လာမယ့် ဒီဇင်ဘာမှာ ကျင်းပမယ့် အာဆီယံတက္ကသိုလ်များ ရေကူးပြိုင်ပွဲဝင်ရန် ရွေးချယ်ထားသူများ လေ့ကျင့်ရန် အတွက်ဟုဆိုကာ ရန်ကုန်မြို့ရှိ အမျိုးသားရေကူးကန်အတွင်း ရေကူးအဖွဲ့ချုပ်က ကစားသမားတွေကို လေ့ ကျင့်ကူးခတ်ခွင့် ပိတ်လိုက်ပါတယ်။ ဒီအပေါ်မှာ နိုင်ငံကိုယ်စားပြုပြီး ဆုတံဆိပ်တွေရယူပေးခဲ့တဲ့ ရေကူးကစား သမားတွေက လေ့ကျင့်ခွင့် ပြန်ရဖို့တောင်းဆိုနေကြပါတယ်။ သူကိုယ်တိုင်က အမျိုးသားရေကူးကန်မှာ ကူးခွင့်ရရှိပေမယ့် အခြားကလေးတွေကို ပိတ်ပင်ထားတဲ့ သက်ဆိုင်ရာ ဌာနရဲ့ ဆုံးဖြတ်ချက်ကို မတရားဘူးလို့ ယူဆတာကြောင့် ပိတ်ပင်ခံရတဲ့ ကလေးတွေနဲ့ အတူရပ်တည်နေတဲ့ မြန်မာ့ရေကူးလက်ရွေးစင် စံချိန်ရှင် ကိုသီဟအောင်ကို ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ အကိုတို့ ရေကူးအားကစား လက်ရွေးစင်တွေ လေ့ကျင့်ရေးလုပ်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရတယ်၊ ဘယ်လိုဖြစ်တာပါလဲ။
ဖြေ ။ ။ ကျနော်က အရှေ့တောင်အာရှ ဆီးဂိမ်းတွေမှာ ရေကူးအားကစားမှာ မြန်မာ့လက်ရွေးစင်တယောက် ပါ။ ကျနော်လက်ရွေးစင်ဖြစ်ခဲ့တာ ၇ နှစ်ရှိပါပြီ။ အခက်အခဲတွေကတော့ အများကြီးပါပဲ၊ ကျနော်အခု အမျိုးသားရေကူးကန်မှာလေ့ကျင့်လာတာ ၁၅ နှစ် ကျော်ကျော်ရှိပါပြီ။ ကလေးဘဝတည်းကနေ အခုအချိန်အထိ လေ့ကျင့်နေတာပါ၊ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် လလောက်က ကလေးတွေကို ရေကူးကန်ကို University(တက္ကသိုလ်) လက်ရွေးစင်တွေရှိတဲ့အတွက် University ကလာတဲ့ ကလေးတွေကလွဲလို့ ကျန်တဲ့ကလေးတွေ လေ့ကျင့်ခွင့်မရှိဘူးလို့ပြောတဲ့အတွက် ကလေးတွေကို တံခါးတွေပိတ် ရေကူးကန်ထဲမှာ လေ့ကျင့်ခွင့်မပြုဘူးလို့ ဆိုတော့ ကျနော်တို့ အခုချိန်အထိ ရေကူးခွင့်မရှိဘူး။
မေး ။ ။ ဒီပြဿနာတွေကို ဝန်ကြီးဌာနကို တင်ပြတောင်းဆိုတာတွေ မလုပ်ဘူးလား။
