"မျိုးဆက်တခုလုံး အတွက် အကုန်လုံးမှာ တာဝန်ရှိတယ်" ဆိုတဲ့ အကယ်ဒမီ ဖိုးကျော်

ယုဖြူဟန်
သရုပ်ဆောင် အကယ်ဒမီ ဖိုးကျော် / ထက်ဝေ/ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ဖိုးကျော်ဆိုတာ ကိုသားကြီး (ဒွေး) ရှိစဉ် အချိန်က လက်တွဲညီညီ သရုပ်ဆောင်လာခဲ့ကြတဲ့ သူများထဲမှာ တယောက် အပါအဝင် ဖြစ်ပါတယ်။ သရုပ်ဆောင် ဖိုးကျော်က ကာရိုက်တာ ကြမ်းကြမ်းတွေမှာ သရုပ်ဆောင်တာများပြီး ပရိသတ် အားပေးမှုများလည်း ရရှိခဲ့သူတဦးပါ။

၂၀၀၆ခုနှစ်မှာ “ မျှော်လင့်ခြင်းများစွာ”  ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ထူးချွန်ဆုကိုလည်း ရရှိထားသူတဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အကယ်ဒမီ ဖိုးကျော်ကို   နောက်ပိုင်း  ရုပ်ရှင်ဇာတ်ကားများမှာ တွေ့ရတာ နည်းပါးလာခဲ့ပါတယ်။ ပရိသတ်ရှေ့ကနေ  ပျောက်ကွယ်နေတဲ့  ဖိုးကျော်ကို  ဘာတွေလုပ်နေလဲ၊ သူ့ရဲ့ လက်ရှိအခြေအနေ၊  ရုပ်ရှင်လောကအပေါ် သူ့ရဲ့သုံးသပ်ချက်တချို့ကို  ဧရာဝတီ သတင်းဌာနရဲ့ သတင်းထောက် ယုဖြူဟန်က အခုလိုပဲ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။  ။ ကိုဖိုးကျော်ကို ရုပ်ရှင်ပိတ်ကားပေါ်မှာ မတွေ့ဖြစ်တာ ကြာသွားရတဲ့ အကြောင်းက ဘာဖြစ်မလဲ။

ဖြေ။  ။ ဘာဖြစ်လို့လဲဆိုတော့ မငှားကြလို့ပေါ့။ ငှားတဲ့ဟာတွေ ကျတော့လည်း တချို့ဟာတွေက သိပ်အဆင်မပြေဘူး။ ကိုယ်လုပ်ချင်တဲ့ ပုံစံမျိုး မဟုတ်ဘူး။ ဒီရက်ပိုင်းလေးပါပဲ၊ ဇာတ်လမ်းတွဲ တခုရယ် ကားကြီး ၂ကား လာချိတ်တယ်။ အဆင်မပြေဘူး တခုမှ။ ကားကြီးကျတော့လည်း ကိုယ်လုပ်ရမယ့် ကာရိုက်တာ အဆင်မပြေဘူး။ ဈေး အဆင်မပြေဘူး။ နှိမ်တယ်လို့ ခံစားရတာနဲ့ မလုပ်ဖြစ်ဘူး။

မေး။  ။ လာရောက် ကမ်းလှမ်းတာတွေက ကိုဖိုးကျော်အတွက် အဆင်မပြေခဲ့ဘူးဆိုတော့ ဘယ်လိုပုံစံမျိုးဆိုရင် အဆင်ပြေမလဲ။

ဖြေ။  ။ ကျနော်က Group နဲ့ လုပ်ရတာမျိုးကို သဘောကျတယ်။ ကိုသားကြီးနဲ့ အလုပ် တွဲလုပ်စဉ်ကလည်း ပြောခဲ့တယ်။ အစ်ကိုရေ ကျနော်တို့ Group နဲ့ ရိုက်ရအောင် International မှာ အဲဒီလိုတွေ သွားထားတာ မိုက်တယ်၊ ကြည့်ရတာ မတူဘူးလို့ ပြောခဲ့သေးတယ်။ အဲဒီလိုမျိုးတွေ ရိုက်ချင်တယ်။

