ဧပြီလ ၁ ရက်၌ ရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြောင်းမြကြိုးတံတား ပြတ်ကျခဲ့သည့် ဖြစ်ရပ်က ဖြစ်တောင့် ဖြစ်ခဲ ကိစ္စရပ်မို့ လူအများ ထိတ်လန့် တုန်လှုပ်ခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ကုန်တင်ယာဉ်တစီး မြစ်ထဲ ထိုးကျကာ လူနှစ်ယောက် အသက်ဆုံးခဲ့ရသည်။ မြောင်းမြ တံတားသည် သက်တမ်း နှစ် ၂၀ ကျော်ရှိနေပြီဖြစ်သော်လည်း ၂၀၁၈ မတ်လကမှ ပြုပြင်ထိန်းသိမ်းမှုများ ပြု လုပ်ထားသည့် တံတားဖြစ်သည်။
ထိန်းသိမ်းမှုများ ပြုလုပ်နေသည့်ကြားမှ ပြတ်ကျခြင်းဖြစ်သဖြင့် အဆိုပါ တံတား ပြတ်ကျပြီးနောက်ပိုင်း ရန်ကုန် မြို့နေ ပြည်သူလူထု အများစုကလည်း ၎င်းတို့ နေထိုင်လျက်ရှိသည့် ရန်ကုန်မြို့ရှိ ခုံးကျော်တံတားများ၊ မြစ်ကူး၊ ချောင်းကူးတံတားများ၊ လူကူးခုံးကျော် တံတားများအတွက် စိုးရိမ်ပူပန်မှု မြင့်တက်လာခဲ့သည်။
သို့ဖြစ်ရာ ရန်ကုန်မြို့ရှိ တံတား၊ လူကူးခုံးကျော်တံတားများစသည့် တံတားအများစုနှင့် သက်ဆိုင်သည့် အဖွဲ့ အ စည်းတခုဖြစ်သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကေ်ာမတီ အင်ဂျင်နီယာဌာန-YCDC (လမ်း၊တံတား)မှ ဒုတိယ ဌာနမှူး ဦးကျင်အုန်းကို ဧရာဝတီသတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ YCDC အင်ဂျင်နီယာဌာန (လမ်း၊ တံတား) အနေနဲ့ တံတားဆောက်လုပ်မှုတွေ ပြုပြင်ထိန်းသိမ်းမှု၊ စီမံ ခန့်ခွဲမှုတွေအနေနဲ့ ဘယ်နှခုလောက် ရှိနေပါသလဲရှင်။
ဖြေ။ ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောက်တဲ့ တံတားတွေက ငမိုးရိပ်တံတား(ပါရမီ၊ မင်္ဂလာတောင်ညွန့်၊ ဗိုလ်မှူးဗထူး) ၃ စင်းပေါ့။ အဲဒီ ၃ စင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တည်ဆောက်တာ။ ငမိုးရိပ်တံတား (ပါရမီ) ဆိုရင် ၂၀၁၀-၂၀၁၁ ကဆောက်တာ။ မင်္ဂလာတောင်ညွန့် တံတား က ၂၀၁၄ – ၂၀၁၅ ဆောက်တာ။ ဗိုလ်မှူးဗထူး ကတော့ ၂၀၁၅ -၂၀၁၆ မှာ ဆောက်ခဲ့တာ။
ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ငမိုးရိပ်တံတား (သစ္စာ)ကို YCDC ရဲ့ကြီးကြပ်မှု ရန် ကုန်တိုင်းဒေသကြီး အစိုးရ ဦးဆောင်မှုနဲ့ တင်ဒါအောင်တဲ့ မြတ်နိုးသူ ကုမ္ပဏီက တည်ဆောက်တာ။ နောက် လူ ကူးခုံးကျော်တံတားဆိုရင် အားလုံးပေါင်း ဆောက်ပြီးတာ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာ ၅ စင်းပေါ့။
၂၀၁၅ – ၁၆ ဘဏ္ဍာရေးနှစ်မှာ ၅ စင်း ၂၀၁၆ -၁၇ ဘဏ္ဍာရေးနှစ်မှာ ၁ စင်း၊ ခု ၂၀၁၇ -၁၈ ဘဏ္ဍာရေးနှစ်မှာ ၂ စင်းဆောက်တယ်။ အားလုံး ၁၃ စင်းရှိတယ်။ တံတား ၁၁ စင်းကတော့ စည်ပင်သာယာက ဆောက်တာ။ ဒီနှစ် ဆောက်နေတဲ့ ၂ စင်းက တင်ဒါနဲ့။ အဲဒါကတော့ ဗိုလ်တထောင်ဘုရား ဝင်ထွက်ပေါက်အနီးနဲ့ မြေနီကုန်း မဟာ မြိုင် ဆေးရုံရှေ့မှာ ဆောက်နေတယ်။
မေး။ ။ ရန်ကုန်တိုင်းဒေသကြီး အတွင်းက တခြားတံတားတွေကို ဘယ်ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေက ဘယ်လို စီမံခန့်ခွဲနေတာလဲရှင့်။
ဖြေ။ ။ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကိုင်တာရှိတယ်။ ခုံးကျော်တံတားတွေ ဆိုလို့ရှိရင် တချို့ခုံးကျော် တံ တားက မြန်မာ့မီးရထားက ဆောက်တာရှိတယ်။ ဆောက်လုပ်ရေးက ဆောက်တာရှိတယ်။ ၂၀၁၃ -၁၄ ဘဏ္ဍာ ရေးနှစ်မှာ ဆိုရင် လှည်းတန်း ခုံးကျော်၊ ရွှေဂုံတိုင်ခုံးကျော်၊ ဘုရင့်နောင် ခုံးကျော်တံတားတို့က အဲဒီဘဏ္ဍာရေး နှစ်မှာ ဆောက်တာ။ ဆောက်ပြီးတော့ စည်ပင်သာယာကို လွှဲပေးတာ။
နောက်ထပ်ခုံးကျော် တံတား တာမွေအဝိုင်း၊ မြေနီကုန်း၊ ကုက္ကိုင်းတို့က ခုံးကျော်တံတားရယ် နောက် ၈ မိုင် တံတားရယ် အဲဒါတွေက တိုင်း ဒေသကြီးအစိုးရက တင်ဒါစနစ်နဲ့ ဆောက်ကြတယ်။ ဆောက်ပြီးတဲ့အခါ ကျ တော့ စည်ပင်သာယာကို လွှဲကြတယ်။ လွှဲပြီးတော့မှ ဆက်လက်ထိန်းသိမ်းတယ်။
မေး။ ။ တည်ဆောက်တာကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေက လုပ်တယ် ဆိုတော့ တံတားတွေရဲ့ ရေရှည်တည်တံ့ရေးနဲ့ မပျက်စီးအောင် ထိန်းသိမ်းတဲ့ အပိုင်းကရော ဘယ်လိုလုပ် ဆောင်သလဲ။
ဖြေ။ ။ ထိန်းသိမ်းတဲ့ အပိုင်းကတော့ ခုလက်ရှိ အထိ ဘာမှ မထိန်းသိမ်းရသေးဘူး။ သူတို့ သက်တမ်း ၅ နှစ်၊ တည်ဆောက်ပြီး သက်တမ်း ၅ နှစ်အတွင်းက သက်ဆိုင်ရာ ဆောက်လုပ်တဲ့ ကုမ္ပဏီက ထိန်းသိမ်းပေးရတယ်။ အခုက သူတို့ ထိန်းတဲ့ ကာလမှာပဲ ရှိတယ်။ လွှဲတာကတော့ လွှဲထားတယ်။ YCDC ကထိန်းသိမ်းတဲ့ အပိုင်းမ ရောက်သေးဘူူး။
