နှစ် ၆၀ ကျော်ကြာ ပြည်တွင်းစစ်မီးဝါးမြိုခံနေရတဲ့ ကချင်ပြည်နယ်ကတော့ သဘာဝ သယံဇာတများ အဖိုးတန် ရတနာ များထွက်ရှိရာ နယ်မြေတခုလည်း ဖြစ်နေပါတယ်။
အဲဒီလို ပြည်နယ်မှာ အဓိက ရတနာတပါးဖြစ်တဲ့ ကျောက်စိမ်းကဏ္ဍကို ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ စီမံကွပ်ကဲနိုင်ဖို့ ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိနေသလဲဆိုတဲ့ ကိစ္စနဲ့ တရားမဝင် ကျောက်စိမ်း ကုန်သွယ်မှုတွေရဲ့ ဇာစ်မြစ်တွေကို ပြည်နယ်အစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းနေသလဲ ဆိုတာကို ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးHလအောင်ကို ဧရာဝတီသတင်း ဌာနမှ သတင်းထောက် မြတ်ပြည့်ဖြိုးက သီး သန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ ကျောက်စိမ်း တရားမဝင်ကုန်သွယ်မှုက ဘာကြောင့် ခုချိန်ထိ ရှင်သန်နေတယ်ဆိုတာ ကချင်ပြည်နယ် သယံဇာတ ဝန်ကြီးအနေနဲ့ ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ တရားမဝင်/ တရားဝင်ဆိုတာ ဘာကိုခေါ်မှန်း ကျနော်မသိဘူး။ ဒါပေမယ့် ကျနော်သိတဲ့ တရားဝင်ဆိုတာကတော့ ဒီကနေ ပြည်ပကို ကျောက်စိမ်း တရားဝင်ထုတ်ခွင့်ရှိတယ် ဆိုတာမျိုးပေါ့။ ရတနာပြပွဲကနေ ကျောက်စိမ်းတွေ ရလာ မယ်။ နိုင်ငံတော်ကို အခွန်ဆောင်ထားတဲ့ ကျောက်တိုင်း ပြည်တွင်းမှာ ကြိုက်တဲ့နေရာကို သွားလို့ရတယ်။ အဲလိုပဲ ဒေါ် လာနဲ့ အခွန်ဆောင်တဲ့ ကျောက်ကလည်း ပြည်ပကို သွားလို့ရတယ်။ ဘယ်ကို သွားမလဲဆိုတာကတော့ သူသွားမယ့်အပေါ်မူတည်ပြီး သက်ဆိုင်ရာကို အခွန်ထပ်ဆောင်ရတယ်။
တရားမဝင်ဆိုပြီး အပြင်မှာပဲရှိနေတဲ့ကိစ္စက ကျနော့် အပိုင်း မဟုတ်ဘူးလေ။ တရားဝင်တဲ့အပိုင်းကိုပဲ ကျနော် တာဝန် ယူတာ။ တရားမဝင်တဲ့အပိုင်းကို ကျနော် တာဝန်လည်း မယူသလို သိလည်းမသိဘူး။ အဲဒီကိစ္စက ဘယ်လိုအချိန်မှာ သိလည်းဆိုတော့ တိုင်ကြားစာ ရှိရင်တော့ သိတယ်။ ဒါပေမယ့် ကျနော်ဆီကို ယနေ့အထိ တိုင်ကြားစာရောက်လာတာ မရှိသေးဘူး။ ပြည်သူတွေကလည်း လာမတိုင်ကြသလို ဖေ့ဘုတ်ဆိုတာမျိုးကိုလည်း ကျနော်တို့ အတည်ပြုလို့မရဘူး လေ။