မေး။  ။ အနုပညာလောကနဲ့ အလှမ်းကွာနေတာရော ဘယ်လောက်ရှိပြီလဲ။

ဖြေ။  ။ ဝေးတော့ မဝေးဘူး။ ကြိုကြားကြိုကြားတော့ ရိုက်ဖြစ်ပါတယ်။ ကိုသားကြီး ဆုံးသွားတဲ့ ၁၀ နှစ် အတွင်းမှာ ကျနော် အားလုံးပေါင်း ၁၁ ကားလောက်တော့ ရိုက်ဖြစ်ပါတယ်။ အရမ်းကြီး ဟ သွားတာတော့ မရှိပါဘူး။ တချို့တွေက ထင်ကြတယ်လေ။ ဒီလောကက ထွက်သွားတယ်တို့ပေါ့။ ကြားထဲမှာတော့ ရုပ်ရှင်သရုပ်ဆောင် သင်တန်းလေးတွေ သင်ဖြစ်တယ်။ ဦးကြည်စိုးထွန်းက သင်ပေးပါလို့ပြောတာနဲ့ လုပ်ပေးဖြစ်တယ်။ ၂နှစ်ခွဲ၊ ၃နှစ်လောက်တော့ ကြာသွားတယ်။ အဲဒီလိုမျိုးတွေတော့ ရှိပါတယ်။ ကားရိုက်ကတော့ သိပ် မယ်မယ်ရရတော့ မရှိဘူးပေါ့ အဲဒါကြောင့် တချို့က မလုပ်ဘူးလို့ ထင်တာပေါ့။

မေး။  ။ နောက်ပိုင်းမှာလည်း ရုပ်ရှင်လောကထဲက သူတွေနဲ့လည်း ပဋိပက္ခလေးတွေ ရှိခဲ့တယ်လို့ သိရတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြဦး။

ဖြေ။  ။ ကျနော်တို့ဆီမှာက ကိုယ့်အုပ်စုနဲ့ကိုယ် လုပ်ကြတယ်။ ကိုသားကြီးက မဆုံးခင်ကတော့ ပြောသွားပါတယ်။ သတိထားတဲ့ “ငါမရှိရင် မချောင်ဘူးတဲ့ ငါ့ကိုတောင် ပြောချင်ကြတာတဲ့” လှန်လို့ မရလို့ နည်းနည်းလေး မှားသွားတာနဲ့ သမမယ့် လူတွေချည်းပဲတဲ့။ သတိထားပြီး သေချာ ဂရုစိုက်လုပ်လို့ ပြောသွားခဲ့တယ်။ ဒီဘက် ကိုသားကြီး မရှိတဲ့  နောက်ပိုင်း အစောပိုင်းထဲကလည်း သိပ်သဘော မကျတာလည်း ဖြစ်မှာပေါ့။ ကျနော့်ရဲ့အပြောအဆိုတွေကို သဘောမကျ ကြတာ ဖြစ်မှာပေါ့။ တည့်တည့်ကြီးပြောတော့ ရိုင်းသလို ဖြစ်နေတာပေါ့။ အမြင်ကတ်ပြီး မခေါ်ကြတာဖြစ်မှာ။ လာခေါ်ကြတာတွေကို ကျတော့လည်း ကျနော်နဲ့ အဆင်မပြေလို့ မရိုက်ဖြစ်တာ။