မေး။ ။ ရန်ကုန်မြို့က တံတားတွေရဲ့ သက်တမ်းက ပျမ်းမျှအားဖြင့် ဘယ်လောက်အထိ တည်ဆောက်ထား တာလဲရှင့်။
ဖြေ။ ။ သက်တမ်းကတော့ သူတို့ တည်ဆောက်တဲ့ကာလပေါ်မှာ သူတို့ ၅ နှစ်အတွင်း ထိန်းသိမ်းရတယ်။ စာချုပ်ပါအတိုင်း ၅ နှစ်ဆို ၅ နှစ်၊ ၁၀ နှစ်ဆိုရင် ၁၀ နှစ် ထိန်းသိမ်းရတယ်။ နောက်ပိုင်းမှ စည်ပင်သာယာက တွက်ချက် ထိန်းသိမ်းရတယ်။ ၅ နှစ်သက်တမ်းဆို ၅ နှစ်ကျော်မှ စည်ပင်က လုပ်စရာရှိတာ လုပ်တယ်။
မေး။ ။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ကုမ္ပဏီတွေက ရှေ့ ၅ နှစ်မှာ သူတို့ ဆောက်လုပ်တဲ့ တံတားတွေကို သူတို့ ကိုယ်တိုင် ထိန်းသိမ်းရတယ်ဆိုတော့ စည်ပင်လမ်းတံတားက တိုက်ရိုက်ဆောက်လုပ်တဲ့ တံတားတွေ ကျတော့ ဘယ်လိုထိန်းသိမ်းသလဲရှင့်။
ဖြေ။ ။ YCDC က ဆောက်လုပ်တဲ့ တံတားတွေကျ ဥပမာ စတီး ပါတာတွေဆိုရင် သူတို့ရဲ့ မူလီတွေရဲ့ ခံနိုင်ဝန် အား (Strength Load) တွေကို သူ့ရဲ့ Tension တွေ လျော့သွား/မသွားကို တနှစ်တခါ ပြန်ပြီးတော့ စမ်းသပ် ပြီး စစ်ဆေးတယ်။ သူ့ရဲ့ သတ်မှတ်ချက် လျော့သွားတဲ့ Tension ကို အလျော့မခံဘဲ ပြန်ကြပ်ပေးတယ်။ အဲဒီ နောက် တံတားရဲ့ အောက်မှာ ရှိတဲ့ ယက်မအောက်တွေမှာ ကောင်းမကောင်း စစ်ရတယ်။ တံတားအောက်ခြေ ကမ်းနားဘက်မှာ တိုက်စား သွားတာတို့ ပို့ချသွားတာတို့ကို စစ်ဆေးရတယ်။ တိုက်စားသွားတယ်ဆိုလည်း တံတားမဆောက်ခင်ကတည်းက ရေထိန်းနံရံတွေ လုပ်ပေးရတယ်။
ငမိုးရိပ်တံတား (ပါရမီ) ဆိုရင် တောင်ဥက္ကလာ ဘက်ခြမ်းမှာ ရေထိန်းနံရံ လုပ်ပေးရတယ်။ အဲဒီဘက်ခြမ်းကနေ တိုက်စားပြီး ဒဂုံမြောက်ဘက်ကို ပို့ချတယ်။ အဲဒါကြောင့်မို့ လှိုက်စားမသွားအောင် တံတားသစ်ရော၊ တံတား ဟောင်းရောကို ပိုက်ပြီး ရေထိန်းနံရံလုပ်ထားတယ်။ ကမ်းမပြိုအောင်ပါ။
မေး။ ။ လက်ရှိအချိန်ထိ YCDC ကဆောက်ခဲ့တဲ့ တံတား တွေထဲမှာ သက်တမ်းအကြာဆုံးက ဘယ်တံတားလဲ ရှင့်။ ခံနိုင်ရည်အားကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဆောက်ခဲ့တဲ့ တံတားတွေထဲမှာ သက်တမ်းအကြာဆုံးကတော့ ငမိုးရိပ်တံတား ပါရမီပေါ့။ ၂၀၁၀ က ဆောက်တာဆိုတော့ အခုဆိုရင် ၂၀၁၇- ၂၀၁၈ ဆိုတော့ ၈ နှစ် ရှိပြီပေါ့။ ခံနိုင်ရည်အားက အများကြီး ကောင်း နေပါသေးတယ်။