ဖြေ ။ ။ လုပ်ပါတယ်။ ကျနော်တို့ ပြည်ထောင်စုဝန်ကြီးဆီ စာတင်တဲ့ အခါကျတော့ ဝန်ကြီးနဲ့ တွေ့ဆုံခွင့်ရပါ တယ်။ တွေ့တာမှာ ကျနော်ကိုယ်တိုင်လည်း ပါတယ်။ ကျနော်တို့က ဒီကအခြေအနေတွေကို သေချာရှင်းပြတော့ ဝန်ကြီးက ဒါမဖြစ်သင့်ဘူး၊ ဒီကလေးတွေကို မလေ့ကျင့်ဖို့ စာထုတ်တာကိုလည်း သူမသိဘူးဖြစ်နေတယ်။ ဘယ်သူကထုတ်လဲ ဆိုတာရောပေါ့။ ဝန်ကြီးကတော့ ပြန်ကူးပါ ရပါတယ်ပြောတယ်။ နောက်နေ့ကျတော့ ကျနော်တို့က ရေကူးကန် အုပ်ချုပ်ရေးမှူးဆီသွားပြီးတော့ ဝန်ကြီးကတော့ ကူးဖို့ခွင့်ပြုပေးပါတယ်၊ ကျနော်တို့ လေ့ကျင့်ပါ့မယ်ဆိုတော့ စာယူလာခဲ့ပါတဲ့။ စာမပါရင် သူဘာမှလုပ်ပေးလို့မရဘူးပြောတယ်။ ကျနော်တို့ အဲဒီကတည်းက ညှိနှိုင်းလုပ်လို့ရှိရင် ဒီလိုပြဿနာတွေအထိ ရောက်လာမှာမဟုတ်ပါဘူး။ ဝန်ကြီးဆိုတာက ခဏခဏ တွေ့ချင်တိုင်း တွေ့လို့ရတာ မဟုတ်ဘူးလေ။ အခု ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘူး၊ ကျနော်သာ ကိုယ့်အတွက်ပဲ ကြည့်ရင် အေးဆေးသွားလေ့ကျင့်နေလို့ ရပါတယ်။ ဒါပေမယ့် အခုဖြစ်နေတာတွေက မဖြစ်သင့်တာတွေမို့လို့ ပြောနေတာပါ။
ဒီကလေးတွေကို ရေပြန်ကူးခွင့်ရစေချင်တယ်။ စိတ်မကောင်းလည်း ဖြစ်မိတယ်။ ကျနော်တို့ ပြောတဲ့နေရာမှာလည်း ကျနော်ကိုက လူကြီးတွေအကုန်လုံးကသိတယ်။ တိုက်ခိုက်တဲ့ ပုံစံပြောနေတာလည်း မဟုတ်ဘူး၊ ပုဂ္ဂိုလ်ရေးပိုင်း ပါလာမှာလည်း စိုးတယ်။ အခုပိတ်တဲ့ကိစ္စမှာလည်း ကလေးတွေ၊ မိဘတွေတောင် မသိသေးဘူး။ ဒါကို ကြိုသိနေတဲ့သူတွေ ရှိတယ်။ လူတချို့ကြောင့်လည်း တကယ်လုပ်နေတဲ့သူတွေကြားမှာ အခက်အခဲတွေရှိ တယ်။ ပြောရရင်ဗျာ ကျနော်တို့ရေကူးမှာ ရှုပ်ထွေးမှုတွေ အများကြီးရှိတယ်။
မေး ။ ။ အကို့လို လက်ရွေးစင်စံချိန်ရှင် တယောက်ကရော လေ့ကျင့်ခွင့်ရသလား။ တခြားလက်ရွေးစင် ကလေးတွေကရော ယှဉ်ပြိုင်ခွင့်က ဘယ်လိုများရှိလဲ။