မေး။  ။ ဒီကြားထဲမှာရော ဘယ်လို စိတ်ခံစားချက်တွေနဲ့ ရပ်တည်ခဲ့လဲ။

ဖြေ။  ။ တနှစ် တနှစ်ကို ၂ခါ ၃ခါလောက်တော့ ဖြစ်တယ်။ သရုပ်ဆောင်လုပ်တဲ့သူ တယောက်အနေနဲ့ သရုပ်ဆောင် လုပ်ချင်တဲ့ ယင်းထ တာပေါ့။ ပြောရရင် အဲဒီလိုအချိန်တွေဆို ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ စိတ်တွေတိုပြီး စိတ်တွေညစ်  Depression ဖြစ်ချင်သလိုတွေ ဖြစ်တယ်။ အဲဒီလိုဖြစ်ရင်တော့ များသောအားဖြင့် သူများရဲ့ အခက်အခဲလေးတွေကို ဖြေရှင်းပေးဖြစ်တယ်။ ပရဟိတလေးတွေ လုပ်ဖြစ်တယ်။

မေး။  ။ ကိုယ်ဖန်တီးချင်တဲ့ ဇာတ်ရုပ်နဲ့ ကိုယ့်ဆီကို ကမ်းလှမ်းလာတာနဲ့က မကိုက်ညီတဲ့အခါမှာ ကိုယ်တိုင်ဖန်တီး သွားဖို့အတွက် အစီအစဉ်ရှိလား။

ဖြေ။  ။ စိတ်ကူးက ရှိပေမယ့် ကိုယ်က စိတ်ကူးရှိတိုင်း ထလုပ်လို့ မရဘူးဖြစ်နေတယ်။ အခရာကျတာက  ငွေကြေး  ဖြစ်နေတဲ့အခါကျတော့ ကျနော့်မှာ Background မရှိဘူး။ ကျနော့်ကို ထောက်ပံ့ပေးမယ့်သူ မရှိဘူး။ အဲဒီအခါကျတော့ ဘယ်တော့များ လာမလဲဆိုတဲ့ အခွင့်အရေးကို စောင့်ရတာပေါ့။ သို့ပေမယ့်လည်း သူများတွေက ပြောတယ်။ စပွန်ဆာလေး ဘာလေး ရှာပါလားတဲ့။ ကျနော် မရှာတတ်ဘူး။ ကျနော် အဲဒီပညာ မတတ်ဘူးလို့။ အဲဒီတော့ ကျနော့်အတွက် အခွင့်အရေး နည်းတာပေါ့။ တကယ်လို့များ ရခဲ့ရင်တော့ ကောင်းတာပေါ့။ ကျနော် ရိုက်ချင်တဲ့ ဇာတ်လမ်းတွေ ရှိတယ်။ အဲဒါတွေကို သူများတွေက လုပ်ချင်လို့ လာတောင်းရင် ပေးလိုက်တယ်။ ကျနော့် ဇာတ်လမ်း  တွေကို ပြင်တာကို မကြိုက်ဘူး။ ကျနော့် ပြဿနာက လက်ရှိလူတွေနဲ့ မရိုက်ချင်ဘူး။ အသစ်တွေနဲ့  ရိုက်ချင်တာ အသစ်တွေ ဆိုတာကလည်း ဘယ်သူမှ ပိုက်ဆံ ထုတ်ပေးချင်ကြတာ မဟုတ်ဘူး။

မေး။  ။ ကိုယ့်ဆီမှာက အနုပညာနဲ့ ပတ်သက်ပြီးတော့ စိတ်ကူးထားတာတွေက အများကြီးရှိတယ်။ အဲဒီ အနုပညာတွေကို လက်ဆင့်ကမ်းပေးဖို့ အတွက်ကရော ဘယ်လိုအစီအစဉ်ရှိလဲ။