မေး။ ။ အဲဒါဆိုရင် တရားမဝင် ကျောက်စိမ်းကုန်သွယ်မှု ရှိလာရင်ကော ဆရာတို့ အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုမူဝါဒတွေ နဲ့ ကိုင်တွယ် ဖြေရှင်းပါသလဲ။ တိုင်ကြားတာတွေ ရှိလာခဲ့ရင်ရော ဘယ်လိုတွေ ဆောင်ရွက်ပါသလဲ။
ဖြေ။ ။ တရားမဝင်ရှိလာရင်တော့ ကိုင်တွယ်နည်းက ရှိပြီးသားပါ။ တရားမဝင်ကို ကျနော်တို့ ဖမ်းဆီးရမယ်။ မဖမ်းလို့ မရပါဘူး။ တိုင်ကြားတာတွေရှိရင် ကျနော်တို့ အကုန်ဖမ်းတယ်။ မံစီဘက်၊ ကာမိုင်းဘက်မှာလည်း ဟိုတလောက ဖမ်းတယ်။ ဖမ်းဆီးရမိတဲ့ကျောက်စိမ်းတွေကို ရဲလက်အပ်တယ်။ အမှုဖွင့်ပြီး တရားရုံးအပ်တယ်။ အမှုအားလုံးပြီးပြတ်ပြီ ဆိုရင်တော့ ကျောက်စိမ်းရုံးက ပြန်လက်ခံတာတွေလုပ်တယ်။ ပြီးရင် နေပြည်တော်ကို ပြန်ပို့တယ်။ အဲဒီလို လုပ်ထုံးလုပ်နည်းအတိုင်း သွားတယ်။
မေး။ ။ အဲဒီလိုလုပ်တော့ ကျောက်စိမ်းတွေ ဖမ်းမိလား။ ဒီနေ့အထိ စုစုပေါင်း ဖမ်းဆီးရမိတဲ့ ပမာဏဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ ဖမ်းဆီးရမိတဲ့ ကျောက်စိမ်းတွေ အများကြီးပဲလေ။ တားမြစ်ထားတဲ့ဒေသ၊ တားမြစ်ထားတဲ့ဂိတ်၊ တားမြစ်ထားတဲ့ နေရာမှာ တွေ့လို့ရှိရင် ကျနော်တို့ဖမ်းမှာပဲလေ။ ဖမ်းမိတဲ့ ပမာဏကတော့ ကျနော်ပြောလို့မရဘူး။ ပြောပိုင်ခွင့်လည်း မရှိဘူး။ ရတနာနဲ့ ပတ်သက်ရင် ကျနော့်အပိုင်းလည်း မဟုတ်ဘူး။ ပေါ်လစီအရ ကျနော်တို့ဘက်က ဖမ်းတာပဲရှိတယ်။ ကိန်းဂဏန်း အတိအကျသိချင်ရင် ကျောက်စိမ်းရုံးကို မေးပါ။
မေး။ ။ နိုင်ငံတော်မှာ ကျောက်စိမ်းက ရတဲ့အခွန်တွေကနေ ကချင်ပြည်နယ်အတွက် ဘယ်လောက် ပြန်ခွဲဝေ ရရှိပါသလဲ။