ဖြေ ။ ။ ပြိုင်ခွင့်မရှိဘူးလို့ပြောတာမဟုတ်ဘူးဗျ၊ လေ့ကျင့်ခွင့်မရှိဘူး၊ လေ့ကျင့်ခွင့်မရှိဘူးဆိုတာ ကျနော်က လက်ရှိ မြန်မာ့ လက်ရွေးစင်ဖြစ်သလို သူတို့ရွေးချယ်ထားတဲ့ University ပြိုင်ပွဲမှာ University လက်ရွေးစင် အဖြစ်နဲ့ ကျနော် ရွေးချယ်ခံထားရပါတယ်၊ ကျနော့်အနေနဲ့က ဒီလို အသင်းအဖွဲ့လေးနဲ့ပဲ ကျနော်လေ့ကျင့်ခဲ့ရတာပါ၊ ကျနော် လက်ရှိအခြေအနေအထိ ရောက်လာအောင် လေ့ကျင့်ခဲ့ရတာ ဒီဆရာနဲ့ ဒီကလေးတွေနဲ့ပါပဲ။ သူတို့ကနေတဆင့် ဒီ University ပြိုင်ပွဲတွေမှာပါတယ်၊ လေ့ကျင့်ရမယ်၊ သူတို့နဲ့အတူတူလေ့ကျင့်ရမယ် ပြောတယ်၊ အဲဒီ လိုမျိုးတွေပြောတဲ့အခါမှာ ကျနော့်အနေနဲ့ လေ့ကျင့်ခွင့်ရတယ်။ အခု ဒီက နဂိုပြိုင်ပွဲဝင်ဖူးတဲ့ ကလေးတွေကျတော့ လေ့ကျင့်ခွင့်မရဘူးဆိုတော့ အဲဒါဘာအတွက်လဲ။ အဲဒီအတွက်ကြောင့် ကျနော်ကိုယ်တိုင်လည်း အခုရွေးချယ်ထားသူ တွေနဲ့သွားရောက် လေ့ကျင့်ခြင်းမရှိပါဘူး။ ကျနော် ဒီမှာရှိတဲ့ ကလေးတွေနဲ့ ဒီမှာပဲ တူတူလေ့ကျင့်မှာပါ။
မေး ။ ။ အကိုတော့ လေ့ကျင့်ခွင့်ရတယ်၊ University အဖွဲ့မှာ မပါတဲ့ ဒီက ကလေးတွေကတော့ လေ့ကျင့်ခွင့်မရဘူးပေါ့။
ဖြေ ။ ။ ဟုတ်ပါတယ်။ ကျနော်တို့လို ရွေးချယ်ခံရသူတွေ ကူးနေလို့၊ ကျနော်တို့ University ကစားသမား တွေသာ လေ့ကျင့်နေလို့ ဒီကလေးတွေကို လေ့ကျင့်ခွင့်မပြုဘူးဆိုတာမျိုးဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ မခံစားနိုင်တဲ့အတွက် ကျနော်သွားပြီးတော့ သူတို့နဲ့အတူ မလေ့ကျင့်တာပါ။ အခု ဒီက ကလေးတွေကလည်း ပြိုင်ပွဲတွေကို ကိုယ့်ဘာသာအိတ်စိုက် ပြိုင်ခဲ့ရတာတွေလည်း ရှိတယ်။ အဲဒီလို ပြိုင်ရပေမယ့်လည်း အားလုံးက ကိုယ့်နိုင်ငံကိုပဲ ကိုယ်စားပြုတယ်၊ ဆုရတဲ့အခါလည်း မြန်မာဆိုတဲ့ ကိုယ်စားပြုပြီးပဲ ယူခဲ့ကြတာပါ။ သူတို့ကို ပြန်ပြီးလေ့ကျင့်ခွင့်၊ ကူးခွင့်ပေးစေချင်ပါတယ်။
မေး ။ ။ လက်ရှိ ရေကူးအားကစားကို တကယ်တမ်းလေ့ကျင့် ပြိုင်ပွဲဝင်နေတာ ဘယ်လောက်ရှိလဲ။
ဖြေ ။ ။ တကယ်လေ့ကျင့်ပြီး တကယ်တမ်းပြိုင်ပွဲဝင်ဖို့လုပ်နေတာက လူ ၅၀ လောက်ပဲ။ အဲဒီထဲကမှ တကယ်နိုင်ငံတကာ ပြိုင်ပွဲတွေကို ဝင်နိုင်လောက်တဲ့သူက ၂၀ လောက်ပဲရှိတယ်၊ ကျန်တဲ့ကလေးတွေကတော့ အခုမှ သက်တမ်းအလိုက် လေ့ကျင့်နေတဲ့ အနေအထားပေါ့။ ဒီအဖွဲ့မှ လူငယ်ပိုင်းဆိုင်ရာ သက်တမ်းအလိုက် မှာ တော်တော်ကောင်းတဲ့ ကလေးတွေပါတယ်၊ မြန်မာပြည်အတွက် ဆုတွေလည်း ယူပေးဖူးတယ်။ သူတို့ ရေကူးတဲ့ သက်တမ်းကလည်း ၆ နှစ် ၇ နှစ်တွေ ဖြစ်နေပါပြီ။