မေး။ ။ ဆောက်လုပ်ထားတဲ့ တံတားတွေမှာ ရေရည်တည်တံ့ ခိုင်မြဲနေအောင် အတွက် နည်းပညာအရရော ဘယ်လို နည်းပညာတွေ အသုံးချထားလဲ။
ဖြေ။ ။ နည်းပညာကတော့ စတီးတွေက ငမိုးရိပ်တံတား သစ္စာတို့ ဘာတို့ဆိုရင် ဂျပန် နည်းပညာနဲ့ သုံးထား တယ်။ အလယ်မှာ Steel Box တွေ ဘာတွေ သုံးထားတယ်။
မေး။ ။ အခု စည်ပင်သာရေးကော်မတီက တာဝန်ယူထားတဲ့ တံတားတွေထဲမှာ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေ ရတဲ့ တံတားတွေ ရှိနေပြီလား။
ဖြေ။ ။ လတ်တလောတော့ ဘာမှ ပြင်ဆင်တာ မရှိသေးဘူး။ ပြင်ဆင်စရာမရှိသေးဘူး ပြင်တာဆိုလို့ Joint ( အဆက်) လေးတွေမှာ နည်းနည်းလေး စစ်ဆေးတာလောက်ပဲ ရှိတယ်။
မေး။ ။ မြောင်းမြတံတားဆိုရင် ထိန်းသိမ်းမှုတွေ ဆောင်ရွက်ပြီးမှ ဖြစ်တယ်လို့ သိရပါတယ်ရှင်။ အဲဒီတော့ ရန် ကုန်မြို့က ပြည်သူတွေကလည်း စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတယ်။ ရန်ကုန်မြို့က တံတားတွေကရော စိတ်ချရဲ့ လားလို့ မေးခွန်းထုတ်လာတဲ့ အပေါ် ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ YCDC က ဆောက်တဲ့ တံတားတွေကတော့ စံချိန်မီ ကွန်ကရစ်တွေ သုံးထားတယ်။ အုတ်မြစ်တွေက တော့ Bored Pile Foundation ပေါ့။ ဒီတံတားတွေနဲ့ ပတ်သက်ပြီး တန် ၆၀ ၊ တန် ၇၀ ဖြတ်နိုင်တဲ့ တံတားခံနိုင် ရည်နဲ့ တည်ဆောက်ထားတာပါ။ ဒီဘက်ကတော့ သက်ဆိုင်ရာ ဒီဇိုင်နာတွေနဲ့ သေချာ တွက်ချက်ဆောင်ရွက် ထားတဲ့အတွက် စိုးရိမ်စရာ မရှိပါဘူး။
မေး။ ။ မြောင်းမြတံတားကိစ္စနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုများ မှတ်ချက်ပြုချင်လဲရှင့်။
ဖြေ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့တော့ ဘယ်လိုမှ မှတ်ချက်မပြုချင်ဘူး။
မေး။ ။ ဒါဆိုရင် စည်ပင်သာယာရေး ကော်မတီက ဆောက်ထားတဲ့တံတားတွေနဲ့ ထိန်းသိမ်းနေတဲ့ တံတား တွေအတွက်ရော ဘယ်လိုအာမခံချက်မျိုးပေးနိုင်ပါသလဲရှင့်။
ဖြေ။ ။ တို့ တံတားတွေကတော့ ပုံမှန်စစ်ဆေးနေတာဆိုတော့ စိတ်ချရတယ်။