ဖြေ။  ။ ကျနော်က တပည့် မမွေးပါဘူး။ ဒါပေမယ့် ကျနော့်ဆီကို ဆရာဆရာနဲ့ လာကြတဲ့ ကလေးတွေ ရှိပါတယ်။ အချိန်တန်ရင် သူတို့ ကျနော့်ကို ပြန်ကန်ပြီး ထွက်သွားကြတာပါပဲ။ အခုနောက်ပိုင်းတော့ တယောက်မှ မထားတော့ဘူး။ စော်ကားတယ် ဆိုပြီးတော့။ ကျန်တဲ့ မျိုးဆက်တခုလုံး အတွက်ကကျတော့ ကျနော်တယောက်တည်း တာဝန်ရှိတာ မဟုတ်ဘူးလေ။ အကုန်လုံးမှာ တာဝန်ရှိတယ်။ တညီတညွှတ်တည်း လုပ်သင့်တယ်။

မေး။  ။ လက်ရှိ ရုပ်ရှင်လောကအပေါ် အမြင်ကရော။

ဖြေ။  ။ အခုကတော့ မိုးထဲလေထဲ ဖြစ်နေတာပေါ့ဗျာ။ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ဘာတွေမှန်းလည်း မသိဘူး။ ကြာတော့လည်း အမြင်ကတ်လာတယ်။ အဓိပ္ပာယ် ရှိတာ တန်ဖိုးရှိတာကို မလုပ်ကြဘူးလို့ ခံစားရတယ်။ ကျနော်တို့ မြန်မာလူမျိုးက သိတဲ့အတိုင်းပဲ ကိုယ့်မှာရှိရင် ဖွက်စားမယ်။ သူများ ကောင်းစားရင် မနာလိုဘူး။ ကျနော် မြင်တွေ့နေရ တာလေးတွေပေါ့။ ဘယ်လိုပဲဖြစ်နေဦးတော့ သူ့စည်းစနစ်နဲ့ တတ်ကျွမ်းလာတဲ့ လူသစ် တယောက်ကို သူ့မှာ ပညာလည်း ရှိတယ်။ Talent လည်း ရှိတယ်။ အထောက်အပံ့လည်း ဖြစ်စေတယ်ဆိုရင် ကျနော်တို့က Welcome လုပ်သင့်တယ်။  အသိအမှတ် ပြုသင့်တယ်လို့ ထင်တယ်။ ဒါမှလည်း နောက်မျိုးဆက်သစ်အတွက် ကောင်းမှာလေ။

မေး။  ။ အနုပညာလောကမှာက သူတို့အချင်းချင်းတောင် မတည့်ကြဘူး  သွေးကွဲနေကြတယ်ဆိုတဲ့  ဝေဖန်မှုတွေ ရှိကြတယ်ပေါ့။ အဲဒါကရော ဘယ်လိုတွေကြောင့်လဲ။

ဖြေ။  ။ သွေးကတော့ ကွဲကြတယ်။ ပရိသတ်က မသိတာ သနားဖို့ သိပ်ကောင်းတယ်။ အနုပညာရှင်တွေ  ပြထားတဲ့ပုံကိုပဲ မြင်ကြတယ်။ အဲဒီအတိုင်း မဟုတ်ဘူးဆိုတာ သူတို့မသိဘူး။ သွေးကတော့ ကွဲတယ်။ အခု ကျနော့်ကိုပဲ သိပ်မကြာခင်ကပဲ “အစ်ကိုရေ အင်တာဗျူး တွေ့တယ်၊ မိုက်တယ်” လို့ ပြောပြီးတော့ ကျနော်ထွက်သွားရင် “ငပေါပါကွာ”လို့  ပြောတဲ့သူ ရှိတယ်။ ယောင်္ကျားကြီးတွေနော် အဲ့ဒါ။ လူတွေရှေ့မှာသာ သွေးမကွဲသလို ဟန်ဆောင်ထားတာ သိပ်ပြီး ချစ်သလို စည်းလုံးသလိုနဲ့။