ဖြေ။ ။ အဲဒါ ကျနော်မေးကြည့်တယ်။ ဘယ်လောက်ပေးတယ် မပေးဘူးဆိုတာ ကျနော်လည်း ယနေ့အထိ မသိသေး ဘူး။ ဒါပေမယ့် ရတနာပြပွဲတခု လုပ်တိုင်း ကချင်ပြည်နယ်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အတွက်ဆိုပြီး ၁ ရာခိုင်နှုန်း ပြန်ပေးတယ်။ ပြီးခဲ့တဲ့ ဘတ်ဂျတ်နှစ်က ကျပ်သန်းပေါင်း ၂ သောင်းကျော် ပြန်ရတယ်။ အဲဒီဘတ်ဂျတ်ကိုတော့ ဖားကန့် ဒေသဦးစားပေးပြီးမှ လူမှုဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ပြန်သုံးတယ်။ ဒီနှစ်မှာတော့ ဥရုချောင်းကို အပိုင်းလိုက် ရေတားတမံလုပ်ဖို့ ရှိတယ်။ အဓိက ကတော့ ဥရုချောင်းရေကြီးရင် အမြဲတမ်း ဖားကန့်ထဲဝင်လာလို့ ဒီနှစ်မှာတော့ ဌက်ပျောတောကို ရေတားတမံလုပ်ဖို့ ဘတ်ဂျတ် ချထားပေးတယ်။
မေး။ ။ ကျောက်စိမ်းလုပ်ငန်းမှာ မြေပြင်နဲ့လက်တွေ့ ထိတွေ့နေရတဲ့ ကျောက်စိမ်းရာဖြတ်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လို ဖြစ်သင့်ပါသလဲ။
ဖြေ။ ။ တကယ်တော့ ကျောက်စိမ်းကို ရာဖြတ်မလုပ်နဲ့။ အကဲဖြတ်ပဲ လုပ်သင့်တယ်။ အကဲဖြတ်ဆိုတာမှာ ပညာရှင်ပါ လာပြီလေ။ ရာဖြတ်ဆိုတာကျတော့ ငါးယောက်ရှိတယ်။ ခြောက်ယောက်သဘောတူရင် ရာဖြတ် ဖြစ်သွားပြီလေ။ အကဲဖြတ်တယ်ဆိုတာ ကျောက်ရဲ့အရောင်၊ အလင်းယိုင် ညွှန်းကိန်း၊ ထူးခြားမှုက ဘာတွေကဲနေလဲဆိုတာကို ဆုံးဖြတ်တာ။ ဒါက ပညာရှင်အခန်းကဏ္ဍ ဖြစ်သွားပြီလေ။ အဲလိုပဲ ဖြစ်သင့်တယ်။
မေး။ ။ ဖားကန့်ရတနာနယ်မြေမှာ ကွင်းဆင်းသတင်းယူခဲ့သလောက် ဒီရတနာနယ်မြေကို စစ်ဆေး၊ ကြီးကြပ်ရတဲ့ အဓိကဌာနက ကျောက်မျက်ရာဖြတ်ဌာန(လုံးခင်း)က ဖြစ်တယ်ဆိုတာ သိရပါတယ်။ အဲဒီတော့ အဲဒီဌာနရဲ့ ဆောင် ရွက်ချက်တွေအပေါ်မှာကော ပြည်နယ်အစိုးရအနေနဲ့ ပြန်ပြီးထိန်းကျောင်း စစ်ဆေးတာမျိုး ရှိပါသလား။
ဖြေ။ ။ သူတို့နဲ့ ကျနော်တို့ မဆိုင်ဘူး။ မကလ (မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း) ကလည်း သူရုံးနဲ့ သူသွားနေတာပဲလေ။ ပြဿနာဖြစ်မှသာ ဝန်ကြီးနဲ့ဆိုင်လာတယ်။
မေး။ ။ ဖားကန့်ဘက်မှာ မြေပြိုပြီး ရေမဆေးကျောက်သမားတွေ မကြာခဏသေကြတာတွေရှိတယ်။ ရေမဆေးတွေ အတွက် ဥပဒေအရ ဘာအကာအကွယ်မှပေးထားတာမရှိတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတို့ ဘယ်လိုစီစဉ်ဆောင် ရွက်ဖို့ရှိပါသလဲ။