မေး ။ ။ University က လက်ရှိရွေးထားသူတွေက ဘယ်လိုအခြေအနေရှိလဲ ခင်ဗျာ၊ စံချိန်ရှင်အနေ နဲ့ နည်းနည်း လောက်သုံးသပ်ပေးပါဦး။
ဖြေ ။ ။ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဆိုလို့ အဲဒီအထဲမှာပါတာကတော့ ဥပမာ – ကျနော်တို့ ရွေးထား တာကတော့ ၃၁ ယောက်ပေါ့၊ အဲဒီ ၃၁ ယောက်ရွေးထားတဲ့အထဲမှာ ကျနော်လည်း ပါပါတယ်။ ပြိုင်ပွဲက ဒီနှစ် ဒီဇင်ဘာထဲမှာ ကျင်းပမှာပါ။ ဒါပေမယ့် အဲဒီထဲမှာ တကယ့်မြန်မာ့ လက်ရွေးစင်ဆိုလို့ ငါးယောက်အထက်၊ ငါး ယောက်တောင်မပြည့်လောက်ပါဘူး။ တကယ်တမ်းမှာဆို တကယ်လေ့ကျင့်မယ်၊ တကယ်ကူးမယ်ဆိုရင် အမှန်တကယ် ကူးနိုင်ခတ်နိုင်မယ့် တကယ့်ပြိုင်ပွဲဝင်နိုင်မယ့် စွမ်းရည်ရှိတယ်ဆိုရင် အဲဒီလိုရှိတဲ့သူက ငါးယောက် လောက်ပဲရှိပါတယ်။ အခု တကယ်လေ့ကျင့်ကြတာကလည်း ၁၇ ယောက်လောက်ပဲလို့ သိရတယ်၊ တကယ်တော့ အမျိုးသားရေကူးကန်က အများကြီးလေ့ကျင့်လို့ရပါတယ်။
မေး ။ ။ ရေးကူးကစားသမားချင်းအတူတူ အဲဒီလိုမျိုး ခွဲခြားခံရတာ၊ ခွဲထုတ်ခံရတာမျိုးကို အကိုတို့လို စံချိန် ရှင်ကစားသမား အနေနဲ့ ဘယ်လိုခံစားရသလဲ?
ဖြေ ။ ။ ခံစားရပါတယ်၊ အမှန်တော့ အရမ်းကိုခံစားရပါတယ်၊ ရေကူး အားကစားသမားဆိုတာ Training (လေ့ကျင့်ခန်း) ကို သုံးရက်၊ လေးရက်လောက် ပျက်ရင်တောင် ပြန်လုပ်ရတာ တော်တော်လေး ကိုခက်တယ်၊ ဒီကလေးတွေဆိုတာလည်း လက်ရှိ မြန်မာပြည်မှာ နောက်ထပ်အနာဂတ်မှာလည်း မြန်မာ့လက်ရွေးစင်ဖြစ်လာနိုင်တယ်၊ ဆုတံဆိပ်ရရှိတဲ့ ကလေးငယ်တွေ ဖြစ်လာနိုင်တဲ့သူ အများကြီးပါပါတယ်။ လွန်ခဲ့တဲ့ သုံးလ၊ လေးလလောက်တုန်းက ဒီကလေးတွေက ထိုင်းပြိုင်ပွဲတို့၊ သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ ဆုတံဆိပ် တွေအများကြီး ရရှိခဲ့တဲ့ ကလေးတွေဖြစ်ပါတယ်၊ ဒီကလေးတွေ လေး၊ ငါး၊ ခြောက်နှစ် ရင်းနှီးပြီးတော့ လေ့ကျင့် လာတဲ့ကလေးတွေကို အခုလိုမျိုးလုပ်တယ်ဆိုတာ အရမ်းကိုခံစားရပါတယ်၊ ကျနော်လက်ရှိ ရေကူးသမား သက်တမ်းတလျှောက်လုံးမှာ ဒီလိုလုပ်ခဲ့တာမျိုးလည်း တခါမှမတွေ့ဖူးပါဘူး၊ ဒီလိုလုပ်ခဲ့တာကိုလည်း ကျနော့် အနေနဲ့ ကန့်ကွက်ချင်ပါတယ်။
မေး ။ ။ အခုလက်ရှိ အမျိုးသားရေကူးကန်မှာ လေ့ကျင့်ခွင့်မပေးတော့ လေ့ကျင့်ခန်းတွေကို ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ လုပ်နေကြလဲ။
ဖြေ ။ ။ ကျနော်တို့အခုဆိုရင် လေ့ကျင့်စရာ ရေကူးကန်လည်း မရှိပါဘူး၊ မရှိတဲ့အတွက်ကြောင့် ကျနော်တို့ ဆရာကနေ တဆင့် ကုန်းပေါ်လေ့ကျင့်ခန်းတွေ ကျနော်တို့ အမျိုးသားကန်မှာ သွားလုပ်သေးတယ်၊ ကုန်းပေါ်လေ့ကျင့်ခန်းတွေလုပ်တယ် ဒါပေမယ့် ရေထဲမဆင်းရဘူးဆိုလို့ ရေထဲမဆင်းဘူး၊ ဒါပေမယ့်ကျနော်တို့ ကုန်းပေါ်လေ့ကျင့်ခန်းသွားလုပ်တယ်၊ ဒီလို အများပြည်သူပိုင်တဲ့ ရေကူးကန်မှာတောင် ကျနော်တို့ကို လေ့ကျင့်မှုမပြုဘူးလို့ တံခါးတွေပိတ်၊ အုပ်ချုပ်ရေးကိုယ်တိုင် ကိုယ်က တံခါးတွေပိတ်ဘာတွေပိတ်လုပ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့က ဒီလို(ကန်တော်မင်္ဂလာ) ပန်းခြံတွေမှာ မနက်အစောကြီးထ ကလေးတွေမှာ ဒီလိုဒုက္ခရောက်စွာနဲ့ လာပြီးလေ့ကျင့်နေရပါတယ်။
မေး ။ ။ ရေကူးကစားသမားတယောက်အနေနဲ့ ရေထဲနဲ့ ကုန်းပေါ် လေ့ကျင့်ခန်းလုပ်ရတာ ကွာခြားမှုရှိလား။
ဖြေ ။ ။ ကွာတာပေါ့ ခင်ဗျ၊ ကုန်းပေါ်မှာလေ့ကျင့်ရုံနဲ့ ရေထဲမှာ သွားလေ့ကျင့်လို့မှမရတာခင်ဗျ၊ ကုန်းပေါ်မှာလုပ်တာဆိုရင် ကုန်းပေါ်မှာပြေးတယ်၊ ကူလီ ကြိုးတွေဆွဲမယ်၊ ဒါဆွဲရုံပဲ သက်သက်ရှိမှာပဲလေ၊ ရေနဲ့မထိတွေ့ဘူးဆိုရင် အရမ်းကိုသိသာ လွန်းပါတယ်။ ကျနော်ကိုယ်တိုင်လက်ရှိခံစားရပါတယ်၊ ရေထဲကို သုံးရက်လောက်မဆင်းဘူး ဒီနေ့မှာ ဒီစံချိန်ရတယ်၊ နောက် သုံးရက်လောက်မကူးနဲ့ နောက်သုံးရက်နေပြန်ကူး အဲဒှစံချိန်ပြန်မရပါဘူးခင်ဗျ၊ အဲဒှအတွက်ကြောင့်ကျနော်တို့အနေနဲ့ အမြဲတမ်းကို ရေကူးရပါတယ်၊ ဥပမာဆိုရင် တပတ်ကိုမှ အများဆုံး အများဆုံး ၂ ရက်လောက်ပဲ နားလို့ရပါတယ်။