မေး။  ။ အခုပြောနေကြတဲ့ “မြန်မာပေါကား”တို့ “ဂျင်းကား”တို့ဆိုတဲ့ ဝေဖန်မှုတွေအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ဖြေ။  ။ အဲဒါကတော့ သူတို့ သတ်မှတ်တဲ့ နှုန်းနဲ့ ဆိုင်တယ်။ ပေါကားကတော့ ပေါလို့ပေါတယ် ပြောတာ ပေါတယ်ပေါ့။ ခပ်ပေါပေါပဲပဲလို့ ဆိုလိုတာပေါ့။ စကားလုံးရဲ့ အနှစ်သာရကအစ မရှိတာမျိုးကို ပေါတယ်လို့ ယူဆတယ်။ အကုန်လုံးကို သိမ်းကြုံးပြီးတော့  ပေါကားလို့တော့ မပြောပါဘူး။ ကောင်းကောင်းကန်းကန်း လုပ်ဖို့ဆိုတာ ဖန်တီးသူရဲ့ အတွေးအခေါ်နဲ့ အသိ ပညာ လိုအပ်သေးတယ်လေ။

မေး။  ။ အကယ်ဒမီ ပေးပွဲကိုရော တက်ဖြစ်ခဲ့သေးလား။

ဖြေ။  ။ အကယ်ဒမီ ပေးပွဲကိုက ကျနော်ရတဲ့နှစ်က တက်တယ်။ မရခင် တနှစ် နှစ်နှစ်လောက်က တက်လိုက်တယ်။  နောက်တော့ မတက်ဖြစ်ဘူး။ မတက်ဖြစ်ဘူးဆိုတာက ကျနော့်မှာ အခက်အခဲတွေ အများကြီးရှိတယ်။  နေပြည်တော်မှာ လုပ်တုန်းကဆို သွားရတာ အကြွေးတင်တယ်။ အဆင်မပြေဘူး။ တချို့တချို့တွေက အတုအယောင်တွေ အများကြီး  ရှိတယ်။ ကျနော့်တို့ဆီက အကယ်ဒမီပေးပွဲက ဖိတ်စာက လာပေးကြတာ မဟုတ်ဘူး။ တန်းစီပြီး သွားထုတ်ရတာ အဲဒါတွေကိုက မဟုတ်သေးဘူး။

မေး။  ။ လက်ရှိမှာရော ကိုဖိုးကျော်ရဲ့ မိသားစုနဲ့ မိတ်ဆက်ပေးပါဦး။

ဖြေ။  ။ မိဘနဲ့အတူနေပါတယ်။ မွေးချင်း ၃ ယောက်မှာ ကျနော်အကြီးဆုံး။ အငယ်၂ယောက်က အိမ်ထောင်တွေ ကျနေပြီ။ ကျနော်ကတော့ လူပျိုပေါ့။

မေး။  ။ အခုဆိုရင် ကိုဖိုးကျော်ကို စောင့်မျှော် အားပေးနေဆဲ ပရိသတ်တွေလည်း ရှိနေတယ်။ အဲဒီ ပရိသတ်ကိုရော ဘာများပြောချင်လဲ။

ဖြေ။  ။ စောင့်နေကြတာကို သိတယ်။ သူတို့ကို အားနာတယ်။ ကျနော်သေချာ လုပ်နေပါတယ်။ မလုပ်ဘဲ နေတာတော့ မဟုတ်ဘူး။  တကယ်တမ်းကျရင် ပေါတောတောဖြစ်မယ့် ဟာမျိုးလည်း မရိုက်သလို ကျနော် မကြိုက်တဲ့ ကာရိုက်တာ မျိုးလည်း ကျနော်မရိုက်ဘူး။ တကယ်လို့ လိုအပ်လာတဲ့အခါမှာ ကျနော် ချပြခွင့်ရတဲ့အခါမှာ ပရိသတ် စိတ်တိုင်းကျမယ့် ဟာမျိုးလုပ်ဖို့ စဉ်းစားထားပါတယ်။ ကျနော်အပိုတွေ မပြောပါဘူး။ ဒီနေ့ထိ အားပေးလာတဲ့ ပရိသတ်ကိုလည်း  ကျေးဇူးတင်ပါတယ်။ လေးလည်း လေးစားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading