္စကိုလည်း တောင်းပန်မှု ရှိမရှိ သိချင်ပါတယ်။
ဖြေ။ ။ တောင်းပန်တယ်ဆိုရင် ကျနော်မှားသွားမှာပေါ့။ ကျနော်ပြောခဲ့တာတွေအားလုံးက အမှန်တွေကို တကယ်ခံ စားရတာ ဖြစ်တဲ့အတွက် သူတို့ရူထောင့်အရ လုပ်ထုံးလုပ်နည်းအရ ကျနော်တို့ အပြင်က ပုဂ္ဂိုလ်တွေရဲ့ ဆန္ဒနဲ့ တထပ်တည်း ဘယ်ကျမလဲ ကျနော်ခံစားရတာ ကျနော်ပြောတာ ကျနော်ပြောတာအမှန်လို့ပြောတာ မဟုတ်ဘူး ကျနော် ခံစားရတာတော့ အမှန်ပဲ။ အချက်အလက်အနေနဲ့တင်ပြတာ ဖြစ်တယ်။ ကျနော်ဥစ္စာဟာ တရား နည်းလမ်း တကျ မှန်ကန်တယ်လို့ ကျနော် မပြောပါဘူး။ ကျနော် ပြောတာကို အမှန်ဆိုပြီး ဖင်ပိတ်ငြင်းနေတာမဟုတ်ဘူး။ အမှန်ဆိုပြီးတော့ ဒါကိုဒီဖက်က ပြန်ကောက်တဲ့အခါမှာတော့ ရုံးလုပ်နည်းလုပ်ဟန်အရ သူတို့ ဘယ်လိုမှ လက်မခံ တာလည်း ရှိမယ်။ ပြေလည်အောင် လုပ်ပေးနိုင်တာလည်း ရှိမယ်။ ပြေလည်အောင် လုပ်ပေးနိုင်တဲ့ ဘောင်လေးကနေ ကျနော့်ကို ဆက်လက်ပြီးတော့ ဒီထက်ပိုပြီးတော့ သတ်မှတ် ချီးမြှင့်ငွေ ပိုပေးဖို့ရယ် ကျနော် ရိုက်ကူးတဲ့အခါမှာ လွယ်ကူအောင်ကူညီပေးဖို့ရယ်၊ ကျနော်မေတ္တာရပ်ခံတာပါ။
မေး။ ။ ဆရာ့အနေနဲ့ ပထမဆုံးအကယ်ဒမီရရှိစဉ်ကရော အခုဒုတိယအကြိမ်မှာရော ကျေးဇူးတင်စကား ပြောတဲ့ အခါမှာ ထည့်ပြောတဲ့ စကားတွေကို တချို့ကလည်း သဘောကျတာ ရှိသလို သဘော မကျတာတွေလည်း ရှိတယ်။ ဘာကြောင့် အဲ့ဒီလိုမျိုး ပြောဖြစ်ခဲ့တာလဲ။
ဖြေ။ ။ ဒီလိုလေ ကျနော့် ပတ်ဝန်းကျင်က ကျနော့်ကို ပြဌာန်းတာကို ပတ်ဝန်းကျင်က ကျနော့်ကို ပုံသွင်းပါတယ်။ ပုံလောင်းပါတယ်။ ကြွယ်ဝတဲ့ မိသားစုက ဖြစ်ထွန်းလာတဲ့သူ ဖြစ်ပါတယ်။ ကျနော့်ကိုလည်း သင်ပါစေ မဟုတ်ဘဲနဲ့ ခေါင်းကို ရိုက်ကြ၊ ပခုံးကို ရိုက်ကြနဲ့ ချစ်လို့ သင်သွားတဲ့ ဆရာတွေချည်းပါပဲ။ ဒူးထောက်တာတို့ တောင်းပန်တာတို့ကို ငယ်ငယ် ကတည်းက မလုပ်ဖြစ်ဘူး။ အဲ့ဒီလုပ်ဖြစ်အောင်လည်း လုပ်တဲ့သူတွေ ကျနော် ပတ်ဝန်းကျင်မှာ မရှိဘူး။ ဒီကိစ္စက ကျနော် ၇၃ နှစ်မှာ စဖြစ်တာပါ။ ဘာလို့ အဲဒီလိုတေ ပြောဖြစ်လဲ ဆိုရင် ဦးလေးက ကြွယ်ဝတဲ့ မိသားစုက ပေါက်ဖွားတယ်။ ဂီတကို ချစ်မြတ်နိုးပြီးတော့ တောက်လျှောက်လိုက်စားခဲ့တဲ့အတွက် တော်တော်နိမ့်ပါးရတယ်။