မေး ။ ။ လေ့ကျင့်မှု အားနည်းမှုတွေရှိနေတော့ ပြိုင်ပွဲနဲ့ ကိုယ့်ရဲ့ပင်ကိုယ် ရလဒ်တွေ ထိခိုက်မလာနိုင်ဘူးလား။
ဖြေ ။ ။ ဒါကတော့ အများကြီးနစ်နာဆုံးရှုံးရပါတယ်။ ဥပမာ – လွန်ခဲ့တဲ့ ၃ လပိုင်း ၉ ရက်၊ ၁၀ ရက်တုန်းက စင်ကာပူမှာ သက်တမ်းအလိုက် ကျင်းပတဲ့ပွဲမှာ ကျနော်တို့အနေနဲ့ သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ရည်ရွယ်ထားတဲ့ ကလေးတွေလည်းရှိပါတယ်၊ အဲလိုမျိုးလေ့မကျင့်ရတဲ့အတွက်ကြောင့် အဲလိုမျိုးပြိုင်ပွဲတွေမှာ သွားရောက်ပြီး မလေ့ကျင့်ဖို့၊ ယှဉ်ပြိုင်ဖို့တွေမှာ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ လေ့ကျင့်ခဲ့သည်ရှိသော်လည်း အစိုးရအထောက်အပံ့ တွေမပါပါဘူး၊ ကလေးတွေက တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ ပံ့ပိုးပြီးတော့ ကိုယ့်စရိတ်ကိုယ်သုံးပြီးတော့ သွားပြိုင်ကြရ တဲ့ ကလေးတွေပါ၊ အဲဒီကလေးတွေကို လေ့ကျင့်ခွင့်မပြုဘူးဆိုတာ တော်တော်လေးကို ခံစားရပါတယ်။ ကူးခွင့်မပေးဘူး ဆိုရင် ကျနော့်အနေနဲ့ရော ရေကန်မှမရှိတာ ဘယ်လိုလုပ်ပြိုင်လို့ရမလဲ။ သွားပြိုင်တဲ့အခါကျတော့ သူများကို ရှုံးနိမ့်တဲ့အခါ ကျတော့ ဘယ်လိုလုပ်မလဲ၊ ကိုယ့်ရဲ့အကောင်းဆုံး စံချိန်ကိုတောင်ပြန်မရဘူးဆိုရင်တော့ အရမ်းကို ရှက်ဖို့ ကောင်းပါတယ်။
မေး ။ ။ လက်ရှိရေကန်က ပိတ်ထားတယ်ဆိုတော့ ဘယ်လိုဆက်လုပ်ကြမှာလဲ။
ဖြေ ။ ။ သူတို့ကမှ ကူးခွင့်မရှိဘူးဆိုရင်တော့ ကျနော်တို့အနေနဲ့ ဒီလိုမျိုးအမြဲတမ်းပြေးလွှားနေလို့လည်း ကျနော်တို့ ရေကူးတာက စကေးတွေတက်လာမှာမဟုတ်ဘူး၊ ရေကူးသမားဆိုတာ အမြဲတမ်းရေနဲ့ပဲ ထိတွေ့နေရမှာလေ၊ ရန်ကုန်မြို့မှာ အဓိက လက်ရှိမှာ နိုင်ငံတကာမှီတဲ့ကန်ဆိုလို့လည်း အမျိုးသားကန်တခုမှလွဲ၍ ကျန်တဲ့ကန်တွေမရှိဘူးခင်ဗျ၊ တချို့ကန်တွေဆိုရင် မီတာလိုတာတွေရှိတယ်၊ တချို့ကန်တွေဆိုရင် ဘောင်တွေမကောင်းတာရှိတယ်၊ ကျနော်ရေကူးကန်တွေအများကြီး လိုက်ကူးဖူးပါတယ်၊ အများကြီးပေါ့နော် ရန်ကုန်မှာလည်းရှိပါတယ်၊ အရမ်းကိုသေးနေတယ်။ အဲဒီလိုမျိုးကျတော့ ကျနော်တို့ အရမ်းကိုခက်ခဲပါတယ်။ ကျနော်တို့အထက်က လူကြီးတွေက သနားညာတာသောအားဖြင့် ဒီရေကူးကန်မှာ ပြန်ကူးခွင့်ပေးရင် အများကြီးကို ဝမ်းသာမှာပါ။ ကလေးတွေအနေနဲ့လည်း အများကြီးကို စိတ်ဓာတ်တွေလည်း တက်ကြွမှာပါ။ အခုဆိုရင် ကလေးတွေမှာ ဘယ်သူ့နားသွားကပ်လို့ ကပ်ရမှန်းလည်း မသိဘူး၊ ဘယ်ကန်မှာသွားကူးလို့ ကူးရမှန်းလည်းမသိဘူး သူတို့မှာအရမ်းကိုသနားဖို့ကောင်းပါတယ်။ ဒီအတွက်ကြောင့် ကျနော်ကိုယ်တိုင်လည်း Training တွေသွားမဆင်းဘူး၊ ကျနော့်ဘာသာအပြင်မှာနေတယ်။ အပြင်မှာပဲ ဒီကလေးတွေနဲ့အတူ လေ့ကျင့်ရင်း အပြင်ပိုင်း Training တွေပဲလုပ်ပါတယ်။
မေး ။ ။ လက်ရှိ အကိုတို့ကို နည်ပြလုပ်ပေးနေတဲ့ သူကို ကစားသမားမိဘတွေကပဲ ထောက်ပံ့ပေးနေရတယ်ဆိုတာ တကယ်လားခင်ဗျ။
ဖြေ ။ ။ ကျနော်တို့ လက်ရှိနည်းပြက ဦးမောင်မောင်စိန်ပါ။ သူလည်း အရင်က မြန်မာ့ရေကူး လက်ရွေးစင် စံချိန်ရှင်ပါပဲ။ သူက အခုတော့ ဂျပန်နိုင်ငံသား ခံယူထားတာပါ။ ၂၀၁၃ ခုနှစ် မြန်မာဆီးဂိမ်းပြိုင်ပွဲမှာ အဲဒီတုန်းက ဥက္ကဋ္ဌတာဝန် ယူထားတဲ့ အေးရှားဝေါကနေ သူ့ကို နည်းပြခန့်ခဲ့တာပါ။ ဆီးဂိမ်းမှာတော့ ကျနော်တို့ ရေကူးက အသင်းလိုက် တတိယ တဆုပဲ ရခဲ့ပါတယ်။ ဆီးဂိမ်းလည်း ပြီးရော သူလည်း လစာမရတော့ပါဘူး။ ကျနော်တို့လည်း အတူတူပါပဲ။ မနှစ်ကတော့ လေ့ကျင့်တဲ့ကလေးမိဘတွေကပဲ ဆွေးနွေးပြီးတော့ တတ်နိုင်သလောက်လေး ဆရာ့ကိုကန်တော့တဲ့အနေနဲ့ အလုပ်လုပ်ဖို့ ထောက်ပံ့ပါတယ်။ ကျနော်တို့ ဖြစ်နေတာက အဲဒီလိုတွေပါ။ အရင်က မြန်မာပြည်မှာ ရေကူးချန်ပီယံ တင်မောင်နီဆိုရင် လူတိုင်းသိကြမှာပါ။ ဆရာဦးမောင်မောင်စိန်က ဦးတင်မောင်နီရဲ့ မီတာ ၁၅၀၀ မြန်မာပြည်စံချိန်ကို ချိုးထားနိုင်သူတယောက်ပါ။ ဆရာ့ရဲ့ စံချိန်ကို ခုထိဘယ်သူမှ မချိုးသေးပါဘူး။