ဖြေ။ ။ ရေမဆေးကလည်း တရားမဝင်ဘူးလေ။ သူလည်းမှောင်ခိုပဲလေ။ ဒါပေမယ့် ဒါကိုမဖမ်းဘူးလေ။ များအောင် လုပ်တယ်။ များအောင်လုပ်တာ ကျနော်တို့ အစိုးရ မဟုတ်ဘူးလေ။ ဘယ်အစိုးရလဲတော့ မသိဘူး။ ဒီဒေသဟာ ရတနာမြေ ဖြစ်တဲ့အတွက် လူပိုမရှိရဘူး ကန့်သတ်ချက် ဆိုတာ ရှိရမယ်လေ။ ဒီအတိုင်း ဗြဲလရမ်း အကုန် ဝင်ချင်တိုင်း၊ ထွက်ချင်တိုင်း ဥပဒေမဲ့လုပ်လို့မရဘူးလေ။ ဒါပေမယ့် ဒါက ကျနော်အပိုင်းမဟုတ်ဘူးလေ။ ကျနော့်အပိုင်းက နိုင်ငံတော်စီးပွားရေး ဦးမော့အောင် ကျောက်စိမ်းကဏ္ဍ ဘယ်လိုလုပ်ရမလဲဆိုတာပဲ ရှိတယ်။
မေး။ ။ ဖားကန့်မှာ အသုံးပြုနေတဲ့စက်ယန္တရားကိစ္စကိုလည်း မေးချင်ပါတယ်။ မြေပြင်မှာ အသုံးပြုနေတဲ့ စက်ယန္တရား တွေက အရေအတွက်အားဖြင့်ရော အင်ဂျင်ပါဝါအားဖြင့်ကော ပေးထားတဲ့ ခွင့်ပြုချက်နဲ့အညီ အသုံးပြုနေပါသလား။ အဲဒါတွေကို ဘယ်လိုပုံစံစစ်ဆေးနေပါသလဲ။
ဖြေ။ ။ စစ်တာမဟုတ်ဘူး။ မသုံးရဘူး၊ သုံးရတယ်ဆိုတာမျိုး သတ်မှတ်ချက်က ရှိပြီးသားလေ။ ဧက ငါးဆယ်အထက် ဆိုရင် ဘယ်လောက်ပဲသုံးရမယ်ဆိုတာရှိပြီးသား။ တကယ်သုံးရမှာက ၆ စီး၊ ၇ စီးဆိုရင် နောက်က သုညတလုံး တိုး လာတယ်။ အဲဒီမှာစာရင်းမရှိဘူး။ ဘာပြောလဲဆိုတော့ ဒီစက်တွေက ဒီနေ ရာကိုရောက်လာဖို့ အင်မတန်ခက်ပါတယ်။ ပြီးတော့ တနှစ်လောက်သုံးပြီး ပျက်တာမို့ အရန်အနေနဲ့ ထားတာပါဆိုပြီး ပြောတယ်။ ဒီပုံစံတွေက နိုင်ငံတော်မှာ ဖြစ် နေတာ ယနေ့မှမဟုတ်ဘူး။ သားစဉ်မြေးဆက်သန္ဓေ တည်လာတာ။ ကျ နော်တို့ နိုင်ငံမှာ မြေအောက်မှာ သယံဇာတ အပြည့်နဲ့ ဘာလို့မွဲနေလဲဆိုတာ အဲဒါပဲလေ။
မေး။ ။ ဆရာက ဖားကန့်မဲဆန္ဒနယ်ကိုယ်စားပြုပြီး တက်လာတဲ့ကိုယ်စားလှယ်တယောက်ပေါ့။ ဖားကန့်က ဒေ သခံတချို့နဲ့ စကားပြောကြည့်တဲ့အခါမှာ ပြည်နယ်သယံဇာတဝန်ကြီးတပါးဖြစ်ပေမယ့် ကိုယ့်မဲဆန္ဒနယ်ကို ပစ်ထားတယ် ဆိုတဲ့ဝေဖန်သံတွေလည်း ကြားခဲ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဖားကန့်အတွက် ဘာတွေလုပ်ပေးနေသလဲ ဆိုတာ သိပါရစေ။
ဖြေ။ ။ ကျနော်က ဖားကန့်ကို မပစ်ထားလို့ ယနေ့ ကချင်ပြည်နယ်မှာ အေ၊ ဘီ အဆင့်ကျောက်စိမ်းတွေ သယ်လို့ရပြီ။ အခု မြစ်ကြီးနားမှာ ဒီနှစ် ကျောက်မျက်ရတနာပြပွဲ လုပ်လို့ရပြီ။ ဒါကျနော့် ကြိုးစားမှုတွေလေ။ နောက်တခါ ပြည် ထောင်စု ဝန်ကြီးက ဖားကန့်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပါဆိုတဲ့ လမ်းညွှန်ချက်ကြောင့် ကျနော် Check & Balance သွားလုပ်တယ်။ ဒါတောင် ပြီးခဲ့တဲ့အပတ်မှာ တချို့မီဒီယာတွေက သယံဇာတဝန်ကြီးရဲ့ မအောင်မြင်တဲ့ ခရီး စဉ်ဆိုပြီး ရေးကြတာတွေ ရှိသေးတာ။
အဲဒီခရီးစဉ်မှာ ကျနော့်ကို မိုင်းသုံးလုံးခွဲခံရတယ်။ ဒါပေမဲ့ မထိဘူးလေ။ ကျနော်နဲ့အတူ ဗမာဝန်ကြီး၊ လီဆူးဝန်ကြီးရယ် ဝန်ကြီးသုံးပါး မိုင်းတလုံးဆီ ခွဲခံရတယ်။ လမ်းမှာလည်း နန့်ယားမှာ ထိတွေ့မှုဖြစ်နေပြီ။ ပစ်နေပြီဆိုပြီး ပြန်လာပါလို့ ဝန်ကြီးချုပ်က ညွှန်ကြားတာတောင် ကျနော်မပြန်လာခဲ့ဘူး။ ဒါက နိုင်ငံတော်အမိန့်နဲ့ သွားတာကြောင့် ကျနော် ဆက် သွားခဲ့တယ်။
မေး။ ။ ပြည်နယ်ဝန်ကြီးတပါးအဖြစ် စတင်တာဝန်ယူခဲ့တဲ့ အချိန်ကစပြီး ကျောက်စိမ်း ကဏ္ဍမှာ ဘယ်လိုမျိုး ယိုပေါက်၊ အားနည်းချက်တွေကို လေ့လာတွေ့ရှိခဲ့ရပါသလဲ။
ဖြေ။ ။ ကျနော့်အနေနဲ့ ဘယ်နေရာမှာ ဘာမှားနေလဲဆိုတာတော့ မပြောလိုပေမဲ့ နိုင်ငံတော်က ဗဟိုချုပ်ကိုင်မှု တအား များ နေတာတော့ တွေးဆမိတယ်။ ဒါကြောင့် အစီရင်ခံစာတစောင် ဝန်ကြီးချုပ်ဆီ တင်ပြခဲ့တယ်။ Global Witness ရဲ့ အစီရင်ခံစာမှာလည်း ကျောက်စိမ်းထွက်ရှိတဲ့ သက်ဆိုင်ရာ ဌာနေဒေသတွေက အခွန်အတုတ် အင်မတန်နည်းပါးတယ် ဆိုတာမျိုးလည်း ပါတယ်။
ကျနော်ရဲ့ သုံးသပ်ချက်ကတော့ ကျောက်မျက် ရတနာလုပ်ငန်းဆိုတာ Trading (ကုန်သွယ်မှု)ကို ဦးစားပေးတာ။ အဲဒီတော့ ဗဟိုက ကုန်သွယ်မှုကိုကိုင်ပြီး ပြည်နယ်က တူးဖော်ရေးကို ကိုင်တွယ်သင့်တယ် ဆိုတာမျိုး။ ပြီးတော့ ကျောက်စိမ်းကဏ္ဍမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းအင်အားကို စစ်ဆေးကြည့်လိုက်တဲ့အခါကျ ကျောက်စိမ်းဌာနမှာ ဝန်ထမ်း အင်အား တရာကျော်ရှိတယ်။ ချထားပေးတဲ့ လုပ်ကွက်က တသောင်း ကျော်လောက် ရှိတယ်။ ပြီးတော့ လုပ်ကွက်ချ ပေးတဲ့ နေရာမှာလည်း သုံးမျိုးသုံးစားရှိတယ်။ အဲဒီ ဝန်ထမ်းတရာကျော်ထဲမှာ တကယ်တမ်း ကျောက်စိမ်းနဲ့ ပတ်သက် ပြီး ကိုင်တွယ်တဲ့သူတွေက လေးဆယ် ကျော်လောက်ပဲရှိတယ်။ အဲဒီတော့ အဆ ရာချီပြီး ကွာနေပြီလေ။ ဘယ်လိုမှ မလွှမ်းခြုံနိုင်ဘူးလေ။ အဲဒါကြောင့် ဒီနိုင်ငံမှာ ကျောက်မှောင်ခိုကိစ္စ၊ ကျောက်ပျောက်ရှတာတို့၊ ရေမဆေး ပြဿနာ စတဲ့ဟာတွေ ဖြစ်လာရတယ်။
ပြည်မက တူးဖော်ရေးကိုင်ထားတော့ ပြည်မကလူက ပြည်နယ်ကို လာအုပ်ချုပ်ရတဲ့အတွက် သူ့ရဲ့မိသားစုကို သူပိုခင် တွယ်တယ်။ ဝန်ထမ်းတယောက်က ဒီမှာတာဝန်ကျရင် နှစ်နှစ် အများဆုံးဖြစ်တယ်။ အဲဒီတော့ သူ့အခြေခံစိတ်ကိုက ငါပြန်လို့ရှိရင် ငါ့မိန်းမအတွက်၊ ငါ့သားအတွက် ပါရမယ် ဆိုတဲ့ စိတ်မျိုးရှိနေနိုင်မယ်။ အဲဒီတော့ တရားဝင်တာ၊ မဝင် တာထက် တရားမဝင်ကို ပိုအားပေးမယ်။ အဲဒါအပြင် လုပ်ငန်းရှင်ကလည်း ဆရာ ဒါလေးတော့ Observer (လေ့လာ စောင့်ကြည့်သူ) စာရင်းထဲ မထည့်ပါနဲ့ ဆိုတာမျိုးဖြစ်လာတယ်။ ကျနော် လုပ်ငန်းရှင်တွေနဲ့ တွေ့တဲ့အခါ မေးကြည့် တယ်။ ဘယ်အချိန်မှာ ကျောက်ကို အပ်သလဲ ဆိုတော့ တူးပြီးမှ အပ်တယ်လို့ ပြောကြတယ်။ တူးလို့ရတဲ့ကျောက်တွေ အားလုံးကို ဂိုဒေါင်မှာ စုပြီးမှ Observer ကို ခေါ်ပြီး ဒီမှာပါ ဆိုပြီးပြတယ်။
ပြောချင်တာက လုပ်ငန်းရှင်က သူ့ဂိုဒေါင်ထဲမှာ ထည့်သလောက်ပဲ အစိုးရက ပိုင်တယ်။ မထည့်တာက မဆိုင်ဘူးပေါ့။ မထည့်ဘဲနဲ့ အပြင်မှာ မြှုပ်ထားတာတွေ ရှိမယ်လေ။ အကြီးဆိုရင် သေချာတယ်၊ အပြင်မှာ မြှုပ်ထားပြီ။ မြှုပ်ထားတဲ့ အခါကျ ရေမဆေးဆိုတဲ့ နောက်ဆက်တွဲကိစ္စက ပေါ်လာတယ်။ အဲဒီ လုပ်ငန်းရှင်ဆီက အလုပ်သမားတွေနဲ့ ရေမဆေး ဆိုတာ အချိတ်အဆက် ရှိမယ်။ အဲဒါကြောင့်လည်း ရေမဆေးတွေ တူးတိုင်းကျောက်ကြီးပဲ ထွက်နေတာလေ။ ရေမဆေးက Geologist (ဘူမိဗေဒပညာရှင်) မှ မဟုတ်ဘဲနဲ့ ဘယ်လိုလုပ်တူးတိုင်း ကျောက်ကောင်းတွေ ရနိုင်ပါ့မလဲ။ အဲဒါနဲ့ပဲ ပြည်သူက ရေမဆေးဖြစ်လာတယ်။ လုပ်ငန်းရှင်က ခရိုနီဖြစ်သွားတယ်။ အစိုးရ ဝန်ထမ်းကတော့ ဇာတ်ရံ ဇာတ်ပို့ နေရာရောက်လာတယ်။ အဲဒီအခါကျ သယံဇာတကို သားစဉ်မြေးဆက်ဆိုတဲ့ သီအိုရီက သီအိုရီသာကျန်တော့မယ်လေ။
မေး။ ။ အဲဒါဆိုရင် ဆရာတို့ပြည်နယ်ဝန်ကြီးတွေမှာ လုပ်ပိုင်ခွင့်က အကန့်အသတ်နဲ့ရှိနေတဲ့ အခြေအနေမျိုးလား။
ဖြေ။ ။ အကန့်အသတ်မဟုတ်ဘူး။ ရှိကိုမရှိတာ။ ဘာမှပြောပိုင်ခွင့်လည်းမရှိဘူး။ ဒါပေမယ့် မေးလာရင်တော့ ကျနော့် မှာ ဖြေရတာပဲလေ။
မေး။ ။ အဲဒါဆိုရင် ဗဟိုအစိုးရအနေနဲ့ ဘယ်လိုဖြေလျော့မှုတွေ လုပ်ပေးသင့်သလဲ။
ဖြေ။ ။ ဗဟိုအစိုးရကလည်း ဖြေလျော့လို့မရဘူးလေ။ ဖြေလျော့ဖို့ နေနေသာသာ သူတောင်မှ မနည်း ရင်ကြားစေ့ နေရ တာလေ။ တကယ်ဖြေလျော့ဖို့ တင်ပြလာတဲ့သူတွေကျရင်လည်း အကုန်လုံး ပါသွားတာပဲလေ။ ဥပမာ – ဦးကိုနီလို လူမျိုးကိုကြည့်လေ။ မှန်တာပြော ကျည်ဆန်မိနိုင်တယ်လေ။ ကျနော်တရားမဝင်တဲ့နေရာမှာ အလုပ်မလုပ်ဘူး။ တရားဝင်တဲ့နေရာမှာပဲ အလုပ်လုပ်တယ်။
မေး။ ။ ကျောက်စိမ်းကဏ္ဍမှာ ပတ်သက် ဆက်စပ်နေကြတဲ့သူတွေ အများစုက ကချင်ပြည်နယ်မှာ ဒေသတွင်း ငြိမ်းချမ်းရေး မရှိတဲ့အတွက် တရားမဝင်ကျောက်စိမ်းကုန်သွယ်မှုကို ပိုပြီးသက်ဆိုးရှည်စေတယ်ဆိုပြီး ဝေဖန်သုံးသပ်နေကြ တဲ့ အပေါ်မှာကော ဆရာဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ လက်နက်ကိုင်နဲ့ပတ်သက်ပြီး ပြောဆိုရင် ပြောခွင့်မရှိဘူး။ ကျနော်က လက်နက်မကိုင်တဲ့နေရာမှာ အလုပ်လုပ်တယ်။ မငြိမ်းချမ်းတဲ့နေရာမှာ ကျနော်အလုပ်မလုပ်ဘူး။ မသွားဘူး။ သူတို့ဘာလုပ်လဲ ဆိုတာလည်း ကျနော်မသိချင် ဘူး။ လက်နက်ကိုင်ဆိုတာ ခုမှ ပေါ်လာတာ မဟုတ်ဘူး။ ကချင်ပြည်နယ်မှာ နှစ်ပေါင်း ၆၀ ကျော်နေပြီ။ လက်နက် ကိုင်ဆိုတာရှိနေတာ။ ဘာမှမဆန်းတော့ဘူး။ ရှိရင်ကော၊ မရှိရင်ကော ဘာမှမထူးတော့ပါဘူး။ ငြိမ်းချမ်းအောင်လည်း သူတို့လုပ်တာပဲ မငြိမ်းချမ်းအောင်လည်း သူတို့ပဲ လုပ်နေတာပဲလေ။