ဦးလေးက အခုချိန်မှာ စီးပွားရေးကလဲ တော်တော်နိမ့်ပါးနေတယ်။ အကြပ်အတည်းတွေလည်း တော်တော် တွေ့နေ ပါတယ်။ ဇနီးသည်ကလည်း လေဖြတ်နေတာ ၃ကြိမ် ၁၆နှစ်ရှိပါပြီ။ အသိဉာဏ်တော့ရှိပါတယ်။ နှာခေါင်းပိုက်နဲ့ အစာ လုံးဝ စားလို့ မရတော့ဘူး။ လျှာလှုပ်လို့ မရတော့တာ လူမတ်တပ်နဲ့ လူမတ်တပ်နဲ့ လမ်းလျှောက်လို့ မရတော့တာ ၁၆ နှစ် ရှိပါပြီ။ ဒီလိုမျိုး အနေအထားကို အသက်ရှင်ဖို့အတွက် ကုန်ကျစရိတ်က ဈေးကြီးပါတယ်။ အဲ့ဒီအခက်အခဲကို ရုန်းကန် နေရတဲ့အတွက် အချိန်ပြည့် ဒေါသဖြစ်ရင်ဖြစ်မယ်။ အဲ့ဒါကြောင့် ကျနော်ပြောတဲ့စကားတွေက ဘယ်လိုမှ ချစ်ခြင်းမေတ္တာစကားတွေ မဖြစ်နိုင်ပါဘူး။
မေး။ ။ ပထမအကြိမ် အကယ်ဒမီရတုန်းက စင်မြင့်ပေါ်မှာပြောတာထက် အခု တခါပြောတဲ့စကားတွေက ပိုပြီးတော့ ပွဲဆူသွားတယ်ပေါ့။ အဲဒါကရော ဘာကြောင့်လို့ထင်ပါသလဲ။
ဖြေ။ ။ ပထမတုန်းကတော့ ထားစရာ မရှိတဲ့သူတွေက စားစရာ မရှိတဲ့သူတွေဆိုတဲ့ စကားက ဘာမှ မဆန်းဘူးလေ။ ဒါတွေက အပြင်မှာ ကြားနေကျစကား သိပ်မဆန်းဘူးလေ။ ဒါပေမယ့် ဒီပေါ်မှာတော့ ဘယ်သူမှ မပြောကြဘူးလေ။ ဝမ်းသာစကား ပြောတာကို ဒါကတော့ နည်းနည်းဆန်းသွားတာပေါ့လေ။ အဲဒါလေးက အမှတ် ၃၀ ၊ ၄၀ လောက်ရ လိုက်တယ်ပေါ့။ ကျနော်ပြောတဲ့စကားတွေက စကားဆက်အရ ပြောလိုက်တဲ့အခါမှာ အဲဒီစကားတွေကို သူတို့က အကောက် ချွတ်ချော်နိုင်ပါတယ်။ မှားတယ်လို့ မပြောပါဘူး။ ပြန်ကြားရေးက ပုဂ္ဂိုလ်တွေနဲ့က အကောက်လွဲသွားလို့ အမျက်ဖြစ်သွားတာပေါ့။ အမျက်မလုပ်ပါနဲ့တော့ အချက်အနေနဲ့ သတ်မှတ်ပေးပါလို့ ပြောချင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “တောင်းပန်တယ်ဆိုရင် ကျနော် မှားသွားမှာပေါ့”လို့ ဆိုတဲ့ စန္ဒရား တင်ဝင်းလှိုင်